← Chapters

မျိုးဆက်တစ်ဆက်ထွက်ပေါ်လာ

Vol. 50 Ch. 700

မျိုးဆက်တစ်ဆက်ထွက်ပေါ်လာ

Vol. 50 Ch. 700

အခန်း (၇၀၀) မျိုးဆက်တစ်ဆက်ထွက်ပေါ်လာ

ကျိုးဟောက်ရှန်းစကားဆုံးသွားသည်နှင့် ပတ်တန်းကျင်တစ်ခုလုံး တိတ်ဆိတ်မှုက လွှမ်းခြုံသွားသည်။

ဤအချက်က အမှန်ဖြစ်သလား မသေချာသော်လည်း ဖြစ်နိုင်ခြေကိုတွေးကြည့်ရုံဖြင့် လူတိုင်းကျောရိုးထဲစိမ့်ကာ တုန်လှုပ်သွားစေသည်။  လက်ရှိတွင် သူတို့က မြောက်ပင်လယ်ဓားခန်းမ ဌာနချုပ်တည်ရှိရာ မော်လူဒေသ ၊ ဓားချီကမ္ဘာနှင့် အတော်ဝေးဝေးသို့ ရောက်ရှိနေခဲ့သည် မဟုတ်လား။

အကယ်၍ တာ့ရွှမ်တိုင်းပြည်က ကွမ်းမင်ဂိုဏ်းဌာနချုပ် ၊ သို့မဟုတ် မော်လူဒေသမှ မြောက်ပင်လယ်ဓားခန်းမတို့ကို မတိုက်ခိုက်ဘဲ အနောက်ဘက်လမ်းကြောင်းမှ တိုက်ခိုက်ခံရမည်ဆိုလျှင် သူတို့အနေဖြင့် ပြန်လည်ဆုတ်ခွာရန် အလွန်ခက်ခဲပေမည်။

အလစ်ချောင်းတိုက်ခိုက်သူများက အနောက်ဘက်လမ်းကြောင်းမှ ဝင်ရောက်တိုက်ခိုက်မည်ဆိုလျှင် တော်လှန်ရေးအင်အားစုများအနေဖြင့် ပြန်လည်တိုက်ခိုက်နိုင်ခြင်းမရှိဘဲ အထိနာမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့က ရှေ့ဘက်မှ တာ့ရွှမ်တပ်များဖြင့် ရှေ့တိုးတိုက်လိုက် နောက်ပြန်ဆုတ်လိုက်ဖြင့် အလုပ်များနေမည် ဖြစ်သောကြောင့်ပင်။

ထိုအချိန် တာ့ရွှမ်တိုင်းပြည်တပ်များက တော်လှန်ရေးအင်အားစုများကို တဖြည်းဖြည်း အရှေ့နှင့်အနောက်ညှပ်ပြီး ဝိုင်းထားမည်ဖြစ်သည်။ တာ့ရွှမ်တပ်များက ပိုမိုအင်အားတောင့်တင်းသည်ဖြစ်ရာ ထိုသို့သောအခြေနေကြုံတွေ့ရပါက တော်လှန်ရေးမဟာမိတ်များအနေဖြင့် ဒုက္ခလှလှရောက်ပေမည်။

လူတစ်ယောက်က ချောင်းတစ်ချက်ဟန့်ရင်း...

“ငါတို့က တစ်လျှောက်လုံး သတိထားနေကြတာပဲ ၊ ငါတို့ ဆုတ်ခွာမယ့်လမ်းကြောင်းကိုလည်း အချိန်တိုင်း အာရုံစိုက်ပြီး တာ့ရွှမ်တိုင်းပြည်ကလူတွေရဲ့ လှုပ်ရှားမှုကိုလည်း စောင့်ကြည့်နေတာပဲလေ ၊ တကယ်လို့ သူတို့ဘက်က အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်က တိုက်ပွဲထဲက ရုတ်တရက်ထွက်သွားတယ်ဆိုရင် ငါတို့ သတိပြုမိမှာပဲ မဟုတ်လား”

သူ့ဘေးနားမှတစ်ယောက်က သက်ပြင်းချရင်း...

