← Chapters

ပြန်လာခြင်း

Vol. 203 Ch. 2889

ပြန်လာခြင်း

Vol. 203 Ch. 2889

ကောင်းကင်နှင့် မြေကြီးအကြားရှိ ပြောင်းလဲမှုများသည် မူလဘုံမှ စတင်ခဲ့သည်။

ထိုအရာသည် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ရှေ့ဖြစ်ဟောကိန်းဖြစ်သည်။ ယခုတွင် ထိုရှေ့ဖြစ်ဟောကိန်းသည် မှန်လာပေပြီ။

မူလဘုံသည် လောကအတွင်းမှ ပြောင်းလဲမှုကြီးများကို အစပြုခဲ့သည်။ နတ်ဘုရားကုန်းမြေသည်လည်း ၎င်းဘာသာ ထွက်ပေါ်လာခဲ့သည်။

မူလဘုံတွင် ထူးကဲသူတစ်ယောက် ထွက်ပေါ်လာပြီး လက်ရှိကောင်းကင်အင်ပါယာ ဖြစ်လာခဲ့သည်။

ယခုတွင် ထိုရှေ့ဖြစ်ဟောကိန်းသည် ဘုံခုနစ်ခုလုံးတွင် ထပ်မံ ပျံ့နှံ့လာသည်။ ဤရှေ့ဖြစ်ဟောကိန်းသည် မည်သို့အဆုံးသတ်မည်ဆိုသည့် အကြောင်းများပင် ပျံ့နှံ့နေသည်။

သတင်းများနှင့် ကောလာဟလများအရ မူလဘုံ၏ ရီဖူရှင်းက ကောင်းကင်အင်ပါယာ၏ ပလ္လင်ကို ဆက်ခံခဲ့သည်။ မကြာခင်တွင် သူသည် သူ၏ကျင့်ကြံခြင်းကို အထွတ်အထိပ်အဆင့်အထိ မြှင့်တင်နိုင်ပေတော့မည်။ သူသည် သူတို့အထက်မှ ကောင်းကင်ကို ပြောင်းလဲပစ်ကာ ဤလောကထဲတွင် စွမ်းအားအကြီးဆုံးသူတစ်ယောက် ဖြစ်လာမည်ဖြစ်သည်။

ယင်းတို့သည် ရှေ့ဖြစ်ဟောကိန်းတစ်ခုလုံး ဖြစ်သည်။

ကောင်းကင်နှင့်မြေကြီး၏ ပြောင်းလဲမှုများသည် မူလဘုံတွင် အစပြုသည်။

ထိုရှေ့ဖြစ်ဟောကိန်းသည် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားပြီး ၎င်း၏လွှမ်းမိုးမှုသည် အတိတ်မှ အခြားရှေ့ဖြစ်ဟောကိန်းများထက် သာလွန်သွားပေသည်။ လောကကြီးသည် ထိုရှေ့ဖြစ်ဟောကိန်းမှန်လာသည်ကို နည်းနည်းချင်း ကြည့်နေရလေသည်။

အားလုံးသည် အင်ပါယာနန်းတော်များ၏ တုံ့ပြန်မှုများကို အာရုံစိုက်ကာ စောင့်ကြည့်နေကြသည်။

သို့သော် ထိုအင်ပါယာနန်းတော်များသည် အံ့ဩစရာကောင်းလောက်အောင် တိတ်ဆိတ်နေပြီး ဘာမှ မလုပ်ကြသေးချေ။ သူတို့သည် မည်သို့လုပ်ရမည်ကို ဝေခွဲမရဖြစ်နေသကဲ့သို့ပင်။

မကြာသေးခင်က အင်ပါယာခြောက်ပါး၏ တိုက်ပွဲသည် လက်ရှိလောကကြီးကို ပြောင်းလဲကာ အနာဂတ် လောကကို ပုံပြန်သွင်း၍ ခေတ်ဟောင်းကို အဆုံးသတ်စေလိမ့်မည်ဟု လူများစွာက တွေးခဲ့ကြသည်။ သို့သော် ခေတ် အဆုံးသတ်မသွားဘဲ ဦးတည်ရာသာ ကွဲပြားသွားလိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။ ထိုပြောင်းလဲမှုသည် မထင်မှတ်ထားသည့်အရာဖြစ်သည်။

