မတိုက်ခိုက်ဘဲရှုံးနိမ့် ၊ မတိုက်ခိုက်ဘဲအနိုင်ရ
Vol. 50 Ch. 699
အခန်း (၆၉၉) မတိုက်ခိုက်ဘဲရှုံးနိမ့် ၊ မတိုက်ခိုက်ဘဲအနိုင်ရ
လူတိုင်း၏မျက်ဝန်းများ ရန်ကျောက်ကဲထံ ကျရောက်လာသည်။
ရန်ကျောက်ကဲက ပတ်ဝန်းကျင်ကိုအကဲခတ်ရင်း ပြုံးလိုက်ပြီး အားဟူထံမှ အရိပ်ကျုံ့အိတ်တစ်လုံး တောင်းယူလိုက်သည်။
အရိပ်ကျုံ့အိတ်ကိုဖွင့်လိုက်တော့ လူသေအလောင်းတစ်လောင်း ထွက်ပေါ်လာ၏။ ထိုအလောင်းမှာ ကောင်းကင်ပွဲတော် အမွှေးနံ့သာနှင့် အခြားသော ရတနာပစ္စည်းများကို သယ်ဆောင်လာသည့် ရှန်လင်ဓားကိုးလက်မှ အဘိုးအိုပင် ဖြစ်သည်။
ထိုအဘိုးအိုက သိုင်းသူတော်စင်တစ်ယောက်ဖြစ်သဖြင့် သေဆုံးသွားသည်မှာ အချိန်ကြာမြင့်သည့်တိုင် ရုပ်ခန္ဓာက ပျက်ယွင်းခြင်း မရှိသေးပေ။ ချီစွမ်းအားနှင့် သွေးစွမ်းအားများသာလျှင် တဖြည်းဖြည်း ယိုယွင်းနေကြသည်။
သူ့မျက်နှာက သွေးရောင်မလွှမ်းဘဲ စိမ်းဖန့်ဖန့်ဖြစ်နေသည်မှလွဲပြီး အသက်ရှင်သန်နေချိန်ကနှင့် ကွာခြားမှု သိပ်မရှိပေ။
အဘိုးအိုကို တွေ့မြင်ရတော့ နေရာတွင်ရှိနေသူများ မျက်ဝန်းများ ကျဉ်းမြောင်းလိုက်ကြ၏။
“ရှန်လင်ဓားကိုးလက်က အဓိကပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့ လျောင်ကျန်းပဲ”
ရန်ကျောက်ကဲက...
“ငါက မထင်မှတ်ဘဲ ဒီလူနဲ့တွေ့ခဲ့တာ ၊ ဒီလူက ကောင်းကင်ပွဲတော်အမွှေးနဲ့သာ ၊ ကမ္ဘာသမုဒ္ဒရာသလင်းကျောက် ၊ ပရမ်းပတာမြေသားနဲ့ တခြားရတာပစ္စည်းတွေကို သယ်ဆောင်လာခဲ့တာပဲ ၊ မမျှော်လင့်ဘဲ ငါက သူ့ကို သတ်လိုက်မိတယ်”
“သူ ယူလာတဲ့ရတနာပစ္စည်းတွေက ကောင်းကင်စွမ်းအားအစီအရင် ပြုလုပ်တဲ့နေရာမှာ အသုံးပြုတဲ့ပစ္စည်းတွေပဲ ၊ ဒီ ‘ရန်’ က အဲဒီအကြောင်းကိုသိသွားတဲ့အတွက် သူတို့လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ခဲ့တယ်”
ရန်ကျောက်ကဲက နှုတ်ခမ်းများကို တွန့်ကွေးလျှက် ပြုံးလိုက်ရင်း...
“နောက်ပိုင်း ငါက အရှေ့တောင်ထိပ်တန်းမျိုးနွယ်တွေနဲ့ တွေ့ဆုံခဲ့ပြီး အဲဒီအကြောင်း ပြောပြလိုက်တယ်”
သူ့အရှေ့မှလူများကိုကြည့်လိုက်တော့ အားလုံး တိတ်ဆိတ်ငြိမ်သက်နေကြသည်။
ကြေးနီကျွန်းသခင် ‘ကုန်းစွန်းမင်’ က သူ့ဘေးနားမှ ဝါရင့်အကြီးအကဲတစ်ယောက်ကို လှည့်ကြည့်ပြီး အသံပို့လွှတ်စနစ်ဖြင့် မေးလိုက်၏။
“ငါကြားတာတော့ ဒီ ရန်ကျောက်ကဲမှာ ‘ကောင်းကင်သူလျှိုစက်ဝန်း’ တစ်ခု ရှိတယ်ဆို”
တစ်ဖက်လူက...
