လုရှောင်း
Vol. 59 Ch. 811
ခန်းမအတွင်း အခြေအနေမှာ တင်းမာနေလျက် ရှိသည်။
ဝမ်ချန်းမှာ ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် စကားဆိုလိုက်သည်။ "စီနီယာအကိုတော် ကျူးလျန် ကျင်ရှန်းကောင်းကင်ဂိုဏ်းမှာ အကိုတော်က မူလမှော်စာလုံးပညာရပ် အတော်ဆုံးသူလေ။ ဘာမဟုတ်တဲ့ကောင်က လုပ်ထားတဲ့ မှော်စာလုံးကို ပြန်မလုပ်နိုင်ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။"
"မူချင်းလေပြေစာလုံးကို ဖန်တီးထားတဲ့ စုတ်ချက်တွေအရ အဲ့ကောင်လေးကို လျှော့တွက်လို့မရဘူး။ အမှတ်အသားဖမ်းမှော်စာလုံးရော မူချင်းလေပြေစာလုံးရောက တအားအဆင့်မြင့်တဲ့ မှော်စာလုံးတွေ မဟုတ်ပေမယ့် ပုံမှန်စာလုံးမျိုး မဟုတ်ဘူး။ ငါတောင်ကံကောင်းလွန်းလို့ အမှတ်အသားဖမ်းမှော်စာလုံးကို ဖန်တီးနိုင်ခဲ့တာ။" ကျူးလျန်မှ တည်ငြိမ်စွာ ပြောလိုက်သည်။
"ပိုင်ကျိုပင့်ကူရဲ့ ပိုးချည်မျှင်ကိုသာ မတော်တဆ အမှတ်အသားဖမ်းမှော်စာလုံးထဲ မထည့်ခဲ့မိရင် ဒီလိုမျိုး ထူးခြားတဲ့ အမှတ်အသားဖမ်းမှော်စာလုံး ဖြစ်လာမှာ မဟုတ်ဘူး။"
လုရှောင်းမှ မေးမြန်းလိုက်သည်။ "အဲ့ဒါဆို မူချင်းလေပြေစာလုံးရဲ့ အဓိက ဗဟိုချက်ကရော ဘာလဲ။ ပိုင်ကျိုပင့်ကူရဲ့ ပိုးချည်မျှင်ပဲလား။"
ကျူးလျန်မှ ခေါင်းခါယမ်းကာ ပြောလိုက်သည်။ "လုံးဝမဖြစ်နိုင်ဘူး။ သူ့ရဲ့ဗဟိုချက်က ပိုင်ကျိုပင့်ကူရဲ့ ပိုးချည်မျှင်ထက်တောင် ကောင်းသေးတယ်။ အဲ့ဒါကြောင့် မူချင်းလေပြေစာလုံးက အမှတ်အသားဖမ်းမှော်စာလုံးထက် သာနေတာ။ သူ့ရဲ့ဗဟိုချက်ကိုသာသိရရင် မူချင်းလေပြေစာလုံးကို ဖန်တီးနိုင်ပြီ။"
"မူချင်းလေပြေစာလုံးပေါ်လာတော့ လေနန်းဆောင်မှာ ဘယ်သူကမှ အမှတ်အသားဖမ်းမှော်စာလုံးကို မဝယ်ကြတော့ဘူး။ အဲ့ဒါ ငါတို့မီးနန်းဆောင်အတွက် ဆုံးရှုံးမှုကြီးပဲ။" လုရှောင်းမှ စကားဆိုလိုက်သည်။
ထို့နောက် ဝမ်ချန်းအားကြည့်ကာ အလိုမကျဟန်ဖြင့် ပြောလိုက်သည်။ "ငါကြားတာတော့ လေနန်းဆောင်အတွက် အမှတ်အသားဖမ်းမှော်စာလုံး ရောင်းချပိုင်ခွင့်ကို မင်းကိုယ်တိုင် ချန်းပိုင်ဖန်းဆီ ပေးလိုက်တာဆို။ အဲ့ဒါကြောင့် ဇူယွမ်က မူချင်းလေပြေစာလုံးကို မဖြစ်မနေ တီထွင်လိုက်ရတာမလား။"
