ကြောက်မက်ဖွယ်ငွေရောင်ဂမ်ဒမ်
Vol. 51 Ch. 717
"အစ်ကိုကြီးအန်.... ကျွန်တော် ပုံရိပ်ယောင်တွေ မြင်နေရတာလား။ ဘာလို့ အဲ့ဒါက ဒီမှာရှိနေရတာလဲ... ဝုတ်။"
တပိုင် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
အန်လင်း အသက်ပြင်းပြင်း ရှူလိုက်သည်။
"မဟုတ်ဘူး။ ငါလည်း မင်းမြင်သလို မြင်နေရတယ်။ အဲ့ဒါက တကယ်ရှိနေတာပဲ။"
တုန်းကော် ကြောင်တောင်တောင် ဖြစ်နေမိသည်။
သူတို့ပြောတာတွေ ငါဘာလို့ နားမလည်တာလဲ....
"ဂမ်ဒမ်တစ်၊ ဂမ်ဒမ်နှစ် မင်းတို့ညီအစ်ကိုက ဒီမှာပဲ။"
အန်လင်း ပျော်ရွှင်နေသည်။
၎င်းတို့ရှေ့တွင် ရှိနေသော ငွေရောင်ပုံရိပ်မှာ ဂမ်ဒမ်တစ်ကောင်ပင်။
ငွေရောင်ပုံရိပ်သည် အန်လင်းတို့အားကြည့်ကာ ပြုံးလိုက်သည်။
"ဒီနေရာကို လာတဲ့သူမှန်သမျှ သေရမယ်။"
ဘန်း...
ပေါက်ကွဲသံတစ်ခု ပဲ့တင်ထပ်သွားသည်။
ထို့နောက် ငွေရောင်ဂမ်ဒမ်သည် ချက်ချင်းပင် တုန်းကော်ရှေ့သို့ ရောက်ရှိလာကာ အပြာရောင်အလင်းများ တောက်ပနေသော လက်သီးဖြင့် ပြင်းထန်စွာ ထိုးနှက်လိုက်သည်။
ဝုန်း....
လေထုသည်ပင် တွန့်လိမ်ကာ တုန်းကော်မှာလည်း အဝေးသို့ လွင့်ထွက်သွားလေသည်။
"ဝါး....ဘယ်တုန်းက ဂမ်ဒမ်တွေ အဲ့လောက်စွမ်းသွားတာလဲ။"
တပိုင် တအံ့တသြဖြစ်ကာ ထွက်ပြေးတော့သည်။
ငွေရောင်ဂမ်ဒမ်မှ တိုက်ခိုက်လာသောကြောင့် အန်လင်းမှာ တပိုင်ရှေ့မှ ကာပေးထားလိုက်သည်။
အန်လင်းသည် နတ်ဘုရားစစ်ဆေးမှုနည်းစနစ်အား အသက်သွင်းထားပါသော်လည်း လက်သီး၏လားရာကိုသာ မြင်တွေ့လိုက်ရသည်။
သူသည် တောင်ခွင်းလက်သီးဖြင့် ပြန်လည်ခုခံလိုက်သောကြောင့် လက်သီးနှစ်လုံး ထိပ်တိုက်တွေ့ဆုံကာ ပေတစ်ရာပတ်လည်ရှိ ကျောက်တုံးကျောက်ဆောင်များအားလုံး အမှုန့်ကြေသွားသည်။
ကြောက်မက်ဖွယ် စွမ်းအားတစ်ခုသည် အန်လင်း၏ လက်မောင်းမှတဆင့် ခန္ဓာကိုယ် တစ်ခုလုံး လွှမ်းခြုံသွားသောကြောင့် မဖြစ်မနေ နောက်ဆုတ်လိုက်ရသည်။
"ဒါကြီးက တကယ့်ဂမ်ဒမ်ရော ဟုတ်ရဲ့လား။"
အန်လင်းသည် ထုံနေသော လက်မောင်းနှင့်အအတူ စက်ရုပ်ကြီးအား ကြောင်ကြည့်နေမိသည်။
