← Chapters

မိစ္ဆာကလေးငယ်အားရင်ဆိုင်ခြင်း

Vol. 52 Ch. 723

မိစ္ဆာကလေးငယ်အားရင်ဆိုင်ခြင်း

Vol. 52 Ch. 723

ဂိတ်တံခါး တစ်ဖက်ခြမ်းတွင် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများ ရှိနေပြီး ဤနေရာတွင်လည်း မိစ္ဆာကလေးငယ်နှင့် ငွေရောင်ဂမ်ဒမ်တို့ ရှိနေသောကြောင့် ရွေးချယ်ရသည်မှာ အကျပ်အတည်းတစ်ခုပင်။

သို့သော် ပိုင်လင်သည် သူ့အားကယ်တင်ပေးခဲ့သောကြောင့် အန်လင်း ဆုံးဖြတ်ချက် ချလိုက်သည်။

ထိုသည်မှာ မိစ္ဆာကလေးငယ်နှင့် ငွေရောင်ဂမ်ဒမ်အား ဖျက်စီးပစ်ရန်ပင်။

သူသည် မပြတ်သားသူတစ်ဦး မဟုတ်ပေ။ အခြေအနေအား လျင်မြန်စွာ သုံးသပ်ပြီးသည့်နောက် လှုပ်ရှားမရသော ငွေရောင်ဂမ်ဒမ်အား ဖျက်စီးရန် တွေးလိုက်သည်။

ဂမ်ဒမ်တစ်ကောင်အား မည်သို့ဖျက်စီးရမည်နည်း။

၎င်းတို့၏ ခန္ဓာကိုယ်အား သတ္ထုစပ်များဖြင့် တည်ဆောက်ထားသောကြောင့် စွမ်းအားပြင်းပြင်း သုံးလျှင်ပင် ဖြတ်တောက်ပစ်နိုင်မည် မဟုတ်ပေ။ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူတစ်ဦးမှ စွမ်းအင်အကုန်အစင် အသုံးပြုလျှင်ပင် ထူးခြားမည် မဟုတ်ပါချေ။

အကောင်းဆုံး နည်းလမ်းမှာ စက်ပိတ်လိုက်ရန်ပင် ဖြစ်သည်။

ငွေရောင်ဂမ်ဒမ်သည် လှုပ်ရှားမရအောင် ငြိမ်သက်နေသောကြောင့် ယခုအချိန်သည် အသင့်တော်ဆုံးပင်။

ခရမ်းကြယ်စင် သုတေသနစခန်းမှ စက်ပစ္စည်းဗိသုကာဆိုင်ရာ အမွေအနှစ်များ ရရှိခဲ့သောကြောင့် ကံကောင်းသည်ဟု ဆိုနိုင်သည်။ ထိုသို့မဟုတ်ပါက ငွေရောင်ဂမ်ဒမ်အား ကိုင်တွယ်နိုင်မည် မဟုတ်ပေ။

သူသည် ညာဘက်လက်ဖြင့် မိစ္ဆာရှင်းဓားအားကိုင်ကာ ဓားပုံရိပ်များ ထုတ်ဖော်နေပြီး အခြားတစ်ဖက်ဖြင့် ငွေရောင်ဂမ်ဒမ်၏ ခန္ဓာကိုယ်အနှံ့ ရှုပ်ထွေးသော လက်အပြောင်းအလဲများ ပြုလုပ်နေသည်။ ပြင်းထန်လှသော စွမ်းအင်ပေါက်ကွဲမှုနှင့်အတူ ဂမ်ဒမ်၏ စွမ်းအင်ဗဟိုချက်အား အောင်မြင်စွာ ဆွဲထုတ်နိုင်ခဲ့သည်။

အန်လင်းသည် တွေဝေခြင်းပင် မရှိပဲ စွမ်းအင်ဗဟိုလုံးကို သန့်စင်ကာ သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလိုက်သည်။

