နတ်ဘုရားဆန်စွာ ရောက်ရှိလာခြင်း
Vol. 203 Ch. 2890
မှော်နက်နန်းတော်ထဲတွင် ကျင့်ကြံနေသော မှော်နက်အရှင်သည် ရုတ်တရက် တစ်စုံတစ်ရာကို အာရုံခံမိသွားသည်။ သူ မျက်လုံးများ ဖွင့်လိုက်ပြီး အဝေးသို့ ကြည့်ကာ ခေါ်လိုက်၏။
“ဒွန်ဟောင်”
အဝေးတွင် ဝိညာဉ်ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ ယင်းသည် အရှင်ဒွန်ဟောင်ပင်။ ထိုအခိုက်တွင် မှော်နက်နန်းတော်အထက်မှ ကျင့်ကြံသူများအားလုံးသည် သတိကြီးကြီးဖြင့် စောင့်နေကြကာ အရှင်ဒွန်ဟောင်ကို ကြည့်နေကြသည်။ သူသည် ဤနေရာသို့ ဘာလာလုပ်ခြင်းနည်း။
“ခင်ဗျားက ကျုပ်ကိုတွေ့ရတာ ဝမ်းမသာဘူးလား”
အရှင်ဒွန်ဟောင်က မေးလိုက်၏။
“အထဲဝင်ခဲ့ပါ”
မှော်နက်အရှင်က ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်၏။ ရုတ်ခြည်းပင် အရှင်ဒွန်ဟောင်သည် အရှေ့သို့ ပျံလာပြီး မှော်နက်နန်းတော်အတွင်းသို့ ဝင်ကာ နန်းတော်၏ အမြင့်ဆုံးနေရာသို့ သွားလိုက်လေသည်။ ထိုနေရာအရှေ့တွင် မှော်နက်အရှင်က တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေသည်။ အထက်ကောင်းကင်တွင် ကြောက်မက်ဖွယ် မှော်နက်မုန်တိုင်းတစ်ခု ရစ်သိုင်းနေပြီး နန်းတော်တစ်ခွင်လုံးကို လွှမ်းခြုံထားလေသည်။
“ခင်ဗျားက ငြိမ်းချမ်းရေး တောင်းဆိုဖို့ ဒီကို ရောက်လာတာလား”
မှော်နက်အရှင်က မေးလိုက်သည်။
“ကျုပ် ဒီကို မလာခင်တုန်းက မှော်နက်နန်းတော်ရဲ့ နယ်မြေထဲတွင် အလင်းကုန်းမြေတစ်ခုကို တွေ့ခဲ့တယ်။ အဲဒီကုန်းမြေပေါ်က အမျိုးသမီးက ဘယ်သူလဲ”
အရှင်ဒွန်ဟောင် မေးလိုက်၏။
“အဲဒါက ခင်ဗျားနဲ့ မဆိုင်ပါဘူး”
မှော်နက်အရှင်သည် ခပ်တည်တည် ပြန်ပြောလိုက်၏။
“အလင်းနဲ့ အမှောင်ထု တွဲဖက်တည်ရှိနေတာပဲ။ ခင်ဗျားက မှော်နက်လောကရဲ့ အလယ်မှာ အဲဒီလိုနေရာတစ်ခုကို တည်ရှိခွင့်ပေးထားတာ စိတ်ဝင်စားစရာပဲ”
အရှင်ဒွန်ဟောင် ဆက်ပြောလိုက်၏။
“အတိတ်တုန်းက ဖြစ်ခဲ့တာတွေကို ခင်ဗျားလည်း သိလောက်မှာပါ... ပြီးတော့ လူသားဘိုးဘေးက အပေါ်ယံထင်ရသလို မရိုရှင်းဘူးဆိုတာလည်း ခင်ဗျား သိမှာပါ။ သူက ခင်ဗျားတို့ကို ကောင်းကင်ဒေသကို ဖျက်ဆီးဖို့ လောဆော်ခဲ့တာပဲ... ကျိဝူတောက်ကိုသတ်ပြီး ကောင်းကင်ဘုံကို ကျူးကျော်ဖို့ရောပေါ့။ သူ အဲဒီလိုလုပ်ရတာက သူ့ရဲ့အစီအစဉ်တွေမှာ ကောင်းကင်ဒေသနဲ့ ကောင်းကင်ဘုံက ဝင်ပိတ်နေလို့ပဲ။ အမှန်တော့ လူသားဘိုးဘေးက အမြဲတမ်း လောကကြီးကို အုပ်စိုးချင်နေခဲ့တာပဲ။ အဲဒါကြောင့် သူက ကျုပ်ကို သတ်လိုက်နိုင်ပြီလို့ ထင်လိုက်တာနဲ့ ခင်ဗျားကို ဆက်ပြီးတိုက်ခိုက်တာပဲ။ ခင်ဗျားလည်း အဲဒါတွေကို သိပြီးလောက်ပြီဆိုတာ ကျုပ်သိပါတယ်”
