← Chapters

ကောင်းကင်ဘုံ၏ မျိုးဆက်အစစ်

Vol. 203 Ch. 2888

ကောင်းကင်ဘုံ၏ မျိုးဆက်အစစ်

Vol. 203 Ch. 2888

ထိုကျင့်ကြံသူများ ထွက်သွားသောအခါ ကောင်းကင်(၉၉)လွှာတွင် လူအနည်းငယ်သာ ကျန်ခဲ့လေသည်။ ကျန်ခဲ့သူ အများစုသည် ထိပ်တန်းအဆင့် ကျင့်ကြံသူများသာဖြစ်သည်။ သူတို့သည် အင်ပါယာများ၏လမ်းစဉ်ပေါ်သို့ တက်လှမ်းနိုင်ရန် ကြိုးစားလိုနေကြသည်။

အပြင်လောကတွင် အင်ပါယာများ၏လမ်းစဉ်ပေါ်သို့ တက်လှမ်းနိုင်ရန် နည်းလမ်းမရှိပေ။ ဤနေရာတွင်မူ အနည်းဆုံး သူတို့ကို ထိုလမ်းစဉ်အပေါ်သို့ တက်လှမ်းစေနိုင်ပြီး အမြင့်ဆုံးအဆင့်သို့ ရောက်နိုင်အောင် ကူညီပေးနိုင်သော ကောင်းကင်လမ်းစဉ် တစ်စိတ်တစ်ပိုင်း ရှိပေသည်။ ထို့ကြောင့် သူတို့သည် အန္တရာယ်ကြီးသော်လည်း နေခဲ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

သို့သော် အင်ပါယာလမ်းစဉ်သည် ခက်ခဲကာ အန္တရာယ်များသော လမ်းစဉ်တစ်ခုဖြစ်သည်။ မဟာအင်ပါယာအဆင့်သို့ ရောက်နိုင်ရန် ထိုကျင့်ကြံသူများသည် မည်သည့်တန်ကြေးကိုမဆို ပေးရန် တုံ့ဆိုင်းမှုမရှိကြချေ။

ရီဖူရှင်းသည် နတ်ပလ္လင်ပေါ်တွင်ထိုင်ကာ ကောင်းကင်(၉၉)လွှာတွင် ကျန်ခဲ့သည့် ကျင့်ကြံသူများကို ကြည့်သည်။

“နောက်ဆုံးအနေနဲ့ ကျုပ် ခင်ဗျားတို့ကို သတိပေးချင်တယ်။ အခု ကျုပ် ကောင်းကင်အင်ပါယာရဲ့ ပလ္လင်ကို ဆက်ခံခဲ့ပြီဆိုတော့ ကောင်းကင်အင်ပါယာနန်းတော်ကို ပြန်တည်ထောင်ချင်တယ်။ ခင်ဗျားတို့ ထွက်သွားပြီး ကိုယ့်လမ်းကိုယ် ရွေးလို့ရသေးတယ်။ ဒါပေမဲ့ ခင်ဗျားတို့ နေခဲ့ဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင်တော့ အခုကစပြီး ကောင်းကင်အင်ပါယာနန်းတော်ရဲ့ အမိန့်အောက်မှာနေဖို့ သဘောတူလိုက်တာပဲ”

မည်သူမှ ထွက်မသွားကြပေ။ နေခဲ့သူများသည် ဆုံးဖြတ်ချက်တစ်ခု ချခဲ့ပြီးဖြစ်သည်။ သူတို့သည် ထိုဆုံးဖြတ်ချက်ကို မပြင်နိုင်ချေ။

ရီဖူရှင်းသည် ခေတ္တမျှ စောင့်ပြီးနောက်တွင် မည်သူမှ ထွက်မသွားသည်ကို မြင်သောအခါ ဆက်ပြောလိုက်၏။

“ခင်ဗျားတို့ ဆုံးဖြတ်ပြီးပြီဆိုတော့ အခုကစပြီး ခင်ဗျားတို့က ကောင်းကင်အင်ပါယာနန်းတော်ရဲ့ ကျင့်ကြံသူတွေ ဖြစ်သွားပြီ။ ခင်ဗျားတို့ ကောင်းကင်အင်ပါယာနန်းတော်နဲ့ အေးအတူ၊ ပူအမျှ ဖြတ်သန်းရလိမ့်မယ်”

