ပစ်မှတ်အစစ်
Vol. 13 Ch. 173
အခန်း (၁၇၃) ပစ်မှတ်အစစ်
အစိမ်းရောင်စ္ဆေဝံပုလွေနှင့် ရေနက်မှော်နဂါး ပထမဆုံးအကြိမ်ထိပ်တိုက်တွေ့ဆုံပွဲကိုကြည့်ရင်း တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားရကာ ရန်ကျောက်ကဲ မျက်မှောင်ကြုတ်မိသည်။
ရေနက်မှော်နဂါးက စွမ်းအားပြင်းထန်ပြီး ခမ်းနားသော်လည်း ရိုင်းစိုင်းသည့်သားရဲများကဲ့သို့ ရက်စက်ကြမ်းတမ်းခြင်း မရှိသလို အိမ်မွေးတိရိစ္ဆန်တစ်ကောင်ပမာ မွေးမြူထားခြင်းခံရသည့်အတွက် တိုက်ပွဲအတွေ့အကြုံလည်း သိပ်မရှိပေ။
အစိမ်းရောင်တစ္ဆေဝံပုလွေကတော့ ထိုကိစ္စများတွင် ရေနက်မှော်နဂါးထက် သာလွန်ဟန် ရှိသည်။ ချန်လင်း၏ သားရဲမှာ တစ်ကိုယ်လုံး အမာရွတ်အသစ် ၊ အမာရွတ်အဟောင်းများဖြင့် ပြည့်နက်နေပြီး သွေးဆာကြမ်းတမ်းသည့် အငွေ့အသက်များ ထွက်ပေါ်နေသည်ကို ကြည့်ခြင်းအားဖြင့် သေခြင်းရှင်ခြင်း တိုက်ပွဲများစွာကို ဆင်နွှဲခဲ့ရဟန် တူသည်။
ရန်ကျောက်ကဲက ဝံပုလွေ၏ လှုပ်ရှားမှုများကို ဂရုတစိုက် စောင့်ကြည့်နေသည်။
အစိမ်းရောင်တစ္ဆေဝံပုလွေသည် တိုက်ပွဲတွင် အသာစီးမရဘဲ ရှုံးနိမ့်တော့မည့်ဟန် ဖြစ်သည့်တိုင် တိုက်ခိုက်ရာတွင် အလွန်ကျွမ်းကျင်ပြီး ပြာယာခတ်ခြင်း မရှိပေ။
သူက ရေနက်မှော်နဂါး၏စွမ်းအားများ လျော့နည်းလာစေရန် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်နေဟန်ပင်။
သူ့ထံမှ သဘာဝအတိုင်းထွက်ပေါ်နေသည့် အေးစိမ့်သောချီစွမ်းအားများကို အသုံးပြုရန်အတွက် တိုက်ပွဲကို အချိန်ဆွဲထားပြီး ရေနက်မှော်နဂါးကို တန်ပြန်တိုက်စစ်မဆင်သေးဘဲ ထောင်ချောက်ထဲဆွဲသွင်းနေခြင်း ဖြစ်သည်။
ထို့ပြင် ရေနက်မှော်နဂါးက အလွန်တရာ စွမ်းအားကြီးမားလေရာ ဝံပုလွေကြီးအနေဖြင့် လောလောဆယ် တိုက်စစ်ဆင်နိုင်ခြင်း မရှိသေးပေ။
သို့သော် တိုက်ပွဲအချိန်ကြာလာပါက ရေနက်နဂါးအနေဖြင့် အစိမ်းရောင်တစ္ဆေဝံပုလွေကို ဒဏ်ရာအပြင်းအထန်ရအောင် မထိုးနှက်နိုင်ဘဲ ဝံပုလွေက တိုက်ပွဲကို ပြောင်းပြန်လှန်ပစ်မည် ဖြစ်သည်။