လက်ရှိတွင် ကောင်းကင်ဒေသနှင့် ဗုဒ္ဓဂိုဏ်းသည် အင်အားပူးပေါင်းထားသည်။ ထို့အပြင် ကောင်းကင်အင်ပါယာ၏ ပလ္လင်ကို ဆက်ခံထားသော ရီဖူရှင်းမှာလည်း ခန့်မှန်း၍မရနိုင်လောက်အောင် စွမ်းအားကြီးနေသည်။ သူသည် အတိတ်က အင်ပါယာရီချင်ထက် ပို၍ စွမ်းအားကြီးပေသည်။

လူသားဘုံနှင့် အခြားအင်အားစုများအကြားတွင် စိတ်ဝမ်းကွဲမှုများ ရှိနေသည်။ တစ်ဘက်တွင်လည်း နတ်ဆိုးလောက၊ မှော်နက်လောနှင့် ဗလာနတ္တိဘုံတို့သည် လူသားဘုံက သူတို့၏အကြံအစည်များကို လျှို့ဝှက်ထားခဲ့သဖြင့် ဆက်ယုံကြည်ရန် မသင့်တော့ဟု မြင်နေသည်။ သို့သော် သူတို့သည် လူသားဘိုးဘေးကလည်း အရှင်ဒွန်ဟောင်ကဲ့သို့ အန္တရာယ်ရှိသူဖြစ်ကြောင်း သိ၍ အလောသုံးဆယ် လှုပ်ရှားမည် မဟုတ်ပေ။

ထို့ကြောင့် မည်သူမှ မဆင်မခြင် မလှုပ်ရှားဝံ့ကြချေ။ သို့ဖြစ်၍ လွန်စွာ ထူးဆန်းသော အခြေအနေတစ်ခု ဖြစ်လာခဲ့သည်။ ဘက်အားလုံးသည် အံ့ဩရလောက်အောင် ငြိမ်သက်နေကြပေသည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်(၉၉)လွှာရှိ ကောင်းကင်နန်းတော်သည် ၎င်း၏ စည်းမျဉ်းများကို ပြန်လည် ထူထောင်နေသည်။

အရှင်ဒွန်ဟောင်သည် ဒွန်ဟောင်အင်ပါယာနန်းတော်နှင့် ကောင်းကင်အင်ပါယာနန်းတော်တို့အကြားမှ လမ်းကြောင်းကို ဖွင့်ကာ ကောင်းကင်ဒေသရှိ အင်ပါယာနန်းတော်မှ ကျင့်ကြံသူများနှင့်အတူ ရောက်လာခဲ့သည်။ သူသည်လည်း ကောင်းကင်(၉၉)လွှာကို ပြန်လည်ထူထောင်ခြင်းကို ဝင်ရောက်ညွှန်ကြားပေးခဲ့ပြီး ရီဖူရှင်း ပူပန်စရာမလိုဘဲ ကျင့်ကြံခြင်းအပေါ်တွင်သာ အာရုံစိုက်နိုင်ရန် ရီဖူရှင်းကို နောက်ကွယ်မှနေ၍ ကူညီပေးခဲ့သည်။

ဒွန်ဟောင်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် အရှင်ဒွန်ဟောင်တစ်ယောက် ထိုကိစ္စများကို ကိုယ်တိုင်ကြီးကြပ်သည်ကို ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့သည် အံ့အားသင့်နေကြလေသည်။

မဟာအင်ပါယာသည် ရီဖူရှင်းက အပေါ် အလွန်အပြစ်ရှိသည်ဟု ခံစားနေရကြောင်း ထင်ရှား၏။ ထို့ကြောင့် သူသည် ဤနည်းဖြင့် အပြစ်ကျေအောင် လုပ်နေခြင်းဖြစ်သည်။ ရီဖူရှင်းသည် မွေးကတည်းက စွန့်ပစ်ခံခဲ့ရကာ ဤအဆင့်သို့ မရောက်ခင် အခက်အခဲပေါင်းများစွာနှင့် ကြုံခဲ့ရသည် မဟုတ်ပါလား။ သူသည် ထိုကိစ္စတစ်ခုလုံးအတွက် အလွန်အပြစ်ရှိသည်ဟု ခံစားနေရသဖြင့် ဒွန်ဟောင်အင်ပါယာနန်းတော်တွင် ရီဖူရှင်း၏လှံချက်ကို ခံခဲ့ခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် အရှင်ဒွန်ဟောင်သည် ကောင်းကင်(၉၉)လွှာတွင် ထုတ်ဖော်ခြင်းနတ်အစီအရင်ကို ပြုလုပ်ခဲ့သည်။ ထို့ကြောင့် ရလဒ်အနေဖြင့် ယခုတွင် ကောင်းကင်(၉၉)လွှာသည် အဆင့်တစ်ခုရှိသည့် ခံစစ်တစ်ခုကို ပိုင်ဆိုင်သွားပြီဖြစ်သည်။