“အမှန်ပါပဲ”
ကုဟုန် ၊ ကျိုးဟောက်ရှန်း ၊ လော့ကျီးထောင်တို့နှင့် အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် ကုန်းစွန်းမင်က ခေါင်းတစ်ချက်ညိတ်လိုက်သည်။
ယခု ထိပ်သီးသိုင်းဂိုဏ်းအသီးသီးမှာ ထိပ်တန်းအဆင့်အကြီးအကဲများအားလုံး တိတ်ဆိတ်ငြိမ်သက်လျှက် ရှိကြ၏။
လော့ကျီးထောင်က ရန်ကျောက်ကဲကို ပို၍စူးစိုက်ကြည့်နေပြီး သူ့မျက်ဝန်းများက ပိုမိုနက်ရှိုင်းလာသည်။
သူ့ကိုကြည့်ရင်း ရန်ကျောက်ကဲက စိတ်ထဲက လှောင်ရယ်လိုက်သည်။ လော့ကျီးထောင်နှင့် ကုဟုန်တို့၏ အစောပိုင်းစကားအသွားအလာရ နုန်ယွိရွှမ်က သူ့ဂုဏ်ပုဒ်အားခိုးယူသည်ကို သိရှိထားပြီး ဖြစ်ဟန်တူသည်။
ယခင်က ကောင်းကင်မွေခံနယ်မြေနှင့် ကြမ္မာမြစ်ရေနယ်မြေတို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ချီဝေနှင့် ‘ခန်း’ သခင်မတို့သည် ကျန်းချောင် ၊ အကြီးအကဲ’ချီ’ နှင့် ယွဲ့ပေါင်ချီတို့ကို လျစ်လျူရှုပြီး ရန်ကျောက်ကဲကို ပစ်မှတ်ထားခဲ့သည်။
ထို့ကြောင့် ကောင်းကင်သူလျှိုစက်ဝန်းမှတစ်ဆင့် ရန်ကျောက်ကဲ သက်သေပြခဲ့သည်ကို သိမြင်ခဲ့ကြသူများအားလုံး အသက်ရှင်လျှက် ရှိနေကြဆဲပင်။ ထို့ကြောင့် ကွမ်းမင်ဂိုဏ်းမျာလည်း သတင်းကိုဖုံးကွယ်မထားနိုင်ဘဲ “ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်” ကို ချိုးဖျက်သူမှာ ရန်ကျောက်ကဲဖြစ်ကြောင်း ဝန်ခံလိုက်ရဟန် ရှိ၏။
အကြီးအကဲ’ချီ’ နှင့် အခြားသူများက ထိုစဉ်က အဖြစ်အပျက်များကို သတင်းပို့ခဲ့သဖြင့် ကုဟုန်နှင့် အခြားသူများအားလုံးက ရန်ကျောက်ကဲတွင် ‘ကောင်းကင်သူလျှိုစက်ဝန်း’ ရှိကြောင်းကို သိရှိကြသည်။ ထို့ကြောင့် ကွမ်းမင်ဂိုဏ်းမှလူများသည်ပင် ရန်ကျောက်ကဲကို အားကုန်ခံပြီး မေးခွန်းမထုတ်ကြတော့ပေ။
အမှန်တော့ ရန်ကျောက်ကဲက ကောင်းကင်စွမ်းအားအစီအရင်တည်ဆောက်ထားသည့် ချိုင့်ဝှမ်းတွင် ဖြစ်ပျက်ခဲ့သည်များကို ‘ကောင်းကင်သူလျှိုစက်ဝန်း’ ဖြင့် မှတ်တမ်းတင်ခဲ့ခြင်း မရှိပေ။
ပထမအချက်မှာ ခန်းဖင်က အလွန်တရာ စွမ်းအားမြင့်မားသူဖြစ်ပြီး သူ၏သိုင်းပညာကလည်း ထူးဆန်းသလို လွှမ်းမိုးနိုင်စွမ်း မြင့်မားသည်။ သူ၏လှုပ်ရှားမှုများကို အာရုံခံမိပြီး ကြယ်တာရာချီစွမ်းအားအနှစ်သာရ ဖြန့်ကျက်လိုက်မည်ဆိုလျှင် ကောင်းကင်သူလျှိုစက်ဝန်းကို ဟန့်တားနိုင်မည်ဖြစ်သည်။
