မူချင်းလေပြေစာလုံး၏လွှမ်းမိုးမှု
Vol. 58 Ch. 810
လူအုပ်ကြီးမှာ ပါးစပ်အဟောင်းသားဖြင့် တိတ်ဆိတ်ငြိမ်သက်သွားရသည်။
လက်ထောက်ခေါင်းဆောင် ဇူယွမ်မှာ ငါးရက်အတွင်း အမှတ်အသားဖမ်းမှော်စာလုံးထက် သာလွန်သော မှော်စာလုံးကို ဖန်တီးနိုင်ခဲ့သည်။
လူတိုင်းမှာ နှလုံးပေါက်ထွက်မတက် ရင်ခုန်နေကြသည်။ ဤသတင်းသာ အမှန်ဖြစ်ပါက နန်းဆောင်လေးခုလုံး ဆူညံပွက်လောရိုက်သွားပေလိမ့်မည်။
ချန်းပိုင်ချန်းမှ အေးစက်စက် ရယ်မောကာ ပြောလိုက်သည်။ "မင်းဒီလူတွေကို သရုပ်ဆောင်ဖို့ ငှားထားတာမလား။"
သို့သော် မည်သူကမှ သူ၏စကားကို မယုံကြည်ကြတော့ပေ။ အဘယ့်ကြောင့်ဆိုသော် သွားရောက်စမ်းသပ်သူများထဲတွင် မည်သူ့ဖက်မှ မလိုက်သည့် ကြားနေစစ်စစ်များ ပါဝင်နေသောကြောင့်ပင်။
ဇူယွမ်မှ တည်ငြိမ်စွာ စကားဆိုလိုက်သည်။ "မူချင်းလေပြေစာလုံး တစ်ခုကို မူလအကြွေစေ့ ထက်ဝက်ပဲ။ တစ်ခါဝယ်ရင် နှစ်ခုဝယ်ရမယ်။ အခုက ငါအများကြီး မထုတ်ထားရသေးလို့ ရောင်းဖို့ အခုနှစ်ရာပဲ ရှိတယ်။ အဲ့ဒါကြောင့် ဒီနေ့တော့ လူတစ်ယောက်ကို နှစ်ခုထက် ပိုမရောင်းပေးဘူး။"
"ပြီးတော့ ပစ္စည်းနည်းနည်းပဲ ရှိတဲ့အတွက် ငါတို့ကို ထောက်ခံတဲ့သူတွေနဲ့ ကြားနေတွေကိုပဲ ရောင်းပေးမယ်။ လက်ထောက်ခေါင်းဆောင် ချန်းပိုင်ဖန်းကို ထောက်ခံတဲ့သူတွေကို ရောင်းဖို့တော့ စဉ်းစားရဦးမယ်။"
"ပြီးတော့ ပစ္စည်းတွေကို အများကြီး ထုတ်ဖို့ အစီအစဉ် ရှိတယ်။ အဲ့ဒါကြောင့် အခုအချိန်ထိ ငါတို့ကို ထောက်ခံတဲ့သူတွေကို လျှော့စျေးနဲ့ ရောင်းပေးမယ်။"
ချန်းပိုင်ဖန်း၏အမူအရာမှာ ပျက်ယွင်းလာရသည်။
ချန်းပိုင်ဖန်းအား ထောက်ခံထားကြသူများမှာလည်း မျက်စိတမှိတ်အတွင်း ပြောင်းလဲသွားသော အခြေအနေများကြောင့် စိတ်ပျက်သွားကြရသည်။
"ကဲ...စလိုက်ရအောင်။" ဇူယွမ်မှ လက်ခုပ်တီးကာ အရောင်းစတင်လိုက်သည်။
လူအုပ်ကြီးမှာ ချက်ချင်းဆိုသလို တိုးဝှေ့လာကြတော့သည်။
ရိချိုးရွှယ်မှ အရှေ့သို့ထွက်ကာ လူအုပ်ကြီးအား စီစဉ်နေရာချလိုက်သည်။
ဇူယွမ်မှာ သူ့အား စူးစိုက်ကြည့်ရှုနေသော ချန်းပိုင်ဖန်းအားကြည့်ကာ ပြုံးပင်ပြလိုက်သေးသည်။
မူချင်းလေပြေစာလုံး အခုနှစ်ရာမှာ တစ်ခဏအတွင်း ကုန်ဆုံးသွားသည်။ ဇူယွမ်မှာ မဝယ်လိုက်ရသောကြောင့် စိတ်ပျက်နေသော လူအုပ်ကြီးအား ထပ်မံရောင်းချပေးပါ့မည်ဟု ကတိပေးစကားဆိုလိုက်ရသည်။
ရိချိုးရွှယ်မှာ မျက်စိတစ်မှိတ်စာမျှ အချိန်အတွင်း မူလအကြွေစေ့ တစ်ရာ ရရှိလိုက်သောကြောင့် အလွန်စိတ်လှုပ်ရှားနေမိသည်။
ဇူယွမ်မှာမူ အနာဂတ်တွင် အမှတ်အသားဖမ်းမှော်စာလုံးအား လေနန်းဆောင်အတွင်း မည်သူမျှ ဝယ်ယူခြင်း မပြုတော့မည်ကို တွက်ဆထားသဖြင့် တည်ငြိမ်စွာသာ ရှိနေသည်။