သူ ထရပ်လိုက်ပြီး အောက်ရှိ မဟာဧကရီနှစ်ပါးကို ကြည့်လိုက်ပြီး သူမတို့ကို ပြောလိုက်၏။

“ကောင်းကင်အင်ပါယာနန်းတော်ကို ရှင်းလင်းဖို့ ကျုပ် အကြီးအကဲတို့နှစ်ယောက်ကိုပဲ အကူအညီတောင်းရမှာပဲ”

“ကျွန်မတို့ အရှင်ကောင်းကင်အင်ပါယာအတွက် အမှုထမ်းရတာ ဝမ်းသာပါတယ်”

မဟာဧကရီနှစ်ပါးသည် သူ့ကို ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။ တစ်ချိန်က သူမတို့သည် ညီအစ်မလေးယောက် ရှိခဲ့သည်။ ကောင်းကင်အင်ပါယာသည် သူမတို့ကို မင်းသမီး၏ ရံ‌ရွှေတော်များအဖြစ် ကိုယ်တိုင်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ညီအစ်မလေးယောက်သည် မင်းသမီးနှင့် အတူကြီးပြင်းခဲ့သဖြင့် သူမတို့သည် မင်းသမီး၏ ညီအစ်မအရင်းများကဲ့သို့ပင် ဖြစ်သည်။

မင်းသမီးသည် သူမတို့ကို တစ်ခါမှ အစေခံကဲ့သို့ မဆက်ဆံခဲ့ပေ။ သူမသည် သူမတို့နှင့် ကျင့်စဉ်များကို ပွင့်ပွင့်လင်းလင်း ဝေမျှခဲ့သည်။ မင်းသမီးသည် သူမတို့ကို ထိုသို့ဆက်ဆံသော်လည်း သူတို့တို့သည် မင်းသမီးကို သူမတို့၏ အသက်ဖြင့်ရင်း၍ ကာကွယ်ရမည်ဖြစ်ကြောင်း သူမတို့ သိပေသည်။ သို့သော် မင်းသမီးသည် သူမတို့ကို တစ်ခါမှ မောက်မောက်မာမာ မဆက်ဆံခဲ့ဖူးပေ။ ထို့အပြင် မင်းသမီးသည် ကောင်းကင်အင်ပါဘာ သူမကို ချီးမြှင့်သော ရတနာများကို သူမတို့နှင့် ဝေမျှခဲ့သည်။

သူမတို့၏အမြင်တွင် မင်းသမီးသည် ပြီးပြည့်စုံသူတစ်ယောက်ဖြစ်သည်။ သူမတွင် မည်သည့် ပြစ်ချက်မှ မရှိချေ။ ထို့အပြင် မင်းသမီးသည် လူများအပေါ် မေတ္တာကြီးစွာထားပြီး စိတ်ကူးဆန်သူဖြစ်သည်။ မင်းသမီးသည် တော်ဝင်နောက်ခံရှိသဖြင့် ထိုကဲ့သို့ သဘောထား၊ စိတ်ကူးများရှိခြင်း ဖြစ်နိုင်သည်။

သူမတို့လေးယောက်သည် မင်းသမီး၏ စိတ်ကူးများကို အပြည့်အဝလက်မခံသော်လည်း မင်းသမီးအတွက်ဆိုလျှင် သူမတို့သည် အရာအားလုံးကို စတေးနိုင်ပေသည်။

ယခင်က သူမတို့၏ အစီအစဉ်ကို ဆွဲပြီးနောက်တွင် အားလုံးသည် စတေးမှုများ ပြုလုပ်ခဲ့ရသည်။ သူမတို့၏ အခြားညီအစ်မနှစ်ယောက်သည် ထိုအစီအစဉ်၏ အရေးကြီးသော အပိုင်းတစ်ခုကို ပြီးမြောက်အောင် လုပ်ခဲ့ရကာ ထိုသို့လုပ်နေစဉ်အတွင်း သူမတို့ကိုယ်သူမတို့ စတေးခဲ့ရသည်။ နောက်ဆုံးတွင် သူမတို့နှစ်ယောက်သာ ကျန်ခဲ့ပြီး သခင်လေး ပြန်ရောက်လာမည့် အချိန်ကို စောင့်နေခဲ့ကြသည်။

ထိုကတည်းက သူမတို့၏ တာဝန်သည် အင်ပါယာအသစ်ကို ကာကွယ်ကာ သူ မပြီးဆုံးသေးသည့် ကိစ္စများကို လုပ်ရာတွင် ကူညီပေးရန်ဖြစ်သည်။