“ဒါပေမဲ့ ငါတို့တွေ သတိမပြုမိခဲ့ကြဘူးလေ ၊ အခု ဒီလူငယ်ပြောမှ သတိပြုမိတယ် မဟုတ်ဘူးလား ၊ စောစောကတိုက်ပွဲမှာ တာ့ရွှမ်တိုင်းပြည်ရဲ့ ထိပ်တန်းအဆင့်ကျင့်ကြံသူ (၂)ယောက်ပဲရှိတယ်ဆိုတာ အမှန်ပဲလေ ၊ အဲဒီ ‘တိမ်လွှာအလင်းဓား’ ကိုင်ဆောင်တဲ့သူကို မတွေ့ရဘူး”

ပထမလူက လက်မခံနိုင်ဟန်ဖြင့်...

“သူက တိုက်ပွဲမှာမပါဝင်ဘဲ ဒီအတိုင်းထွက်သွားတာလည်း ဖြစ်နိုင်တာပဲလေ ၊ တကယ်ဆိုရင် အခုလည်း သူတို့က ငါတို့လိုက်မမီအောင် အမြီးတောင်မမြင်ရအောင် ဆုတ်ခွာသွားတာပဲ မဟုတ်လား”

ရန်ကျောက်ကဲက ပြုံးရင်း...

“အခုချိန်မှာ တာ့ရွှမ်စစ်တပ်ကို ငါတို့တွေလိုက်မီဖို့ မဖြစ်နိုင်တော့ဘူး ၊ ဆိုတော့... တခြားဖြစ်နိုင်ခြေကို မင်းတို့ ဘာလို့မကြိုးစားကြတာလဲ”

သူက အားလုံးကို တစ်ချက်ဝေ့ကြည့်ရင်း...

“အဲဒီ အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင် ဘယ်ရောက်သွားလဲဆိုတာ မင်းတို့အားလုံး ခန့်မှန်းမိမယ်လို့ ထင်ပါတယ်”

ကုဟုန်က...

“အရင်တုန်းက သူတို့ဘက်က ငါတို့ကို ချောင်းမြောင်းတိုက်ခိုက်မယ်ဆိုရင်ဖြစ်နိုင်ခြေနည်းတယ်လို့ ဆိုရမယ်... ၊ အခုကတော့...”

သူက လော့ကျီးထောင် ၊ ကျိုးဟောက်ရှန်းနှင့် ကုန်းစွန်းမင်တို့ထံသို့ ဝေ့ကြည့်လိုက်သည်။

“ငါ ခရီးတစ်ခုထွက်ဖို့ ရည်ရွယ်ထားတယ် ၊ မင်းတို့ (၃)ယောက်ရော ဘယ်လိုသဘောရလဲ”

ကျိုးဟောက်ရှန်းက သူ၏မုတ်ဆိတ်မွှေးရှည်များကိုသပ်လျှက် ပြုံးလိုက်ရင်း...

“ဒီအဘိုးကြီးလည်း ခရီးထွက်မယ် ၊ တာ့ရွှမ်တိုင်းပြည်က အရှေ့တောင်ထိပ်တန်းအရှင်သခင်ကို အမျက်ရှအောင်လုပ်လိုက်ပေမယ့်... ဒီကိစ္စက စိုးရိမ်စရာဖြစ်နေတုန်းပဲ ၊ အရှေ့တောင်ထိပ်တန်းအရှင်သခင် ဘယ်လိုဆုံးဖြတ်မယ်ဆိုတာလည်း အတိအကျ မပြောနိုင်သေးဘူးလေ”

သူက ဆက်ပြောသည်။

“တကယ်လို့ တာ့ရွှမ်တိုင်းပြည်ကို ကျူတောပင်လယ်ဒေသမှာ သူတို့လုပ်ချင်တိုင်းလုပ်ဖို့ ခွင့်ပြုလိုက်မယ်ဆိုရင် နောင်တစ်ချိန်မှာ ငါတို့ကို သူတို့က ထပ်ပြီးတိုက်ခိုက်လာမှာပဲ ၊ အခုလို သူတို့ဆုတ်ခွာသွားတဲ့အချိန်မျိုးမှာ သူတို့အင်အား လျော့ကျသွားအောင် ဘာလို့မကြိုးစားရမလဲ”

အဖြူရောင်ဝတ် အဘိုးအို ယိုးမင်ဂိုဏ်းချုပ်က သက်ပြင်းချရင်း...

