← Chapters

လုရှောင်းနှင့် အဆင်မပြေဖြစ်ခြင်း

Vol. 59 Ch. 812

လုရှောင်းနှင့် အဆင်မပြေဖြစ်ခြင်း

Vol. 59 Ch. 812

လုရှောင်းမှာ ဇူယွမ်၏စကားကြောင့် ခေတ္တမျှ ကြောင်အမ်းအမ်း ဖြစ်သွားရပြီးနောက် ပြုံးကာပြောလိုက်သည်။

"လက်ထောက်ခေါင်းဆောင် ဇူယွမ်က တော်တော်ရည်မှန်းချက်ကြီးတာပဲ။"

သူသည် ဇူယွမ် အတည်ပေါက်ပြောနေသည်ဟု မယူဆပဲ ငြင်းပယ်ရန် အကြောင်းပြချက် ပေးနေသည်ဟုသာ ထင်မှတ်မိသည်။

မူချင်းလေပြေစာလုံး ဖန်တီးတိုင်သည်အထိ မှော်စာလုံးပညာရပ်တွင် အရည်အချင်း ရှိပါသော်လည်း ထိုမျှလောက်နှင့် ရှိုးရှီခေါင်းဆောင်ဖြစ်လာရန် ​မျှော်မှန်းနေပါက ရယ်ချင်စရာပင် ဖြစ်သည်။

ဇူယွမ်မှာလည်း ရှည်ရှည်ဝေးဝေး မရှင်းပြလိုသောကြောင့် ထိုကိစ္စနှင့်ပက်သတ်၍ မပြောနေတော့ပေ။

"လက်ထောက်ခေါင်းဆောင် ဇူယွမ်က မီးနန်းဆောင်ရဲ့ ကမ်းလှမ်းချက်ကို တကယ်မစဉ်းစားပေးတော့ဘူးလား။"

လုရှောင်းမှာ ရင်းနှီးသောသူနှင့် စကားစမြည် ပြောနေသကဲ့သို့ ပြုံးပြုံးရယ်ရယ်ဖြင့် -"မီးနန်းဆောင်ကို စိတ်မဝင်စားရင်တောင် ငါ့ကိုတော့မျက်နှာသာပေးသင့်တယ်မလား။"

ဇူယွမ်မှာ စိတ်ရှုပ်လာရသည်။ လုရှောင်း၏ ပုံစံမှာ သဘောကောင်းသည်ဟု ထင်မြင်ရပါသော်လည်း စကားသံမှာ မာနအရိပ်အယောင်များ ရောယှက်နေလျက် ရှိသည်။ လုရှောင်းသည် မာနကြီးရလောက်သည်အထိ အရည်အချင်း ရှိသူဖြစ်ပါသော်လည်း ထိုမျှလောက်ဖြင့် ဇူယွမ်မှာ သူ့အပေါ် ရိုကျိုးနေစရာ အကြောင်းမရှိပေ။

"ခေါင်းဆောင်လုရှောင်း ကျွန်တော့်ကို ထပ်ပြီးဖြောင်းဖြနေစရာ မလိုတော့ပါဘူး။ ကျွန်တော်က ချီကျင့်သခင်မရဲ့ ထောက်ခံမှုနဲ့ လေနန်းဆောင်ကို ရောက်လာတယ်ဆိုတာ ခင်ဗျားလည်း သိတာပဲမလား။ ဘယ်လိုလုပ် မီးနန်းဆောင်ကိုလာဖို့ ဖြစ်နိုင်မှာလဲ။" ဇူယွမ်မှ တည်ငြိမ်စွာ ရှင်းပြလိုက်သည်။

လုရှောင်းမှာ အနည်းငယ်မျှပင် အမူအရာ ပြောင်းလဲသွားခြင်းမရှိပဲ ပြုံးရယ်လျက် - "အဲ့တော့ရော ဘာဖြစ်လို့လဲ။ အခု တောင်တန်းနန်းဆောင်ရဲ့ ခေါင်းဆောင် ဟန့်ယွမ်ကလည်း တစ်ချိန်က ချီကျင့်သခင်မ အားကိုးရတဲ့ လေနန်းဆောင်ကလူပဲဟာ။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ သူလည်း လေနန်းဆောင်ကနေ ထွက်သွားခဲ့တာပဲမလား။ လေနန်းဆောင်မှာသာဆို သူအခုလောက်ထိ အောင်မြင်နေမှာ မဟုတ်ဘူး။"