ယခင်က ငွေရောင်ဂမ်ဒမ်၏ စွမ်းအင်ဗဟိုလုံးသည် အခြားသူအပိုင်ဖြစ်ကာ ပိုင်ရှင်ဖြစ်သူ၏ အငွေ့အသက်များ ပါဝင်နေသောကြောင့် သိုလှောင်လက်စွပ်ထဲ ထည့်မရခဲ့ပေ။ ယခုအခါ သန့်စင်လိုက်ပြီးနောက် အလွယ်တကူ သိမ်းဆည်းနိုင်ပြီ ဖြစ်သည်။

ထို့နောက် ငွေရောင်ဂမ်ဒမ်ကိုပါ ကောက်သိမ်းလိုက်လေသည်။

ငွေရောင်ဂမ်ဒမ်မှာ ကျရှုံးသွားရပြီပင်။

"သခင်..... ဘာတွေလုပ်နေတာလဲ။ ကျွန်တော်တို့ ထွက်ပြေးရမယ်လေ။"

တုန်းကော် အသိစိတ် ဝင်လာကာ အန်လင်းဘေးသို့ ပြေးလာသည်။

"ယီးလား.... အန္တရာယ် တွေ့တာနဲ့ မိန်းကလေးတစ်ယောက်ကို ထားခဲ့ပြီး တချိုးတည်း ထွက်ပြေးမယ်ပေါ့လေ။ မင်းက တသက်လုံး FAဖြစ်ဖို့ပဲ တန်တယ်။"

အန်လင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။

တုန်းကော်မှာ ဉာဏ်အလင်းပွင့်သွားသလို ခံစားလိုက်ရသည်။

"သခင်ပြောတာမှန်တယ်။ ကျွန်တော် ဘယ်တော့မှ ထပ်ပြီးထွက်မပြေးတော့ဘူး။"

တပိုင် နဖူးအား လက်ဖြင့်ရိုက်လိုက်မိသည်။

အစ်ကိုကြီးအန်က သူ့မောင်းမဆောင်အတွက် သူရဲကောင်း လုပ်နေတာလေ.... အဲ့ဒါ တုန်းကော်နဲ့ ဘာဆိုင်လို့လဲ......

ပြီးတော့ ဒင်းကြည့်ရတာ အရမ်းစိတ်လှုပ်ရှားနေသလိုပဲ..... နှစ်ပေါင်းထောင်ချီ FAဖြစ်နေတာ တုံးလွန်းလို့များလား......

ထိုအချိန်တွင် မိစ္ဆာကလေးငယ်၏ တိုက်ခိုက်မှုကြောင့် ပိုင်လင်၏ အကာအရံ ပျက်စီးသွားသည်။

၎င်းသည် အန်လင်းတို့ကိုကြည့်ကာ ရက်စက်စွာ ပြုံးလိုက်သည်။

ပိုင်လင်မှာ မျက်နှာတစ်ခုလုံး ဖြူရော်ကာ နှုတ်ခမ်းထောင့်စွန်းမှ သွေးများစီးကျနေသည်။

သူမ နားမလည်နိုင်သော မျက်ဝန်းများဖြင့် အန်လင်းအား ကြည့်ရှုလာသည်။

"နင်ဘာလို့ ထွက်မပြေးသေးတာလဲ။"

"ဒီမိစ္ဆာကလေးငယ်ကို တစ်ချက်တည်းနဲ့ အမှောက်သိပ်နိုင်တဲ့ဟာ။ ဘာလို့ထွက်သွားရမှာလဲ။"

