ကြွယ်ဝသောတိုက်ခိုက်မှု
Vol. 52 Ch. 724
ယခုအချိန်သည် နောက်ဆုတ်ရမည့် အချိန်မဟုတ်ကြောင်း အန်လင်း သိရှိနေသည်။
ငွေရောင်ဂမ်ဒမ်သည် မိစ္ဆာကလေးငယ်၏ ဖျက်စီးမှုကို ခံနေရပြီး ယခုအတိုင်းသာ ဆက်သွားနေပါက ၎င်းတို့သည်လည်း တူညီသော ကံကြမ္မာကို ရင်ဆိုင်ရပေလိမ့်မည်။
တွေဝေနေရမည့် အချိန်မဟုတ်တော့ပေ။
အန်လင်းသည် မိစ္ဆာရှင်းဓားအားသိမ်းကာ အေးစိမ့်သည့် အရှိန်အဝါများ ထွက်ပေါ်နေသော ဓားရှည်တစ်လက်ကို ထုတ်လိုက်သည်။
ထိုဓားသည် မြူနှင်းဖြူရောင်ရှိပြီး အားကောင်းလှသော စွမ်းအင်များ စီးဆင်းနေသည်။ ထိုသည်မှာ အလယ်အလတ်အဆင့် စိတ်ဝိဉာဉ်လက်နက် နှင်းခဲတိမ်ဖုံးဓား ဖြစ်သည်။
ကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒမှာ ကောင်းကင်ထက်တိုင် မြင့်တက်သွားလေသည်။
ဘန်း......
နှင်းခဲတိမ်ဖုံးဓားမှာ အပိုင်းပိုင်းအစစ ဖြစ်သွားသည်။
စစ်နတ်ဘုရားရဲ့ ခုတ်ချက်ခြောက်ချက်..... ဓားမြှုပ်နှံခြင်း....
ထိုအချိန်တွင် အပိုင်းပိုင်းအစစ ဖြစ်သွားသော ဓားအပိုင်းအစများထံမှ ဓားဟိန်းသံ ထွက်ပေါ်လာပြီး အလယ်အလတ်အဆင့် အင်မော်တယ်လက်နက်၏ ထူးခြားသော အဆီအနှစ်မှာ အသက်ဝင်လာလေပြီ။ ပတ်ဝန်းကျင် တခွင်လုံးမှာလည်း အေးခဲနေသော ဓားစိတ်ဆန္ဒများကြောင့် ကျစ်လစ်သိပ်သည်းနေသည်။
ဓားအပိုင်းအစများထံမှ တောက်ပနေသော အလင်းများ ဖြာထွက်လာကာ ကောင်းကင်နှင့်မြေပြင်မှာ မြူနှင်းကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အစိမ်းရောင် အလင်းများသည်ပင် ခေတ္တမျှ ပျောက်ကွယ်သွားသည်။
ဝှစ်....
ဓားအပိုင်းအစ နှစ်ခုသည် တိမ်မြူကြိုးများအသွင် ဖြစ်သွားကာ လေထုအား ဖောက်ထွင်းလျက် မိစ္ဆာကလေးငယ်၏ လက်များကို ချိပ်ပိတ်စွမ်းအင်ဖြင့် ချုပ်နှောင်ထားလိုက်ကြသည်။
"ဝါး...... ဝါး....... ဝါး......"
မိစ္ဆာကလေးငယ်သည် အမူအရာ ပြောင်းလဲသွားကာ အသည်းအသန် ရုန်းကန်ပါသော်လည်း လွတ်မြောက်နိုင်ခြင်း မရှိပေ။
ထိုတိုက်ကွက်သည် စိတ်ဝိဉာဉ်ကျောက်တုံး တစ်သိန်းခွဲမျှ တန်ကြေးရှိပေသည်။
အန်လင်း၏ သိုလှောင်လက်စွပ် ဖျတ်ခနဲလင်းလာကာ အနက်ရောင် ဓားရှည်တစ်လက် ပေါ်ထွက်လာသည်။
ထိုဓားသည် မည်းနက်နေပါသော်လည်း ထက်မြလှသော ဓားထိပ်တည့်တည့်တွင် သွေးနီရောင် ဖြစ်နေသည်။ ကြောက်မက်ဖွယ် လျှပ်စီးနက်များမှာလည်း ဓားပတ်ပတ်လည်တွင် ဝေ့ဝဲ့နေလေသည်။
၎င်းအား ခွမ်းဝူအံ့ဖွယ်လျှပ်စီးဓားဟု သိကြသည်။ ဟင်းလင်းပြင်သို့အပြန်အဆင့် စစ်မှန်မိစ္ဆာကျောရိုးနှင့် လဟာပြင်မိုးကြိုးကန်တို့မှ ထုလုပ်ထားကာ ကြောက်မက်ဖွယ် အဖျက်စွမ်းအင်ကို ပိုင်ဆိုင်သော အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက်ပင်။
စစ်နတ်ဘုရားရဲ့ ခုတ်ချက်ခြောက်ချက်.... ဓားမြှုပ်နှံခြင်း......