“သခင်လေး ကောင်းကင်လမ်းစဉ်ကို ဆက်လေ့လာကျင့်ကြံသင့်တယ်။ မင်းသမီးက သခင်လေးကို စောင့်နေခဲ့တာ ကြာပါပြီ။ ပြီးတော့ အခု သခင်လေးမှာ အမွေဆက်ခံရမှာတွေ အများကြီး ရှိပါတယ်”

မဟာဧကရီတစ်ပါးက ပြောလိုက်၏။

“ကောင်းကင်အင်ပါယာနန်း‌တော်ကို ပြန်တည်ထောင်ဖို့အတွက်ကိုတော့ ကျွန်မတို့ကိုပဲ လွှဲထားလိုက်ပါ”

“အကြီးအကဲတို့နှစ်ယောက်က ကျုပ်ရဲ့ အမေနဲ့ ကျင့်ကြံခဲ့တာလား”

ရီဖူရှင်း မေးလိုက်သည်။

သူမတို့နှစ်ယောက် ခေါင်းညိတ်ကာ ပြန်ပြောလိုက်၏။

“ကျွန်မတို့ကို မင်းသမီးနဲ့ အတူကျင့်ကြံဖို့ဆိုပြီး ကောင်းကင်အင်ပါယာက ကောင်းကင်နန်းတော်ထဲကို ဆင့်ခေါ်ခဲ့တာပါ။ ပြီးတော့ ကျွန်မတို့က သူငယ်ငယ်ကတည်းက အနားမှာနေခဲ့ရတဲ့ သူ့ရဲ့ ရံရွှေတော်တွေပါ”

ရီဖူရှင်းသည် ထိုအမျိုးသမီးနှစ်ယောက်နှင့် သူ့အမေတို့ကြားမှာ ဆက်ဆံရေးသည် သူနှင့် ယူချင်းတို့ကြားမှ ဆက်ဆံရေးနှင့် ဆင်တူကြောင်း ချင်ချင်း သဘောပေါက်သွားသည်။ ကွဲပြားမှုတစ်ခုမှာ သူနှင့်ယူချင်းသည် ညီအစ်ကိုများဖြစ်သည်။ ယှဉ်ရလျှင် ထိုအမျိုးသမီးနှစ်ယောက်သည် အစေခံများဟု ဆိုနိုင်ပေသည်။

“ကျုပ် အကြီးအကဲနှစ်ယောက်ကို ဘယ်လို ခေါ်ရမလဲခင်ဗျာ”

ရီဖူရှင်း မေးလိုက်၏။

“ကျွန်မတို့ရဲ့ အရင်တုန်းက နာမည်တွေက ကောင်းကင်အင်ပါယာပေးခဲ့တာပါ။ သခင်လေးက ကျွန်မကို ‘ချင်’လို့ ခေါ်နိုင်ပါတယ်... သူကတော့ ‘ရှု’ပါ”

ချင်က ပြောလိုက်၏။

“ရံရွှေတော်ချင်၊ ရံရွှေတော်ရှု”

ရီဖူရှင်းသည် ရင်ထဲတွင် သက်ပြင်းချ၍ ပြောလိုက်၏။ သူဆက်ပြောလိုက်၏။

“နောက်ထပ် နှစ်ယောက် ရှိသေးတယ်မလား”

သူမတို့၏ အမည်များသည် ‘ချင်’နှင့် ‘ရှု’ဟူသော အမည်များဖြစ်၍ ‘ချီ’နှင့် ‘ဟွာ’ဟူသော အမည်ရှိသူနှစ်ယောက် ရှိဦးပေလိမ့်မည်။

( ချီ၊ ချင်၊ ရှု၊ ဟွာ- ကျား၊ စောင်း၊ စာပေ၊ ပန်းချီ တို့သည် ရှေးခတ်က ပညာတတ် အမျိုးသမီးများ တတ်မြောက်ရသည့် ရိုးရာပညာရပ်များဖြစ်သည်။ ထိုရံရွှေတော်များ၏ အမည်သည် ယင်းပညာရပ်လေးခုထဲမှဖြစ်၍ ရီဖူရှင်းသည် သူမတို့က စုစုပေါင်းလေးယောက်ဖြစ်မည်ဟု ခန့်မှန်းခဲ့ခြင်းဖြစ်သည် )