“ခင်ဗျားရဲ့ လာရင်းကိစ္စကိုသာ ပြောပါ”
မှော်နက်အရှင်သည် စိတ်ရှည်ပုံမပေါ်ချေ။ သူတို့သည် ကိစ္စများစွာကို သိထားပြီးဖြစ်၍ ဝေ့ဝိုက်နေရန် မလိုပေ။
“တကယ်လို့ လူသားဘိုးဘေးသာ သူ့ရည်ရွယ်ချက်ကို အောင်မြင်အောင်လုပ်နိုင်သွားပြီး လောကကို အုပ်စိုးရင် သူက ခင်ဗျားကို ဘာလုပ်မယ်ဆိုတာ ကျုပ် ထပ်ပြီးပြောနေစရာလိုမယ် မထင်ဘူး”
အရှင်ဒွန်ဟောင်သည် မှော်နက်အရှင်၏စကားကို လျစ်လျူရှုကာ ဆက်ပြောလိုက်၏။
“အဲဒါက ခင်ဗျားရဲ့ ဆန္ဒလည်း ဖြစ်နိုင်ပါတယ်... လောကကြီးက လုံးဝအမှောင်ထုအဖြစ် ပြောင်းလဲသွားတာလေ။ ဒါပေမဲ့ လောကစည်းမျဉ်းကို ပြန်လုပ်မယ့် ခင်ဗျားရဲ့အတွေးက ပျက်စီးသွားလောက်မှာပဲ။ လူသားဘိုးဘေးက လောကထဲက အရာအားလုံးကို ထိန်းချုပ်ထားမှာ... ကျင့်ကြံခြင်းလောက,က ထာဝရအမှောင်ထုထဲကို ကျသွားမှာ။ နောက် ကောင်းကင်လမ်းစဉ် တိုက်ပွဲဖြစ်လာတဲ့အထိပေါ့”
“ဘယ်သူပဲ လောကကို အုပ်စိုး အုပ်စိုး ရလဒ်က အတူတူပဲ ဖြစ်မယ်ထင်တယ်။ အလုံးစုံပျက်သုဉ်းပြီးမှပဲ ပြန်မွေးဖွားလာနိုင်မှာ”
မှော်နက်အရှင်က အေးစက်စွာ ပြောလိုက်၏။ သူထံမှနေ၍ အဖျက်အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။ ထိုအရှိန်အဝါသည် အလွန်ကြောက်မက်ဖွယ်ကောင်းသဖြင့် သူသည် ကမ္ဘာဖျက်နတ်ဘုရားတစ်ပါးကဲ့သို့ပင် ထင်ရသည်။
မှော်နက်အရှင်၏ ရည်မှန်းချက်ပန်းတိုင်သည် လောကကြီးအတွင်းသို့ အမှောင်ထုနှင့် ပျက်သုဉ်းခြင်းကို ဆောင်ကျဉ်းရန်ဖြစ်သည်။ အရာအားလုံး ပျက်သုဉ်းပြီးနောက်မှာသာ ပြန်မွေးဖွားလာရန် ဖြစ်နိုင်ပေလိမ့်မည်။ ထိုအခါ ကွဲပြားသောလောကတစ်ခု ထွက်ပေါ်လာနိုင်မည်ဖြစ်သည်။
“အဲဒီလိုဆိုရင် ပျက်သုဉ်းခြင်းက သံသရာလည်နေမှာပဲ။ အသစ်ထွက်ပေါ်လာတဲ့ လောက,ကလည်း လမ်းဟောင်းအတိုင်း လိုက်သွားဦးမှာပဲ။ ဘာတွေများ ကွဲပြားသွားမှာမလို့လဲ”
အရှင်ဒွန်ဟောင်၏ အရှိန်အဝါသည် တည်ငြိမ်နေသေးပေသည်။
“လောကကြီးက ပျက်သုဉ်းခြင်းကို လိုနေတာ မဟုတ်ဘူး... လောကစည်းမျဉ်းတွေကို တာဝန်ယူမယ့် ကွဲပြားတဲ့လူတွေရှိတဲ့ ကွဲပြားတဲ့လောကတစ်ခုကို လိုနေတာပဲ”