အစိမ်းရောင်တစ္ဆေဝံပုလွေက ခံနိုင်ရည်ရှိပြီး စိတ်ရှည်သည်းခံရာတွင် အလွန်ထူးချွန်ကာ တိုက်ခိုက်ရေးအတွေ့အကြုံလည်း ကြွယ်ဝသည်။ အချိန်အတန်ကြာ တိုက်ခိုက်ပြီးသည့်တိုင် တိုက်ကွက်တိုင်းက အရာမထင်သည့်အခါ ရေနက်မှော်နဂါးမှာ စိတ်မရှည် ဖြစ်လာသည်။
“အစ်ကို’ရဲ့’ ၊ တစ်ခုခုတော့ မှားနေပြီ ၊ ဒီအတိုင်းဆက်သွားရင် မင်းရဲ့ ရေနက်မှော်နဂါးတော့ ဒုက္ခရောက်တော့မယ်”
မျက်ခုံးများကိုတွန့်ချိုးရင်း ရန်ကျောက်ကဲက ရဲ့ကျုန်းကျိုးကို အသံပို့လွှတ်စနစ်ဖြင့် ပြောလိုက်သည်။
ထိုစကားကြောင့် ရဲ့ကျုန်းကျိုး အံ့အားသင့်သွားသည်။ သူ၏ နဂါးကြီးက လက်ရှိ တိုက်ပွဲတွင် အသာစီးရနေသည် မဟုတ်လား။
ရန်ကျောက်ကဲက...
“အဲဒီဝံပုလွေက မင်းရဲ့နဂါး စွမ်းအားတွေ လျော့နည်းသွားတဲ့အထိအချိန်ဆွဲဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ အားနည်းဟန်ဆောင်နေတာ”
ရဲ့ကျုန်းကျိုး မျက်လုံးများ ပြူးကျယ်သွားစဉ် သားရဲ (၂)ကောင်၏ တိုက်ပွဲကလည်း ရုတ်ချည်း အပြောင်းအလဲ ဖြစ်သွားသည်။
ရေနက်မှော်နဂါး၏ ရှုတ်ထွေးပြီးသဏ္ဌန်မဲ့သောတိုက်ကွက်ကို အစိမ်းရောင်တစ္ဆေဝံပုလွေက ရုတ်တရက် လှည့်ပတ်ရှောင်တိမ်းသွားသည်။ တိုက်ကွက် လွဲချော်သွားသည့်အတွက် နဂါးကြီးဟန်ချက်ပျက်သွားချိန် ဝံပုလွေကြီးက အခွင့်ကောင်းယူကာ စတင်ထိုးစစ်ဆင်တော့သည်။
အစိမ်းရောင်တစ္ဆေဝံပုလွေ တစ်ကိုယ်လုံးမှ စွမ်းအားများ ပေါက်ကွဲထွက်လာပြီး အနည်းငယ်မတည်မငြိမ်ဖြစ်နေသည့် ရေနက်မှော်နဂါး၏ နံရိုးများဆီသို့ ထိုးနှက်တိုက်ခိုက်လိုက်သည်။
ဝံပုလွေကြီးက သူ၏ စစ်မှန်သောစွမ်းအားများကို ထုတ်ဖော်လိုက်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ အရိုးများ ကြီးမားလာကာ ကြွက်သားများလည်း ပေါက်ကွဲထွက်ကာ ကျယ်ပြန့်လာသည်။ သူ၏အမွေးများက သံမဏိအပ်များပမာ စူးရှစွာထောင်ကြွလာသည်။ သူ၏ခန္ဓာကိုယ်ကြီးက ရေနက်မှော်နဂါးထက် မသေးသော အကောင်ကြီးတစ်ကောင် ဖြစ်လာသည်။