ထို့အပြင် သူသည် မူချင်းမီးလျှံစာလုံး၊ မူချင်းသစ်တောစာလုံး၊ မူချင်းတောင်တန်းစာလုံးတို့ကိုပါ ဖန်တီးရန် ကြံရွယ်ထားသည်။
ဇူယွမ်မှာ တစ်ချိန်တည်း ထုတ်လုပ်ရောင်းချခြင်း မပြုပဲ ခေါင်းဆောင်ဖြစ်လာသည်အထိ စောင့်ဆိုင်းရန် ဆုံးဖြတ်ထားလေသည်။
ချန်းပိုင်ဖန်းမှ မကျေမနပ်ဖြစ်နေဟန်ဖြင့် စကားဆိုလိုက်သည်။ "ဇူယွမ်....မင်းကတကယ် ပါရမီရှင်ပဲ။"
ဇူယွမ်မှာ မူလမှော်စာလုံးပညာရပ်တွင် တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သည်မှာ ထင်ရှားလှသည်။
"ဒါပေမယ့် မင်းကောင်းကောင်းကြီး ဒုက္ခရောက်တော့မယ်။" ချန်းပိုင်ဖန်းမှ အံကြိတ်ကာ ပြောဆိုပြီးနောက် ထွက်ခွာသွားတော့သည်။
ဇူယွမ်မှာ ချန်းပိုင်ဖန်း၏ သတိပေးစကားသည် မီးနန်းဆောင်နှင့် ဆက်စပ်နေကြောင်း သိရှိထားသည်။ သူ၏ မူချင်းလေပြေစာလုံးသည် အမှတ်အသားဖမ်းမှော်စာလုံး၏ စျေးကွက်အား ဖျက်စီးပစ်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ မီးနန်းဆောင်မှ ရူးမိုက်သော လုပ်ရပ်များ မပြုလုပ်ရန် မျှော်လင့်မိသည်။ ထိုသို့မဟုတ်ပါက ခေါင်းဆောင်ဖြစ်ချိန်ထိပင် မစောင့်ပဲ အခြားသော မှော်စာလုံး သုံးခုကိုပါ ပြုလုပ်ရောင်းချလိုက်ရန် ဆုံးဖြတ်ထားသည်။
.........
မူချင်းလေပြေစာလုံး၏ အကျိုးသက်ရောက်မှုများကြောင့် လေနန်းဆောင် တစ်ခုလုံး ပွက်လောရိုက်နေရသည်။
လေးဆယ်ရာခိုင်နှုန်း အကျိုးသက်ရောက်မှုမှာ အမှန်တကယ် များပြားလှသည်။
ထိုသည်မှာ ယခင်ကထက် ထက်ဝက်နီးပါးမျှ မူလအမှတ်အသားများကို ပိုမိုစုပ်ယူနိုင်ခြင်းပင် ဖြစ်သည်။
မူလလိပ်ပြာလေးခုမျှော်စင်အတွက် ဝင်ရောက်ခွင့် အချိန်အကန့်အသတ်မှာ အရေးအကြီးဆုံး မဟုတ်ပါလော။
သုံးနှစ်သာ ဝင်ရောက်ကျင့်ကြံခွင့် ရှိသဖြင့် မူလအမှတ်အသားများကို တက်နိုင်သမျှ ပိုမိုစုဆောင်းရမည်ပင်။
ထို့ကြောင့် လူတိုင်းမှာ မူချင်းလေပြေစာလုံးအား ဝယ်ယူလိုကြသည်။
ထိုသတင်းမှာ အခြားသော နန်းဆောင်သုံးခုကိုပါ ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။
အထူးသဖြင့် မီးနန်းဆောင်မှ အဖွဲ့ဝင်များမှာ မရိုးမရွ ဖြစ်နေကြရသည်။ မူချင်းလေပြေစာလုံးသာ သတင်းများအတိုင်း ကောင်းမွန်ခဲ့ပါက လေနန်းဆောင်တွင်ရှိသော မည်သူကမှ ၎င်းတို့၏ အမှတ်အသားဖမ်းမှော်စာလုံးအား ဝယ်ယူကြတော့မည် မဟုတ်ပေ။
ထိုအချက်သည် မီးနန်းဆောင်အပေါ် ကြီးမားသောသက်ရောက်မှု ဖြစ်ပေါ်စေလိမ့်မည်။
မီးနန်းဆောင်သည် အမှတ်အသားဖမ်းမှော်စာလုံးကြောင့် အခြားသော နန်းဆောင်သုံးခုထက် သာလွန်နေခဲ့ခြင်း ဖြစ်သည်။
သို့သော် အသစ်ပေါ်ပေါက်လာသော မူချင်းလေပြေစာလုံးမှာ အမှတ်အသားဖမ်းမှော်စာလုံးထက် ပိုမိုသာလွန်နေခဲ့သည်။
........