ထိုထိုးနှက်ချက်တွင် ပါဝင်နေသော စွမ်းအင်များသည် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများကိုပင် ယှဉ်နိုင်လောက်သည်။
ငွေရောင်ဂမ်ဒမ်သည် အသာစီးရနေသော အခြေအနေအား အသုံးချတော့မည့် အချိန်မှာပင် အစိမ်းရောင် ဓားပုံရိပ်တစ်ခု ထွက်ပေါ်လာကာ ၎င်း၏ရင်ဘတ်အား ဖောက်ဝင်သွားသည်။
တုန်းကော်သည် ငွေရောင်ဂမ်ဒမ်အား တစ်ချက်တည်း အမှောက်သိပ်ရန် ရည်ရွယ်ကာ အားအင်အပြည့်ဖြင့် တိုက်ခိုက်လိုက်သည်။
ငွေရောင်ဂမ်ဒမ်မှာ ရှောင်ပင်မရှောင်ပဲ လက်ဝါးဆန့်ထုတ်လိုက်သည်နှင့် အပြာရောင် အကာအကွယ်လွှာတစ်ခု ဖြစ်ပေါ်လာကာ ၎င်း၏ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ထိုအကာအကွယ်လွှာသည် အဆင့်မြင့် နည်းပညာဖြင့် ဖန်တီးထားကြောင်း သိသာလှသည်။
ဓားပုံရိပ်သည် အပြာရောင် အကာအကွယ်လွှာတွင် ထိုးစိုက်နေပြီး စူးရှရှအသံများနှင့်အတူ လေထုတွင်ပင် အက်ကွဲရာများ ဖြစ်ပေါ်လာသည်။
သို့သော် ကြောက်မက်ဖွယ် ဓားပုံရိပ်သည်လည်း အကာအကွယ်လွှာအား မဖျက်စီးနိုင်ခဲ့ပေ။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။"
တုန်းကော် မယုံကြည်နိုင် ဖြစ်နေမိသည်။
သူသည် ဓားအင်မော်တယ်တစ်ဦး ဖြစ်ပါသော်လည်း စက်ရုပ်တစ်ရုပ်နှင့်ပင် ယှဉ်မတိုက်နိုင်ပေ။
ထိုအချိန်မှာပင် ငွေရောင်ဂမ်ဒမ်သည် အပြာရောင်ဓားတစ်လက်အား ရုပ်လုံးပေါ်စေကာ တုန်းကော်အား ခုတ်ချလိုက်သည်။
တုန်းကော် ချက်ချင်းဆိုသလို ခုခံတိုက်ခိုက်လိုက်ရသည်။
ဝုန်း....ဝုန်း....ဝုန်း....
တိုတောင်းလှသော အချိန်အတွင်း တုန်းကော်နှင့် ငွေရောင်ဂမ်ဒမ်မှာ အကြိမ်ရေများစွာ တိုက်ခိုက်ပြီးကြလေပြီ။
တိုက်ခိုက်ရာမှ ထွက်ပေါ်လာသော ဓားစိတ်ဆန္ဒများကြောင့် လေထုမှာလည်း တွန့်လိမ်ရှုံ့တွနေပြီ ဖြစ်သည်။
တုန်းကော်သည် ငွေရောင်ဂမ်ဒမ်နှင့် တိုက်ခိုက်နေရင်း ပိုမိုအံ့အားသင့်လာသည်။ ထိုစက်ရုပ်၏ ဓားကွက်များသည် အလွန်တိကျသေရပ်ပြီး တိုက်ကွက်တစ်ကွက်ချင်းစီတွင် အစစ်အမှန် ဓားစိတ်ဆန္ဒများ ပါဝင်နေသည်။ ထိုသည်မှာ အလွန်ထူးချွန်သော ဓားအင်မော်တယ်တစ်ပါးနှင့် တိုက်ခိုက်နေရသလိုပင်။
ဝှစ်...
