သွားရမလား၊ မသွားရဘူးလား
Vol. 52 Ch. 721
အခြေအနေ အမျိုးမျိုးကြောင့် အန်လင်း၊ တပိုင်နှင့် တုန်းကော်တို့မှာ ဂိတ်တံခါး တစ်ဖက်ခြမ်းသို့ ရောက်ရှိခဲ့ကြသည်။
တုန်းကော်သည် ချောမော့နေသော မြေပြင်၊ နံရံနှင့် မီးအိမ်များသဖွယ် ထွန်းလင်းနေသော အစိမ်းရောင်မီးတောက်များကိုကြည့်ကာ ရေရွတ်လိုက်သည်။
"တစ်ခုခု လွဲနေသလိုပဲ... သခင်။"
အန်လင်း မျက်စောင်းထိုးလိုက်သည်။
"မင်းကဘာလို့ အသုံးမဝင်တဲ့ စကားတွေပဲ ပြောနေရတာလဲ။"
တုန်းကော်သည် နှစ်ပေါင်းထောင်နှင့်ချီတိုင်အောင် အသက်ရှင်နေသေးသည်ကို သူသံသယ ဖြစ်မိလာသည်။
ကျင့်ကြံရေးနည်းလမ်း တစ်ခုခုကြောင့်များ ဦးနှောက်ချောင်သွားတာလား.....
တုန်းကော်သည် ဂေါက်တောက်တောက် ဖြစ်နေသည်မှလွဲ၍ တိုက်ခိုက်ရေးပိုင်း သိပ်မဆိုးလှသောကြောင့် အန်လင်းသည်လည်း ဘာမှမပြောလိုတော့ပေ။
"ကျွန်တော်တို့ကို သတ်ဖို့လုပ်နေတဲ့ ငွေရောင်ဂမ်ဒမ်က ဘာလို့ရုတ်တရက်ကြီး ကူညီပေးလာရတာလဲ။ သေချာပေါက်ကို သူ့ကိုထိန်းချုပ်နေတဲ့သူ ရှိလိမ့်မယ်။ ဂိတ်တံခါး ပွင့်လာတာကလည်း အဲ့လူကြောင့်ပဲ ဖြစ်လောက်တယ်။"
တုန်းကော် သုံးသပ်လိုက်သည်။
"ဒါတွေအားလုံး သူမ လုပ်နေတာပဲ ဖြစ်မယ်။"
အန်လင်း ပြုံးကာပြောလိုက်သည်။
"ငွေရောင်ဂမ်ဒမ်က ငါတို့ကို တိုက်ခိုက်တယ်ဆိုတာ စမ်းသပ်ချင်လို့ ဒါမှမဟုတ် ကစားချင်လို့လား မသိဘူး။"
တုန်းကော်: "အဲ့ဒါက မဖြစ်နိုင်ဘူး ထင်ရပေမယ့် အခုလောလောဆယ်တော့ ဖြစ်နိုင်ခြေ အရှိဆုံး ဖြေရှင်းချက်ပဲ။"
အန်လင်း လက်ခါပြကာ အရှေ့ဆုံးမှ ဦးဆောင်လိုက်သည်။
"ဘာပဲဖြစ်ဖြစ် ငါတို့ နေရာမှန်ကို ရောက်နေတာပဲ။ စစ်ကူကို သွားတွေ့လိုက်ရအောင်။"
တုန်းကော် အန်လင်းအားကြည့်ကာ စိတ်ဝင်တစား မေးမြန်းလိုက်သည်။
"သခင် တစ်ချိန်လုံး ပြောနေတဲ့ စစ်ကူက ဘယ်သူလဲ။ တီနာလား..... ရှောင်ဇယ်လား။"
အန်လင်း ခေါင်းခါပြလိုက်သည်။
"မဟုတ်ဘူး။ သူမက တီနာနဲ့ ရှောင်ဇယ်ထက်သာတယ်။"
"ဘာလို့ အားကောင်းတဲ့ စွမ်းအင်တွေ ပေါက်ကွဲနေလဲ မသိပေမယ့် သူမ အရှိန်အဝါကို အာရုံခံမိတာ သေချာတယ်။ သူမ ကိစ္စကြီးတစ်ခုခု လုပ်နေပုံရတယ်။"
"အိုး... သူမက တစ်ခုခု လုပ်နေတာလား။ စိတ်လှုပ်ရှားစရာပဲ... ဝုတ်။"
