နောက်ဆုံးတော့ဝင်ခွင့်ရပြီ
Vol. 52 Ch. 719
ငွေရောင်ဂမ်ဒမ်သည် ဝါရင့် ဟင်းလင်းပြင်သို့အပြန် စဦးအဆင့် ကျင့်ကြံသူ တစ်ဦးနှင့်ပင် ယှဉ်နိုင်လောက်သည်။ သို့သော် ကောင်းကင်နတ်မိမယ် ဖေးရင်သည် ဟင်းလင်းပြင်သို့အပြန် အလယ်အလတ်အဆင့် ဖြစ်သောကြောင့် ငွေရောင်ဂမ်ဒမ်မှာ အသာစီး မရနိုင်ပေ။
မည်သို့ပင်ဆိုစေကာမူ အန်လင်းနှင့် တုန်းကော်ကပါ ဆွမ်းကြီးဝင်လောင်းနေသောကြောင့် တိုက်ပွဲအခြေအနေ ပြောင်းလဲလာရသည်။
ကျင့်ကြံသူများအားလုံးတွင် စွမ်းအင်အကန့်အသတ် ရှိသည်။ ကောင်းကင်နတ်မိမယ် ဖေးရင်သည်လည်း ပြင်းထန်လှသော တိုက်ကွက်များအား ဆက်တိုက်ဆိုသလို အသုံးပြုနေရသဖြင့် စတင်နွမ်းနယ်နေလေပြီ။ သုံးဦးတစ်ဦး တိုက်ပွဲအား သူမ အချိန်ကြာမြင့်စွာ ထိန်းထားနိုင်မည် မဟုတ်ပေ။
"သေလိုက်တော့....မိစ္ဆာမ..."
အန်လင်းသည် အဆုံးမဲ့ညဓားကွက်အား ထုတ်ဖောက်ကာ ကြောက်မက်ဖွယ် ဓားပုံရိပ်ကို ထွက်ပေါ်စေလိုက်သည်။
ကောင်းကင်နတ်မိမယ် ဖေးရင်သည် ပန်းပွင့်ပျံများဖြင့် ဆုတ်ခွာကာ လျင်မြန်သွက်လက်စွာ ဓားပုံရိပ်အား ရှောင်ရှားလိုက်သည်။ သူမ၏ မျက်နှာမှာလည်း အေးစက်ခက်ထန်နေလေသည်။
"ငါဒေါသအထွက်ဆုံးက မိစ္ဆာမလို့ ခေါ်ခံရတာပဲ။"
ထိုစကားနှင့်အတူ ပန်းချယ်ရီလခြမ်းကို ထုတ်ဖော်လိုက်သည်။
သူမ၏ တိုက်ခိုက်မှုသည် ပြင်းထန်လွန်းလှသောကြောင့် ဂူတစ်ခုလုံး တုန်ခါလာကာ လေထုသည်ပင် တွန့်လိမ်ရှုံ့တွကုန်သည်။
အန်လင်းရော၊ ငွေရောင်ဂမ်ဒမ်ပါ မီတာရာနှင့်ချီ အကွာအဝေးသို့ လွင့်ထွက်သွားရလေသည်။
သို့သော် ၎င်းတို့နှစ်ဦးလုံးမှာ အရေထူလှသောကြောင့် ခြစ်ရာကလေးမျှပင် မထင်ခဲ့ပေ။
ကောင်းကင်နတ်မိမယ် ဖေးရင်သည် အန်လင်းအား အထိတ်တလန့် ကြည့်ရှုလိုက်မိသည်။ ငွေရောင်ဂမ်ဒမ်အား ထူးခြားသော သတ္ထုများဖြင့် ဖန်တီးထားသောကြောင့် ခုခံနိုင်စွမ်း အားကောင်းနေသည်မှာ မထူးဆန်းပေ။ မည်သို့ပင်ဆိုစေကာမူ အန်လင်းသည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်သာရှိသည့် ကျင့်ကြံသူတစ်ဦးပင်။ ထိုသည်ကို သူ၏ခုခံနိုင်စွမ်းမှာ အဘယ့်ကြောင့် ခံတပ်နံရံတမျှ အားကောင်းနေပါသနည်း။
အဓိပ္ပါယ် မရှိဘူး.....
