← Chapters

ဇာမဏီဥအရေးအခင်း

Vol. 52 Ch. 722

ဇာမဏီဥအရေးအခင်း

Vol. 52 Ch. 722

အန်လင်းသည် ဆိုးရွားလှသော နာကျင်မှုကို ပထမဆုံး အကြိမ်အဖြစ် ခံစားလိုက်ရသည်။ ထိုခံစားချက်သည် ရက်ရက်စက်စက်ပင် ခန္ဓာကိုယ် တစ်ခုလုံးထံ ပျံ့နှံ့သွားလေသည်။

အနက်ရောင် ဓားမော့သည် သူ၏ဘယ်ဘက်ရင်အုံတွင် ရှိနေပြီး စစ်နတ်ဘုရား ခန္ဓာအား ဖျက်စီးလုမတတ်ပင်။

ကံကောင်းထောက်မစွာဖြင့် ပိုင်လင်မှာ ကြိုတင်သတိပေးထားသောကြောင့် ကပ်သီးလေး ပြင်ဆင်ထားလိုက်နိုင်သည်။ ထိုသို့မဟုတ်ပါက နှလုံးကိုပင် ဖောက်သွားနိုင်လောက်ပေသည်။

ရန်သူသည် နောက်ကွယ်မှ ချောင်းမြောင်းတိုက်ခိုက်ခြင်း မဟုတ်ပဲ ရှေ့တည့်တည့်မှ တိုက်ရိုက်တိုက်ခိုက်လာခြင်း ဖြစ်သည်။

သို့သော် အန်လင်းသည် တိုက်ခိုက်မှုလမ်းကြောင်းအား အာရုံခံရန် ခက်ခဲလွန်းနေသောကြောင့် ခံလိုက်ရခြင်းပင်။

"ဝါး....ဝါး....ဝါး...."

အရွယ်ရောက်ပြီးသားလူ၏ တဝက်ခန့်မျှရှိသော ကြီးမားလှသည့် ကလေးငယ်တစ်ဦးသည် ရက်စက်သော အပြုံးကို ချိတ်ဆွဲထားသည်။ ၎င်း၏ အသားအရေမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ဖြူရော်နေကာ မျက်လုံးနေရာတွင် အနက်ရောင် အပေါက်နှစ်ခု ဖြစ်ပေါ်နေပြီး အတောင်ပံတစ်စုံ ပါရှိကာ အနီရောင် ကလေးအတွင်းခံကို ဝတ်ဆင်ထားသည်။

ထိုရက်စက်သော အပြုံးသည် အစိမ်းရောင် အလင်းအောက်တွင် ပို၍ပင် ကြက်သီးထစရာ ကောင်းနေသည်။

ကလေးငယ်၏ လက်ထဲတွင် အနက်ရောင် လှံတစ်ချောင်း ရှိနေပြီး ထိုလှံ၏ အစွန်းတစ်ဖက်သည် အန်လင်း ခန္ဓာကိုယ်ပေါ် ရောက်ရှိနေခြင်းပင်။

"အစ်ကိုကြီးအန်.... ဝုတ်။"

တပိုင် အလွန်အမင်း ဒေါသထွက်သွားကာ အပြာရောင် လက်သည်းပုံရိပ်အား ထွက်ပေါ်စေလျက် ကလေးငယ်ကို တိုက်ခိုက်လိုက်သည်။

ဝှစ်....