ဘန်း......
ခွမ်းဝူအံ့ဖွယ်လျှပ်စီးဓားသည် အနက်ရောင်နှင့် သွေးနီရောင် အပိုင်းအစများအဖြစ် ကွဲထွက်သွားကာ ပြင်းထန်လှသော အရှိန်အဝါများကို ထုတ်ဖော်နေသည်။ စစ်မှန်မိစ္ဆာတစ်ကောင်၏ ပုံရိပ်လည်း ဖြစ်ပေါ်လာကာ ၎င်း၏သွေးနီရောင် မျက်ဝန်းများကို ဖွင့်ဟလိုက်လေသည်။
စစ်မှန်မိစ္ဆာသည် လေထုအား ဆုပ်ကိုင်လိုက်သည်နှင့် အနက်ရောင် လျှပ်စီးများမှ ဓားတစ်လက်အသွင် ဖြစ်ပေါ်လာသည်။ ၎င်း၏ခန္ဓာကိုယ်မှ သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ ဖြာထွက်နေပြီး သုံးကီလိုမီတာပတ်လည်မှ သက်ရှိစွမ်းအင်များမှာ စစ်မှန်မိစ္ဆာ ပုံရိပ်၏ လက်ထဲမှ မိုးကြိုးဓားထံ စီးဝင်လာသည်။
ခရက်....
လေထုသည်ပင် ကြမ်းတမ်းလှသော ဓားစိတ်ဆန္ဒများအား ခံနိုင်ရည် မရှိတော့ပဲ အက်ကွဲလာသည်။
စစ်မှန်မိစ္ဆာ ပုံရိပ်သည် တိမ်မြူကြိုးများဖြင့် ချုပ်ခံထားရသော မိစ္ဆာကလေးငယ်ကို ဓားဖြင့်ခုတ်ချလိုက်သည်။
ဝုန်း.....
ကျယ်လောင်လှသော ပေါက်ကွဲသံနှင့်အတူ ပြိုင်ဘက်ကင်းလောက်အောင် အဖျက်စွမ်းအား ပြင်းထန်သော မိုးကြိုးလျှပ်စီးများသည် ထက်ရှလှသော ဓားထိပ်ကို အထောက်အကူ ဖြစ်စေကာ မိစ္ဆာကလေးငယ်ထံ ရောက်ရှိလာသည်။
လေထုသည်ပင် ပြင်းထန်စွာ တုန်ခါနေရလေပြီ။
တိမ်မြူကြိုးများမှာလည်း တည်တည်ငြိမ်ငြိမ် ရှိမနေတော့ပေ။
"ဝါး..... ဝါး..... ဝါး....."
ဓားချက်ကြောင့် မိစ္ဆာကလေးငယ်၏ ခန္ဓာကိုယ်တွင် ဒဏ်ရာရကာ အဖြူရောင်သွေးများ ပန်းထွက်လာသည်။ မိစ္ဆာကလေးငယ်သည်လည်း အဝေးသို့ လွင့်ထွက်ကာ အစိမ်းရောင် ချော်ရည်ထဲ ပြုတ်ကျသွားရသည်။
အလွန်ကြမ်းတမ်းသော တိုက်ကွက်ပင်။
စိတ်ဝိဉာဉ်ကျောက်တုံး စုစုပေါင်းလည်း သုံးသိန်းမျှ ကုန်ခဲ့ရပြီ ဖြစ်သည်။
အန်လင်းသည် မြေအောက်ကမ္ဘာ၏ မူလစွမ်းအင်အား ပြန်လည်ရုတ်သိမ်းကာ အသက်ပြင်းပြင်းရှူရင်း ဒူးထောက်ချလိုက်သည်။
သူသည် မကျေမချမ်း ဖြစ်နေရသည်။ စိတ်ဝိဉာဉ်လက်နက် တစ်ခုချင်းစီ ပေါက်ကွဲသွားခြင်းမှာ သူ၏နှလုံးသားအား ဓားဖြင့်ထိုးနေသလိုပင်။ နှစ်ကြိမ်တိုင်တိုင် ဓားဖြင့်ထိုးခံထားရသောကြောင့် အသက်ရှူရန်ပင် ခက်ခဲနေရလေပြီ။
ထို့အပြင် စိတ်ဝိဉာဉ်ကျောက်တုံး သုံးသိန်းမှာလည်း မျက်စိတမှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
ထိုသည်မှာ ကြွယ်ဝသော တိုက်ခိုက်မှုဖြစ်ကာ ရင်နာစရာ ကောင်းလွန်းလှသည်။
တုန်းကော်သည် ထိခိုက်ဒဏ်ရာများကြောင့် မြေပြင်ပေါ်တွင် လှဲလျောင်းနေရင်း အန်လင်းကိုကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။
သခင်က တကယ်ပဲ ငါ့ထက်သာနေတာလား......