အန်လင်း၏ အရှိန်အဝါနှင့်အတူ တိုက်ပွဲစိတ်ဆန္ဒများ မြင့်တက်လာသည်။

အနက်ရောင် လေပွေတစ်ချက်နှင့်အတူ မိစ္ဆာကလေးငယ်မှာ အန်လင်းတို့ရှေ့ ရောက်ရှိလာသည်။

အန်လင်း ထခုန်မတတ် ထိတ်လန့်သွားရသည်။ ကလေးငယ်၏ တိုက်ခိုက်မှုအား ခံခဲ့ရသည်မှာ မထူးဆန်းတော့ပေ။

ထိုမိစ္ဆာကလေးငယ်၏ လေဟာနယ် ခုန်ကူးခြင်းမှာ တီနာ့ကိုပင် ယှဉ်နိုင်လောက်သည်။

လေဟာနယ် ခုန်ကူးခြင်းသည် သာမန်လေဟာနယ် ခရီးသွားခြင်းနှင့် မတူညီပဲ လေဟာနယ် ခြယ်လှယ်ခြင်း ပညာရပ်အား တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သူများသာ ပြုလုပ်နိုင်သည်။

ထိုသည်မှာ အလွန်လျင်မြန်ကာ အသုံးဝင်သော စွမ်းရည်ဖြစ်ပြီး လေဟာနယ် ဆုတ်ဖြဲရန် မလိုအပ်ပဲ တိုတောင်းသော အကွာအဝေးအား ခုန်ကူးလိုက်ရုံသာ ဖြစ်သည်။ ထိုစွမ်းရည်အား ကျွမ်းကျင်စွာ အသုံးချနိုင်သော ရန်သူနှင့် ရင်ဆိုင်ရသည်မှာ အိပ်မက်ဆိုး တစ်ခုပင်။

အန်လင်းသည် မြေအောက်ကမ္ဘာ၏ မူလစွမ်းအင်အား ထုတ်ဖော်လိုက်သည်နှင့် သူ၏အရှိန်အဝါမှာ ဟင်းလင်းပြင်သို့အပြန် ကျင့်ကြံသူတစ်ဦးနီးပါး ထိုးတက်သွားသည်။ ထို့အပြင် မိစ္ဆာကလေးငယ်၏ ရုတ်တရက် တိုက်ခိုက်မှုများကို ရှောင်ရှားနိုင်ရန် နတ်ဘုရားစစ်ဆေးမှုနည်းစနစ်အား အသက်သွင်းလိုက်သည်။

သူသည် ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာကာ မီတာတစ်ရာပတ်လည်ရှိ လေထုသည်ပင် ပြိုကျသွားရသည်။ မျက်ခုံးနှစ်ခုကြားတွင် ရွှေကြာပန်း အမှတ်အသား ပေါ်ထွက်လာကာ လျှပ်စီးများ စီးဆင်းနေသော လက်သီးဖြင့် မိစ္ဆာကလေးငယ်၏ခေါင်းအား ပြင်းထန်စွာ ထိုးချလိုက်သည်။

မိစ္ဆာကလေးငယ်သည် ကြောက်ရွံ့ခြင်းပင် မရှိပဲ လှံမကိုင်ထားသောလက်အား ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ အန်လင်းသည် ထိုလက်သီးမှ မြင့်မြတ်သော အရှိန်အဝါများ ထွက်ပေါ်နေသည်ကို အာရုံခံမိလိုက်လေသည်။

မိစ္ဆာကလေးငယ်ထံမှ နတ်အရှိန်အဝါ ထွက်လာသည်မှာ မအပ်စပ်လှပေ။

လက်သီးနှစ်ခု ထိပ်တိုက်တွေ့ဆုံသွားလေသည်။

ဝုန်း.....