“သူတို့က ငါတို့တွေထက် အင်အားများတာပဲလေ ၊ သူတို့ဆုတ်ခွာသွားပြီး ခံစစ်ပဲကစားတော့မယ်ဆိုရင်တောင် ငါတို့တွေက သူတို့နောက်လိုက်ပြီး အပြင်းအထန်တိုက်ခိုက်လို့ မရနိုင်ဘူး ၊ ဒါပေမဲ့ သူတို့ဘက်က အင်အားကိုခွဲထုတ်ထားတဲ့အချိန်မှာ ငါတို့အတွက် တိုက်ခိုက်ဖို့ အကောင်းဆုံး အချိန်ပဲ”

ချီဝေနှင့် ‘ခန်း’ သခင်မတို့သည် တာ့ရွှမ်မင်းဆက် အဓိကအင်အားစုထံသို့သာ တိုက်ရိုက်သတင်းပို့မည်ဖြစ်ပြီး လူခွဲစေလွှတ်ထားသည့်တပ်များကတော့ ထိုအကြောင်း သိရှိမည် မဟုတ်ပေ။ ထို့ကြောင့် သတင်းရရချင်း ဧကရာဇ်ရွှမ်မုက ပြန်လည်ဆုတ်ခွာရန် ဆုံးဖြတ်ချိန်တွင် လျှို့ဝှက်လှုပ်ရှားနေသော အခြားတပ်ဖွဲ့ထံသို့ သတင်းရောက်ရန် လမ်းတစ်ဝက်မှာပင် ရှိနေနိုင်သည်။

ထိုသို့သောအခြေအနေတွင် ဧကရာဇ်ရွှမ်မုသည်ပင် တာ့ရွှမ်တော်လှန်ရေးအင်အားစုများကို မျက်ခြေဖြတ်ရန် အချိန်အတော်လေး ယူခဲ့ရသည်ဖြစ်ရာ အခြားတပ်ဖွဲ့မှာ အချိန်မီးဆုတ်ခွာနိုင်ရန် မသေချာလှပေ။

မည်သို့ပင်ဖြစ်စေ အချိန်သိပ်ကြာကြာမစောင့်ဘဲ ဤကိစ္စကို သတင်းပေးလာသော ရန်ကျောက်ကဲကိုလည်း သတိထားရမည် အမှန်ပင်။

ကုန်းစွန်းမင်က ဖြည်းညင်းစွာ ခေါင်းညိတ်ရင်း...

“အဲဒါက အရမ်းကောင်းတဲ့ အခွင့်အရေးပဲ၊ လက်ရှိမှာ ငါတို့အတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်နိုင်တယ် ၊ ဒီအခွင့်ကောင်းကို လက်လွှတ်ခံလိုက်ရင် ဒီလိုအခွင့်အရေးမျိုး နောက်ထပ်ရနိုင်မှာ မဟုတ်တော့ဘူး”

လော့ကျီးထောင်က ခဏမျှတိတ်ဆိတ်စွာ စဉ်းစားနေပြီးမှ...

“ငါလည်း သဘောတူပါတယ်...”

ကုဟုန်က ခေါင်းညိတ်ရင်း...