"အစ်ကိုကြီးအန် အဆင်ပြေရဲ့လား.......ဝုတ်။"
ခွေးပေါက်လေး တပိုင်မှာ အန်လင်းနားသို့ စိုးရိမ်တကြီး ရောက်ရှိလာသည်။
တုန်းကော်မှာ ဝမ်းနည်းပက်လက် ဖြစ်သွားရလေသည်။
သူသည် အဆိုးရွားဆုံး ထိခိုက်ထားသူ ဖြစ်ပါသော်လည်း မည်သူကမှ စိတ်မပူကြပေ။
မဟုတ်သေးဘူး....... လူမပြောနဲ့ ခွေးတောင်မှ ငါ့ကိုသောက်ဖက်မလုပ်ဘူး......
သူသည် ကမ္ဘာကြီး၏ အေးစက်ခက်ထန်မှုကို သိရှိသွားရသည်။ ရက်စက်ကြမ်းကြုတ်သော ကမ္ဘာကြီးတွင် နွေးထွေးမှုဟူ၍ မြူတစ်မှုန်စာမျှ မရှိပေ။
တပိုင်သည် ဤတိုက်ပွဲတွင် သြချလောက်စရာ စွမ်းဆောင်ရည်များကို ပြသခဲ့သည်။ သူသည် အရှိန်အဝါအား နည်းလမ်းပေါင်းစုံသုံးကာ အကောင်းဆုံး ဖုံးကွယ်ထားနိုင်ခဲ့သောကြောင့် ရန်သူများ၏ ပစ်မှတ်ထားခြင်းကို မခံရပဲ ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့သည်။
ရန်သူသည် ၎င်းအား ပစ်မှတ်အဖြစ် ဘယ်သောအခါမှ မသတ်မှတ်ခဲ့သောကြောင့်လည်း ဖြစ်ပေလိမ့်မည်။
"အဆင်ပြေပါတယ်။ ပင်ပန်းနေရုံပဲရှိတာ။"
အန်လင်း လက်ခါပြကာ ခက်ခက်ခဲခဲ မတ်တပ်ထရပ်လိုက်သည်။
"တုန်းကော်ကို သွားကြည့်မှရမယ်။ အဲ့ကောင်ထိထားတာ ပက်ပက်စက်စက်ပဲ။"
ထိုစကားကြောင့် တုန်းကော် ခံစားချက်များ ပြည့်လျှံလာကာ မျက်ရည်ကျမတက် ဖြစ်မိသည်။
အော်........ ကမ္ဘာကြီးက သိပ်မဆိုးသေးဘူးပဲ.....
အန်လင်းသည် သူ့အားဂရုတစိုက် ရှိသောကြောင့် ကြိုးစားခဲ့ရသည်များ အလဟဿ မဖြစ်ခဲ့ပေ။
ထို့နောက် အခေါင်းထမ်းကာ ရောက်ရှိလာသော အန်လင်းအား တွေ့လိုက်ရသည်။
"ဝင်လိုက်......"
အန်လင်း အမိန့်ပေးလာသည်။
တုန်းကော်: "........."