ထို့အပြင် သူသည် ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများကို ဤနေရာသို့ ပို့ခဲ့ပြီး သူတို့ကို ကောင်းကင်(၉၉)လွှာတွင် ကျင့်ကြံစေခဲ့သည်။

ရီအင်ပါယာနန်းတော်မှ လူတိုင်းသည် ရီဖူရှင်းနောက်သို့ နှစ်ပေါင်းများစွာ လိုက်ခဲ့သည့် ကျင့်ကြံသူများဖြစ်သည်။ ယခုတွင် ရီဖူရှင်းက ကောင်းကင်ဘုံတွင် ကောင်းကင်အင်ပါယာအဖြစ် အုပ်စိုးနေပြီဖြစ်ရာ သူတို့သည်လည်း ဤနေရာသို့ လိုက်လာခြင်းသည် သဘာဝကျပေသည်။ ထို့အပြင် သူသည် ကောင်းကင်ဘုံနှင့် စီဝေ့ကြယ်ကောင်းကင်ကြားတွင် လမ်းကြောင်းတစ်ခု ဖွင့်လိုနေသည်။ ထိုမှ စီဝေ့ကြယ်ကောင်းကင်မှ ကျင့်ကြံသူများသည်လည်း ကောင်းကင်ဘုံသို့ လာရောက် ကျင့်ကြံနိုင်ကာ ရီဖူရှင်း၏ ခြေရာအတိုင်း ဆက်လိုက်နိုင်မည်ဖြစ်သည်။

အချိန်သည် တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးလာလေသည်။ အချိန်တိုအတွင်းမှာပင် ကောင်းကင်(၉၉)လွှာသည် ပုံစံအသစ် ပြောင်းလဲသွားပေပြီ။ နေရာအနှံ့တွင် နတ်နန်းတော်များနှင့် စံအိမ်များရှိနေပြီး ကျင့်ကြံခြင်းနန်းတော်များသည်လည်း ကောင်းကင်(၉၉)လွှာအတွင်းရှိ နေရာအသီးသီးတွင် ရှိနေသည်။

ကောင်းကင်အင်ပါယာက ကောင်းကင်အင်ပါယာနန်းတော်ကို အုပ်ချုပ်ခဲ့သည့် ကောင်းကင်ဘုံ၏ ရွှေခေတ်တွင် ကောင်းကင်အင်ပါယာနန်းတော်ထဲ၌ ကျင့်ကြံသူများနှင့် ပြည့်နေခဲ့သည်။ ထို့အပြင် ကောင်းကင်(၉၉)လွှာတွင်လည်း ကျင့်ကြံသူများ နေရာအနှံ့၌ ရှိနေခဲ့သည်။ သူတို့သည် သူတို့၏ကိုယ်ပိုင်လောကတစ်ခုထဲတွင် ရှိနေခဲ့သည်ဟုပင် ထင်ရသည်။

သို့သော် ကောင်းကင်ဘုံ အရှိန်အဝါ ကျဆင်းလာပြီးနောက်တွင် ကောင်းကင်အင်ပါယာနန်းတော်ရှိ လူအရေအတွက်သည် သိသိသာသာ လျော့ကျသွားခဲ့သည်။ ကောင်းကင်(၉၉)လွှာသည် လူသူကင်းရှင်းလာခဲ့သည်။ ဤကောင်းကင်လမ်းစဉ် တစ်စိတ်တစ်ပိုင်း ထွက်ပေါ်လာမှသာ ကျင့်ကြံသူများစွာသည် ကောင်းကင်(၉၉)လွှာကို ပြန်စိတ်ဝင်စားလာခြင်းဖြစ်သည်။ သို့သော် ထိုလူများသည် ကျင့်ကြံရန်အတွက်သာ ဤနေရာသို့ ရောက်လာခြင်းဖြစ်သည်။ သူတို့သည် ကောင်းကင်အင်ပါယာနန်းတော်နှင့် သက်ဆိုင်သော သူများမဟုတ်ပေ။ ထို့ကြောင့် သူတို့ကို ထည့်တွက်၍မရချေ။