“ဒါဆိုရင်တော့ ခပ်မြန်မြန်ပဲ သွားကြတော့ပေါ့ ၊ ကဲ... ငါနဲ့ ‘လော့’ ဂိုဏ်းချုပ် ၊ ‘ကျိုး’ ဂိုဏ်းချုပ်နဲ့ ကျွန်းသခင်’ကုန်းစွန်း’ တို့ သွားနှင့်တော့မယ် ၊ အားလုံးကို နှုတ်ဆက်ခဲ့ပါတယ်”

“ကျန်တဲ့သူတွေက လိုအပ်တာတွေထုပ်ပိုးပြီး မော်လူဒေသကို ဆုတ်ခွာကြပါ ၊ အပြန်လမ်းမှာ တစ်ခုခုဖြစ်လာနိုင်တာကြောင့် အထူးသတိထားဖို့ မှာချင်တယ်”

သူက ရန်ကျောက်ကဲကိုကြည့်ရင်း...

“နောက်မှ သီးသန့်အချိန်ပေးပြီး မိတ်ဆွေလေး’ရန်’ နဲ့ စကားပြောတော့မယ်ဗျာ ၊ မိတ်ဆွေလေး’ရန်’ အချိန်အားလပ်မယ်ဆိုရင် ငါတို့ မြောက်ပင်လယ်ဓားခန်းမကို ဧည့်သည်တော်အဖြစ် လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်”

ရန်ကျောက်ကဲက ရယ်မောရင်း...

“ခန်းမသခင်’ကု’က  အားနာနေပြန်ပါပြီ”

ဆုံးဖြတ်ချက်ချပြီးသည်နှင့် ကုဟုန်တို့အုပ်စု ထွက်ခွာသွားကြသည်။

သူတို့ (၄)ယောက်က ရှည်လျားသောအလင်းတန်းများအဖြစ်ပြောင်းလဲသွားပြီး မြောက်ဘက်မိုးကုတ်စက်ဝိုင်းဆီသို့ ဦးတည်ထွက်ခွာသွားသည်။

ကုဟုန်နှင့် အခြားသောဂိုဏ်းချုပ်များထွက်ခွာသွားသည်နှင့် ကျန်လူများက အမိန့်အတိုင်း စနစ်တကျထွက်ခွာရန် ကျန်ခဲ့ကြ၏။ သို့သော် အခြေအနေအားလုံးကို သူတို့လူများအား မည်သို့ရှင်းပြရမည်မသိဘဲ ဝူကျိရှိုးတို့ကဲ့သို့သော အကြီးအကဲများ အတော်လေး ခေါင်းကိုက်ကြရ၏။

နောက်ဆုံးတော့ အကြီးအကဲများ ရှင်းပြလာသည့်သတင်းကို တော်လှန်ရေးအင်အားစုများမှသိုင်းသမားများကြားသိပြီး အလွန်တရာ အံ့အားသင့်ကြရသည်။

အမှန်တော့ လက်ရှိတိုက်ပွဲတွင် သူတို့အားလုံး စိတ်ပျက်အားလျော့စရာ အခြေအနေနှင့် ကြုံတွေ့ခဲ့ရပြီး ကောင်းကင်ထက်တိမ်ညိုများလွှမ်းမိုးသည့်အလား တုန်လှုပ်ချောက်ချားလျှက် အသက်ရှူမဝသလို ခံစားကြရသည်ပင်။

သူတို့က ကွမ်းမင်ဂိုဏ်းဌာနချုပ် ဖျက်ဆီးမခံရရေးအတွက် တိုက်ခိုက်နေကြရသော်လည်း ကူရာကယ်ရာမဲ့စွာဖြင့် လက်လျှော့ချင်နေပြီ ဖြစ်သည်။ တိုက်ပွဲတစ်ပွဲတွင် စိတ်ဓာတ်ကျခြင်းက တစ်ပန်းရှုံးကြောင်း သူတို့အားလုံး နားလည်ကြသဖြင့် အများစုက ယုံကြည်ချက်ထားကာ ဆက်လက်တိုက်ခိုက်ကြသည်။

သို့သော် ယခုတော့ တာ့ရွှမ်တိုင်းပြည် ဆုတ်ခွာသွားပြီဖြစ်ကြောင်း ရုတ်ချည်း သတင်းထွက်ပေါ်လာပေပြီ။