မှော်နက်အရှင်က သူ့ကို စိုက်ကြည့်သည်။ အရှင်ဒွန်ဟောင် ဆက်ပြောလိုက်၏။
“ခင်ဗျား ဘာကိုပဲ ရွေးချယ်ပါစေ သေချာစဉ်းစားပြီး ရွေးချယ်ပါ”
အရှင်ဒွန်ဟောင်သည် ထိုသို့ပြောပြီးနောက် အချိန်ဆက်ဖြုန်းမနေတော့ဘဲ နောက်လှည့်ကာ ထွက်သွားသည်။ သူတို့နှစ်ယောက်စလုံးသည် ဉာဏ်ကောင်းသူများဖြစ်သည်။ သူတို့အဆင့်တွင် သူသည် များစွာ ပြောနေရန်မလိုပေ။ တစ်ခါတရံတွင် အဓိကအချက်များကိုသာ ရှင်းရှင်းလင်းလင်း ပြောလိုက်ရုံဖြင့် လုံလောက်ပေသည်။
မှော်နက်အရှင်သည် မည်သည့်အခါကမှ သူ၏ရည်မှန်းချက်ကို ဖုံးကွယ်မထားခဲ့ပေ။ ထိုရည်မှန်းချက်သည် လောကကို ဖျက်ဆီးရန်ဖြစ်သည်။ ထိုသို့ဖျက်ဆီးပြီးမှ လောကကို ပြန်ပုံသွင်းမည်ဖြစ်သည်။ ထိုအကြောင်းကို အရှင်ဒွန်ဟောင် သိထားပြီးဖြစ်သည်။ ထို့ကြောင့် အရှင်ဒွန်ဟောင်သည် မှော်နက်အရှင်ကို သူ့ဆန္ဒနှင့် ကိုက်ညီမည့် ရလဒ်မျိုးကို သေသေချာချာ စဉ်းစားခိုင်းခဲ့ခြင်းပင်။
မှော်နက်အရှင်၏ ရည်မှန်းချက်သည် မဖြစ်နိုင်လျှင် သူ ဘာကို ရွေးချယ်မည်နည်း။
****
အရှင်ဒွန်ဟောင်သည် နတ်ဆိုးအင်ပါယာနှင့်တွေ့ရန် နတ်ဆိုးလောကရှိ နတ်ဆိုးအင်ပါယာနန်းတော်သို့ ရောက်လာလေသည်။
နတ်ဆိုးနတ်ဘုရားနန်းတော်ရှေ့တွင် နတ်ဆိုးအင်ပါယာသည် အရှင်ဒွန်ဟောင်ကိုကြည့်ကာ ပြောလိုက်၏။
“ဒွန်ဟောင် ခင်ဗျားရဲ့ အစီအစဉ်က အောင်မြင်သွားခဲ့ပြီပဲ။ ခင်ဗျား ဒီကို ဘာလာလုပ်တာလဲ”
“ယူချင်း ဘယ်မှာလဲ”
အရှင်ဒွန်ဟောင်သည် ယူချင်းအကြောင်းကို မေးလိုက်လေသည်။
နတ်ဆိုးအင်ပါယာသည် မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်၏။
“သူ ကျင့်ကြံနေတယ်”
“ဖူရှင်းနဲ့ ယူချင်းတို့က ကလေးဘဝကတည်းက အတူကြီးပြင်းလာကြတာ။ သူတို့ရဲ့ အဖေတွေကလည်း မိတ်ဆွေကောင်းတွေပဲ... ပြီးတော့ သူတို့ရဲ့ အမေတွေက ညီအစ်မတွေ။ အဲဒါကြောင့် အနာဂတ်မှာ သူတို့ဘယ်လိုပဲ ရပ်တည်ရပ်တည် သူတို့က ညီနောင်ကောင်းတွေ ဖြစ်လာမှာပဲ။ ယူချင်းရဲ့ ကိစ္စတွေကလည်း ဖူရှင်းရဲ့ ကိစ္စတွေ ဖြစ်လာမှာပဲ”
အရှင်ဒွန်ဟောင်သည် နတ်ဆိုးအင်ပါယာကိုကြည့်ကာ ဆက်ပြောလိုက်၏။
“တစ်နေ့တော့ သူတို့နှစ်ယောက် ဘေးချင်းယှဉ်ပြီး တိုက်ခိုက်တာကို ကျုပ်မြင်ချင်သေးတယ်”
အရှင်ဒွန်ဟောင်သည် ထိုသို့ပြောပြီးနောက် အနည်းငယ် ဦးညွှတ်ကာ ထွက်သွားသည်။ သူသည် ဤနေရာသို့ စကားအနည်းငယ်ပြောရန်သာ ရောက်လာခြင်းဖြစ်သည်။