သူမ အတွေးများသွားစဉ်မှာပင် ပြင်းထန်လှသော ဓားပုံရိပ်သည် ပန်းပွင့်လွှာ အကာအရံအား ချိုးဖောက်ကာ နှလုံးသားတည့်တည့် ပျံဝဲလာသည်။
တုန်းကော်သည် ယခုအခွင့်အရေးအတွက် အချိန်အကြာကြီး စောင့်နေခဲ့ရလေသည်။
ကောင်းကင်နတ်မိမယ် ဖေးရင် အာရုံများသွားသည်လည်း ချက်ချင်းတိုက်ခိုက်လိုက်ခြင်းပင်။
"လစ်စမ်းပါ။"
ကောင်းကင်နတ်မိမယ် ဖေးရင်သည် တုန်းကော်အား အထင်သေးစွာ ကြည့်ရှုလိုက်ပြီးနောက် ပန်းရောင်အင်္ကျီလက်စအား ခါယမ်းလိုက်သည်။ ထိုအင်္ကျီလက်စသည် ဓားပုံရိပ်အား ဖျက်စီးကာ တုန်းကော်၏ ရင်ဘတ်ထံ ရောက်ရှိလာသည်။
ဝုန်း.....
ပေါ့ပါးသော အင်္ကျီလက်စသာ ဖြစ်ပါသော်လည်း တုန်းကော်မှာ တူကြီးတစ်ခုနှင့် ထုခံရသလို ခံစားလိုက်ရသည်။
"ဖူး...."
တုန်းကော် သွေးပွက်ပွက်အန်ကာ လွင့်ထွက်သွားရလေသည်။
စိတ်ကူးယဉ်ခြင်းနှင့် လက်တွေ့ကြားတွင် ကွာခြားချက်များစွာ ရှိသည်။
တုန်းကော်သည် ကောင်းကင်နတ်မိမယ် ဖေးရင်အား အမှောက်သိပ်ရန် ကြံရွယ်ခဲ့ပါသော်လည်း အမှန်တကယ် မှောက်သွားရသည်မှာ သူသာဖြစ်နေသည်။
ထိုအချိန်တွင် အန်လင်းနှင့် ငွေရောင်ဂမ်ဒမ်မှာ ကောင်းကင်နတ်မိမယ် ဖေးရင်အား အပြင်းအထန် တိုက်ခိုက်နေကြလေပြီ။
အလှည့်ကျ တိုက်ခိုက်နေသော ပုံစံကြောင့်သာ မဟုတ်ပါက တုန်းကော်မှာ ကောင်းကင်နတ်မိမယ် ဖေးရင် နဖူးတောက်သတ်၍ သေနေလောက်ပြီ ဖြစ်သည်။
ကောင်းကင်နတ်မိမယ် ဖေးရင်မှာ တဖြည်းဖြည်းနှင့် စိတ်မရှည်တော့ပေ။ ငွေရောင်ဂမ်ဒမ်၏ ဆက်တိုက်နှောင့်ယှက်မှုကြောင့် သူမသည် အန်လင်းအား တိုက်ခိုက်ရန် အဆင်မပြေ ဖြစ်နေသည်။
ထိုသည်သာမက ဆက်တိုက်ဖြစ်ပွားနေသော တိုက်ပွဲကြောင့် သူမ၏ စွမ်းအင်များလည်း လျော့ပါးလာသည်။ ယခုအတိုင်းသာဆိုပါက သူမသည်ပင် ရှုံးနိမ့်သွားနိုင်ခြေ ရှိသည်။
အန်လင်းအား ပထမဆုံး ရှာတွေ့ခဲ့သည်မှာ သူမ ဖြစ်သောကြောင့် ဇာမဏီဥအား လက်လွှတ်မခံနိုင်ပေ။
သူမ လျှာထိပ်အားကိုက်ကာ လျှို့ဝှက်ကျင့်စဉ်တစ်ခု အသုံးပြုရန် လုပ်လိုက်သည်။
"အိုး... မင်းတို့က ဒီမှာပါလား။ ရှာတွေ့ပြီကွ... ဟားဟားဟား။"
အေးစက်စက် စကားသံတစ်ခု ထွက်ပေါ်လာသည်။
ကောင်းကင်နတ်မိမယ် ဖေးရင်သည် ရက်စက်သော တစ္ဆေအပြုံးမျက်နှာ သုံးခုကို တွေ့လိုက်ရသည်နှင့် နောက်သို့ဆုတ်လိုက်သည်။
"သွမ့်ဟွမ်းဇီ...."