“တခြားနှစ်ယောက်ကလည်း အရင်တုန်းက မင်းသမီးရဲ့ ရံရွှေတော်တွေပါပဲ”

သူမတို့နှစ်ယောက်သည် နှစ်ရာပေါင်းများစွာ စောင့်ဆိုင်းနေခဲ့ရသဖြင့် သူတို့၏ နှလုံးသားများနှင့် စိတ်ဓာတ်များသည် သံမဏိကဲ့သို့ မာကြောနေပြီဖြစ်သည်။ သို့သော် သူမတို့သည် ရီဖူရှင်း၏ စကားကို ကြားလိုက်သောအခါ ဝမ်းနည်းမှုတစ်ခုကို မမျှော်လင့်ဘဲ ခံစားလိုက်ရလေသည်။

သခင်လေး၏ ပါရမီသည် ပြိုင်ဘက်ကင်းပေသည်။ သို့သော် သူသည် အလွန်သိမ်မွေ့ပြီး နှိမ့်ချတတ်ပေသည်။ သူသည် စစ်မှန်သော လူကြီးလူကောင်းတစ်ယောက်ဖြစ်သဖြင့် သူမတို့သည် သူ့ကိုကြည့်ကာ မင်းသမီးကို ပြန်အမှတ်ရသွားသည်။

ယခုတွင် သူမတို့ငါးယောက်ထဲ၌ သူမတို့နှစ်ယောက်သာ ကျန်တော့ပေသည်။

“သခင်လေး ကျင့်ကြံနေတုန်း ကျွန်မတို့ သွားပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားလိုက်ပါမယ်”

ရံရွှေတော်ချင်က ပြောလိုက်၏။ ရီဖူရှင်း ခေါင်းညိတ်လိုက်၏။

သူမတို့နှစ်ယောက်သည် နောက်လှည့်ကာ ထွက်သွားသည်။ ရီဖူရှင်း ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်၏။ သူသည် နတ်ပလ္လင်ပေါ်မှ ဆင်းလိုက်ပြီး အောက်ဘက်သို့ လျှောက်သွားလိုက်သည်။ ထို့နောက် သူသည် တင်ပျဉ်ခွေထိုင်ကာ သူ၏အာရုံကို ကောင်းကင်ထဲရှိ ကောင်းကင်လမ်းစဉ်ဆီသို့ တိုက်ရိုက် ပို့လွှတ်လိုက်လေသည်။

ထိုအခိုက်တွင် ရီဖူရှင်းသည် နွေးထွေးမှုကို ထပ်မံခံစားလိုက်ရ၏။ တစ်ချိန်တည်းမှာပဲ ကောင်းကင်မှနေ၍ သက်တန့်ရောင် နတ်အလင်းတန်းတစ်ခု ကျဆင်းလာပြီး ရီဖူရှင်းအပေါ် ဖြကျသွားသည်။

ရီဖူရှင်းသည် နတ်အလင်းအောက်တွင် အထက်သို့ပျံတက်သွားပြီး မြင့်မားသော ကောင်းကင်သို့ ရောက်သွားသည်။ သူ့ခန္ဓာကိုယ်သည် ကောင်းကင်လမ်းစဉ်အတွင်း ဝင်သွားပုံပင်။

ဆန်းကြယ်သော အရှိန်အဝါတစ်ခုသည် သူ့ကို လွှမ်းခြုံထားပြီး သူ့ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် စီးဝင်နေသည်။ ရီဖူရှင်းသည် သူ၏ကောင်းကင်လမ်းစဉ်အသေးစားက ဖန်တီးထားသော လောကကို ဖွင့်ပေးလိုက်သည်။ ကောင်းကင်လမ်းစဉ်နှစ်ခု၏ စွမ်းအားနှစ်ခုသည် တစ်ခုနှင့်တစ်ခု ဆက်နွယ်သွားသည်။ ဤကောင်းကင်လမ်းစဉ်အတွင်းရှိ စည်းမျဉ်းနတ်စွမ်းအားသည် ရီဖူရှင်း၏ ကောင်းကင်လမ်းစဉ်အသေးစားနှင့် ပေါင်းစည်းသွားသည်။