တိုက်ပွဲတွင် သူတို့ အနိုင်ရခဲ့ကြပြီ။

သူတို့အားလုံး မအံ့သြဘဲ အဘယ်မှာ နေနိုင်ပါမည်နည်း။

သူတို့ ဘာမှမလုပ်ရပါဘဲ ရန်သူက ဒီအတိုင်း ရှုံးနိမ့်သွားသည်လား။

တပည့်ငယ်များ အံ့သြတကြီးဖြစ်နေသည်ကိုကြည့်ရင်း သိုင်းဂိုဏ်းအသီးသီးမှ အကြီးအကဲများမှာ စိတ်ထဲမှကျိတ်ပြီး မချိပြုံးပြုံးရုံသာ။

“ငါတို့တော့ ဘာမှမလုပ်ဘူး ၊ ဒါပေမဲ့ တစ်ယောက်ယောက်လုပ်လိုက်တာ ဖြစ်ရမယ်...”

အကြီးအကဲများကတော့ တည်ငြိမ်သောအမူအရာဖြင့် တပည့်ငယ်များကို ရှင်းပြရုံသာ တတ်နိုင်သည်။

“တာ့ရွှမ်တိုင်းပြည်က နောက်ဆုံးတော့ ကိုယ့်ခြေထောက်ကိုယ်တက်နင်းပြီး ချော်လဲခဲ့ကြတယ် ၊ သူတို့ရဲ့ ကိုယ်ကျင့်တရားပျက်ပြားတဲ့လုပ်ရပ် ထုတ်ဖော်ခံလိုက်ရတယ် ၊ တကယ်တော့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ကျူတောပင်လယ်ဒေသမှာ ခြေလာချကတည်းက ဒီ လျှို့ဝှက်ချက်ကြီးကို လုပ်ဆောင်နေခဲ့တာ”

“အခုတော့ သူတို့လျှို့ဝှက်ချက်ကြီး ဘူးပေါ်သလိုပေါ်ပြီး အရှေ့တောင်ထိပ်တန်းအရှသခင်ကို အမျက်ရှစေခဲ့တယ် ၊ ဒါကြောင့် တာ့ရွှမ်တိုင်းပြည်က ဆက်ပြီး မောက်မောက်မာမာနဲ့ တိုက်ခိုက်ရဲမှာ မဟုတ်တော့ဘူး”

“အရှေ့တောင်ထိပ်တန်းအရှင်သခင် အမျက်မရှဖို့အတွက် သူတို့တွေအနေနဲ့ ခဏတော့ သိုသိုသိပ်သိပ် နေကြလိမ့်မယ် ၊ ဒါပေမဲ့ ငါတို့အနေနဲ့လည်း သတိလက်လွတ်နေလို့တော့မဖြစ်ဘူး ၊ အခြေအနေတစ်ရပ်လုံးက ဘာမှ မဆုံးဖြတ်ရသေးဘူးဆိုတော့ ဒီအတောအတွင်း ဘာမဆို ဖြစ်လာနိုင်တယ်”

လူတိုင်း အဖြစ်အပျက်များကို နားလည်သွားကြသည်။

တပည့်ငယ်တစ်ယောက်က အသေးစိတ်ရှင်းပြပါရန် မေးမြန်းတော့ အကြီးအကဲတစ်ယောက်က ဖြစ်ကြောင်းကုန်စင် ပြောပြသည်။

ဤဖြစ်ရပ်တွင် လုံးဝ လျှော့မတွက်သင့်သော တစ်စုံတစ်ယောက်၏ နာမည်ကို အားလုံးသိရှိခဲ့ကြသည်။

“ရန်ကျောက်ကဲ...”