ဒုတိယအချက်ကတော့ ခန်းဖင်း၏တန်ခိုးစွမ်းအားကိုကာကွယ်ရန်အတွက် ကျန့်မင်တို့အုပ်စုက လေဟုန်စီးကောင်းကင်ရွက်လှေကြီး၏ အကာအကွယ်အလင်းတန်းကို အမြင့်ဆုံးအဆင့် ဖြန့်ကျက်ထားခဲ့သည်။
ထူထပ်သောအကာအကွယ်အလင်းတန်းများအောက်တွင် ကောင်းကင်သူလျှို့စက်ဝန်းအနေဖြင့် မည်သည့်အရာကိုမှ မှတ်တမ်းတင်ရန် မဖြစ်နိုင်ခဲ့ပေ။ အကာအကွယ်အလင်းတန်းအပြင်ဘက်တွင် ကောင်းကင်သူလျိုစက်ဝန်း ထားရှိမည်ဆိုလျှင်လည်း ဗလာနယ်အက်ကွဲသံထွက်ပေါ်လာသည်နှင့် ခန်းဖင်းက ချက်ချင်း ရိပ်မိပေမည်။
ရန်ကျောက်ကဲက ဤကိစ္စများကို ကုန်းစွန်းမင်နှင့် အခြားသူများကို ရှင်းပြမနေပေ။ သူတို့ခန့်မှန်းချင်သလို ခန့်မှန်းမည်ဖြစ်ပြီး ဤသည်က သူ့အတွက်လည်း ပိုမိုအကျိုးရှိနိုင်သည်။
မည်သို့ပင်ဖြစ်စေ ကျန့်မင်တို့အုပ်စု ကျူတောပင်လယ်ဒေသတွင် ရှိနေဆဲဖြစ်လေရာ ရန်ကျောက်ကဲအနေဖြင့် သက်သေပြရန် နည်းလမ်းရှိနေဆဲ ဖြစ်၏။
ကုဟုန်က ခဏမျှငြိမ်သက်နေပြီးမှ ရန်ကျောက်ကဲကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုရင်း...
“ပြောရရင်တော့ ငါတို့ မြောက်ပင်လယ်ဓားခန်းမက ‘ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်’ နဲ့ပတ်သက်ပြီး နဂိုကတည်းက မိတ်ဆွေလေး’ရန်’ ကို အကြွေးတင်ထားပြီးသားပါ”
သူက ဆက်ပြောသည်။
“အခု မိတ်ဆွေလေး’ရန်’ က တာ့ရွှမ်တိုင်းပြည်ရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိခဲ့ပြီး အရှေ့တောင်ထိပ်တန်းမျိုးနွယ်တွေကို သတင်းပေးနိုင်ခဲ့တာကြောင့် တာ့ရွှမ်တိုင်းပြည်ရဲ့ မောက်မာမှုကို ထိုးနှက်ချက်ကြီး ဖြစ်စေခဲ့တယ် ၊ ဆိုတော့... ဒီ ‘ကု’ က အရင်ဆုံး ကျေးဇူးတင်စကားဆိုပါရစေ”
အလုံးစုံတိုက်ပွဲကြီးတွင် စွမ်းအားပိုမိုကြီးမားသလို အင်အားလည်းတောင့်တင်းသော တာ့ရွှမ်မင်းဆက်က အသာစီးရရှိနေသည်မှာ သံသယဝင်စရာမရှိပေ။ ထို့ကြောင့် တာ့ရွှမ်တိုင်းပြည် တော်လှန်ရေးမဟာမိတ်များမှာ ရန်သူများကိုတိုက်ခိုက်ရာတွင် ဖိအားများစွာ ခံစားခဲ့ရသည်။
ထို့ပြင် တာ့ရွှမ်တိုင်းပြည်က ကွမ်းမင်ဂိုဏ်းဌာနချုပ်ကိုတိုက်ခိုက်ရန် လမ်းကြောင်းပြောင်းသည့်အခါ တော်လှန်ရေးအင်အားစုများ ပို၍အခက်အခဲကျရောက်ခဲ့သည်။