ကလေးငယ်သည် လှံအားဆွဲကာ တပိုင်၏ တိုက်ခိုက်မှုကို အလွယ်တကူ ရှောင်ရှားလိုက်သည်။

တုန်းကော်သည် ချက်ချင်းဆိုသလို ပြိုင်ဘက်ကင်းလောက်အောင် အားကောင်းသော ဓားပုံရိပ်အားထုတ်ကာ ကလေးငယ်၏ ဦးခေါင်းတည့်တည့် ချိန်ရွယ်တိုက်ခိုက်လိုက်သည်။ ဓားပုံရိပ်တွင် ပါဝင်နေသော အစွမ်းသည် ထိတ်လန့်ဖွယ် ကောင်းရုံသာက လျင်မြန်မှုမှာလည်း ပြောစမှတ် တွင်ရလောက်သည်။

ကြီးမားလှသော ကလေးငယ်၏ လှုပ်ရှားမှုမှာလည်း မြန်ဆန်လွန်းကာ လှံအားတစ်ချက်မျှ ဝေ့ယမ်းလိုက်သည်။ ထိုတိုက်ခိုက်မှုသည် ရိုးရှင်းလွန်းလှပါသော်လည်း အံ့ဖွယ်တာအို၏ စွမ်းအင်များ ပါဝင်နေသောကြောင့် တုန်းကော်၏ ဓားပုံရိပ်မှာ အလင်းအစက်အပြောက်များအဖြစ် ပြောင်းလဲပျောက်ကွယ်သွားရသည်။

သူ၏ အကောင်းဆုံး တိုက်ကွက်များအား ရန်သူများမှ အလွယ်တကူ ချိုးဖျက်နိုင်နေသောကြောင့် တုန်းကော် သံသယ ဖြစ်လာမိသည်။ ဟင်းလင်းပြင်သို့အပြန် ကျင့်ကြံရေးအဆင့်သည် အတုအစစ် ရှိနေသည်လော။

အန်လင်းသည် ထိခိုက်ဒဏ်ရာများ ရရှိထားသောကြောင့် အမြဲစိမ်းနည်းစနစ်မှာ အလိုအလျောက် အသက်ဝင်လာသည်။

သူသည် ဒဏ်ရာများ ပျောက်ကင်းသွားသည်အထိ ကုသနေရန် အချိန်မရှိသောကြောင့် မိစ္ဆာရှင်းဓားအား ဆွဲကိုင်ကာ တိုက်ပွဲထဲ ဝင်ရောက်လာလိုက်သည်။

ထိုအချိန်မှာပင် ပြင်းထန်လှသော ဆွဲအားတစ်ခုမှာ ခန္ဓာကိုယ် တစ်ခုလုံး လွှမ်းခြုံသွားသဖြင့် အရိုးများ ကျိုးကြေသွားသလို ခံစားလိုက်ရလေသည်။

ဘာတွေဖြစ်နေတာလဲ.......

အန်လင်း အထိတ်တလန့် ဖြစ်နေမိသည်။

မြေအောက်ကမ္ဘာ၏ မူလစွမ်းအင်အား ထုတ်ဖော်ရန် ကြံစည်နေစဉ်မှာပင် အစိမ်းရောင် ချိန်းကြိုးများသည် သူ၏ခန္ဓာကိုယ်အား တင်းကြပ်စွာ ရစ်ပတ်ထားလိုက်ကြသည်။

"ဂမ်ဒမ် မင်းလား။"

အန်လင်း ငွေရောင်ဂမ်ဒမ်အား မယုံကြည်နိုင်စွာ လှမ်းကြည့်လိုက်မိသည်။

ငွေရောင်ဂမ်ဒမ်သည် လက်တစ်ဖက်ဖြင့် ချိန်းကြိုးများ ဆုပ်ကိုင်ထားကာ အခြားလက်တစ်ဖက်ဖြင့် ကြမ်းတမ်းလှသော ချိပ်ပိတ်ဆွဲအားများ ထုတ်ဖော်နေသည်။

"အစ်ကိုကြီးအန်ကိုလွှတ်လိုက်.... ဝုတ်။"

တပိုင်သည် ငွေရောင်ဂမ်ဒမ်ထံ ပြေးဝင်သွားပါသော်လည်း ပြင်းထန်လှသော လေများမှုတ်ထုတ်ခံလိုက်ရသောကြောင့် အဝေးသို့ လွင့်ထွက်ကာ သွေးအန်သွားရသည်။