ကမ္ဘာမြေပြင် တုန်ဟီးမတတ် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ စွမ်းအင်လှိုင်းဂယက်များမှာလည်း ကီလိုမီတာ များစွာတိုင် ပျံ့နှံ့သွားသည်။ အစိမ်းရောင် ချော်ရည်များ ဆူပွက်လာကာ ကျောက်တုံးကျောက်ဆောင်များ အရည်ပျော်ကုန်ပြီး အောက်ခြေရှိ တောက်ပသော အစိမ်းရောင် သတ္ထုများကို မြင်တွေ့လိုက်ရသည်။

မိစ္ဆာကလေးငယ်၏ လက်သီးကြောင့် အန်လင်း လွင့်ထွက်ကာ အစိမ်းရောင် သတ္ထုနံရံနှင့် ရိုက်မိသွားပြီး သွေးပွက်ပွက်အန်ရတော့သည်။

အရမ်းအားပြင်းလွန်းတယ်.....

သူသည် စွမ်းအင်အကုန်အစင် ထုတ်ဖော်ခဲ့ပါသော်လည်း မိစ္ဆာကလေးငယ်၏ လက်သီးတစ်ချက်ကြောင့် နံရံနှင့် မျက်နှာ မိတ်ဆက်ခဲ့ရသည်။

ပိုင်လင်သည် အန်လင်းအား လှမ်းကြည့်ကာ မျက်နှာပျက်သွားလေသည်။

မိစ္ဆာကလေးငယ်ကို လက်သီးတစ်ချက်နဲ့ အမှောက်သိပ်မယ်ပေါ့လေ..... မိစ္ဆာကလေးငယ်ဆိုတာ အန်လင်းလား.....

မိစ္ဆာကလေးငယ်မှာ နောက်သို့ဆုတ်သွားရပါသော်လည်း အကွာအဝေး အနည်းငယ်သာဖြစ်ပြီး အန်လင်းထက်ပို၍ အခြေအနေကောင်းသည်။

ထိုအချိန်တွင် တလက်လက် တောက်ပနေသော ဓားပုံရိပ် တစ်ခုမှာ မိစ္ဆာကလေးငယ်၏ နှလုံးတည့်တည့်သို့ ပျံဝဲလာလေသည်။

တုန်းကော်သည် တိုက်ခိုက်ရန် အကောင်းဆုံး အချိန်အား ရွေးချယ်လိုက်ပြန်ပြီပင်။

သူ၏တိုက်ခိုက်မှုသည် ကောင်းကင်ကိုပင် ခြိမ်းခြောက်တော့မည့်အလား ပြင်းထန်လှသော ဓားစိတ်ဆန္ဒများ ပါဝင်နေသည်။

မိစ္ဆာကလေးငယ်မှာ မထီမဲ့မြင် ပြုံးလိုက်ပြီးနောက် အနက်ရောင်လှံထိပ်တွင် မဟူရာစက်ကွင်းတစ်ခု ပေါ်ထွက်လာကာ ချက်ချင်းဆိုသလို သေဆုံးဝိဉာဉ်များ၏ အော်ဟစ်သံများ ပဲ့တင်ထပ်လာပြီး အနက်ရောင် လေပွေများ ဖြစ်ပေါ်ကာ လှံထံမှ အကန့်အသတ်မဲ့သော အမှောင်ထုများပါ ဖြာထွက်လာသည်။

တုန်းကော်သည် ငရဲရောက်သွားသလို ခံစားချက်မျိုးကို ရရှိလိုက်သည်။ မိစ္ဆာကလေးငယ်၏ အရှိန်အဝါသည် ထာဝရ အမှောင်ထုထဲ တွန်းပို့နေသလိုပင်။

ဝှစ်....

အနက်ရောင်လှံသည် ဓားပုံရိပ်အား ချိုးဖျက်ကာ ကောင်းကင်နှင့်မြေပြင်ကိုပင် ဖုံးကွယ်မတက် ထင်မှတ်ရသော အမှောင်ထုများမှာ တုန်းကော်အား လွှမ်းခြုံသွားသည်။

"ဖူး...."

