← Chapters

တီနာ၏စွန့်စားခန်းများ

Vol. 52 Ch. 720

တီနာ၏စွန့်စားခန်းများ

Vol. 52 Ch. 720

တီနာသည် လေဟာနယ် ခြယ်လှယ်ခြင်းအား တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သောကြောင့် ဤနေရာသို့ ရောက်ရှိလာသည်နှင့် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခန့်မှန်းမိခဲ့သည်။

ကံမကောင်းစွာဖြင့် နယ်ပယ်ပြောင်းလဲခြင်းသည် လွန်စွာအားကောင်းနေသောကြောင့် သူမသည်လည်း ဘာမှမတတ်နိုင်ပဲ သတိပေးသော စကားလုံးအချို့သာ ပြောနိုင်ခဲ့သည်။

ဤနယ်မြေသည် အလွန်ကျယ်ပြန့်သည့်အပြင် သီးသန့်လောကနိယာမ စည်းမျဉ်းများနှင့် ဖြစ်တည်နေသော ကမ္ဘာငယ်တစ်ခုပင်။

ကောင်းကင်ထက်တွင်လည်း မရေမတွက်နိုင်သော မျက်နှာများစွာ ရှိနေသည်။

တီနာသည် ဟာသမျက်နှာများကိုကြည့်ကာ ပြုံးလိုက်မိသည်။

ကြေးမုံပြင်အား ထုတ်ကြည့်လိုက်သောအခါ သူမ၏ အပြုံးသည် ထိုမျှမကြီးကြောင်း တွေ့လိုက်ရသည်။

မည်သို့ပင်ဆိုစေကာမူ ထိုသည်မှာ ပျော်စရာကောင်းသော အတွေ့အကြုံ တစ်ခုပင်။

ဟာသမျက်နှာများ၏ အမူအရာမှာ ချစ်စဖွယ် ကောင်းသည်ဟု ထင်မြင်မိသောကြောင့် သူမ အမှန်တကယ် နှစ်သက်မိသည်။

သို့သော် တီနာသည် မကြာမီပင် တာဝန်များကို အာရုံစိုက်လိုက်သည်။ သူမထံတွင် အရေးကြီးသော တာဝန်ရှိနေသည်။ ထိုသည်မှာ ဘီလူးအန်လင်းအား ရှာဖွေရန် ဖြစ်သည်။ ဘီလူးအန်လင်း၏ ကျောပေါ်တွင် ဇာမဏီဥ ရှိနေသောကြောင့် အားလုံးမှာ မျက်စိကျနေလောက်သည်။

တီနာသည် ဘီလူးအန်လင်းအား သွားရောက်ကာကွယ်ပေးလိုသည်။

တီနာ အဝေးသို့ ပျံသန်းလာပြီးနောက် မျက်စိတဆုံး လောင်ကျွမ်းနေသော သွေးနီရောင် ကုန်းမြေကြီးကို တွေ့လိုက်ရသည်။ မြင့်မားလှသော အပူချိန်သည် ကုန်းမြေပြင်အား ခေါင်တီးလွင်ပြင် ဖြစ်မနေစေပဲ မီးလျှံအမျိုးအစား သက်ရှိများနှင့်အတူ စည်ကားသက်ဝင်နေသည်။

မီးမှုတ်သော မိစ္ဆာသစ်နွယ်များ၊ တောက်ပသော သွေးနီရောင် သစ်ပင်များနှင့် မီးလျှံသားရဲကြီးများလည်း ရှိနေကြသည်။

စိတ်ဝင်စားစရာကောင်းသော နေရာတစ်ခု ဖြစ်သောကြောင့် တီနာမှာ အတွေးအမြင်များ ကျယ်လာသလို ခံစားလိုက်ရသည်။ သူမသည် လမ်းတလျှောက် ပျံဝဲလာရင်း မီးလျှံငှက်အချို့နှင့် မီးလျှံမိစ္ဆာနဂါးအချို့အားဖမ်းကာ သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလာသည်။

အကြော်ဒယ်အိုးနှင့်သာ ကြော်ချက်လိုက်ပါက အရသာ ရှိလိမ့်မည်ပင်။

ထိုသတ္တဝါများ၏ အသွေးအသားထဲတွင် မီးဒြပ်စင်များ ပါဝင်နေသောကြောင့် အိုးပူလေးကိုသာ ခပ်စပ်စပ် ချက်စားလိုက်လျှင် လျှာလည်သွားပေလိမ့်မည်။