ကုဟုန် ၊ လော့ကြီးထောင်နှင့် အခြားသူများမှာ ထိုအချက်ကို ခံနိုင်ရည်မရှိသလောက် ဖြစ်ခဲ့ရသည်။ ကြီးမားသောပြဿနာများ ဖြစ်မလာစေရန် ဖိအားများစွာဖြင့် တားဆီးပိတ်ပင်ခဲ့ရသည်။ သူတို့၏ရည်ရွယ်ချက်က တိုက်ပွဲအနိုင်ရခြင်းထက် ဆုံးရှုံးမှုများ နည်းနိုင်သမျှနည်းအောင် လျှော့ချရန် ကြိုးစားခြင်း ဖြစ်၏။
အများစုက ဆုံးရှုံးခဲ့ကြပြီးဖြစ်လေရာ အဆုံးသတ်တွင် မည်မျှကြီးကျယ်သော ဆုံးရှုံးမှုများ ရင်ဆိုင်ရမည်လဲ မသိနိုင်ပေ။
ယခုတော့ ရန်ကျောက်ကဲက သူတို့နှင့် တာ့ရွှမ်တိုင်းပြည်ကြားတွင် ကြီးမားသော အဖြစ်အပျက်ကြီးတစ်ခု ဖြစ်ပွားစေခဲ့သည်။
အရှေ့တောင် ထိပ်တန်းမျိုးနွယ်များအား လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသလို ကျူတောပင်လယ်ဒေသတစ်ခုလုံး၏ တိုက်ပွဲအခြေအနေများသည်လည်း လုံးဝ ပြောင်းပြန်ဖြစ်သွားခဲ့သည်။
တာ့ရွှမ်တော်လှန်ရေးအင်အားစုများက မတိုက်ခိုက်ရဘဲ အနိုင်ရလုနီးပါးဖြစ်ခဲ့ပြီး တာ့ရွှမ်တိုင်းပြည်မှာလည်း မတိုက်ခိုက်ရဘဲ ရှုံးနိမ့်လုနီးပါး ဖြစ်ခဲ့သည်။
ဤအချက်က ကုဟုန် ၊ လော့ကျီးထောင်နှင့် အခြားသူများအားလုံးကို တစ်စုံတစ်ခု ပျောက်ဆုံးသွားသည့်အလား ခံစားရစေသည်။
ဤအရာအားလုံးကို ဖြစ်ပေါ်စေခဲ့သူမှာ မကြာသေးမီကပင် သိုင်းသူတော်စင်အဆင့် တက်ရောက်ခဲ့သော သူတို့ရှေ့မှ လူငယ်လေးကြောင့် ဖြစ်၏။
အထူးသဖြင့် ကွမ်းမင်ဂိုဏ်းမှာ အတော်လေး အဆင်မပြေ ခံစားရသည်။ အဘယ်ကြောင့်ဆိုသော တာ့ရွှမ်တိုင်းပြည်သာ နောက်ပြန်ဆုတ်သွားခြင်းမရှိပါက အဆုံးသတ်ရလဒ်အနေဖြင့် သူတို့ဌာနချုပ် ဖျက်ဆီးခံရဖွယ်ရှိသည် မဟုတ်ပါလား။
သို့တိုင် လော့ကျီးထောင်၏အကြည့်များက ရန်ကျောက်ကဲအပေါ် အေးစက်တင်းမာနေဆဲဖြစ်ပြီး ဖော်ရွေမှုတစ်စက်မှ မရှိခဲ့ပေ။ ရန်ကျောက်ကဲက သူတို့ကွမ်းမင်ဂိုဏ်းနှင့် ဆက်ဆံရေအဆင်ပြေစေရန် ဤသို့ကြိုးစားပေးနေခြင်းမဟုတ်ကြောင်း သေသေချာချာ သိရှိသည်။
ပတ်ဝန်းကျင်အား အကဲခတ်လိုက်တော့ မြောက်ပင်လယ်ဓားခန်းမနှင့် ယိုင်းမင်ဂိုဏ်းကို မဆိုထားနှင့် ကြေးနီကျွန်းသခင်ပင်လျှင် ရန်ကျောက်ကဲကို လေးစားကျေးဇူးတင်သောအကြည့်ဖြင့် ကြည့်နေပေပြီ။
လော့ကျီးထောင်နှင့် ကွမ်းမင်ဂိုဏ်းမှလူများမှာ သူတို့အတွက် အကျပ်အတည်းတစ်ခု ဖြစ်ပေါ်လာပေပြီဟု ယောင်ဝါးဝါး ခံစားမိလိုက်ကြသည်။
ယိုးမင်ဂိုဏ်းချုပ် ကျိုးဟောက်ရှန်းက သက်ပြင်းချရင်း...