ဝမ်ချန်းမှ အလျင်အမြန် ဖြေရှင်းလိုက်သည်။ "ဆရာဦးလေး ကုရှီက ဇူယွမ်က ကျင်ရှန်းကောင်းကင်ဂိုဏ်းကို အပြစ်လုပ်ခဲ့တယ် ပြောလို့ပါ။ အဲ့ဒါကြောင့် ကျွန်တော်လည်း သူ့ကို သင်ခန်းစာပေးဖို့ လုပ်ခဲ့ရတာပါ။"
"ကျင်ရှန်းကောင်းကင်ဂိုဏ်းကို မဟုတ်ပါဘူး။ မင်းတို့ ရှင်းဟုန်မီးလျှံခန်းမကိုပဲ ဒေါသထွက်စေခဲ့တာမလား။" လုရှောင်းမှ မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။
ကျင်ရှန်းကောင်းကင်ဂိုဏ်းတွင် ခန်းမကိုးခု ပါဝင်ပြီး လုရှောင်းမှာ ရှင်းဟုန်မီးလျှံခန်းမထံမှ မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ ရှင်းဟုန်မီးလျှံခန်းမမှာ ကျင်ရှန်းကောင်းကင်ဂိုဏ်း၏ အစိတ်အပိုင်း တစ်ခု ဖြစ်နေသောကြောင့် လုရှောင်းမှာ ထိုကိစ္စအား ဆက်၍မပြောတော့ချေ။ "ဘာပဲဖြစ်ဖြစ် ဒီကိစ္စက မင်းကြောင့်ဖြစ်လာတာဆိုတော့ ငါမင်းကိုပဲ အပြစ်ပေးလိုက်မယ်။ မင်းရဲ့လစာနှစ်လစာကို ဖြတ်တယ်။"
ဝမ်ချန်းမှာ မငြင်းပယ်ရဲသဖြင့် အံကြိတ်ကာ ပြောလိုက်သည်။ "အဲ့လိုဆို မူချင်းလေပြေစာလုံးကိစ္စကိုရော ဘာဆက်လုပ်ကြမှာလဲ။ အဲ့ကောင်လေးကို တကယ်ကြီး ရောင်းခွင့်ပေးမလို့လား။"
"ဇူယွမ်ကို ဒီကိုဖိတ်ဖို့ ငါပြောထားတယ်မလား။" လုရှောင်းမှ မေးလိုက်သည်။
"ကျွန်တော် လူလွှတ်ပြီး ပြောပြီးပြီ။ အဲ့ကောင်လေးက မူချင်းလေပြေစာလုံးတွေ လုပ်နေရလို့ အချိန်မရှိဘူးလို့ပဲ ပြန်ပြောလိုက်တယ်။" ဝမ်ချန်းမှ ဖြေကြားလိုက်သည်။
ခန်းမအတွင်းရှိ လူများအားလုံးမှာ မပျော်ရွှင်နိုင် ဖြစ်နေရသည်။ ဤနှစ်များအတွင်း မီးနန်းဆောင်သည် နန်းဆောင်လေးခုအကြား နေမင်းတစ်စင်းကဲ့သို့ ထွန်းတောက်နေခဲ့သည်။ ယခုတွင်မူ ဘာမဟုတ်သည့် လေနန်းဆောင်၏ လက်ထောက်ခေါင်းဆောင် ဇူယွမ်မှာ ၎င်းတို့အပေါ် အလေးမထားပဲ ရိုင်းပြစွာ ဆက်ဆံနေလေပြီ။
ဇူယွမ်သာ မူချင်းလေပြေစာလုံးအား မတီထွင်နိုင်ခဲ့ပါက ယခုကဲ့သို့ မီးနန်းဆောင်၏ ခေါင်းဆောင်အားလုံး စုဝေးကာ ဆွေးနွေးနေရမည်ပင် မဟုတ်။
လုရှောင်းမှာ အလွန်တည်ငြိမ်လွန်းသဖြင့် သူ၏စိတ်ခံစားချက်အား ခန့်မှန်းမရပေ။ သူသည် ခေတ္တမျှ ငြိမ်သက်နေပြီးနောက် ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "သူ့ကို ဒီကိုဖိတ်လို့မရမှတော့ ငါကိုယ်တိုင်ပဲ လေနန်းဆောင်ဆီ သွားရတော့မှာပေါ့။"