တုန်းကော်မှာ သေးထွက်ကျမတတ် ကြောက်ရွံ့သွားပြီး တွေဝေခြင်းမရှိ အန်လင်းနောက်သို့ ဝင်ပုန်းလိုက်သည်။

ရုတ်တရက်ဆန်လှသော အပြောင်းအလဲများမှာ ၎င်းတို့သုံးဦးလုံးကို အံ့အားသင့်စေသည်။

ငွေရောင်ဂမ်ဒမ်သည် အကောင်းအတိုင်း ရှိနေရာမှ တိုက်ခိုက်လာလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။

တုန်းကော် ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

"ဒီငွေရောင်ဂမ်ဒမ်က မူလီချောင်နေတာလား။ အစက ကျွန်တော်တို့ကို သတ်ချင်နေတယ်။ နောက်ကြတော့ သူပဲကယ်ထုတ်လာတယ်။ အခုကြတော့လည်း လာပြီးတိုက်နေပြန်ပြီ။ ဘာတွေဖြစ်နေတာလဲ။"

"ကြည့်ရတာ အစတည်းက ကယ်ချင်တာ မဟုတ်ပဲ ဒီနေရာကို မျှားခေါ်လာတာ ထင်တယ်။"

အန်လင်း အံကြိတ်ကာ ရေရွတ်လိုက်သည်။

သူသည် ချိန်းကြိုးများမှ လွတ်​မြောက်ရန် ကြိုးစားရုန်းကန်နေပါသော်လည်း ချိန်းကြိုးများမှာ ဖျက်စီးမရနိုင်သည့်အလား တုတ်တုတ်မလှုပ်ပေ။

ဖြောင်း.... ဖြောင်း..... ဖြောင်း.....

ထိုအချိန်တွင် စူးရှရှ လက်ခုပ်တီးသံ ပေါ်ထွက်လာသည်။

"ဟုတ်တယ်။ ဒီခရမ်းကြယ်စင်စက်ရုပ်သွေးဆက်က နင်တို့ကို တိုက်ခိုက်တယ်ဆိုတာ စနောက်တာ သက်သက်ပဲ။ နောက်တော့ ကူညီပေးခဲ့တယ်ဆိုတာလည်း အဲ့ယင်ကောင်တွေက စိတ်ရှုပ်စရာ ကောင်းလို့လေ။"

ပြီးပြည့်စုံသော အလှတရားများ ပိုင်ဆိုင်ထားသည့် အမျိုးသမီး တစ်ဦးမှာ အန်လင်းထံ လျှောက်လှမ်းလာသည်။

သူမ၏ နက်မှောင်သော ဆံနွယ်ရှည်များသည် တင့်တယ်စွာ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ယိမ်းနွဲ့ကခုန်နေပြီး မျက်ဝန်းလေးများမှာ ပုလဲနှင့် မဟူရာ ပေါင်းစပ်ထားသလို ဆွဲဆောင်မှု ရှိလှသည်။ နူးညံ့သော နှုတ်ခမ်းသားထက်တွင် ဖျော့တော့သော အပြုံးတစ်ခု ချိတ်ဆွဲထားသည်မှာ ပြစ်မျိုးမှဲ့မထင် လှပသော မျက်နှာနှင့် ပနံသင့်လွန်းလှပြီး ဘုရင်မတစ်ပါး၏ ဂုဏ်သရေနှင့် မိန်းမငယ်တစ်ဦး၏ ချိုမြိန်မှုအား အချိုးကျကျ ရောယှက်ထားသလိုပင်။

"နင့်ကို ဒီနေရာရောက်အောင် လုပ်ခဲ့တာငါပဲ။ ငါက ဒီနေရာ တစ်ခုလုံးရဲ့ အရှင်သခင်မလေ။"