ယခုတွင် အရာအားလုံးကို အသစ်ပြန်စရမည်ဖြစ်သည်။

*****

ကောင်းကင်(၉၉)လွှာအထက်တွင် ကောင်းကင်အင်ပါယာနန်းတော်ကို ပြန်တည်ဆောက်ပြီးခဲ့ပေပြီ။ ၎င်းသည် လွန်စွာ ခမ်းနားထည်ဝါလှသည်။ အရှင်ဒွန်ဟောင်သည် အရာအားလုံးကို ကိုယ်တိုင် ညွှန်ကြားခဲ့သည်။

ရီအင်ပါယာနန်းတော်မှ အရေးပါသူများအားလုံးသည်လည်း ဤနေရာတွင် ရှိနေပြီး ကောင်းကင်လမ်းစဉ်ကို လေ့လာကျင့်ကြံနေကြသည်။

အရှင်ဒွန်‌ဟောင် ခေါင်းမော့ကြည့်လိုက်ရာ ရီဖူရှင်းသည် မြင့်မားသော ကောင်းကင်ထက်တွင် ကျင့်ကြံနေဆဲဖြစ်ကြောင်း တွေ့လိုက်၏။ ထို့ကြောင့် သူသည် ရီဖူရှင်းကို မနှောင့်ယှက်တော့ပေ။ သူ ဤနေရာသို့ လာရောက်၍ ထိုကိစ္စများကို လုပ်ဆောင်ပေးခဲ့ခြင်းမှာ ရီဖူရှင်း အေးအေးဆေးဆေး ကျင့်ကြံနိုင်စေရန်ဖြစ်သည်။ လက်ရှိတွင် ရီဖူရှင်းအတွက် ကျင့်ကြံခြင်းသည် အခြားအရာအားလုံးထက် ပိုအရေးကြီးပေသည်။

“အရှင်အင်ပါယာ”

ထိုအခိုက်တွင် အရှင်ဒွန်ဟောင်အနောက်တွင် အသံတစ်သံကို ကြားလိုက်ရ၏။

“ချင်...”

အရှင်ဒွန်ဟောင် ခေါ်လိုက်၏။

“သခင်လေးက မင်းသမီးကနေ ပြောင်းလဲသွားတဲ့ ကောင်းကင်လမ်းစဉ်နဲ့ ဘာလုပ်လောက်လဲ”

ချင်က မေးလိုက်သည်။

“ငါ မသိဘူး”

ချင်သည် သူ၏အဖြေကိုကြားလိုက်သောအခါ အနည်းငယ် မျက်မှောင်ကြုတ်၍ ပြောလိုက်၏။

“အရှင်အင်ပါယာ.... သခင်လေးရဲ့ အကြောင်းက ပေါ်သွားပါပြီ။ အခု ဘာမှ ဖြစ်မနေဘူးလို့ ထင်ရပေမယ့် ကိစ္စတွေက နောက်ကွယ်မှာ ဖြစ်နေလောက်မှာပါ။ အဲဒါက သူ့အတွက် အရမ်းအန္တရာယ်များတယ်။ နတ်ဆိုးအင်ပါယာ၊ မှော်နက်အရှင်နဲ့ မိစ္ဆာအင်ပါယာတို့က အတိတ်မှာ ဖြစ်ခဲ့တဲ့ တချို့ကိစ္စတွေကို မသိကြပါဘူး။ အခု အတိတ်မှာ ဖြစ်ခဲ့တဲ့ကိစ္စတွေကို ထုတ်ပြောလို့ရနိုင်ပြီလား”