ဤနယ်မြေထဲ ရောက်ရှိလာသူများတွင် တီနာ တစ်ဦးတည်းကသာ အစားအသောက်အကြောင်း တွေးတောနေသူ ဖြစ်လောက်သည်။

တီနာသည် ဦးတည်ချက်မဲ့စွာ ပျံသန်းလာရင်း ဗဟိုဒေသသို့ ရောက်ရှိလာပြီး တောင်တန်းများဆက်ကာ ဖြစ်ပေါ်နေသော ဇာမဏီပုံကြီးကို မြင်လိုက်ရသည်။

"ဝါး.... ကြီးကျယ်ခမ်းနားလိုက်တာ။"

တီနာ၏ မြစိမ်းရောင် မျက်ဝန်းလေးများ တလက်လက် တောက်ပလာကာ ကူကယ်ရာမဲ့စွာ ရေရွတ်လိုက်သည်။

ဘီလူးအန်လင်းရဲ့ ဇာမဏီဥကလည်း အကောင်ပေါက်လာရင် ဒီလောက်အရွယ် ဖြစ်လာမှာလား မသိဘူး....

အကြမ်းဖျဉ်း တွက်ချက်ရလျှင်ပင် ဇာမဏီ ပုံရိပ်ကြီးသည် ကီလိုမီတာ ဆယ်နှင့်ချီ ရှိသည်။ ထိုမျှကြီးသော ဇာမဏီ တစ်ကောင်သာ ကောင်းကင်ထက်မှ ဆင်းသက်လာပါက မြို့တော်တစ်ခုလုံး ပျက်စီးသွားပေလိမ့်မည်။

"အင်း..... အဲ့လိုဆိုရင် သိပ်ပြီးချစ်စရာ မကောင်းတော့ဘူး။ သေးသေးလေးကမှ အသည်းယားဖို့ကောင်းမှာ။"

တီနာ တိုးညင်းစွာ ရေရွတ်ရင်း ဆက်လက်ပျံဝဲလာသည်။

ထိုအချိန်တွင် ဖျော့တော့သော လေထုတုန်ခါမှုကို ခံစားလိုက်မိသည်။

သူမသည် လေဟာနယ်နှင့် ပက်သတ်၍ ခံစားမှု အားကောင်းသောကြောင့် သေးငယ်သော အပြောင်းအလဲကိုပင် သတိပြုမိနိုင်သည်။

တီနာ အဝေးရှိ တောင်တန်းကြီးအား မယုံကြည်နိုင်စွာ လှမ်းကြည့်လိုက်သည်။

"အဲ့ကနေ ဖြစ်နေတာလား။ ဒီလောက်အဝေးကြီးထိအောင် တုန်ခါစေတယ်ဆိုရင် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ​တွေ တိုက်နေတာပဲ ဖြစ်မယ်။"

သူမ တွေဝေခြင်းမရှိ ထိုနေရာသို့ သွားလိုက်သည်။

ခရက်....

လေဟာနယ် ဝဲဂယက်နှင့်အတူ နတ်သမီးငယ်လေးမှာ တောင်တန်းကြီးနား ရောက်ရှိလာလေသည်။

"အမ်.... တိုက်ပွဲက ပြီးသွားပြီလား။"

သူမ ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရှုလိုက်သည်။

ဝုန်း... ဝုန်း.... ဝုန်း....

အဝေးတစ်နေရာမှ ပေါက်ကွဲသံများ ထွက်ပေါ်လာပြန်သည်။

တီနာ စိတ်လှုပ်ရှားစွာ ပျံဝဲသွားလိုက်ပါသော်လည်း တောင်တဝက်တွင် တိုက်ခိုက်နေသော စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ဦးကိုသာ တွေ့လိုက်ရသည်။

သစ်ပင်နက်ကြီး၏ နောက်တွင်ရှိနေသော အစိမ်းရောင် စပါးအုံး တစ်ကောင်မှာလည်း ကျင့်ကြံသူ တစ်ဦးအား ဝါးမြိုနေလေသည်။

အံ့အားသင့်စရာ ကောင်းသည်မှာ သစ်ပင်နက်ကြီးပေါ်ရှိ သစ်သီးများသည် အံ့ဖွယ်အလင်းများဖြင့် တောက်ပနေခြင်းပင်။ တစ်ချက်မျှ ကြည့်ရုံမျှဖြင့် ထိုသည်မှာ အဆင့်မြင့် အင်မော်တယ်သစ်သီးများဖြစ်ကြောင်း ထင်ရှားနေသည်။