တိုက်ခိုက်မှု လွဲချော်သွားသည့်အတွက် ဟန်ချက်ပျက်သွားခြင်းကို ပြန်မထိန်းနိုင်သေးသော နဂါးကြီးမှာ ရန်သူ၏အလစ်တိုက်ခိုက်ခြင်းကိုခံလိုက်ရသည့်အခါ အသက်ဓာတ်စွမ်းအားများ ဆုံးရှုံးသွားပြီး မြေပြင်ထက်သို့ ဘုန်းကနဲ ပြုတ်ကျသွားသည်။
အစိမ်းရောင်ရေနက်ဝံပုလွေက အခွင့်အရေးကို အရယူကာ အဆက်မပြတ် တိုက်ခိုက်လိုက်သည်။ သူက ကြီးမားသည့်လက်သည်းကြီးများဖြင့် နဂါးကြီး၏လည်ပင်းရိုးကို ထိုးစိုက်လိုက်ရာ လေထုတစ်ခုလုံး သွေးများဖြင့် ပြည့်နက်သွားသည်။ ရေနက်မှော်နဂါးကြီး ဒဏ်ရာအပြင်းအထန် ရရှိသွားပြီ ဖြစ်၏။
ပြုံးရွှင်နေကြသည့် ကျောက်စိမ်းပင်လယ်မြို့တော်မှ တပည့်များနှင့် ရဲ့ကျုန်းကျိုးတို့အားလုံး ချက်ချင်းပင် မျက်နှာများ ရုပ်ဆိုးအကျည်းတန်သွားကြသည်။
ဒဏ်ရာရပြီး နာကျင်နေသော ရေနက်မှော်နဂါးကြီးသည် ကျယ်လောင်သော အော်ဟစ်သံကြီးတစ်သံ ထုတ်လွှတ်လိုက်ပြီး အစိမ်းရောင်တစ္ဆေဝံပုလွေကို အပြင်ဘက်သို့ ရိုက်ထုတ်လိုက်သည်။ ထို့နောက် လေထဲသို့ ပျံသန်းသွားပြီး ရန်သူရှိရာသို့ ကမူးရှူးထိုး အရှိန်ဖြင့် ဝင်ရောက်သွားသည်။
ဝံပုလွေကြီးကတော့ တစ်ကြိမ်တိုက်စစ်ဆင်ပြီးသည်နှင့် သူ၏မူလပုံစံအတိုင်း အားနည်းသည့်အနေအထားသို့ ပြန်လည်ရောက်ရှိသွားကာ ဒေါသတကြီးဝင်ရောက်လာသည့် နဂါးကြီး၏တိုက်ကွက်ကို ရှောင်တိမ်းလိုက်သည်။
ရန်ကျောက်ကဲ မျက်လုံးများကို ကျဉ်းမြောင်းထားပြီး သူ့မျက်ဝန်းများမှ အေးစိမ့်သည့်အလင်းရောင်များ ထွက်ပေါ်နေသည်။
အစိမ်းရောင်တစ္ဆေဝံပုလွေ၏ ပါးနပ်ကောက်ကျစ်မှုက အမှန်တကယ်ပင် မှတ်သားဖွယ်ရာ ကောင်းလှသည်။
သူက ရေနက်မှော်နဂါးကြီးကို ကြောက်လန့်ဟန်ရှိသည့်တိုင် နဂါးကြီး၏ အသက်ဓာတ်စွမ်းအားများ လျော့နည်းသွားပြီး ခံနိုင်ရည်လျော့ကျသွားသည်အထိ လှည့်ကွက်အသုံးပြုကာ တိုက်ပွဲကို အချိန်ဆွဲခဲ့သည်။
ယခုတော့ ရေနက်မှော်နဂါးကြီး၏ဒဏ်ရာမှ သွေးများထွက်နေလေရာ တိုက်ပွဲကြာလာသည်နှင့်အမျှ တဖြည်းဖြည်းအားနည်းလာတော့မည်ပင်။