အတိတ်တွင် သူမတို့သည် အခြားသူများက ကောင်းကင်ဒေသကို တန်ကြေးမည်မျှပေးရပေးရ ရအောင်ဖျက်ဆီးပစ်မည်စိုးသဖြင့် ထိုအကြောင်းများကို ထုတ်မပြောဝံ့ခဲ့ကြပေ။ သို့သော် ယခုတွင် မိတ်ဆွေနှင့် ရန်သူကို ရှင်းရှင်းလင်းလင်း မခွဲခြားနိုင်တော့သဖြင့် နောက်ပြန်ဆုတ်ရန် မဖြစ်နိုင်တော့ချေ။ နောက်ဆုံးတွင် လောကကြီးထဲ၌ တစ်ဘက်သာ ကျန်ခဲ့နိုင်မည်ဖြစ်သည်။ ဤကဲ့သို့သော အချိန်တွင် ဖြစ်နိုင်သမျှ မဟာမိတ်များများရအောင် လုပ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။

“သူတို့က လောကကြီးကို အုပ်ချုပ်ရတဲ့ အင်ပါယာခြောက်ပါးထဲက သူတွေဆိုတော့ အဲဒီအကြောင်းတွေကို မသိဘဲနေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့အားလုံးမှာလည်း သူတို့စိုးရိမ်ရမယ့်ဟာတွေ ရှိတယ်။ သူတို့က ဘယ်သူ့ကို ရန်စလို့ရတယ်၊ ဘယ်သူ့ကိုတော့ ထိလို့မရဘူးဆိုတာ ကောင်းကောင်းသိကြပါတယ်”

အရှင်ဒွန်ဟောင်က ပြန်ပြောလိုက်၏။

“အရှင်အင်ပါယာ ပြောချင်တာက သူတို့က ဒီကိစ္စကို အရင်ကတည်းက သိနေတယ်ပေါ့ “

ချင်ပြောလိုက်၏။

“သူတို့က အဲဒီအကြောင်းတွေကို အကုန်မသိဘူးဆိုရင်တောင် လုံးဝမသိဘဲနေမှာတော့ မဟုတ်ဘူး”

အရှင်ဒွန်ဟောင် ပြန်ပြောလိုက်၏။

“ပြီးတော့ သူတို့က ငြိမ်းချမ်းနေခဲ့တဲ့ ပြီးခဲ့တဲ့ ရာစုနှစ်အနည်းငယ်အတွင်းမှာ သူတို့ကိုယ်သူတို့ အစွမ်းတက်လာအောင် ကြိုစားလုပ်ဆောင်နေကြတာပဲ။ ဒါပေမဲ့ ဒီတစ်ခေါက်တော့ လူသားဘိုးဘေးက နည်းနည်း စိတ်မရှည်ဖြစ်နေတယ်”

“အရှင်အင်ပါယာက လူသားဘိုးဘေး မှော်နက်အရှင်ကို တိုက်ခိုက်လိုက်တဲ့ကိစ္စကို ပြောတာလား”

ချင် မေးလိုက်သည်။

“အင်း...”

အရှင်ဒွန်ဟောင် ခေါင်းညိတ်လိုက်သည်။

“လောကထဲက အင်ပါယာခြောက်ပါးက မျှခြေတစ်ခုကို ဖန်တီးခဲ့တယ်။ သူတို့အားလုံးက အဲဒီမျှခြေကို ထိန်းသိမ်းချင်ကြတယ်။ ဒါပေမဲ့ အားလုံးရဲ့ တည်ရှိမှုကို ခြိမ်းခြောက်နိုင်တဲ့အရာတစ်ခုခု ရှိလာပြီဆိုရင်တော့ သူတို့ကို အဲဒါကို ရှင်းပစ်ဖို့ ချီတုံချတုံ ဖြစ်နေမှာ မဟုတ်ဘူး။ ဒီတစ်ခေါက် လုပ်ရပ်ရဲ့ နောက်ကွယ်က အကြောင်းက အဲဒီလောက် မရိုးရှင်းဘူး။ သူတို့တစ်ဦးချင်းစီမှာ သူတို့ထည့်စဉ်းစားရမယ့် ကိစ္စတွေရှိတယ်။ ဒါပေမဲ့ လူသားဘိုးဘေး မှော်နက်အရှင်ကို တိုက်ခိုက်လိုက်တဲ့လုပ်ရပ်က လူသားဘိုးဘေးရဲ့ မှော်နက်အရှင်ကို သတ်ချင်နေတဲ့ အကြံကို ပေါ်သွားစေတယ်။ အဲဒါကြောင့် လူသားဘိုးဘေးက သူ့ဘာသာ ရန်သူဖြစ်သွားအောင် လုပ်လိုက်တာပဲ”