တပိုင်၏ မျက်ဝန်းများ တောက်ပလာသည်။
ထိုသို့ဖြင့် ၎င်းတို့သုံးဦး ရှေ့ဆက်လာခဲ့သည်။ အပူချိန်သည် နှစ်ရာဒီဂရီ ဆဲလ်စီးရပ်စ်မှ တစ်ထောင်ဒီဂရီ ဆဲလ်စီးရပ်စ်ထိ မြင့်တက်လာကာ ပတ်ဝန်းကျင်ရှိ ကျောက်တုံးကျောက်ဆောင်များသည်ပင် ရဲရဲတောက်နေလေပြီ။
"ဘုရားရေ....မီးသဂြိုလ်မယ့် နေရာကို သွားနေရသလိုပဲ။"
တုန်းကော် ကူကယ်ရာမဲ့စွာ ရေရွတ်လိုက်သည်။
အန်လင်း ပါးစပ်အဟောင်းသားဖြင့် တုန်းကော်အား ကြည့်ရှုလိုက်သည်။
"မင်းတစ်နေ့ တစ်နေ့ ဘာတွေတွေးနေတာလဲကွာ။ အပေါက်လေး ပိတ်ပေးထားလို့ မရဘူးလား။"
တုန်းကော် အပြစ်ကင်းသလိုပြုံးကာ မည်သည့်စကားမှ မပြောတော့ပေ။
သူသည် တိတ်တိတ်ဆိတ်ဆိတ် လမ်းလျှောက်နေလျှင်ပင် ကြည့်ကောင်းနေပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ သူသည် အလွန်တရာ ချောမောခန့်ညားသူဖြစ်ပြီး ကိုယ့်ကိုယ်ကို မြှောက်ပင့်ခြင်း မဟုတ်ပါသော်လည်း ရုပ်ရည်အရာတွင် အန်လင်းထက် သာလွန်ပေသည်။
အန်လင်းသည် တုန်းကော်၏ အတွေးအား မကြားနိုင်၍သာ တော်တော့သည်။ ထိုသို့မဟုတ်ပါက နားဘန်ကျင်းခံရမည်ပင်။
အလွန်သေးငယ်သော စွမ်းအင်အမှုန်တန်းလေးအား ၎င်းတို့တွေ့မြင်လိုက်ရသည်။
ထိုစွမ်းအင်တန်းသည် ဓားတစ်လက်အလား ထက်ရှကာ လေထုကိုပင် ထိုးဖောက်ထားသောကြောင့် အန်လင်းတို့သည်ပင် ခြေလှမ်းများ ရပ်တန့်သွားသည်။
"တော်တော်ကြောက်ဖို့ကောင်းတဲ့ စွမ်းအင်ဖွဲ့စည်းပုံပဲ။ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူတွေတောင် အဲ့လောက်သိပ်သည်းဆပြင်းတဲ့ စွမ်းအင်ကို ခံနိုင်ရည် ရှိမှာမဟုတ်ဘူး။"
တုန်းကော် အံ့အားသင့်သွားသည်။
"မင်းရဲ့ လေဟာနယ် ခြယ်လှယ်ခြင်းနဲ့ အဲ့စွမ်းအင်ကို ခွဲထုတ်ပစ်လို့ မရဘူးလား။"
အန်လင်း မေးမြန်းလိုက်သည်။
တုန်းကော် လက်မြှောက်လိုက်သည်နှင့် စွမ်းအင်တန်းထဲတွင် မမြင်နိုင်သော လေဟာနယ် အတားအဆီးတစ်ခု ဖြစ်ပေါ်လာသည်။ သို့သော် ဖန်ကွဲသံ တစ်ခုနှင့်အတူ အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားလေသည်။
"မရဘူး။ ဒီစွမ်းအင်တန်းက အရမ်းအားကောင်းလွန်းတယ်။"
တုန်းကော် စကားဆိုလိုက်သည်။
အန်လင်း: "...."