နောက်ရက်များအတွင်း ဇူယွမ်မှာ ပိုမိုကျွမ်းကျင်လာပြီး တစ်ရက်လျှင် မူချင်းလေပြေစာလုံး တစ်ထောင်မျှ ပြုလုပ်နိုင်လာသည်။ မည်သို့ပင်ဆိုစေကာမူ အခုရေထောင်ချီမှာလည်း ရောင်းမလောက် ဖြစ်နေရသည်။
မူချင်းလေပြေစာလုံး၏ ရောင်းရနှုန်းများ မြင့်တက်လာသည်နှင့်အတူ အမှတ်အသားဖမ်းမှော်စာလုံးကို ဝယ်လိုနှုန်း ကျဆင်းလာခဲ့သည်။
ထိုသတင်းမှာ မီးနန်းဆောင်၏ ရာထူးအကြီးပိုင်းများအား လှုပ်ခတ်စေခဲ့လေသည်။
မီးလျှံကျွန်း၌
မီးလျှံကျွန်းတစ်ခုလုံးမှာ နီနီရဲရဲ အရောင်များဖြင့် တောက်ပနေပြီး ပတ်ဝန်းကျင်၏ အပူချိန်မှာလည်း အလွန်မြင့်မားနေလျက် ရှိသည်။
မီးလျှံကျွန်း၏ နန်းဆောင်တစ်ခုအတွင်း ခေါင်းဆောင်ဖြစ်သူနှင့် လက်ထောက်ခေါင်းဆောင်တို့ စုဝေးနေကြသည်။
ဝမ်ချန်းသည်လည်း ထိုနေရာတွင် ရှိနေသည်။ သူသည် လက်ထောက်ခေါင်းဆောင်များထဲတွင် ခြောက်ယောက်မြောက်အဆင့်သာ ရှိသူဖြစ်သည်။
ခန်းမအတွင်း နဖူးထက်၌ ကြာပန်းအမှတ်အသားရှိသော အဖြူရောင် ဝတ်စုံကို ဆင်မြန်းထားသည့် ထူးခြားသော လူငယ်တစ်ဦး ပါဝင်နေသည်။
၎င်းသည် ချီစွမ်းအင် အနည်းငယ်မျှ မထုတ်လွှတ်ထားပါသော်လည်း အားလုံးမှ သူ့အား လေးစားသည့်ဟန် ရှိကြသည်။
ထိုလူငယ်မှာ မီးနန်းဆောင်၏ ခေါင်းဆောင်ဖြစ်သူ လုရှောင်းပင်။
သူသည် ထျန်းယွမ်နယ်မြေ၏ လူငယ်မျိုးဆက်များအတွင်း အထူးချွန်ဆုံးဖြစ်ပြီး ဟွမ်းယွမ်ကောင်းကင်ဒေသ၏ နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများစာရင်းတွင် နဝမမြောက် ဖြစ်သည်။
လုရှောင်းမှာ အနီရောင် ယပ်တောင်တစ်ခုအား ကိုင်ထားပြီး ဘေးတွင်ရှိနေသော သွေးနီရောင် အဝတ်အစားအား ဆင်မြန်းထားသည့် လူငယ်တစ်ဦးကို ကြည့်ရှုနေသည်။ ထိုလူငယ်၏ မျက်ခုံးနှစ်ခုကြား နေရာသည် တောက်ပစွာ လင်းလက်နေပြီး စိတ်ဝိဉာဉ်စွမ်းအင် အတော်ကောင်းပုံ ရသည်။
ယင်းမှာ အမှတ်အသားဖမ်းမှော်စာလုံးအား ပြုလုပ်သူ ကျူးလျန်ပင် ဖြစ်သည်။
လုရှောင်းမှ စကားဆိုလိုက်သည်။ "ဘယ်လိုလဲ။"
ကျူးလျန်မှာ ကျောက်စိမ်းဝါးဆစ်ငယ်အား ညင်သာစွာ ကိုင်တွယ်ပွတ်သပ်လိုက်သည်။
"မူချင်းလေပြေစာလုံးက ကိုယ့်ကိုယ်ကို ဖျက်စီးတဲ့စနစ် ပါနေတယ်။ လေ့လာဖို့ ကြိုးစားလိုက်တာနဲ့ကို အစအနအကုန် ပျောက်သွားတယ်။ ဘာပဲဖြစ်ဖြစ် ဒီစာလုံးကို တီထွင်တဲ့လူက မူလမှော်စာလုံးပညာကို တော်တော်ကျွမ်းကျင်လိမ့်မယ်။"
"ငါတောင် ဒီစာလုံးလိုမျိုး မဖန်တီးနိုင်ဘူး။" ကျူးလျန်မှ ဒေါသထွက်စွာ ပြောလိုက်သည်။
ထိုစကားကြောင့် ပတ်ဝန်းကျင် အခြေအနေမှာ ပိုမိုတင်းမာလာရတော့သတည်း...