"အဲ့လိုမျိုး ကျေးစွပ်တတ်တဲ့ လူအကြောင်းက ပြောနေစရာတောင် မလိုပါဘူး။" ဇူယွမ်မှ တည်ငြိမ်စွာ ပြောလိုက်သည်။

လုရှောင်းမှာ ရင်းနှီးကျွမ်းဝင်နေဟန်ဖြင့် ရယ်မောလျက် - "လက်ထောက်ခေါင်းဆောင် ဇူယွမ်ရယ်....ဟန့်ယွမ်က အခြေအနေနဲ့ အချိန်အခါကို နားလည်တဲ့ သဘောပါ။"

သူ၏မျက်ဝန်းများ တည်ငြိမ်သွားကာ ဆက်လက်စကားဆိုလိုက်သည်။ "တစ်ခါတစ်လေကျတော့ မင်းဘာသာ ဘယ်လောက်ပဲ တော်နေပါစေ လမ်းမှားကို ရွေးမိရင် တစ်ဘဝလုံးစာ သွားတာပဲ။ ဘယ်တော့မှ ထင်ပေါ်ကျော်ကြားခွင့်တောင် ရတော့မှာ မဟုတ်ဘူး။"

ဇူယွမ်မှာ လုရှောင်း သတိပေးနေသည်ကို မထီမဲ့မြင် ပြုလျက်သာ။

လုရှောင်းမှာ ဇူယွမ်၏ မသိကျိုးကျွံပြုနေမှုကြောင့် အရယ်အပြုံးများ ပျောက်ကွယ်သွားရသည်။ "လက်ထောက်ခေါင်းဆောင် ဇူယွမ်က မီးနန်းဆောင်ရဲ့ ကမ်းလှမ်းချက်ကို လက်မခံနိုင်ဘူးဆိုရင်လည်း ထားပါတော့။ ဒါပေမယ့် ငါမင်းရဲ့ မူချင်းလေပြေစာလုံးကို အရမ်းစိတ်ဝင်စားတယ်။"

"ဒီလိုဆိုရင်ရော....ငါမင်းကို မူလအကြွေစေ့ တစ်သောင်းပေးမယ်။ မင်းကငါ့ကို မူချင်းလေပြေစာလုံး ဖန်တီးတဲ့နည်းကို ပြန်ပေးလေ။"

"မင်းမှာ မူလအကြွေစေ့ လောက်ငနေပြီဆိုရင်လည်း ငါမင်းကို အဆင့်မြင့် ကောင်းကင်ဘုံလက်နက် ပေးနိုင်တယ်။"

လုရှောင်း၏ အစစ်အမှန် ရည်ရွယ်ချက်မှာ ပေါ်လာခဲ့လေပြီ။

ဇူယွမ်မှာ သက်ပြင်းချလျက် -"ခေါင်းဆောင်လုရှောင်းက အတွက်အချက် ကောင်းပုံမရဘူး။ အခု မူချင်းလေပြေစာလုံး ရောင်းနေတာနဲ့တင် တစ်ရက်တစ်ရက် မူလအကြွေစေ့ ရာထောင်ချီရနေတာ။ တစ်လလောက်ဆို မူလအကြွေစေ့ တစ်သောင်းကို ကျော်ကိုကျော်တယ်။"

အဆင့်မြင့် ကောင်းကင်ဘုံလက်နက်မှာ ရှားပါးပါသော်လည်း သူ့ထံတွင် ကောင်းကင်ဘုံယွမ်စုတ်တံပင် ရှိနေပြီ ဖြစ်သည်။

ထို့ကြောင့် လုရှောင်း၏ ကမ်းလှမ်းချက်များမှာ သူ့အတွက် အနည်းငယ်မျှပင် မက်မောချင်စဖွယ် မရှိပေ။