အမျိုးသမီးသည် အန်လင်း၏ မေးဖျားအားကိုင်ကာ ခပ်ဖွဖွ ပြုံးလိုက်သည်။

"မတွေ့တာ ကြာပြီနော်.... အန်လင်း။"

အန်လင်း အသက်ပြင်းပြင်း ရှူလိုက်ရသည်။

"မြွေ....မြွေနက်ဝိဉာဉ် ခင်ဗျား ဒီမှာဘာလုပ်နေတာလဲ။"

ထိုအမျိုးသမီးသည် ကမ္ဘာမြေတွင် တစ်ကြိမ်ဆုံတွေ့ခဲ့ဖူးသော အလွန်လှပသည့် မြွေနက်ဝိဉာဉ် ဖြစ်သည်။

ထိုအချိန်က ကမ္ဘာ့ငြိမ်းချမ်းရေးကဲ့သို့သော ကလေးဆန်ဆန် မေးခွန်းများကို ဆွေးနွေးခဲ့ကြဖူးသည်။ သူမသည် ဤနေရာတွင် မည်သို့ရှိနေပါသနည်း။

"ငါဒီမှာ ဘာလုပ်နေလဲ ဟုတ်လား။

မြွေနက်ဝိဉာဉ် ရယ်မောလိုက်သည်။

"ဒီကမ္ဘာက ငါ့အိမ်ပဲလေ။ အားလပ်ရက်လေးဘာလေး လာလည်လို့ မရဘူးလား။"

အန်လင်း: "....."

ဒါက ဘယ်လိုအိမ်ကြီးလဲ.... ဘယ်သူက ကမ္ဘာတစ်ခုကို အိမ်လို့သတ်မှတ်လို့လဲ.....

အော်..... တီနာ့အိမ်ကလည်း ကမ္ဘာတစ်ခုပဲနော်....

"အဲ့ဒါဆိုလည်း ကျုပ်ကိုဘာလို့ ဖမ်းထားရတာလဲ။ ကျုပ်တို့ကြားမှာ ရန်ငြှိုးရန်စလည်း မရှိပဲနဲ့။"

အန်လင်း စိတ်ပျက်စွာ စကားဆိုလိုက်သည်။

"ဟင်းဟင်း....ငါကနင့်ကို ပစ်မှတ်မထားပါဘူး။"

မြွေနက်ဝိဉာဉ်မှာ အန်လင်း၏ ကျောဘက်အား ကြည့်ရှုလိုက်သည်။

"ဒါပေမယ့် ဇာမဏီဥက ဒီဘုရင်မကြီး အတွက်ပဲ။ သယ်လာပေးတာ ကျေးဇူးနော်။ ငါ့အတွက် ပြဿနာ နည်းသွားတာပေါ့။"

ထိုစကားကြောင့် အန်လင်းမှာ တုန်လှုပ်သွားရသည်။

သူမကလည်း ဇာမဏီဥနောက် လိုက်နေတာလား....

ထိုသည်မှာ အဓိပ္ပါယ် ရှိသည်။ ဤကမ္ဘာသာ သူမအိမ်ဆိုပါက ကြွေလွင့်ဇာမဏီနယ်မြေ၌ ဇာမဏီဥ ပေါ်ထွက်လာသည်ကို မသိစရာ မရှိပေ။

မြွေနက်ဝိဉာဉ်သည် အမှန်တကယ် ဆိုးသွမ်းသူ ဖြစ်ပုံရသည်။

ကောင်းကင်ဘုံခုံရုံးသည် ဇာမဏီဥအတွက် လူများမစေလွှတ်သည်ကို အံ့သြစရာ မရှိတော့ပေ။ ဇာမဏီဥရရန် အခွင့်အရေး နည်းပါးလွန်းသောကြောင့် မျှော်လင့်ချက်များအားလုံးကို စွန့်လွှတ်လိုက်ခြင်း ဖြစ်ပေလိမ့်မည်။

"ဥကတော့ ငါယူထားလိုက်မယ်နော်။ ကျန်တာကတော့ မင်းကံကောင်းပါဇီပေါ့.... ခစ်ခစ်..."