သူနာခံမှုရှိစွာပင် ဒဏ်ရာများအား ကုသရန်အတွက် အခေါင်းထဲ ဝင်လှဲလိုက်ရသည်။
ထိုအချိန်မှာပင် အစိမ်းရောင် ချော်ရည်များသည် တစ်စုံတစ်ခု၏ စုပ်ယူခြင်းကို ခံလိုက်ရသည့်အလား ကြောက်မက်ဖွယ် အရှိန်ဖြင့် ပျောက်ကွယ်သွားလေသည်။
အားလုံးမှာ အမူအရာ ပြောင်းလဲသွားရသည်။
အန်လင်းသည်လည်း ချက်ချင်းဆိုသလို အလယ်အလတ်အဆင့် စိတ်ဝိဉာဉ်ဓားအား ထုတ်ယူလိုက်သည်။
အစိမ်းရောင် ချော်ရည်များ ကုန်ဆုံးသွားသည်နှင့်အတူ ဖြူဖပ်ဖြူရော် ဖြစ်နေသော မိစ္ဆာကလေးငယ်မှာ အန်လင်းထံ ရောက်ရှိလာသည်။ ထူးထူးခြားခြား ပြောင်းလဲမှုများ မရှိပါသော်လည်း အရွယ်အစားမှာ အရွယ်ရောက်ပြီးသား လူတစ်ဦးထက်ပင် ကြီးမားနေလေပြီ။ ထို့အပြင် တွင်းပေါက်ဖြစ်နေခဲ့သော မျက်ဝန်းများမှာလည်း အစိမ်းရောင် ဖြစ်နေသည်။ ထူထဲလှသော အစိမ်းရောင် ဆံနွယ်များလည်း ရှိနေကာ အရှိန်အဝါမှာ အန္တရာယ်ရှိလောက်အောင် ပြင်းထန်နေလေသည်။
ထိုအချိန်တွင် အန်လင်းစိတ်ထဲသို့ စကားသံတစ်ခု ဝင်ရောက်လာသည်။
“အန်လင်း........ မိစ္ဆာကလေးငယ်က အခုချိန်မှာ အားအကောင်းဆုံးနဲ့ အရက်စက်ဆုံးပုံစံ ဖြစ်နေတယ်။ အဲ့ဒါကြောင့် သတ်ပစ်ဖို့ကို တွေးတောင်မတွေးနဲ့။ နင်လုပ်ရမှာက အသက်ရှင်နိုင်ဖို့ပဲ။ အသက်ကယ်ရတနာတွေ ဘာတွေရှိရင် အခုချိန်က သုံးဖို့အသင့်တော်ဆုံးပဲ။ ငါ့အတွက် အချိန်ဆွဲထားပေး။ သုံးမိနစ်ပြီးရင် မိစ္ဆာကလေးငယ်က အခုပုံစံ ရှိမှာမဟုတ်တော့ဘူး။"
ပိုင်လင် ဖြူရော်စွာဖြင့် အန်လင်းအား ဆက်သွယ်လိုက်သည်။
"ကိစ္စမရှိပါဘူး။ သုံးမိနစ်လောက်ကတော့ အေးဆေးပဲ။"
အန်လင်း 'အိုကေ'ဟု လက်အမူအရာဖြင့် လုပ်ပြလိုက်သေးသည်။
အစိမ်းရောင် ချော်ရည်များအား မိစ္ဆာကလေးငယ်မှ အကုန်အစင် စုပ်ယူသွားသောကြောင့် မြေပြင်အောက်တွင် ရှုပ်ထွေးနေသော ရှေးဟောင်းသင်္ကေတများနှင့် ဝင်္ကပါ ဖွဲ့စည်းပုံအချို့ကို တွေ့လိုက်ရသည်။ အန်လင်းသည် ထိုအရာများအား နားမလည်သောကြောင့် နှမြောတဿပင် ဖြစ်မိသွားသည်။
"ဝါး......ဝါး.......ဝါး......."
မိစ္ဆာကလေးငယ်မှာ ရက်စက်ကြမ်းကြုတ်သော မျက်ဝန်းများဖြင့် အန်လင်းအား ကြည့်ရှုလာသည်။
အန်လင်းသည် မိစ္ဆာကလေးငယ်အား နာကျင်စေခဲ့သူ ဖြစ်သည်။
ထို့ကြောင့် မိစ္ဆာကလေးငယ်မှာ အန်လင်းအား သတ်ပစ်ချင်နေလေသည်။
မိစ္ဆာကလေးငယ်၏ စူးရှခက်ထန်သော အကြည့်ကြောင့် အန်လင်း ထိတ်လန့်သွားရသည်။
ယခင်က မိစ္ဆာကလေးငယ်၏ ငိုကြွေးသံသည် ကလေးမလေးတစ်ဦး၏ အော်သံလို ဖြစ်နေသောကြောင့် မိစ္ဆာမျက်နှာနှင့် လားလားမျှ မဆိုင်ပါသော်လည်း နားထောင်ရသည်မှာ ပျားရည်သဖွယ် ချိုအေးနေလေသည်။ ယခု အရွယ်အစား ကြီးမားလာပြီးနောက် ၎င်း၏ငိုကြွေးသံမှာ ကီလိုတစ်ရာရှိသော လူသန်ကြီးတစ်ဦး အော်ဟစ်နေသလိုပင်။
ယီးထဲမှ........အော်သံနဲ့တင် လိပ်ပြာလွင့်တော့မယ်.....