အားကောင်းလှသော ဓားပုံရိပ် တစ်ခုမှာ တုန်းကော်၏ ခုခံကာကွယ်ရေးများကို ချိုးဖျက်ကာ ၎င်း၏ဝမ်းဗိုက်အား ခုတ်ချလိုက်သည်။
တုန်းကော် ပါးစပ်အဟောင်းသားဖြစ်ကာ အလျင်အမြန် နောက်ဆုတ်လိုက်ရသည်။
ထိုစက်ရုပ်အား အနိုင်မတိုက်နိုင်လောက်ပေ။
ငါ့ဘဝက စက်ရုပ်ကိုတောင် မတိုက်နိုင်ပါလား.....
အန်လင်းသည် မိစ္ဆာရှင်းဓားအားဆွဲကာ တုန်းကော်၏ နေရာကို အစားထိုးလိုက်သည်။
ဘန်း.... ဘန်း.... ဘန်း...
အန်လင်းသည် အဆုံးမဲ့ညဓားကွက်အား ထုတ်ဖော်လိုက်သောကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး မှောင်အတိကျသွားရသည်။ အနက်ရောင် ဓားပုံရိပ်များနှင့်အတူ အန်လင်းသည် ငွေရောင်ဂမ်ဒမ်အား ဖိအားပေးကာ နောက်ဆုတ်စေနိုင်ခဲ့သည်။
တိုက်ပွဲတွင် ဖိအားပေးခံလာရပြီးနောက် ငွေရောင်ဂမ်ဒမ်သည် ဓားကိုလွှဲရင်း ရုတ်ချည်းဆိုသလို ပါးစပ်ဟလိုက်သည်။
ဝုန်း....
ခရမ်းနက်ရောင် နဂါးမီးလျှံများ ဖြာထွက်လာကာ အရာအားလုံးကို လောင်ကျွမ်းသွားစေသည်။ မီတာရာနှင့်ချီသော ပတ်ဝန်းကျင်ရှိ ကျောက်တုံးကျောက်ဆောင်များသည်လည်း အရည်ပျော်ကျကုန်သည်။ အန်လင်းသည်လည်း သတိလက်လွတ် ဖြစ်သွားသောကြောင့် မီးတောက်မီးလျှံများ၏ ဝါးမြိုမှုကို ခံလိုက်ရပါသော်လည်း ကံကောင်းထောက်မစွာဖြင့် သူ၏အရေပြားမှာ အတော်ထူနေလေသည်။ သာမန် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူသာဖြစ်ပါက ခရမ်းနက်ရောင် နဂါးမီးလျှံများကြောင့် ပြာပင်ကျသွားလောက်သည်။
အန်လင်း ချောင်းဆိုးကာ နောက်ဆုတ်လိုက်ရသည်။
"ယီးထဲမှ...ဒီမီးတောက်က လုံးဝတခြားအဆင့်မှာပဲ။ ငါ့ဂမ်ဒမ်တွေက ပိုစုတ်နေတာလား။"
မဟုတ်ဘူး.....
အန်လင်း အတွေးတစ်ခုရကာ မျက်ဝန်းများ တောက်ပလာသည်။
ဒီနေရာမှာဆို ဂမ်ဒမ်တွေ အစွမ်းပိုထက်တာများလား....
"ဂမ်ဒမ်တစ်၊ ဂမ်ဒမ်နှစ် ထွက်ခဲ့...."
အန်လင်း၏ သိုလှောင်လက်စွပ်မှာ တောက်ပသွားပြီး ဂမ်ဒမ်နှစ်ကောင် ထွက်ပေါ်လာသည်။
သူသည် ငွေရောင်ဂမ်ဒမ်အား လက်ညှိုးထိုးကာ အမိန့်ပေးလိုက်သည်။
"အဲ့ကောင်ကို ကြုံးပစ်ကွာ။"
ဂမ်ဒမ်တစ်နှင့် ဂမ်ဒမ်နှစ်သည် တိုက်ပွဲဝင်ရန် အခွင့်အရေး ရလာသည်နှင့် ပြင်းထန်သော စွမ်းအင်များ ထွက်ပေါ်စေကာ ငွေရောင်ဂမ်ဒမ်ထံ ပြေးဝင်သွားသည်။
နှစ်ယောက်တစ်ယောက်ဆိုတော့ အေးအေးဆေးဆေး နိုင်မှာပါ....