မြွေနက်ဝိဉာဉ်မှာ အပြစ်ကင်းစင်စွာပြုံးရင်း အန်လင်းကျောဘက် လက်လှမ်းလာသည်။

သွားပြီ..... ငါတော့ ဥပျောက်ပြီ.....

အဲ့ဒါတင် မကဘူး ဒီထူးထူးဆန်းဆန်း ကလေးကြီးနဲ့ ငွေရောင်ဂမ်ဒမ်ကို ဘယ်လိုချရမှာလဲ......

အန်လင်း စိတ်ဆင်းရဲနေလေပြီ။

တုန်းကော်သည်လည်း ကလေးငယ်နှင့် ငွေရောင်ဂမ်ဒမ်၏ တားဆီးထားမှုကြောင့် ဘာမှမလုပ်နိုင်ပေ။

ဝုန်း....

အဖြူရောင် လျှပ်စီးတစ်ခုမှာ မြွေနက်ဝိဉာဉ်၏ ဦးခေါင်းတည့်တည့် ကျဆင်းလာသည်။

မြွေနက်ဝိဉာဉ်မှာ မျက်လုံးအပြူးသားဖြင့် ပိုင်လင်အား ကြည့်ရှုလိုက်သည်။

"ဒီလူကြောင့် နင့်ရဲ့ထိန်းချုပ်ခွင့်ကိုတောင် ဆုံးရှုံးခံမလို့လား။"

ပိုင်လင်မှာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပါသော်လည်း မျက်နှာတစ်ခုလုံး ဖြူရော်နေလေပြီ။

သူမ ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။

"နင့်ရဲ့ အစီအစဉ်ကို ဖျက်စီးနိုင်ရင် တန်တာပဲ။ ကိုယ်ပွားတစ်ခုက ဒီနေရာမှာ အရမ်းရိုင်းစိုင်းနေတာကို ငါခွင့်မပြုနိုင်ဘူး။"

မိုးကြိုးလျှပ်စီးများ ကျဆင်းလာသည်နှင့်အတူ မြွေနက်ဝိဉာဉ်မှာ အနက်ရောင် အခိုးအငွေ့များအဖြစ် ပြောင်းလဲပျောက်ကွယ်သွားသည်။

ပိုင်လင်သည် အန်လင်းအား ကြည့်ရှုလိုက်ပြီးနောက် ထက်ရှလှသော အဖြူရောင် အလင်းတန်းတစ်ခု ဆင်းသက်လာကာ ချိန်းကြိုးများကို ဖျက်စီးပစ်လိုက်သည်။

"အန်လင်း..... ဒီကထွက်သွားတော့။"

ပိုင်လင် အော်ဟစ်လိုက်သည်။ ငွေရောင်ဂမ်ဒမ်သည်လည်း စက်ပစ္စည်း ချို့ယွင်းမှုအချို့ ဖြစ်သွားပုံရကာ မျက်ဝန်းများ မှေးမှိန်သွားပြီး လှုပ်ရှားမှု မရှိတော့ပေ။

ထိုအချိန်တွင် ကလေးငယ်မှာမူ ပိုင်လင်ထံ ပျံဝဲလာကာ အပြာရောင် အကာအရံအား အသေအလဲ တိုက်ခိုက်နေတော့သည်။

မျက်စိတမှိတ်အတွင်း အဖြစ်အပျက်များစွာ ဖြစ်ပေါ်နေသည်။

အန်လင်းသည် ဆုံးဖြတ်ချက် ချထားဟန်ဖြင့် မိစ္ဆာရှင်းဓားအား ဆွဲထုတ်လိုက်သည်။

All Chapters