တချို့က ထိုနာမည်ကို ရင်းနှီးနေသော်လည်း တချို့အတွက်တော့ အစိမ်းသက်သက် ဖြစ်သည်။

ယခင်က တာ့ရွှမ်တိုင်းပြည်နှင့် တိုက်ခိုက်နေသဖြင့် အတွင်းပိုင်းတည်ငြိမ်စေရန် တပည့်ငယ်များအား သတင်းအချို့ ပြောမပြခဲ့ကြပေ။

ရန်ကျောက်ကဲက ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်ကို ချိုးဖျက်ခဲ့ပြီး နုန်ယွိရွှမ်က သူ၏ဂုဏ်ပုဒ်ကို ခိုးယူခဲ့သည်ဟုသာ မသိမသာ သတင်းပျံ့ခဲ့သည်။ တော်လှန်ရေးအင်အားစုများ၏ အထက်ပိုင်းအကြီးအကဲများသာ အသေးစိတ်ကို သိရှိခဲ့ပြီး အများစုက သတိမထားခဲ့ကြပေ။

မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကဲနှင့်ပတ်သက်သော ကောလဟလများက ယိုးမင်ဂိုဏ်းနှင့် ကွမ်းမင်ဂိုဏ်းတွင် ဟိုတစ်စ ဒီတစ်စ ထွက်ပေါ်နေဆဲ ဖြစ်၏။ အချို့ကတော့ မှတ်မှတ်သားသား ရှိကြပြီး အချို့ကတော့ သိပ်အရေးမစိုက်ကြပေ။

သို့သော် ယနေ့တော့ “ရန်ကျောက်ကဲ” ဆိုသောအမည်က ကျူတောပင်လယ်ဒေသတွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လာပြီး မိုးအောက်မြေပြင်တစ်ခွင် ကျော်ကြားလာခဲ့သည်။

ရန်သူဖြစ်စေ မိတ်ဆွေဖြစ်စေ “ရန်ကျောက်ကဲ ဘယ်သူလဲ” ဟု မည်သူမဆို မေးမြန်းကြမည်မှာ အသေအချာပင်။

မူလကပင် လှုပ်ခတ်နေသည့်ရေပြင်ပမာ မတည်မငြိမ်ဖြစ်နေသော ကျူတောပင်လယ်ဒေသသည် ယခုတော့ ရန်ကျောက်ကဲကြောင့် ပိုမိုလှုပ်ခါသွားခဲ့ပေပြီ။

ရန်ကျောက်ကဲကိုယ်တိုင်ကတော့ အဖြစ်အပျက်များကို အေးဆေးစွာပင် ကြည့်နေသည်။

ထို့နောက် မြောက်ပင်လယ်ဓားခန်းမမှ ဝါရင့်အကြီးအကဲအချို့နှင့် ခဏမျှ စကားစမြည်ပြောဆိုပြီးနောက် ယိုးမင်ဂိုဏ်း ၊ အလင်းမဲ့ခန်းမ၏ပထမအဆင့် ထိပ်တန်းအကြီးအကဲ ‘ဝူကျိရှိုး’ ကို သွားရောက်ရှာဖွေသည်။

ယခု သူတို့နှစ်ယောက် အတော်လေး ခင်မင်ရင်းနှီးနေကြပြီ ဖြစ်သည်။

ရန်ကျောက်ကဲကိုတွေ့တော့ ဝူကျိရှိုးက ပြုံးရင်း...

“မိတ်ဆွေလေး’ရန်’ တခြား ထူးခြားတဲ့ကိစ္စတွေများ ရှိသေးလို့လား”

ရန်ကျောက်ကဲက ပြံးလျှက် ခေါင်းညိတ်ရင်း...

“ဒီ ‘ရန်’ က အရင်တုန်းက ရတနာပစ္စည်းတစ်ခု အမှတ်မထင် ရရှိခဲ့တယ် ၊ အဲဒီပစ္စည်းကို ခင်ဗျားတို့ဂိုဏ်းချုပ် စစ်ဆေးကြည့်နိုင်မလား ဖိတ်ကြားချင်ပါတယ်”

သူက ဆက်ပြောသည်။

“ဆိုတော့... ဒီ ‘ရန်’ က မော်လူဒေသက မြောက်ပင်လယ်ဓားခန်းမမှ စောင့်နေပါ့မယ် ၊ တကယ်လို့ ‘ကျိုး’ ဂိုဏ်းချုပ် အချိန်အားလပ်တယ်ဆိုရင် လာရောက်တွေ့ဆုံဖို့ သတင်းပါးပေးစေချင်ပါတယ်”

All Chapters