အစိမ်းရောင်တစ္ဆေဝံပုလွေက ကလိန်ကကျစ်ဉာဏ်ကို အဆုံးစွန်ထိအသုံးပြုကာ ရေနက်မှော်နဂါးကြီးကို သေသည်အထိ တိုက်ခိုက်လိုခြင်းဖြစ်သည်။
သူလိုချင်သည့်အရာက အောင်ပွဲသက်သက်မဟုတ်ဘဲ ရေနက်မှော်နဂါးကြီးကို သတ်ဖြတ်ပစ်ရန် ဖြစ်၏။
ရန်ကျောက်ကဲက ချန်လင်းကို စိုက်ကြည့်နေသည်။ အစိမ်းရောင်တစ္ဆေဝံပုလွေ၏စိတ်ထားကို အခြားသူများ မသိရှိနိုင်သည့်တိုင် သခင်ဖြစ်သူကတော့ သေချာပေါက် သိရှိပေလိမ့်မည်။ သူမအနေဖြင့် ထိုသားရဲကြီးကို သေချာပေါက် ထိန်းချုပ်နိုင်မည်သာပင်။
သို့သော် ယခုအခြေအနေရောက်သည့်တိုင် သူမက တိတ်ဆိတ်ငြိမ်သက်နေသည်ကို ကြည့်ခြင်းအားဖြင့် အစိမ်းရောင်ဝံပုလွေကြီး ထိုသို့တိုက်ခိုက်ရန် အစကတည်းက သူမ သွေးထိုးလှုံ့ဆော်ထားခြင်း ဖြစ်နိုင်သည်။
“အစ်ကို’ရဲ့’ ၊ မင်းရဲ့ ရေနက်နဂါးကြီးကို ပြန်ခေါ်လိုက်တာ ကောင်းမယ်ထင်တယ်နော်”
ရန်ကျောက်ကဲက အသံတိုးတိုးဖြင့် ဆိုသည်။
“ဒီဝံပုလွေက အရင်နည်းလမ်းကိုပဲ ထပ်သုံးနေတာ ၊ မင်းရဲ့ နဂါးကြီးက ဒဏ်ရာရထားပြီဆိုတော့ ဒီအတိုင်းဆက်သွားရင် အဆင်မပြေဘူး ၊ ဝံပုလွေက နောက်တစ်ကြိမ် အလစ်ချောင်းတိုက်ခိုက်မယ်ဆိုရင် သူ သေသွားလိမ့်မယ်”
ရန်ကျောက်ကဲ မပြောခင်ကတည်းက ထိုအချက်ကို သူ သဘောပေါက်ပြီးသား ဖြစ်လေရာ ရဲ့ကျုန်းကျိုးမျက်နှာမှာ မဲမှောင်လျှက် ရှိတော့သည်။
ခဏမျှ ငြိမ်သက်သွားပြီးနောက် ရဲ့ကျုန်းကျိုး အံတင်းတင်းကြိတ်ကာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
“ငါ ရှုံးတာကို ဝန်ခံပါတယ်”
ရဲ့ကျုန်းကျိုးက ချန်လင်းကို လှမ်းအော်ပြောလိုက်၏။
ချန်လင်းက စိတ်ထဲမပါဘဲ နောင်တရဟန်ဆောင်ထားသည့် မျက်လုံးများဖြင့် ရဲ့ကျုန်းကျိုးကို လှမ်းကြည့်သည်။
“အစ်ကို’ရဲ့’ က လွယ်လွယ်နဲ့ အရှုံးပေးလိုက်ပေမယ့် ရှင့်ရဲ့ နဂါးကြီးက ကျွန်မရဲ့ ဝံပုလွေကို အခုထိ လိုက်တိုက်နေတုန်းလေ ၊ ရှုံးတယ်ဆိုတာ ဝန်ခံရင်လည်း ရှင့်ရဲ့နဂါးကြီး တိုက်ခိုက်နေတာကို ရပ်ခိုင်းလိုက်ပါ”
“မင်း...”