မျောလွင့်နတ်ဘုရားဂိုဏ်းနှင့် အင်မော်တယ်မြူနှင်းနေမင်းဂိုဏ်းမှ ကျင့်ကြံသူများနှင့် အစိမ်းရောင် စပါးအုံးကြီးတို့သည် တိုက်ပွဲတစ်ပွဲကို ဆင်နွှဲနေပုံ ရသည်။

ထိုဂိုဏ်းနှစ်ဂိုဏ်းမှ ကျင့်ကြံသူများသည် အဆင့်မြင့် အင်မော်တယ်သစ်သီးများအား လုနေကြခြင်းပင် ဖြစ်ပေလိမ့်မည်။

အစောင့်အရှောက်သားရဲဖြစ်သည့် စပါးအုံးသည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် အထွဋ်အထိပ်တွင်ရှိပြီး အဆင့်မြင့် အင်မော်တယ်သစ်သီးများအား ကာကွယ်ပေးနေသည့်အပြင် အခွင့်အရေး ရလျှင်ရသလို ကျင့်ကြံသူများကိုပါ ဝါးမြိုပစ်နေသည်။

တီနာသည် အန်လင်း၏ လွှမ်းမိုးမှုများကြောင့် တန်ဖိုးရှိသော ပစ္စည်းများအား မြင်တွေ့ရသောအခါ မျက်ဝန်းများ တောက်ပလာသည်။

ဒီအင်မော်တယ်သစ်သီးတွေက ငါ့အတွက်ပဲ....

တီနာသည် တိုက်ပွဲထဲ ဝင်ရောက်ကာ အဖြူရောင်အလုံးအား ဖွင့်လိုက်သည်နှင့် တစ်ကီလိုမီတာ ပတ်လည်မှာ တသီးတသန့် ဖြစ်သွားသည်။ ကျင့်ကြံသူများနှင့် အစိမ်းရောင် စပါးအုံးတို့မှာလည်း ကြောက်မက်ဖွယ် ချိပ်ပိတ်စွမ်းရည်ကြောင့် လှုပ်မရတော့ပေ။

မျောလွင့်နတ်ဘုရားဂိုဏ်းနှင့် အင်မော်တယ်မြူနှင်းနေမင်းဂိုဏ်းမှ ကျင့်ကြံသူများမှာ တီနာအားကြည့်ကာ လွန်စွာထိတ်လန့်သွားရသည်။

ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူက ဘယ်ကရောက်လာတာလဲ....

ထိုသည်မှာ သောက်ကျိုးနည်း စုကျိုးအင်မော်တယ်ဂိုဏ်းမှ တီနာ ဖြစ်သည်။

သွားပြီ.... သစ်သီးတွေတော့ အမခံရတော့မယ်....

ကျင့်ကြံသူများအားလုံး စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။

အစိမ်းရောင် စပါးအုံးမှာလည်း ကြောက်ရွံ့တုန်လှုပ်နေလေသည်။

ဟင်းလင်းပြင်သို့အပြန် ကျင့်ကြံသူ သုံးယောက်တောင် ခုနကမှ ထွက်သွားတဲ့ဟာကို အခုတစ်ယောက် ထပ်ရောက်လာပြန်ပြီလား....

အဲ့လောက်ထိ အဆင့်မြင့် ကျင့်ကြံသူတွေ များနေမှတော့ ငါက ဒီသစ်ပင်ကို ဘယ်လိုစောင့်ရှောက်ရမှာလဲ..... သစ်သီးတွေကို အပီခိုးမယ့်သူနဲ့ အစောင့်အရှောက်သားရဲကြားမှာ စွမ်းအင်ကွာခြားချက် သေလောက်အောင် ကြီးနေတာလေ...

ဒီကနေ လွတ်မြောက်သွားရင် ကောင်းမှာပဲ.....