တုန်းကော်အား ခိုင်းစေလိုက်သည်မှာပင် အမှားတစ်ခု ဖြစ်သည်။ ၎င်းသည် အသုံးမဝင်သည့် အမှိုက်တစ်ခုသာ မဟုတ်လော။
အန်လင်းသည် ထိုစွမ်းအင်တန်းအား ဖြတ်သန်းသွားရမည့်နည်းကို တွေးတောနေစဉ်မှာပင် စွမ်းအင်အမှုန်တန်းမှာ အလိုအလျောက် ပျောက်ကွယ်သွားလေသည်။
လမ်းတလျှောက်မှာ ရှင်းလင်းသွားပြီပင်။
အန်လင်းတို့ သုံးဦးလုံး ကြောင်အမ်းအမ်း ဖြစ်သွားကြရသည်။
"ဘာဖြစ်သွားတာလဲ။ အဲ့စွမ်းအင်တန်းက စွမ်းအင်ကုန်သွားတာလား။"
တုန်းကော် တအံ့တသြ ရေရွတ်လိုက်သည်။
အန်လင်း: "...."
တပိုင်: "....."
"စွမ်းအင်ကုန်မကုန် သိရအောင် မင်းအရင် စမ်းလျှောက်ကြည့်လေ။"
အန်လင်း အမူအရာ ကင်းမဲ့စွာဖြင့် အကြံပေးလိုက်သည်။
"မဖြစ်ဘူး....မဖြစ်ဘူး ထောင်ချောက်ဖြစ်နေရင် ဘယ်နှယ့်လုပ်မလဲ။ ကျွန်တော် မလုပ်နိုင်ဘူး။"
တုန်းကော် အပြင်းအထန် ခေါင်းခါပြလိုက်သည်။
"မင်းမသိလောက်ဘူး ထင်နေတာ။"
အန်လင်း မျက်စောင်းထိုးကာ ပြောလိုက်သည်။
ထိုစကားကြောင့် တုန်းကော် ရှူးရှူးရှဲရှဲ ဖြစ်သွားရသည်။
အန်လင်းက ငါ့ကို ငတုံးမှတ်နေတာလား.....
"ကျွန်တော်တို့ ဘာလုပ်ကြမလဲ....ဝုတ်။"
တပိုင် စိတ်မသက်မသာ ဖြစ်နေသည်။
ယခုအခြေအနေသည် အန္တရာယ် ကင်းသည်ဟု ထင်မှတ်ရသည်။
သို့သော် အန္တရာယ်မှာ ရုတ်တရက် ပျောက်ကွယ်သွားခြင်း ဖြစ်သောကြောင့် ထောင်ချောက်ဖြစ်နေမည်စိုးကာ ၎င်းတို့အားလုံး ဘာဆက်လုပ်ရမည်ကိုပင် မသိတော့ပေ။
"သူမက ငါတို့အတွက် လမ်းရှင်းပေးနေတာ ထင်တယ်။"
အန်လင်း သုံးသပ်လိုက်သည်။
"အင်း.... သခင်ပြောတာ ဖြစ်နိုင်တယ်။"
တုန်းကော် သဘောတူလိုက်သည်။
"ကောင်းပြီလေ.... မင်းသဘောတူတယ် ဆိုမှတော့ အရှေ့သွားချည် ငါတို့နောက်က လိုက်ခဲ့မယ်။"
အန်လင်း အားပေးစကားဆိုလိုက်သည်။
တုန်းကော်: "....."
အစေခံတွေမှာ လူ့အခွင့်အရေး မရှိဘူးလား....