ကောင်းကင်နတ်မိမယ် ဖေးရင် မျက်မှောင်ကျုံ့သွားသည်။
"ဟုတ်တယ်လေ..."
တစ္ဆေမျက်နှာသုံးခုမှာ ကျောချမ်းစရာ ကောင်းလောက်အောင် ရယ်မောနေကြလေသည်။
တစ္ဆေမျက်နှာတစ်ခုမှ မထီမဲ့မြင် စကားဆိုလိုက်သည်။
"ဂိုဏ်းချုပ်အန်လင်းကို ပင်ပန်းအောင် တိုက်ခိုက်ပေးထားတာ ကျေးဇူးပဲ။ မင်းအသီးအပွင့်တွေကို ငါစားရတော့မှာပေါ့... ဟားဟားဟား။"
ဒုတိယ တစ္ဆေမျက်နှာသည်လည်း ဝင်ရောက်ပြောဆိုလာသည်။
"သေမင်းတမာန် နတ်ဘုရားရဲ့အပြုံးက မင်းတို့ကို လာရှာတော့မယ်။"
တတိယ တစ္ဆေမျက်နှာမှာ ဝံ့ကြွားစွာ ပြုံးလိုက်သည်။
"ခဏလေးပဲ စောင့်စမ်းပါ။"
ဝုန်း....
အန်လင်းသည် တောင်ခွင်းလက်သီးဖြင့် တစ္ဆေမျက်နှာ သုံးခုအား ပေါက်ကွဲသွားစေသည်။
"ကောင်းတယ်။"
ကောင်းကင်နတ်မိမယ် ဖေးရင် ဆွဲဆောင်မှုရှိစွာပြုံးရင်း လက်ခုပ်တီးလိုက်သည်။
"ကျွန်မတို့ကြားက လေထုအခြေအနေကို ဖျက်စီးတဲ့သူ မှန်သမျှ သေသင့်တယ်။"
အန်လင်း: "....."
သို့သော် တစ္ဆေမျက်နှာများ ပေါက်ကွဲသွားသည်နှင့် အနက်ရောင် လေပွေများ ရောက်ရှိလာသည်။
"ဟားဟား..... ဒီဘက်ခေတ် ကလေးတွေက ယဉ်ကျေးမှု မရှိကြဘူး။ ငါ့ဝိဉာဉ်တွေကို သတ်ပစ်လိုက်တဲ့အတွက် သင်ခန်းစာ ပေးရမှာပေါ့လေ။"
သွမ့်ဟွမ်းဇီသည် ဟာသမျက်နှာအား စီးနင်းကာ ဂူထဲဝင်ရောက်လာသည်။
အန်လင်းမှာ ဟာသမျက်နှာအားကြည့်ကာ စိတ်ညစ်သွားရသည်။
"ဒီလူက ဂေါက်နေတာလား။"
"သခင်.... ဟင်းလင်းပြင်သို့အပြန် အလယ်အလတ်အဆင့် နောက်တစ်ယောက် ထပ်ရောက်လာပြန်ပြီ။ ကျွန်တော်တို့ ယှဉ်တိုက်နိုင်မှာ မဟုတ်တော့ဘူး။ ဘယ်လိုလုပ်ကြမလဲ။"
တုန်းကော်မှာ သွမ့်ဟွမ်းဇီ၏ အားကောင်းလှသော အရှိန်အဝါများကြောင့် အတွေးများ ပလုံစီကာ မျက်နှာတစ်ခုလုံး ဖြူရော်နေလေပြီ။
"ငါတို့လွတ်လမ်း ရှာရမှာပေါ့။"
အန်လင်း၏ တည်ငြိမ်သော အမူအရာကို မြင်မှသာ တုန်းကော် အနည်းငယ် စိတ်အေးသွားသည်။
အန်လင်း တုန်းကော်အားကြည့်ကာ မေးလိုက်သည်။
"မင်းမှာဘာအကြံရှိလဲ။"
တုန်းကော် ဒယိမ်းဒယိုင်ပင် ဖြစ်သွားရသည်။
ကျုပ်ပုံစံက အကြံရှိတာနဲ့ တူနေလို့လား....