လောကရှေးဟောင်းသစ်ပင်ကို သူ့အမေက ဖန်တီးခဲ့ခြင်းဖြစ်ပြီး ယင်းကို သူ့ကြီးပြင်းလာသည့်တစ်လျှောက် အသုံးပြုနိုင်ရန် သူ့အား ပေးခဲ့သည်။ နောက်တွင် ယင်းသည် ကောင်းကင်လမ်းစဉ်အသေးစားကို ဖန်တီးခဲ့သည်။ သို့သော် ထိုကောင်းကင်လမ်းစဉ်အသေးစားသည် ဤကောင်းကင်လမ်းစဉ်နှင့် အရင်းအမြစ် အတူတူပင်ဖြစ်သည်။

သူ၏အမေသည် သူ ဤကောင်းကင်လမ်းစဉ်စွမ်းအားကို လာရောက်အမွေဆက်ခံမည့် အချိန်ကို စောင့်နေကြောင်း ရီဖူရှင်းသိပေသည်။

ထိုအခိုက်တွင် ရီဖူရှင်းသည် လွန်စွာ လောဘကြီးလာသည်ဟု ထင်ရ၏။ သူသည် ဤကောင်းကင်လမ်းစဉ်၏ စွမ်းအားများကို လျင်မြန်စွာ စုပ်ယူနေသည်။

တစ်ချိန်တည်းမှာပင် ရီဖူရှင်း၏ အာရုံအတွင်းသို့ ပုံရိပ်များစွာ ဝင်လာလေသည်။

သူ့စိတ်ထဲတွင် ထည်ဝါသောသူတစ်ယောက် ထွက်ပေါ်လာ၏။ ထိုသူသည် ကောင်းကင်နှင့်မြေကြီးအကြားတွင် ရပ်နေသည်။ သူသည် ဤလောက၏ မဟာဆရာသခင်ဖြစ်ကာ စကြဝဠာကို ထိန်းချုပ်သူ ဖြစ်ပုံပေါ်၏။ သူသည် ကောင်းကင်နှင့်မြေကြီးကို အုပ်ချုပ်သူပင်။

“ကောင်းကင်အင်ပါယာ”

ရီဖူရှင်း၏စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာ၏။ ရုတ်ခြည်းပင် ထိုသူသည် ရှေးခေတ်မှ မူလကောင်းကင်လမ်းစဉ် ပျက်စီးသွားပြီးနောက်တွင် ကောင်းကင်လမ်းစဉ်အသစ်ကို ထူ‌ထောင်ခဲ့သည့် သူ၏အဖိုးအရင်း ကောင်းကင်အင်ပါယာဖြစ်သည်။ သူသည် ကောင်းကင်ဘုံ၏ ဆရာသခင်ဖြစ်ပြီး ကောင်းကင်အင်ပါယာဖြစ်ပေသည်။

ထို့နောက်တွင် ရီဖူရှင်းသည် အခြားတောက်ပသောပုံရိပ်များကိုလည်း တွေ့လိုက်ရ၏။ သူသည် ၎င်းတို့ကို ကိုယ်တိုင်ခံစားနိုင်သကဲ့သို့ပင်။ ထို့အပြင် သူသည် ထိုပုံရိပ်များအတွင်းမှ ခံစားချက်များကိုပါ အာရုံခံနိုင်ပေသည်။

ကောင်းကင်အင်ပါယာသည် သူ့ကို အတတ်များ လွှဲပြောင်းပေးနေခြင်းပင်။

ဤအရာသည် စစ်မှန်သော အမွေဆက်ခံမှုဖြစ်သည်။ သူသည် ကောင်းကင်ဘုံ၏ စစ်မှန်သော ဆက်ခံသူဖြစ်သည်။ ယခုတွင် ကောင်းကင်အင်ပါယာသည် သူကိုယ်တိုင် ကျင့်ကြံခဲ့သော နတ်အတတ်များကို ရီဖူရှင်းထံ လွှဲပြောင်းပေးနေသည်။

****

ရီဖူရှင်းသည် ကျိဝူတောက်ကို အနိုင်ယူခဲ့ပြီး ကောင်းကင်အင်ပါယာနန်းတော်ကို ဆက်ခံကာ ကောင်းကင်အင်ပါယာအဖြစ် ခံယူခဲ့သည်။

အံ့အားသင့်ဖွယ် သတင်းများ တစ်ခုပြီးတစ်ခု ဘုံခုနစ်ခုသို့ ပျံ့နှံ့သွားကြသည်။ ထိုသတင်းများသည် နတ်ဘုရားကုန်းမြေသို့လည်း ရောက်ရှိသားပြီး လောကတစ်ခွင်လုံးကို အုတ်အော်သောင်းနင်းဖြစ်သွားစေသည်။