“မိတ်ဆွေလေး’ရန်’က ဒီရေလှိုင်းကို ပြင်းပြင်းထန်ထန် ပြောင်းပြန်လှန်ပစ်ခဲ့တာ တကယ့်ကို မှတ်သားထိုက်စရာပါပဲ ၊ ဒါပေမဲ့ ငါတို့ အခုမှသတင်းရတာ တကယ်စိတ်မကောင်းစရာပဲ ၊ နည်းနည်းလေး နောက်ကျသွားတယ်လို့ ဆိုရမယ်”
သူက ဆက်ပြောသည်။
“မဟုတ်လို့ကတော့ ငါတို့တွေ တာ့ရွှမ်တိုင်းပြည်နောက်ကလိုက်ပြီး တိုက်ခိုက်ကြမှာ အခုတော့ အဲဒီလိုလုပ်ဖို့ အရမ်းနောက်ကျသွားပြီ”
ရန်ကျောက်ကဲက ပြုံးရင်း...
“ဒါပေမဲ့ အခွင့်အရေးတစ်ခု ရှိနိုင်ပါသေးတယ်”
ထိုစကားကိုကြားတော့ လူတိုင်း၏အကြည့်များက သူ့ထံသို့ ကျရောက်လာသည်။
ရန်ကျောက်ကဲက...
“စောစောကပဲ တာ့ရွှမ်တိုင်းပြည်က ထိုးစစ်ဆင်ပြီး အဝေးကို ဆုတ်ခွာသွားတဲ့အခါ ပြဿနာတစ်ခုကို ရှာတွေ့ခဲ့တယ် ၊ မင်းတို့စဉ်းစားကြည့်လေ ၊ ငါသိသလောက်... ဟိုး အရင် ယိုးမင်ဂိုဏ်းအဓိကပလ္လင်တိုက်ခိုက်ခံရတုန်းကရော... မောလူဒေသ ဓားချီကမ္ဘာ တိုက်ခိုက်ခံရတုန်းကပါ တာ့ရွှမ်တိုင်းပြည်ရဲ့ ထိပ်တန်းအဆင့် ကျင့်ကြံသူ (၃)ယောက်က ဦးဆောင်တိုက်ခိုက်ကြတာ”
သူက ဆက်ပြောသည်။
“သူတို့ထဲကနှစ်ယောက်က ရှန်လင်ဓားကိုးလက်က အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင် (၂)ယောက်ပဲ ၊ တစ်ယောက်က အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်တဲ့ ‘တိမ်လွှာအလင်းဓား‘ ကိုပိုင်ဆိုင်ထားတယ် ၊ ကျန်တဲ့တစ်ယောက်ကတော့ တာ့ရွှမ်တိုင်းပြည်ဘုရင် ရွှမ်မုပဲ ၊ သူကတော့ နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင်ဖြစ်ပြီး အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်တဲ့ ရွှမ်ဧကရာဇ်လှံရှည်ကို ပိုင်ဆိုင်ထားတယ်”
ရန်ကျောက်ကဲမျက်ဝန်းများ လက်ခနဲ တောက်ပသွားပြီး...