"စီနီယာအကိုတော်ရဲ့ အဆင့်အတန်းနဲ့ အဲ့ကောင်ကို သွားတွေ့စရာလား။ ရက်နည်းနည်းလောက်ပဲ ထပ်ပေးပါ။ ကျွန်တော်ကိုယ်တိုင် သူ့ကို အကိုတော့်ဆီ ခေါ်လာခဲ့မယ်။" ဝမ်ချန်းမှ အလိုမကျစွာ ပြောလိုက်သည်။
လုရှောင်းမှ ပြုံးလိုက်သည်။ "လေနန်းဆောင်ရဲ့ လက်ထောက်ခေါင်းဆောင်လောက်ကို ငါသွားတွေ့စရာ အကြောင်းမရှိပေမယ့် မူချင်းလေပြေစာလုံးကတော့ ရှိတယ်။"
သူမတ်တပ်ရပ်လိုက်သည်။ ပိန်ပိန်ပါးပါး၊ အရပ်ရှည်ရှည်နှင့် သူ့ပုံစံက ခန့်ညားနေပြီး နီရဲရဲ မျက်ဝန်းတစ်စုံ၏ စူးရှမှုတို့က ထူးခြားသော အရှိန်အဝါကို ပေးနေသည့်နှယ်။
"မူချင်းလေပြေစာလုံးကြောင့် ငါတို့မီးနန်းဆောင်က နေ့တိုင်းထိခိုက်နေရတယ်။"
"လေနန်းဆောင်ရဲ့ လက်ထောက်ခေါင်းဆောင် ဇူယွမ်နဲ့ ငါသွားဆွေးနွေးကြည့်မယ်။ တကယ်လို့ သူကငါ့ကို မျက်နှာသာပေးခဲ့ရင် နှစ်ဖက်လုံးအတွက် ကောင်းတာပေါ့။"
ထို့နောက် ခန်းမအတွင်းမှ ထွက်ခွာသွားတော့သည်။
.........
လေလိပ်ပြာမျှော်စင်၌
လူသူနည်းပါးသော တောင်ကုန်းတစ်ခုပေါ်တွင် ဇူယွမ်မှာ တင်ပုလ္လင်ချိတ်ကာ ထိုင်နေလျက် ရှိသည်။ သူ၏စိတ်ဝိဉာဉ်မှာမူ ခန္ဓာကိုယ်ထံမှ ခွဲထွက်ကာ ရှင်းခွင်းထီလေလွှာနောက်တွင် မူချင်းလေပြေစာလုံးများ ဖန်တီးနေပြီပင်။
ဤရက်ပိုင်းအတွင်း သူသည် အချိန်အများစုကို မူချင်းလေပြေစာလုံးများ ဖန်တီးရင်းနှင့်သာ ကုန်ဆုံးနေရသည်။ နာမည်ကြီးခါစ အချိန်ဖြစ်နေသောကြောင့် မူချင်းလေပြေစာလုံး ဝယ်ယူလိုမှုမှာ အလွန်တရာ များပြားနေလျက် ရှိသည်။
နေ့တဝက်မျှ အချိန်ကုန်ဆုံးသွားပြီးနောက် သူ၏စိတ်ဝိဉာဉ်မှာ ခန္ဓာကိုယ်ထံ ပြန်လည်ဆင်းသက်လာခဲ့သည်။
စိတ်ဝိဉာဉ် ဆင်းသက်လာသည်နှင့်အတူ မူချင်းလေပြေစာလုံး အခုရေ တစ်ထောင်မျှ ပါလာလေသည်။
ဇူယွမ်မှာ မူချင်းလေပြေစာလုံးများကို သိုလှောင်အိတ်အတွင်း သိမ်းဆည်းလိုက်သည်။ အသားကျလာသည်နှင့်အမျှ မူချင်းလေပြေစာလုံး ဖန်တီးရသည်မှာ ပိုမိုမြန်ဆန်လာသည်။