၎င်းတို့သုံးဦး ဆွေးနွေးနေစဉ်မှာပင် ငွေရောင်ဂမ်ဒမ်လည်း ရောက်ရှိလာသည်။
"ညီအစ်ကို ဂမ်ဒမ် ရောက်လာပြီပဲ။"
အန်လင်း ပျော်ရွှင်သွားသည်။
တုန်းကော်သည် ငွေရောင်ဂမ်ဒမ်နောက်သို့ လှမ်းကြည့်လိုက်ပြီးနောက် မည်သူမှ မပါလာကြောင်း သိလိုက်ရချိန်မှသာ သက်ပြင်းချနိုင်တော့သည်။
ငွေရောင်ဂမ်ဒမ်သည် အန်လင်းတို့အားကြည့်ကာ စက်ရုပ်သံဖြင့် ပြောလိုက်သည်။
"ငါ့နောက်ကလိုက်ခဲ့..."
ထိုစကားနှင့်အတူ အရှေ့ဆုံးမှ ပျံသန်းသွားလေသည်။
ငွေရောင်ဂမ်ဒမ်သည် ၎င်းတို့အား လုံခြုံသော ခံစားချက်ကို ဖြစ်ပေါ်စေသည်။
အန်လင်းတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ပြီးနောက် ဂမ်ဒမ်နောက်မှ လိုက်ပါသွားတော့သည်။
ပျံဝဲလာနေရင်း အစိမ်းရောင် အလင်းများ ပိုမိုတောက်ပလာသည်ကို သတိပြုမိကြသည်။ လမ်းတလျှောက် အခက်အခဲအချို့ ရှိခဲ့ပါသော်လည်း ၎င်းတို့သည် ဂမ်ဒမ်နောက်သို့လိုက်ရန် တွေဝေမနေခဲ့ကြပေ။
မကြာမီပင် ကျယ်ဝန်းသော ထွက်ပေါက်တစ်ခုထံ ရောက်ရှိလာကြသည်။
ထိုသည်မှာ သုံးကီလိုမီတာမျှ ကျယ်ဝန်းသည့် နေရာတစ်ခုဖြစ်ပြီး မြေပြင်တွင် တစ်ကီလိုမီတာခန့်ရှိသော ချိုင့်တစ်ခု ဖြစ်ပေါ်နေကာ အပူရှိန်ပြင်းသော အစိမ်းရောင် ချော်ရည်များ ပွက်ပွက်ဆူနေလေသည်။
အစိမ်းရောင် ချော်ရည်များ၏ အပေါ်ဘက်တွင်မူ အပြာရောင် အလွှာတစ်ခုဖြင့် ကာကွယ်ထားသော မျောလွင့်နေသည့် စင်မြင့်တစ်ခု ရှိနေသည်။
အဖြူရောင်ဝတ်စုံနှင့် တင့်တယ်လှပသော အမျိုးသမီးတစ်ဦးသည် အခက်အခဲ ကြုံနေရသည့်အလား မျက်မှောင်ကျုံ့နေသည်။
ရင်းနှီးနေသော ပုံရိပ်အား မြင်လိုက်ရသောကြောင့် အန်လင်း ခပ်ဖွဖွ ပြုံးလိုက်မိသည်။
"ပိုင်လင် .......တွေ့ကြပြန်ပြီနော်။"
အမျိုးသမီးမှာ လှည့်ပင်မကြည့်ပါသော်လည်း အန်လင်း စိတ်ထဲသို့ စကားသံတစ်ခု ဝင်ရောက်လာသည်။
"သတိထား အန်လင်း ရန်သူရှိနေတယ်။"
အန်လင်း ချက်ချင်းပင် အံ့ဖွယ်အာရုံအား ဖြန့်ကျက်လိုက်သည်။
ထိုအချိန်မှာပင် အဖျက်စွမ်းအင်များ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံလာသောကြောင့် ကျောရိုးများပင် အေးစိမ့်သွားရလေသည်။
ထို့နောက် အသင့်မပြင်ရသေးခင်မှာပင် အနက်ရောင် ဓားမော့တစ်ခုသည် သူ့ထံပျံဝဲလာတော့သည်။
သွေးနီရောင်များ စွန်းထင်နေသော ထိုဓားမော့သည် ရက်စက်သော အရှိန်အဝါများကို ပေးစွမ်းနေလျက် ရှိသည်။