တုန်းကော်မှာ ခန္ဓာကိုယ် နှစ်ပိုင်းပြတ်မလို ဖြစ်သွားရပြီး အနောက်သို့ လွင့်ထွက်ကာ သွေးအန်လိုက်ရသည်။

သူသည် တိုက်ခိုက်ရန် အကောင်းဆုံး အခွင့်အရေးကို ရရှိခဲ့ပါသော်လည်း ရှုံးနိမ့်ခဲ့ရပြန်သည်။ ထို့အပြင် ဤတစ်ကြိမ်တွင် သူ့ကိုယ်သူ စွန့်စားမှုများစွာဖြင့် တိုက်ခိုက်ခဲ့ရခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ သူ၏တိုက်ခိုက်မှုသည် အလဟဿ မဖြစ်ခဲ့ပေ။

အနည်းဆုံး အန်လင်းအတွက် အချိန်အချို့ ပေးနိုင်ခဲ့လေသည်။

ထိုအချိန်အတွင်း သွေးအဆီအနှစ်ဖြင့် စွမ်းအင်ဗဟိုလုံးအား ဆက်နွယ်မှု ပြုလုပ်နိုင်ခဲ့သည်။

ငွေရောင်ဂမ်ဒမ်ကိုလည်း ပြန်လည်အသက်သွင်းနိုင်ခဲ့သည်။

တုန်းကော်သည် တန်ဖိုးရှိသော အချိန်များ ပြုလုပ်ပေးနိုင်ခဲ့သောကြောင့် သူ၏အနစ်နာခံမှုမှာ အကျိုးရှိခဲ့သည်။

အန်လင်း မိစ္ဆာကလေးငယ်အားကြည့်ကာ ခပ်ဖွဖွ ပြုံးလိုက်သည်။

"ဂမ်ဒမ်သုံး....သူ့ကိုသတ်လိုက်။"

ငွေရောင်ဂမ်ဒမ်သည် အန်လင်းဘေးတွင် ဝံ့ကြွားစွာ ရှိနေပြီး ကြောက်မက်ဖွယ် အရှိန်အဝါများ ဖြာထွက်နေသည်။

"သခင့်အမိန့်အတိုင်းပါ။"

ဂမ်ဒမ်သုံးသည် ဓားအားထွက်ပေါ်စေကာ မိစ္ဆာကလေးငယ်ထံ ပျံဝဲသွားသည်။

"ဝါး.... ဝါး.... ဝါး...."

မိစ္ဆာကလေးငယ်သည် ခေါင်းစောင်းကြည့်လိုက်ပြီးနောက် သွေးနီရောင် အလင်းများ ပေါ်ထွက်လာသည်။

ဂမ်ဒမ်သုံးသည် ဓားပုံရိပ်များဖြင့် ကွန်ယက်တစ်ခု ပြုလုပ်လိုက်သည်။

မိစ္ဆာကလေးငယ်သည် ခန္ဓာကိုယ်အား တွန့်လိမ်ကာ တိုက်ခိုက်မှုများ ရှောင်ရှားလိုက်ပြီးနောက် ဂမ်ဒမ်သုံးရှေ့သို့ ရောက်ရှိလာပြီး လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ မြင့်မြတ်သော အရှိန်အဝါများ ထွက်ပေါ်စေလိုက်သည်။

ဝုန်း......

လေထုသည်ပင် အက်ကွဲသွားလေသည်။

ဂမ်ဒမ်သုံးမှာ ထိုးနှက်ချက်​ကြောင့် လွင့်ထွက်သွားရပြီး မြေပြင်တွင် တွင်းကြီးတစ်တွင်းပင် ဖြစ်သွားရသည်။

ထို့နောက် ထိုးနှက်ချက်များ ဆက်တိုက်ကျဆင်းလာတော့သည်။

ဝုန်း.... ဝုန်း.... ဝုန်း.....

ဂမ်ဒမ်၏ ပါးစပ်မှ အင်ဂျင်ဆီများ ယိုစီးကျလာသည်။

အန်လင်း: "...."

All Chapters