ချင် အနည်းငယ် ခေါင်းညိတ်လိုက်သည်။ အင်ပါယာခြောက်ပါးစလုံးသည် ကိုယ့်အကြံနှင့်ကိုယ်ရှိကြောင်း ထင်ရှား၏။ သူတို့သည် ရိုးသားသူများ မဟုတ်ကြပေ။

“ဒါပေမဲ့ ငါ အပြင်ကို သွားရဦးမယ်”

အရှင်ဒွန်ဟောင် ပြောလိုက်၏။ ထို့နောက် သူသည် တင်ပျဉ်ခွေထိုင်ကာ မျက်လုံးများ မှိတ်လိုက်သည်။ သူ့ထံမှနေ၍ ဝိညာဉ်ပုံရိပ်များ ခွဲထွက်သွားပြီး အရှင်ဒွန်ဟောင်၏ ဝိညာဉ်ပုံရိပ်သုံးခုအဖြစ် ပြောင်းလဲသွား၏။ သူတို့သည် ကောင်းကင်(၉၉)လွှာမှနေ၍ တစ်ချိန်တည်း ထွက်သွားကြလေသည်။

သူသည် နတ်ဆိုးလောက၊ မှော်နက်လောကနှင့် ဗလာနတ္တိဘုံတို့ကို သွားကာ မဟာအင်ပါယာသုံးပါးကို သူတို့၏နယ်မြေထဲတွင် တွေ့ဆုံမည်ဖြစ်သည်။

အရှင်ဒွန်ဟောင်သည် သူတို့အင်ပါယာများထဲတွင် လူသားဘိုးဘေးသည် အကြီးမားဆုံးအန္တရာယ်ဖြစ်ကြောင်း ကောင်းကောင်းသိပေသည်။ သူသည် ဘုံရန်သူအစစ်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဤလောကအပြင်ဘက်ရှိ လူသားဘုံ၏ လူသားနတ်ဘုရားနန်းတော်ထဲတွင် လူတစ်ယောက်သည် အကန့်အသတ်မဲ့အာကာပြင်ထဲ၌ တင်ပျဉ်ခွေထိုင်နေလေသည်။ ထိုနေရာတွင် သူတစ်ယောက်တည်းသာ ရှိသည်။ ထိုသူသည် လူသားဘိုးဘေးဖြစ်သည်။

ထိုအချိန်တွင် ကောင်းကင်သည် လှုပ်ရှားလာပြီး ကြောက်မက်ဖွယ် အရှိန်အဝါတန်းများ ကျဆင်းလာလေသည်။ ထိုကောင်းကင်ထက်တွင် မျက်လုံးတစ်စုံထွက်ပေါ်လာ၏။ ၎င်းတို့သည် အသက်ရှူမှားလောက်အောင် ကြောက်မက်ဖွယ်ကောင်းလှသည်။

ထိုမျက်လုံးများ ပွင့်လာသောအခါ ကောင်းကင်ထဲမှနေ၍ အလင်းတန်းများ ပျံထွက်လာပြီး လူရိပ်များအဖြစ် ပြောင်းလဲသွား၏။ ထိုလူရိပ်များသည် ကောင်းကင်မှ ဆင်းသက်လာကာ ကောင်းကင်နှင့်မြေကြီးအကြားတွင် ရပ်နေကြလေသည်။ သူတို့၏ ပြိုင်ဘက်ကင်းအရှိန်အဝါများက သူတို့သည် ထူးကဲသော မဟာအင်ပါယာများဖြစ်ကြောင်း အတည်ပြုပေးနေသည်။

သူတို့သည် ဤလောကထဲသို့ ရောက်လာသောအခါ ကျယ်ပြောသောလောကကို လှည့်ပတ်ကြည့်လိုက်ကြသည်။

သူတို့ ပြန်ရောက်လာပေပြီ။

All Chapters