အန်လင်းမှာ အရူးလိုလို၊ အပေါလိုလို ဖြစ်နေသော တုန်းကော်ကြောင့် သက်ပြင်းချလိုက်မိသည်။
အကြောင်းအရင်းအချို့ကြောင့် ထန်းရှီမန်ကိုပင် သတိရမိလေသည်။
ထိုအချိန်တွင် ကောင်းကင်နတ်မိမယ် ဖေးရင်နှင့် သွမ့်ဟွမ်းဇီတို့မှာ အရှိန်အဝါ အပြည့်နှင့် ဇာမဏီဥအား ရယူရန် အန်လင်းထံ ပျံဝဲလာသည်။
ပန်းချယ်ရီများနှင့် ဝိဉာဉ်ဓားသွားများမှာ ဂူထဲရှိ လေထုအား ဆုတ်ဖြဲပစ်နေသည်။
အန်လင်းနှင့် တုန်းကော် နှစ်ဦးလုံး အလျင်အမြန် နောက်ဆုတ်လိုက်ကြသည်။ အံ့အားသင့်စရာ ကောင်းစွာပင် ငွေရောင်ဂမ်ဒမ်မှာ ရှေ့သို့ထွက်လာပြီး အကာအရံတစ်ခု ပြုလုပ်ကာ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူနှစ်ဦး၏ တိုက်ခိုက်မှုကို ကာကွယ်ထားလိုက်သည်။
ဝုန်း....ဝုန်း....ဝုန်း....
ကြောက်မက်ဖွယ် ပေါက်ကွဲမှုများနှင့်အတူ ဂူတစ်ခုလုံး တုန်ခါနေကာ တစ်ကီလိုမီတာကျော် ပတ်ဝန်းကျင်မှာလည်း အမှုန့်ဖြစ်သွားရသည်။
အန်လင်း၊ တပိုင်နှင့် တုန်းကော်တို့မှာ စွမ်းအင်လှိုင်းဂယက်များကြောင့် လွင့်ထွက်ကာ ဂိတ်တံခါးဝနှင့် ဆောင့်မိကုန်သည်။
ထိုအချိန်မှာပင် ဖျက်စီးမရနိုင်သော ဂိတ်တံခါးမှာ ပွင့်ဟလာပြီး ၎င်းတို့အား ဝင်ခွင့်ပြုလာလေသည်။
အန်လင်းတို့ ပါးစပ်အဟောင်းသား ဖြစ်နေစဉ်မှာပင် ငွေရောင်ဂမ်ဒမ်သည် အတည်ပြုပေးသည့်အလား လှည့်ကြည့်လာသည်။
ဂိတ်တံခါးမှာ အန်လင်းတို့ ဝင်လာသည်နှင့် ပြန်ပိတ်သွားကာ ရန်သူများအား ကျန်ရစ်ခဲ့စေသည်။
ကောင်းကင်နတ်မိမယ် ဖေးရင်နှင့် သွမ့်ဟွမ်းဇီတို့မှာ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
ဘာတွေဖြစ်သွားတာလဲ....
၎င်းတို့နှစ်ဦးသည် ငွေရောင်ဂမ်ဒမ်အား တိုက်ခိုက်ကာ ဂိတ်တံခါးထံ ပျံဝဲသွားကြသည်။
ဝုန်း....
ဂိတ်တံခါးမှာ တုတ်တုတ်မလှုပ်ပေ။
ကောင်းကင်နတ်မိမယ် ဖေးရင်: "....."
သွမ့်ဟွမ်းဇီ: "....."
ငွေရောင်ဂမ်ဒမ်မှာ ဓားကိုင်ကာ ပြေးဝင်လာပါသော်လည်း ဂိတ်တံခါးနှင့် ဆောင့်မိသွားရပြန်သည်။
"ဟိုင်းရား...."
သွမ့်ဟွမ်းဇီသည် အနက်ရောင်နဂါးတစ်ကောင် ဖန်တီးကာ ငွေရောင်ဂမ်ဒမ်အား တိုက်ခိုက်လိုက်သည်။
စွမ်းအင်ပေါက်ကွဲမှုနှင့်အတူ ငွေရောင်ဂမ်ဒမ်သည် ပွင့်ဟလာသော ဂိတ်တံခါးထံ ပြေးဝင်သွားပြီးနောက် ပြန်ပိတ်သွားတော့သည်။
အရာအားလုံး ဆိတ်ငြိမ်သွားလေသည်။
ကောင်းကင်နတ်မိမယ် ဖေးရင်: "...."
သွမ့်ဟွမ်းဇီ: "...."