"တစ်ရက်ကို မူလအကြွေစေ့ ငါးရာကျော်လောက် ဝင်နေတာပဲ။ ရုတ်တရက်ကြီး ဆိုပေမယ့် တော်တော်များတဲ့ အကျိုးအမြတ်ပဲ။" ဇူယွမ်မှာ ကျေနပ်စွာ ရေရွတ်လိုက်သည်။ အချိန်တိုအတွင်းမှာပင် သူသည် မူလအကြွေစေ့ နှစ်ထောင်ပမာဏအထိ စုဆောင်းနိုင်နေလေပြီ။
သူသည် အကျိုးအမြတ်များအား ရဲ့ပင်းလင်၊ ရိချိုးရွှယ်နှင့် အခြားသူများကိုပါ ခွဲဝေပေးအပ်သေးသည်။
မူချင်းလေပြေစာလုံးကို ဖန်တီးနိုင်ခဲ့ပြီးနောက် ဇူယွမ်မှာ မူလအကြွေစေ့နှင့်ပက်သတ်၍ စိတ်ပူစရာ မလိုတော့ပေ။
အချိန်အများစုကို မူချင်းလေပြေစာလုံး ဖန်တီးခြင်းနှင့် ကုန်ဆုံးနေရပါသော်လည်း သူ၏လေလိပ်ပြာမှော်စာလုံးမှာ ခြောက်ဆယ်ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်သည်။
ဤနှုန်းအတိုင်းဆိုလျှင် လေနန်းဆောင်၏ ခေါင်းဆောင်ရွေးချယ်ပွဲ မစတင်မီမှာပင် လေလိပ်ပြာမှော်စာလုံးအား အပြီးသတ် ရရှိနိုင်ပေသည်။
ထိုသို့ဖြစ်လာခဲ့ပါက နန်းဆောင်လေးခုလုံးအတွက် အံ့အားသင့်စရာ ဖြစ်လာလိမ့်မည်မှာ မြေကြီးလက်ခတ်မလွဲပေ။
ဇူယွမ်မှာ စိတ်ကျေနပ်စွာ ပြုံးလိုက်ပြီးနောက် ပြန်ရန်ပြင်ဆင်လိုက်စဉ်မှာပင် အဝေးမှ ပုံရိပ်တစ်ခုအား သတိထားမိလိုက်သည်။
"ဇူယွမ်..." ထိုအဝေးတွင် ရှိနေသော အဖြူရောင် အဝတ်အစားများ ဆင်မြန်းထားသည့် ပုံရိပ်မှ ပြုံးကာနှုတ်ဆက်လိုက်သည်။
ဇူယွမ်မှာ အံ့အားသင့်သွားဟန်ဖြင့် - "ကျွန်တော်ထင်တာ မမှားဘူးဆိုရင် ခင်ဗျားက မီးနန်းဆောင်ရဲ့ ခေါင်းဆောင်လုရှောင်းမလား။"
သူသည် လုရှောင်းအား မမြင်တွေ့ဖူးပါသော်လည်း ရဲ့ပင်းလင်၏ ပြောပြချက်များအရ အဖြူရောင် အဝတ်အစားကို အမြဲလိုလို ဝတ်ဆင်တက်ပြီး နဖူးတွင် ထူးခြားသည့် မီးတောက်သဏ္ဍာန် အမှတ်အသား တစ်ခုရှိကြောင်း သိရှိထားသည်။
အရေးအကြီးဆုံးမှာ ၎င်းထံမှ ပြင်းထန်လွန်းသော အန္တရာယ် အငွေ့အသက် ရရှိနေခြင်းပင်။
လုရှောင်းမှာ အနီးသို့ ရောက်ရှိလာပြီးနောက် ဇူယွမ်အား ခေါင်းအစခြေအဆုံးကြည့်ကာ ပြောလိုက်သည်။ "လေနန်းဆောင်မှာ ဒီလိုထူးချွန်တဲ့ ပါရမီရှင်တစ်ယောက် ပေါ်လာမယ်လို့ မထင်ထားခဲ့မိဘူး။"
ဇူယွမ်မှာ ခပ်ရေးရေးပြုံးလျက် -"ခေါင်းဆောင် လုရှောင်းက ဒီကိုဘာကိစ္စနဲ့ လာခဲ့တာလဲ။"
သူသည် လောကွတ်ချော်နေရန် အစီအစဉ် မရှိပေ။ အချိန်လည်းမရှိချေ။