ရဲ့ကျုန်းကျိုး မျက်နှာပျက်သွားသော်လည်း သူ့နဂါးကြီးအတွက် စိတ်နာကျင်နေလေရာ နောက်ဆုံးတော့ လှမ်းခေါ်လိုက်သည်။
“ဟေးကျီ... ပြန်လာခဲ့တော့...”
သခင်ဖြစ်သူ၏အသံကိုကြားလိုက်သည်နှင့် ဒေါသထွက်နေသည့် နဂါးကြီးက ဝံပုလွေကြီးကို ဆက်မလိုက်တော့ဘဲ ခဏမျှ တုံ့ဆိုင်းသွားသည်။ နဂါးကြီးမှာ ဒဏ်ရာများစွာလည်းရထားပြီး တဖြည်းဖြည်း အားနည်းလာသည်မှာ ထင်ရှားသည်။
ရေနက်နဂါးကြီး တုံ့ဆိုင်းသွားချိန်တွင် အစိမ်းရောင်တစ္ဆေဝံပုလွေ၏ အနီရောင်မျက်လုံးကြီးများက စူးရှတောက်ပလာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ နဂါးကြီး တိုက်ခိုက်မှုရပ်တန့်လိုက်သည်ကို အခွင့်ကောင်းယူကာ သေစေလောက်သည့်တိုက်ကွက်ကို ထုတ်ဖော်လိုက်ခြင်းပင်။
ဝံပုလွေကြီး၏တိုက်ခိုက်မှုက လျှပ်စီးလက်သည့်ပမာ လျှင်မြန်လွန်းလေရာ ရဲ့ကျုန်းကျိုးနှင့် အခြားသူများမပြောနှင့် ရေနက်မှော်ဝင်နဂါးကြီးကိုယ်တိုင်ပင် မည်သို့တုံ့ပြန်ရမည်မသိ ဖြစ်သွားသည်။ မျက်စိတ်စမှိတ်အတွင်းမှာပင် ရန်သူ၏တိုက်ခိုက်မှုက သူ့မျက်စိရှေ့သို့ ရောက်လာလာသည်။
ထိုအချိန် လူတစ်ယောက်က ရေနက်နဂါးကြီးရှေ့တွင် မတ်တတ်ရပ်ကာကွယ်ပေးလိုက်ပြီး အစိမ်းရောင်တစ္ဆေဝံပုလွေကြီး၏ ဦးခေါင်းကို လက်သီးဖြင့် ထိုးနှက်ပစ်လိုက်ရာ ဝံပုလွေကြီးမှာ ချက်ချင်းပင် လွင့်ထွက်သွား၏။
ကယ်တင်ရှင်က အခြားသူမဟုတ် ၊ ရန်ကျောက်ကဲပင် ဖြစ်သည်။
ရန်ကျောက်ကဲကိုကြည့်ပြီး ချန်လင်းက မျက်မှောင်ကြုတ်လိုက်သည်။
ရဲ့ကျုန်းကျိုးမှာ တုန်လှုပ်သွားရာမှ သတိပြန်ဝင်လာပြီးနောက် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။
“ညီမလေး’ချန်လင်း’ ၊ မင်းက သိပ်တော်တာပဲကိုး”
ချန်လင်းက ရန်ကျောက်ကဲကို အေးစက်စွာတစ်ချက်ကြည့်လိုက်ပြီးနောက် လက်သီးချက်ကြောင့် ခေါင်းမူးသွားပြီဖြစ်သော အစိမ်းရောင်တစ္ဆေဝံပုလွေကြီးကို ပြန်ခေါ်လိုက်သည်။
ပြီးမှ ရဲ့ကျုန်းကျိုးကို တောင်းပန်စကားဆိုလိုက်၏။