အစိမ်းရောင် စပါးအုံး စိတ်ညစ်နေစဉ်မှာပင် တီနာသည် သီချင်းတညည်းညည်းဖြင့် သစ်ပင်နက်ကြီးထံ ပျံဝဲကာ အသီးများ ခူးဆွတ်နေတော့သည်။

သူမသည် အသီးများကိုခူးရင်း ရေရွတ်နေသေးသည်။

"အင်မော်တယ်သစ်သီး တစ်လုံး၊ အင်မော်တယ်သစ်သီး နှစ်လုံး၊ အင်မော်တယ်သစ်သီး သုံးလုံး.... အားလုံးစုံပြီ။ ခစ်ခစ်.... တကယ့်စွန့်စားခန်းပဲ။"

ကျင့်ကြံသူများနှင့် အစိမ်းရောင် စပါးအုံးမှာ မျက်ရည်အဝဲသား ဖြစ်သွားရသည်။

ဘာတွေများ စွန့်စားလိုက်ရလို့လဲ....

နေ့ခင်းကြောင်တောင် ဓားပြတိုက်နေပြီးတော့....

သစ်သီးခူးပြီးနောက် တီနာ အတွေးဝင်ကာ စပါးအုံးအား ချိပ်စည်းဖြည်ပေးလိုက်သည်။

"ဒီအပင်မှာ အသီးသီးဖို့ ဘယ်လောက်ကြာလဲ။ မှန်မှန်မပြောရင် အရေဆုတ်ပစ်မယ်။"

အစိမ်းရောင် စပါးအုံးမှာ ကြောက်ရွံ့တုန်လှုပ်စွာ စကားဆိုလိုက်သည်။

"ဒီသစ်ပင်က အင်မော်တယ်သစ်သီးတွေက နှစ်တစ်သောင်းကြာမှ တစ်ခါသီးတာပါ။ ဒီသစ်ပင်ကလည်း အံ့ဖွယ်တောင်တန်း အစွမ်းနဲ့မှ ကြီးထွားနိုင်တာပါ။ အဲ့ဒါကြောင့် တခြားဘယ်နေရာမှာမှ မဖြစ်ထွန်းနိုင်ပါဘူး။"

ထိုစကားကြောင့် တီနာမှာ သစ်ပင်အား စိတ်မဝင်စားတော့ပေ။

အစိမ်းရောင် စပါးအုံးမှာ တွေဝေစွာဖြင့် သတိပေးလိုက်သည်။

"အင်မော်တယ်သစ်သီး​တွေကို ပြန်ပေးခဲ့ပါ။ မဟုတ်ရင် မမှားသင့်တဲ့သူကို မှားမိသလို ဖြစ်သွားလိမ့်မယ်။"

"ဘယ်သူလဲ။"

"ဟမ့်... သူမက ဒီကမ္ဘာရဲ့ သခင်မ မြွေနက်ဝိဉာဉ်ပဲ။"

အစိမ်းရောင် စပါးအုံး ဝံ့ကြွားစွာ ပြောလိုက်သည်။

"အော်.. သူမကို ငါမှမသိတာ။"

တီနာ ပျော်ရွှင်စွာပင် အင်မော်တယ်သစ်သီးများအား သိုလှောင်လက်စွပ်ထဲ သိမ်းဆည်းလိုက်သည်။

အစိမ်းရောင် စပါးအုံး : "....."

"ဒီအင်မော်တယ်သစ်သီးတွေက သူမကိုယ်တိုင် စိုက်ထားတာ။ အဲ့ဒါကြောင့် ထားခဲ့လိုက်ပါ။"

"အင်မော်တယ်သစ်သီး​တွေကို ခိုးယူတာက ပြစ်မှုကြီးပဲ။ သူမ ဘာလို့ ရောက်မလာသေးလဲ မသိဘူး။ တကယ်လို့ သူမသာ ရောက်လာရင် မင်းဆိုးဆိုးရွားရွား ဒဏ်ခတ်ခံရလိမ့်မယ်။"

"သူမကိုယ်တိုင် လာရှာရင် အင်မော်တယ်သစ်သီးတွေ ပြန်ပေးလိုက်မယ်လေ။"

တီနာ ပြုံးကာပြောလိုက်သည်။

စပါးအုံးမှာ မည်သည့်စကားမှ ပြောချင်စိတ် မရှိတော့ပေ။

"ဘီလူးအန်လင်းကို သွားရှာရဦးမယ်...တာ့တာနော်။"

တီနာ အေးအေးဆေးဆေးပင် ထွက်ခွာသွားသည်။

သူမထံတွင် အဆင့်မြင့် အင်မော်တယ်သစ်သီး သုံးလုံး ရှိနေလေပြီ။

All Chapters