"မူလအကြွေစေ့ဆိုတာ ဘယ်တော့မှ လောက်ငတယ် မရှိဘူး။ မူလအကြွေစေ့တွေကို တစ်ယောက်တည်း မောင်ပိုင်စီးချင်နေတာလား။ လောဘကြီးတယ်ဆိုတာ မကောင်းဘူးနော်။" လုရှောင်းမှ တည်ငြိမ်အေးစက်စွာ ပြောလိုက်သည်။

ဇူယွမ်မှာ တည်ငြိမ်စွာဖြင့် ခေါင်းအားခါယမ်းလျက် -"ကျွန်တော်တို့က လျှော​က်မယ့်လမ်းချင်းမှ မတူတာ။ ပြန်လိုက်ပါတော့။"

လုရှောင်းမှာ ကြောက်မက်ဖွယ်ကောင်းသော မျက်ဝန်းများဖြင့် အေးစက်စွာ စူးစိုက်ကြည့်ရှုလိုက်ပါသော်လည်း ဇူယွမ်မှာ အနည်းငယ်မျှပင် ကြောက်ရွံ့ပုံမရပေ။

လုရှောင်းမှာ ထျန်းယွမ်နယ်မြေ၏ နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများထဲတွင် အထူးချွန်ဆုံးဖြစ်ပြီး ဟွမ်းယွမ်ကောင်းကင်ဒေသ၏ နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများစာရင်း၌ အဆင့်ကိုးရှိသူ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ဇူယွမ်မှာ ဝူယောင့်ကိုပင် ကြောက်ရွံ့ခဲ့ခြင်း မရှိသောကြောင့် အဆင့်ကိုးရှိသော လုရှောင်းအား ထူး၍ကြောက်နေမည်မဟုတ်။

ယခုအချိန်၌ လုရှောင်းအား အနိုင်မရနိုင်ပါသော်လည်း ကြောက်ရွံ့နေစရာ အကြောင်းမရှိပေ။

၎င်းတို့နှစ်ဦးမှာ အချိန်အတန်ကြာမျှ တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြပြီးနောက် လုရှောင်းမှ သက်ပြင်းချကာ ခေါင်းညိတ်လိုက်သည်။ "ထားလိုက်ပါတော့။ ငါတို့ သဘောတူညီချက် မရခဲ့တာတော့ နှမြောစရာပဲ။ ဘာပဲဖြစ်ဖြစ် မီးနန်းဆောင်ရဲ့ ကမ်းလှမ်းချက်ကို မင်းနောက်တစ်ခါလောက် သေချာစဉ်းစားပေးဖို့ မျှော်လင့်တယ်။"

သူသည် ဇူယွမ်၏ပုခုံးအား သုံးလေးချက်မျှ ပုတ်လိုက်သည်။

"ငယ်ရွယ်တဲ့လူတွေက အဆင်အခြင် အမဲ့ဆုံးပဲ။ မင်းဆုံးဖြတ်ချက် ပြောင်းသွားရင် အချိန်မရွေး မီးနန်းဆောင်ကို လာခဲ့လို့ရတယ်။"

ထိုစကားအား ပြောကြားပြီးသည့်နောက် သူ၏ပုံရိပ်မှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။

ဇူယွမ်မှာ အံ့အားသင့်စွာဖြင့် လုရှောင်း ပျောက်ကွယ်သွားသည်ကို ငေးကြည့်နေမိသည်။ လုရှောင်းမှာ ဟွမ်းယွမ်ကောင်းကင်ဒေသ၏ နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများစာရင်းတွင် အဆင့်ကိုးရှိသူဖြစ်သောကြောင့် သူ၏ကျင့်စဉ်များမှာလည်း ထူးခြားမှုရှိမည်မှာ သေချာပေသည်။

"အရိပ်တမာန်တော်ကျင့်စဉ်နဲ့ လုရှောင်းရဲ့ကျင့်စဉ် ဘယ်ဟာပိုသာလောက်မလဲ။"

ဇူယွမ်မှာ တိုးညင်းစွာ ရေရွတ်လိုက်မိသည်။ အရိပ်တမာန်တော်ကျင့်စဉ်သည် ကန်ရွှမ်းကလန်မှ နှင်းပဒုမ္မာတောင်ထွတ်၏ အကောင်းဆုံး ကျင့်စဉ်ဖြစ်သည်။ လီချင်းချန်မှာ ထိုကျင့်စဉ်အား အသုံးပြုခဲ့စဉ်က သူသည်ပင် အတော်ခေါင်းခဲခဲ့ရသည်။