“အစိမ်းရောင်တစ္ဆေက ဉာဏ်အလင်းမရသေးပါဘူး ၊ ဒါကြောင့် တစ်ခါတစ်လေ သူ့ရဲ့ ရိုင်းစိုင်းတဲ့ဗီဇကို ထိန်းချုပ်ဖို့ ခက်ပါတယ် ၊ သူ့ရဲ့ပင်ကိုယ်သဘာဝကိုက အရမ်းအစွမ်းထက်တာကြောင့် ကျွန်မလည်း အပြည့်အဝ မထိန်းချုပ်နိုင်ပါဘူး ၊ အစ်ကို’ရဲ့’ ရဲ့ ရေနက်မှော်နဂါး ထိခိုက်လုနီးပါး ဖြစ်ခဲ့တဲ့အတွက် ကျွန်မကပဲ အစ်ကို’ရဲ့’ ကို တောင်းပန်ပါတယ် ၊ အစ်ကို’ရဲ့’ ကပဲ ဒီကိစ္စကို သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးပြီး ဗွေမယူဖို့ ပြောချင်ပါတယ်”
ရဲ့ကျုန်းကျိုးက အသက်တစ်ချက် ခပ်ပြင်းပြင်းရှူသွင်းလိုက်ရင်း ချန်လင်းအား ကောင်းကင်ကင်ဒီရေလျှံတိုက်ကွက်ဖြင့် တစ်ချက်တည်း သတ်ပစ်ချင်နေသည့်စိတ်ကို မျိုသိပ်လိုက်သည်။
ထိုမိန်းကလေးက မဟုတ်မတရားပြုလုပ်ထားပါလျှက် မည်သည့်အမှားမှမလုပ်သူပမာ သိမ်မွေ့စွာပြုမူဟန်ဆောင်နေလေရာ မခံချိမခံသာ ဖြစ်ရသည်က အမှန်ပင်။
သို့သော် ရဲ့ကျုန်းကျိုး မကျေမနပ်ဖြစ်ရသည်က အနည်းငယ်သာဖြစ်ပြီး ချန်လင်းက ရန်ကျောက်ကဲကို လှည့်ကြည့်လိုက်သည်။
သူမက ပြုံးလိုက်ရင်း...
“ကျွန်မ ‘ရန်ကျောက်ကဲ’ ဆိုတဲ့ အစ်ကို’ရန်’ ရဲ့ နာမည်ကျော်ကြားမှုတွေကို ကြားဖူးနေတာ ကြာပါပြီ”
ချန်လင်း၏ အပြုံးနောက်ကွယ်တွင် အခြားအဓိပ္ပါယ်များပါဝင်နေကြောင်း ရိပ်မိသည့်အတွက် ရန်ကျောက်ကဲ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။
အမှန်ပင် ဖြစ်သည်။
ချန်လင်းက စကားဆက်ပြောလာ၏။
“အစ်ကို’ရန်’ မှာ ရှားရှားပါးပါး ဖီရှိုးသတ္တဝါတစ်ကောင် မွေးထားတယ်လို့ သတင်းကြားတယ် ၊ အဲဒီလို ရှားပါးသတ္တဝါမျိုးက သာမန်သားရဲတွေနဲ့မတူဘဲ ဝိညာဉ်စွမ်းအား အရမ်းကောင်းတယ်လို့ ကြားဖူးတယ် ၊ ဒီညီမလေး အဲဒီဖီရှိုးသတ္တဝါကိုများ တွေ့ခွင့်ရမလားဟင်...”
သူမစကား အဆုံးသတ်သွားသည်နှင့် သူမဘေးတွင်ဝပ်နေသော အစိမ်းရောင်တစ္ဆေဝံပုလွေကြီးက သွေးဆာနေဟန်ဖြင့် ကြုံးဝါးဟိန်းဟောက်သံ သဲ့သဲ့ကို ထုတ်လွှတ်လိုက်လေ၏။