သူသည် ကောင်းကင်ဒေသနှင့် နတ်ဆိုးလောကအကြောင်းကို မပြောခဲ့ပေ။ ထိုလောကနှစ်ခုအကြားတွင် ဖြစ်ခဲ့သော ကိစ္စများကိုလည်း မပြောခဲ့ချေ။ ရီဖူရှင်းနှင့် ယူချင်းအကြောင်းကိုသာ ပြောခဲ့လေသည်။
သို့သော် သူပြောခဲ့သော စကားများထဲတွင် လုံလောက်သော သဲလွန်စများ ပါနေပြီဖြစ်သည်။
အကယ်၍ နတ်ဆိုးအင်ပါယာသာ ယူချင်းအား နတ်ဆိုးလောကကို ဆက်ခံစေလိုလျှင် အနာဂတ်တွင် ရီဖူရှင်းသည် နတ်ဆိုးလောကကို ထိခိုက်နစ်နာစေမည့် မည်သည့်ကိစ္စကိုမှ လုပ်မည် မဟုတ်ချေ။
ဤမတိုင်ခင်က နတ်ဆိုးအင်ပါယာသည်လည်း ကိစ္စတစ်ခုကို ကြားခဲ့သည်။ လောကထဲတွင် အလွန်စွမ်းအားကြီးသူ တစ်ယောက် ထွက်ပေါ်လာလျှင် နတ်ဆိုးလောကသည် နတ်ဆိုးချောက်ကမ်းပါး၏ ကပ်ဘေးများကို ဆက်၍ ခံစားရန် မလိုတော့ပေ။
အရှင်ဒွန်ဟောင်သည် မိစ္ဆာအင်ပါယာကို တွေ့ရန်အတွက်လည်း ဗလာနတ္တိဘုံသို့ သွားခဲ့လေသည်။ ဝိညာဉ်ပုံရိပ်သုံးခုသည် အင်ပါယာခြောက်ပါးထဲမှ သုံးပါးနှင့် သွားရောက်တွေ့ဆုံကာ မတူသော စကားများကို ပြောခဲ့သည်။
လက်ရှိတွင် ကောင်းကင်ဒေသနှင့် ကောင်းကင်ဘုံသည် လူသားဘိုးဘေး၏ အန္တရာယ်နှင့် ရင်ဆိုင်နေရပေသည်။ သူတို့သည် ယခင်တစ်ခေါက်ကကဲ့သို့ ဘုံလေးခုက ဝန်းရံတိုက်ခိုက်မှုမျိုးကို ထပ်မံ မကြုံလိုပေ။
ပို၍ အရေးကြီးသည်မှာ လူသားဘုံသည် အင်အားအစစ်အမှန်ကို အမြဲ လျှို့ဝှက်ထားခဲ့သည်ဟု သူတွေးမိခြင်းပင်။ ဤမတိုင်ခင်က လူသားဘိုးဘေးသည် အင်ပါယာခြောက်ပါး၏တိုက်ပွဲက ကိစ္စအားလုံးကို အဆုံးသတ်ပေးလိမ့်မည်ဟု ထင်ခဲ့သည်။ ထို့ကြောင့် သူသည် အင်အားအချို့ကို ထုတ်မသုံးခဲ့ချေ။ သို့သော် ယင်းအင်အားများကို ကျိဝူတောက်သည် လူသားနတ်ဘုရားနန်းတော်ထဲတွင် တွေ့ခဲ့ရလေသည်။
*****
ကောင်းကင်ဘုံတွင် ကျင့်ကြံသူများစွာသည် ကောင်းကင်အင်ပါယာမြို့တော်အတွင်းသို့ သွားနေကြသည်။ သူတို့သည် ကောင်းကင်(၉၉)လွှာတွင် ကျင်ကြံလိုနေကြခြင်းပင်။
ကောင်းကင်ဘုံတစ်ခွင်လုံးမှ ထိပ်သီးများသည်လည်း ကောင်းကင်အင်ပါယာမြို့တော်ထဲတွင် စုဝေးနေကြသည်။ အချို့သည် ကောင်းကင်အင်ပါယာနန်းတော်သို့ ပူးပေါင်းကာ ကောင်းကင်(၉၉)လွှာတွင် နေသင့်၊ မနေသင့်ကို ချီတုံချတုံ ဖြစ်နေကြသည်။
သူတို့ထဲတွင် နတ်ဘုရားတစ်ဝက်အဆင့် ရှိသူများ များစွာ ပါဝင်ပေသည်။