"ခေါင်းဆောင်ရွေးပွဲ ပြီးသွားရင် ငါလည်းအရိပ်တမာန်တော်ကျင့်စဉ်ကို ကျင့်မှဖြစ်မယ်။" သူ၏ ဒြပ်မဲ့သဏ္ဍာန်မျှဖြင့် လုရှောင်းအား ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

မီးနန်းဆောင်၏ ကမ်းလှမ်းချက်အား အကြိမ်ပေါင်းများစွာ ငြင်းပယ်ခဲ့ခြင်းအပေါ် လုရှောင်းမှ ကျေနပ်နေမည်မဟုတ်။

မည်သို့ပင်ဆိုစေကာမူ ဇူယွမ်အနေဖြင့်လည်း မူချင်းလေပြေစာလုံး တည်ဆောက်ပုံအား မီးနန်းဆောင်ထံ ပေးအပ်လိုက်ရန် မဖြစ်နိုင်ချေ။

မူချင်းလေပြေစာလုံး ပေါ်ပေါက်လာမှုကြောင့် မီးနန်းဆောင်မှာ ဝင်ငွေထိခိုက်သွားရပါသော်လည်း ဆိုးဆိုးရွားရွား မဟုတ်သေးပေ။ လုရှောင်းသာ ဆက်လက်ဖိအားပေးနေပါက ဇူယွမ်မှာ မူချင်းမီးလျှံစာလုံး၊ မူချင်းတောင်တန်းစာလုံးနှင့် မူချင်းသစ်တောစာလုံးတို့ကိုပါ ဖန်တီးလျက် မီးနန်းဆောင်၏ ဝင်ငွေအားလုံးကို ဖြတ်တောက်ပစ်ရုံသာ ရှိသည်။

လေလိပ်ပြာမျှော်စင် အဝင်ဝ၌

တစ်စုံတစ်ယောက်အား စောင့်ဆိုင်းနေပုံရသော ချန်းပိုင်ဖန်းမှာ လုရှောင်းကို မြင်တွေ့လိုပ်ရသည်နှင့် အလျင်အမြန် အရိုအသေပြုနှုတ်ဆက်လိုက်သည်။

"ခေါင်းဆောင်လုရှောင်း....ဇူယွမ်က ဘာတဲ့လဲ။" ချန်းပိုင်ဖန်းမှ မေးမြန်းလိုက်သည်။

လုရှောင်းမှာ အနည်းငယ် မျက်နှာပျက်သွားလျက် -"ငြင်းလိုက်တယ်။"

ယခုအချိန်ထိ လုရှောင်းအား ငြင်းပယ်ရဲသူကို ချန်းပိုင်ဖန်းအနေဖြင့် မမြင်တွေ့ခဲ့ဖူးပေ။

"အရည်အချင်းရှိတဲ့သူဆိုတော့လည်း ငြင်းရဲတာပေါ့။" လုရှောင်းမှ ခံစားချက် ကင်းမဲ့နေဟန်ဖြင့် စကားဆိုလိုက်သည်။

စင်စစ်အားဖြင့် ဇူယွမ်အား မီးနန်းဆောင်၏ ခေါင်းဆောင်နေရာပေးမည်ဟု ဆိုခဲ့ခြင်းမှာလည်း ငါးစာမျှသာ ဖြစ်သည်။ မီးနန်းဆောင်သို့ အမှန်တကယ် ရောက်ရှိလာလျှင်ပင် လက်ထောက်ခေါင်းဆောင် ရာထူးသာ ရရှိမည်ဖြစ်ပြီး သူ့အနေဖြင့် ဇူယွမ်အား ခေါင်းဆောင်နေရာ​ ပေးအပ်လိုက်စရာ အကြောင်းမရှိပေ။

သို့သော် ဇူယွမ်မှာ ခေါင်းဆောင်ရာထူးနှင့် မြူဆွယ်သည်ကိုပင် ငြင်းပယ်ခဲ့ခြင်းက အံ့အားသင့်စရာ ဖြစ်စေခဲ့သည်။