နောက်ဆုံးတွင် နန်းတက်နိုင်ခဲ့သူမှာ အားလုံးထင်ထားသလို ကျိဝူတောက်မဟုတ်ဘဲ ကောင်းကင်အင်ပါယာ၏ ဆက်ခံသူအစစ်ဖြစ်သော ရီဖူရှင်းဖြစ်နေသည်။ သူသည် ကောင်းကင်ဘုံကို ဆက်ခံရမည့် စစ်မှန်သောဆက်ခံသူဖြစ်သည်။

မကြာသေးခင်က ရီဖူရှင်းက ကောင်းကင်ဒေသကို ဆက်ခံရန် ငြင်းခဲ့သည်ဟု ပြောကြ၏။ မဟုတ်လျှင် သူသည် ယခုတွင် ကောင်းကင်ဒေသနှင့် ကောင်းကင်ဘုံနှစ်ခုစလုံးကို အုပ်ချုပ်ရသူ ဖြစ်နေမည်ဖြစ်သည်။

လောကအတွင်းရှိ လူအားလုံးသည် အင်ပါယာခြောက်ပါးအပြင် အခြားအထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက် ထွက်ပေါ်လာပြီဖြစ်ကြောင်း သဘောပေါက်သွားကြသည်။ ထိုသူမှာ မူလဘုံတွင် ကျင့်ကြံခဲ့ပြီး ကောင်းကင်ဒေသမှ အင်အားစုများစွာ၏ ဖိနှိပ်မှုကို ခံခဲ့ရသော ရီဖူရှင်း ဖြစ်လေသည်။

လောကအတွင်းရှိ ကိစ္စများသည် ထိုမျှ ဆန်းကြယ်လိမ့်မည်ဟု မည်သူ တွေးခဲ့မည်နည်း။

တစ်ချိန်တည်းမှာပင် မအောင်မြင်ခဲ့သော အင်ပါယာခြောက်ပါးတိုက်ပွဲ ပြီးနောက် သူတို့၏ အင်ပါယာနန်းတော်များသို့ ပြန်သွားခဲ့ကြသော မဟာအင်ပါယာများသည်လည်း ထိုသတင်းကို ရလိုက်သည်။ သူတို့သည် အင်ပါယာခြောက်ပါးထဲမှ အင်ပါယာများဖြစ်ပြီး လောကထဲရှိ စွမ်းအားအကြီးဆုံးသူများဖြစ်သော်လည်း ထိုသတင်းကို ကြားလိုက်သောအခါ အလွန်အံ့အားသင့်သွားပေ‌သေးသည်။

အရှင်ဒွန်ဟောင် နှစ်(၂၀၀)ကြာအောင် ကြံစည်ထားခဲ့သည့် အရာအားလုံးမှာ သူ၏မျိုးဆက် ပြန်ထွက်ပေါ်လာနိုင်ရန်အတွက် ဖြစ်ပေသည်။

ထို့အပြင် အရှင်ဒွန်ဟောင်သည် အရာအားလုံးကို ပြင်ဆင်ထားပြီးဖြစ်၍ ဤအစီအစဉ်တွင် ကျရှုံးနိုင်ခြေများရှိသော်လည်း ရီဖူရှင်းက ကံကြမ္မာကို ပြောင်းလဲနိုင်လိမ့်မည်ဟု သူယုံကြည်နေသည်ဆိုသော အဓိပ္ပာယ်ပင်။ အဘယ်ကြောင့် သူသည် ရီဖူရှင်းအပေါ် ထိုမျှ ယုံကြည်မှု ရှိနေသနည်း။

ရီဖူရှင်းသည် သူနှင့် ကောင်းကင်အင်ပါယာ၏ သမီးတော်တို့၏ မျိုးဆက်ဖြစ်နေ၍လော။

ယခုတွင် ရီဖူရှင်းက ကောင်းကင်အင်ပါယာအဖြစ် နန်းတက်သွားကာ ကောင်းကင်(၉၉)လွှာမြောက်ရှိ ကောင်းကင်လမ်းစဉ်ထဲတွင် ကျင့်ကြံနေပြီဖြစ်ရာ မည်သည့်ကိစ္စများ ဖြစ်လာပေမည်နည်း။

All Chapters