လုရှောင်းမှ ပြုံးကာပြောလိုက်သည်။ "လက်ထောက်ခေါင်းဆောင် ဇူယွမ်က မူချင်းလေပြေစာလုံးကို ဖန်တီးလိုက်တာကြောင့် မီးနန်းဆောင်က တော်တော်လေး နစ်နာသွားရတယ်။"
ထိုစကားနှင့်အတူ ပတ်ဝန်းကျင်၏ လေထုဖိအားမှာလည်း ပိုမိုပူလောင်လာသည်။
ဇူယွမ်မှာလည်း ကမ္ဘာဖျက်စီးခြင်း ကောင်းကင်မြွေနဂါးချီအား အသက်သွင်းကာ စိတ်ဝိဉာဉ်စွမ်းအင်ကိုပါ နိုးထစေလိုက်သည်။ "စိတ်တော့မကောင်းပါဘူး။ ဒါပေမယ့် မူချင်းလေပြေစာလုံးကို ဖန်တီးနိုင်တဲ့ အရည်အချင်းရှိတာက ခင်ဗျားတို့အတွက် ဒုက္ခဖြစ်စေလို့လား။"
လုရှောင်းမှ လက်ကိုခါယမ်းကာ ပြောလိုက်သည်။ "မူချင်းလေပြေစာလုံးကို ဖန်တီးနိုင်တယ်ဆိုတာ တကယ်ကို ထူးခြားတဲ့ အရည်အချင်းပဲ။"
လေထုဖိအားမှာ အနည်းငယ် လျော့ကျသွားပြီးနောက် သူခပ်ဖွဖွပြုံးကာ ဇူယွမ်အား ကြည့်လိုက်သည်။ "ငါဒီကိုလာခဲ့တာက မင်းမီးနန်းဆောင်ကို လက်ထောက်ခေါင်းဆောင်အဖြစ်နဲ့ လာချင်မလားလို့ပါ။ မီးနန်းဆောင်က နန်းဆောင်လေးခုထဲမှာ အကောင်းဆုံးပဲ။ ပြီးတော့ ငါသာရှိုးရှီခေါင်းဆောင်ဖြစ်လာရင် မီးနန်းဆောင်ရဲ့ ခေါင်းဆောင်နေရာက လွတ်သွားမှာ။ အဲ့နေရာကို မင်းရနိုင်တယ်။"
သူ၏ပုံစံမှာ အနည်းငယ်မျှပင် စိုးရိမ်နေပုံမရ။ မီးနန်းဆောင်နှင့် လေနန်းဆောင်တို့၏ ကွာခြားချက်မှာ ကြီးမားလှသောကြောင့် ဇူယွမ်ငြင်းဆန်နိုင်မည်မဟုတ်ဟု အပိုင်တွက်ထားပုံ ရသည်။
ထို့အပြင် မီးနန်းဆောင်၏ ခေါင်းဆောင်နေရာနှင့်ပင် မြှူဆွယ်ထားသေးသည်။
"လက်ထောက်ခေါင်းဆောင် ဇူယွမ်ရော ဒီကမ်းလှမ်းချက်ကို ဘယ်လိုသဘောရလဲ။"
ဇူယွမ်မှာ ထိုသို့ကမ်းလှမ်းလာလိမ့်မည်ဟု ထင်မှတ်မထားသောကြောင့် အမှန်တကယ် အံ့အားသင့်သွားရသည်။ မည်သို့ပင်ဆိုစေကာမူ ချက်ချင်းဆိုသလို စိတ်ထဲမှ လှောင်ပြောင်ရယ်မောလိုက်မိ၏။ မီးနန်းဆောင်သို့သာ ကူးပြောင်းခဲ့ပါက သူ၏မူချင်းလေပြေစာလုံး ဖန်တီးတည်ဆောက်ပုံကို ၎င်းတို့ထံ လွှဲအပ်ရပေလိမ့်မည်။
လုရှောင်းမှာ အမှန်တကယ် လောဘကြီးလွန်းလှသည်။
ဇူယွမ်မှာ ပြုံးရယ်လျက် ခေါင်းခါပြလိုက်သည်။
"ဒီလောက်ကို ကျွန်တော် စိတ်မဝင်စားဘူး။ ကျွန်တော်ကလည်း ခင်ဗျားလိုချင်နေတဲ့ ရှိုးရှီခေါင်းဆောင်နေရာကိုပဲ လိုချင်တာ။"