"အမှိုက်ကောင်........ ဒါကိုစားလိုက်....."
အလယ်အလတ်အဆင့် စိတ်ဝိဉာဉ်လက်နက်ဖြစ်သော ဝပ်နေသောကျား စစ်မှန်ယန်ဓားမှာ ရွှေရောင်အပိုင်းအစများအဖြစ် အက်ကွဲသွားသည်။
စစ်နတ်ဘုရားရဲ့ ခုတ်ချက်ခြောက်ချက်....... ဓားမြှုပ်နှံခြင်း.......
ဓားမြှုပ်နှံခြင်း တိုက်ကွက်၏ အကောင်းဆုံး အချက်သည် အသုံးပြုသူ၏ စွမ်းအင်မကုန်ပဲ အလွန်ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုအား ထုတ်ဖော်နိုင်ခြင်းပင်။
ကြွယ်ဝသော တိုက်ခိုက်မှုကြောင့် အန်လင်းသည် ဝါရင့် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများနှင့် တူညီသော တိုက်ခိုက်မှုမျိုးကို အလွယ်တကူ ထုတ်နိုင်ပေသည်။
လေထဲတွင် ပျံဝဲနေသော ရွှေရောင်အပိုင်းအစများမှာ စိတ်ဝိဉာဉ်ကျောက်တုံး နှစ်သိန်းခန့် တန်ကြေးရှိသည်။
ထိုဓားသည် နေမင်းအဆီအနှစ်ကျောက်တုံးများနှင့် ရှေးဟောင်းသားရဲဖြစ်သော ရွှေမီးလျှံကျား၏ စစ်မှန်မီးတောက်အား ပေါင်းစပ်ကာ ထုလုပ်ထားခြင်း ဖြစ်သည်။ ဓားထဲတွင် ရွှေမီးလျှံကျား၏ အရှိန်အဝါနှင့် သန့်စင်သော ယန်စွမ်းအင်များ ပါဝင်နေသည်။
"ဝေါင်း......."
ကြီးမားလှသော ရွှေရောင်ကျား ပုံရိပ်နှင့်အတူ ပြင်းထန်လှသော အရှိန်အဝါများ ဖြာထွက်လာပြီး ၎င်း၏ဟိန်းဟောက်သံမှာ ပတ်ဝန်းကျင် တစ်ခုလုံးကို သိမ့်သိမ့်တုန်သွားစေသည်။
ရွှေကျားကြီးသည် မိစ္ဆာကလေးငယ်ထံ ခုန်အုပ်ကာ ရွှေရောင်လက်သည်းများဖြင့် လေဟာနယ်ချိပ်စည်းတစ်ခု ဖြစ်ပေါ်သွားစေပြီး တစ်ချိန်တည်းမှာပင် ကောင်းကင်နှင့် မြေပြင်အား လောင်ကျွမ်းစေနိုင်လောက်သော အကန့်အသတ်မဲ့ အရှိန်အဝါများကို ထွက်ပေါ်စေလိုက်သည်။
"ဝေါင်း...."
ရွှေကျားကြီးသည် ကြမ်းတမ်းလှသော အဖျက်စွမ်းအင်များဖြင့် ကြောက်မက်ဖွယ် စစ်မှန်မီးတောက်များကို မိစ္ဆာကလေးငယ်ထံ ပို့လွှတ်လိုက်သည်။
"ဝါး...... ဝါး...... ဝါး....."
မိစ္ဆာကလေးငယ်မှာ ရက်စက်စွာ ပြုံးလိုက်လေသည်။
(မင်္ဂလာပါ။ အန်လင်းစာစဉ်က စာရေးသူဆီမှာ စာစဉ် ၆၁ ထိရနေပါပြီရှင့်။ စိတ်ဝင်စားလို့အားပေးချင်တယ်ဆိုရင် telegram မှာ 'ယွီရှင်း' လို့ရိုက်ရှာပြီး ပေါ်လာတဲ့ channel မှာ လာရောက်အားပေးနိုင်ပါတယ်။)