ထိုအခိုက်တွင် ကောင်းကင်အင်ပါယာမြို့တော် အထက်ရှိ ကောင်းကင်ထဲတွင် အံ့အားသင့်ဖွယ် အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။ လူများစွာသည် ဖိအားကို ခံစားလိုက်ရသဖြင့် အနည်းငယ် မျက်မှောင်ကြုတ်သွားကြသည်။ သူတို့သည် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်၏။ ဖိအားသည် ပို၍ အားကောင်းလာ၏။ ကြောက်မက်ဖွယ် ပုဂ္ဂိုလ်တစ်ယောက် ရောက်လာသည့်ပုံပင်။
“အင်ပါယာအရှိန်အဝါ”
ထိုအချိန်တွင် ကောင်းကင်အင်ပါယာမြို့တော်အတွင်း၌ အဆင့်မြင့် အကြီးအကဲအချို့သည် ရင်ခုန်မြန်သွားကြသည်။ သူတို့သည် အင်ပါယာအရှိန်အဝါကို အာရုံခံမိလိုက်ကြသည်။ ထို့အပြင် သူတို့အာရုံခံမိခဲ့သည့် အင်ပါယာအရှိန်အဝါမှာ တစ်ခုထက် ပိုပေသည်။ မဟာအင်ပါယာများစွာ ရောက်လာကာ ကောင်းကင်အင်ပါယာမြို့တော်အတွင်းသို့ သက်ဆင်းလာကြပေပြီ။
အားလုံးသည် ရင်တုန်နေကြ၏။ နောက်ထပ် စစ်ပွဲတစ်ပွဲ ဖြစ်လာတော့မည်လော။
ကောင်းကင်အင်ပါယာမြို့တော်သို့ ရောက်လာသူများသည် မည်သူများနည်း။
ကောင်းကင်ထက်တွင် ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်တစ်ဦး ထွက်ပေါ်လာ၏။ သူသည် အစိမ်းရင့်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏အနက်ရောင်ဆံပင်သည် လေထဲတွင် ဝဲလွင့်နေသည်။ သူသည် အသက်လတ်ပိုင်းအရွယ်ရှိသည့် မဟာအင်ပါယာတစ်ပါးပင်။ သူသည် ကောင်းကင်ထက်တွင် ကောင်းကင်နှင့်မြေကြီးကို အုပ်စိုးသည် နတ်ဘုရားတစ်ပါးကဲ့သို့ ရပ်နေလေသည်။
တစ်ချိန်တည်းမှာပင် အခြားနေရာများ၌ အခြားမဟာအင်ပါယာများ ထွက်ပေါ်လာကာ ကောင်းကင်ထက်တွင် ရပ်နေကြသည်။
ထိုအခိုက်တွင် ကောင်းကင်အင်ပါယာမြို့တော်တစ်ခွင်လုံး မွန်းကျပ်နေသည်။ နတ်ဘုရားတစ်ဝက်အဆင့်ရှိသူများပင် စွမ်းအားမဲ့သကဲ့သို့ ခံစားနေရသည်။ မဟာအင်ပါယာဖြစ်လာမည့်အဆင့်ရှိသူများသည်လည်း ရင်တုန်နေကြသည်။
“သူတို့က ဘယ်သူတွေလဲ”
အားလုံး ရင်တုန်နေကြသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်(၉၉)လွှာရှိ ကောင်းကင်နန်းတော်တွင် တင်ပျဉ်ခွေထိုင်နေသော အရှင်ဒွန်ဟောင်သည် သူ၏မျက်လုံးများကို ဖွင့်လိုက်လေသည်။ သူ၏မျက်လုံးများသည် ကောင်းကင်(၉၉)လွှာကို တိုက်ရိုက် ထွင်းဖောက်သွားသည်ဟု ထင်ရ၏။ သူသည် အပြင်ဘက်သို့ကြည့်ပြီး ဆင်းသက်လာသည့် ထိုမဟာအင်ပါယာများကို မြင်လိုက်လေသည်။
သူတို့သည် သူထင်ထားသည်ထက် စောစွာ ရောက်လာပေသည်။
နောက်ဆုံးတွင် လူသားဘိုးဘေးသည် သူ၏လျှို့ဝှက်စွမ်းအားကို စတင်ထုတ်သုံးလေပြီလော။