“ဒါပေမဲ့ စောစောက တိုက်ပွဲမှာတော့ သူတို့ (၃)ယောက်ထဲက (၂)ယောက်ကိုပဲ တွေ့ရတယ် ၊ တစ်ယောက်ပျောက်နေတယ် ၊ ပျောက်နေတဲ့တစ်ယောက်က နောက်တန်းကနေ ပံ့ပိုးပေးနေတာဆိုရင် ပြဿနာမရှိဘူး ၊ နောက်တန်းကို ပြန်သွားတာမဟုတ်ဘဲ ဒီနေ့တိုက်ပွဲမတိုင်ခင် တခြားနေရာကို ထွက်ခွာသွားတယ်ဆိုရင် သူ ဘယ်ကိုသွားမယ်လို့ ထင်သလဲ”
သူ့စကားမဆုံးခင်မှာပင် ကုဟုန် ၊ လော့ကျီးထောင် ၊ ကျိုးဟောက်ရှန်းနှင့် ကုန်းစွန်းမင်တို့၏ မျက်လုံးများတွင် ထိတ်လန့်တုန်လှုပ်သည့်အလင်းတန်းများ ထွက်ပေါ်လာသည်။
ကျိုးဟောက်ရှန်းက ဖြည်းညင်းစွာဖြင့်...
“အရှေ့တောင်ထိပ်တန်းမျိုးနွယ်တွေက ကောင်းကင်စွမ်းအားအစီအရင်အကြောင်းသိမသွားဘဲ ငါတို့တွေသာ ပုံမှန်အတိုင်း ဆက်တိုက်ခိုက်နေမယ်ဆိုရင်... တာ့ရွှမ်တိုင်းပြည်ဘက်က ဘာဆက်လုပ်နိုင်မလဲ”
ကုဟုန်က...
“အခုလိုမျိုး ရှေ့တိုးလိုက် နောက်ဆုတ်လိုက်လုပ်နေတဲ့တိုက်ပွဲက နောက်ဆုံးတော့ အဆုံးသတ်လိုက်ရမှာပဲလေ ၊ အဲဒါက ကွမ်းမင်ဂိုဏ်းကို အခက်တွေ့စေနိုင်ပေမယ့် ငါတို့လည်း ဒီအတိုင်းကြီး ရေရှည်မတိုက်ခိုက်နိုင်ဘူး ၊ ဆိုတော့... ငါတို့တွေ မော်လူဒေသကို ပြန်ဆုတ်ခွာရမယ်”
သူက ဆက်ပြောသည်။
“မဟုတ်ရင် ငါတို့ဘက်က ဆုံးရှုံးမှုတွေ ပိုများလာလိမ့်မယ် ၊ ရန်သူက ငါတို့ထက် အင်အားကြီးတာဖြစ်လို့ နယ်မြေတွေ ဆုံးရှုံးခဲ့ရပြီဆိုတော့ လူအင်အားမဆုံးရှုံးအောင် အတတ်နိုင်ဆုံး ထိန်းထားရမယ်မဟုတ်လား”
လော့ကျီးထောင်က တိတ်ဆိတ်နေ၏။
ကုန်းစွန်းမင်က သူ့ကိုတစ်ချက်ကြည့်ရင်း...
“ဒါပေမဲ့ တာ့ရွှမ်တိုင်းပြည်ကတော့ ငါတို့ကို ဒီအတိုင်းကြည့်နေမှာမဟုတ်ဘူး ၊ သူတို့က ပြင်းထန်တဲ့ထိုးနှက်ချက်တစ်ချက်တည်းနဲ့ ငါတို့မဟာမိတ်တွေကို ဖြုတ်ချဖို့ ၊ ဒါမှမဟုတ် သုတ်သင်ပစ်ဖို့ မျှော်လင့်နေကြမှာပဲ”
ကျိုးဟောက်ရှန်းက ခဏမျှတုံ့ဆိုင်းနေပြီးမှ...
“အဲဒီ အမတကူပြောင်းခြင်းအဆင့် သိုင်းသူတော်စင်က ငါတို့အနောက်ကနေ ငါတို့ပြန်ဆုတ်မယ့်လမ်းကြောင်းကို ဖြတ်တောက်ပစ်ဖို့ ကြိုးစားနေတာပဲ”