ဂမ်ဒမ်တစ်ကောင်သည် ဓားအားထုတ်ကာ အခြားတစ်ကောင်သည် မြေဆွဲအားကို ခြယ်လှယ်လျက် ပြစ်ချက်မရှိသော အလုပ်လုပ်ပုံကို ပြသလိုက်သည်။
ထိုအချိန်မှာပင် ငွေရောင်ဂမ်ဒမ်သည် ၎င်းတို့ရှေ့ ရောက်ရှိလာပြီး အဖျက်စွမ်းအင် လျှပ်စီးများ ပါဝင်နေသည့် လက်သီးနှစ်လုံး ပစ်ကျွေးလိုက်သည်။
ဝုန်း....
နားကွဲမတတ် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဂမ်ဒမ်နှစ်ကောင်မှာ အမြှောက်ဆံအလား လွင့်ထွက်ကာ ကျောက်တုံးကျောက်ဆောင်များနှင့် ရိုက်မိသွားလေသည်။
အန်လင်း: ".... "
ငါ့ဂမ်ဒမ်တွေက တကယ့်ဖွတ်ချီးတွေဟ....
အန်လင်းသည် အကြောင်းပြချက်အား အနည်းငယ် ရိပ်စားမိနေသည်။ သစ်တောစိမ်းအင်ပါယာမိသားစု၏ ပရော်ဖက်ဆာယန်သည် ဂမ်ဒမ်များအတွက် စွမ်းအင်ဗဟိုလုံး ပြုလုပ်ပေးစဉ်က စွမ်းအင်နှစ်ဆယ်ရာခိုင်နှုန်းကိုသာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း ပြောပြခဲ့သည်။
ငွေရောင်ဂမ်ဒမ်မှာမူ ပြီးပြည့်စုံသော အသွင်သဏ္ဍာန် ဖြစ်သောကြောင့် သူ၏ဂမ်ဒမ်များကိုပါ အလွယ်တကူ ဖျက်စီးပစ်နိုင်လောက်သည်။
ခရမ်းကြယ်စင်ရဲ့ ဖန်တီးမှုက ဘာလို့ဒီမှာရှိနေရတာလဲ....
မည်သို့ပင်ဆိုစေကာမူ အန်လင်းမှာ ထိုအချက်အား တွေးနေရန် အချိန်မရှိပေ။ ထိုဂမ်ဒမ်အား အမှောက်သိပ်မှသာ ဂိတ်တံခါးကို ဖြတ်သွားနိုင်မည် ဖြစ်သည်။
"အိုး...ဒီနေရာမှာ သက်ဝင်စည်ကားနေတာပဲ။"
"ဟီးဟီး.....အကူအညီ လိုသေးလား။"
ညှို့ငင်အားပြင်းသော စကားသံတစ်ခု ထွက်ပေါ်လာသည်။
အန်လင်းနှင့် တုန်းကော်မှာ လွန်စွာထိတ်လန့်စွာဖြင့် နောက်သို့လှည့်ကြည့်လိုက်ကြသည်။
ပန်းပွင့်ပျံများနှင့်အတူ ပျံဝဲလာနေသော အလွန်လှပသည့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။
"ဂိုဏ်းချုပ်အန်လင်း.... ကျွန်မ ရှင့်ကိုမိပြီနော်။"
နန်းဆောင်နီဂိုဏ်း၏ ကောင်းကင်နတ်မိမယ် ဖေးရင် ရောက်ရှိလာခြင်းပင်။
(မင်္ဂလာပါ။ အန်လင်းက စာရေးသူဆီမှာ စာစဉ် ၆၁ ထိရနေပါပြီရှင့်။ စိတ်ဝင်စားလို့ အားပေးချင်တယ်ဆိုရင် telegram မှာ 'ယွီရှင်း' လို့ ရိုက်ရှာပြီး ပေါ်လာတဲ့ channel မှာ လာရောက်အားပေးနိုင်ပါတယ်။)