"အဲ့လိုဆို ဘာလုပ်ကြမလဲ။" ချန်းပိုင်ဖန်းမှာ ခေါင်းကိုက်နေလေပြီ။ ဇူယွမ်သာ မူချင်းလေပြေစာလုံးများကို ဆက်လက်ရောင်းချနေပါက သူ့အတွက် အကျိုးမရှိနိုင်ချေ။

လုရှောင်းမှာ အေးစက်နေသော မျက်ဝန်းများဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။ "အဲ့ကောင်လေးက အကောင်းအဆိုး နားမလည်မှတော့ ငါ့ကိုရက်စက်တယ်ဆိုပြီး အပြစ်တင်လို့ မရတော့ဘူး။"

"ချန်းပိုင်ဖန်း...."

ချန်းပိုင်ဖန်းမှ ပြာပြာသလဲ ခေါင်းညိတ်လိုက်သည်။

"ခေါင်းဆောင်ရွေးပွဲမှာ မင်းနိုင်ကိုနိုင်ရမယ်။ ပြီးရင် အဲ့ကောင်ဆီက မူချင်းလေပြေစာလုံး တည်ဆောက်ပုံကို ရအောင်ယူလာခဲ့ရမယ်။ အဲ့လိုတန်ဖိုးကြီးတဲ့ဟာကို ဒင်းတစ်ယောက်တည်း လက်ဝါးကြီးအုပ်ထားလို့ ရရိုးလား။"

"သူ့ဆီမှာပဲ ဆက်ရှိနေလို့ မရဘူး။ အမှတ်အသားဖမ်းမှော်စာလုံးကိုတောင် ငါတို့မီးနန်းဆောင်က အကုန်အတူတူ ရောင်းကြတာ။"

"မင်းအဲ့နည်းလမ်းကို ရပြီဆိုတာနဲ့ ဇူယွမ်က လေနန်းဆောင်က လူတွေနဲ့ တူတူမမျှဝေချင်ပဲ သူတစ်ယောက်ထဲ လက်ဝါးကြီးအုပ်ထားချင်တာဆိုပြီး သတင်းလွှင့်လိုက်။ ပြီးရင် မင်းက မူချင်းလေပြေစာလုံး တည်ဆောက်ပုံကို ဖြန့်ပစ်လိုက်။ အဲ့အခါကြရင် လေနန်းဆောင်မှာ သူ့ကိုဘယ်သူမှ လေးစားကြတော့မှာ မဟုတ်ဘူး။"

လုရှောင်း၏ ပက်စက်လှသော အကြံအစည်ကြောင့် ချန်းပိုင်ဖန်းမှာ ချွေးစေးများပင် ထွက်လာရသည်။

ထို့နောက် စိတ်လှုပ်ရှားစွာဖြင့် အရိုအသေပြုလိုက်သည်။ "ခေါင်းဆောင်လုရှောင်းက တကယ်အရမ်းတော်တာပဲ။"

ဇူယွမ်မှ မီးနန်းဆောင်၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သည်မှာ ရူးသွပ်နေသောကြောင့်သာ ဖြစ်ပေလိမ့်မည်။

လုရှောင်းမှ လက်ခါပြကာ -"ငါသူ့ကို မျက်နှာသာပေးခဲ့ပြီးပြီ။ သူ့ဟာသူ အကောင်းအဆိုး နားမလည်တာ။ ခေါင်းဆောင်ရွေးပွဲ မတိုင်ခင် သူ့အမှားကိုသူသိပြီး ငါ့ကိုလာတောင်းပန်မယ် ဆိုရင်တော့ နည်းနည်းပြန်စဉ်းစားပေးရမှာပေါ့။"

"မဟုတ်ရင်တော့...."

ထိုစကားနှင့်အတူ ခေါင်းတခါခါဖြင့် လေလိပ်ပြာမျှော်စင်မှ ထွက်ခွာသွားတော့သည်။

သေချင်နေမှတော့ ငါ့ကိုလာအပြစ်တင်မနေနဲ့တော့....

All Chapters