အဖေနှင့်သား၏ တိုက်ခိုက်စွမ်းရည်
Vol. 203 Ch. 2892
အရှင်ဒွန်ဟောင်နှင့် သူ၏ကြင်ရာတော်သည် အတူကျင့်ကြံခဲ့ကာ ကောင်းကင်နှင့်မြေကြီးကြားရှိ စည်းမျဉ်းကို လေ့လာခဲ့ကြ၏။ ထို့အပြင် အခြားနတ်စွမ်းအားများကိုလည်း လေ့လာကျင့်ကြံခဲ့သည်။
နတ်စွမ်းအားများကို အစွမ်းကြီးမှုအလိုက် ခွဲခြားထားသည်။ နတ်စွမ်းအားများတွင် အစွမ်းကြီးသည်များလည်း ရှိသလို အစွမ်းနည်းသည်များလည်း ရှိသည်။ ကွဲပြားသော နတ်စွမ်းအားများကို လေ့လာလျှင် အစွမ်းကွာဟမှုများ သိသာလာနိုင်သည်။ ဥပမာအားဖြင့် ဓာတ်ကြီးငါးပါးနတ်စွမ်းအားသည် အာကာသစည်းမျဉ်းများ၏နတ်စွမ်းအားကို ယှဉ်နိုင်ရန် ခက်၏။ မဟာအင်ပါယာတိုင်းသည် ကိုယ်ပိုင်နတ်စွမ်းအားများကို ဖန်တီးကြသည်။ အကယ်၍ သူတို့၏ နတ်စွမ်းအားသည် အစွမ်းကြီးလျှင် သူတို့၏ တိုက်ခိုက်စွမ်းရည်သည်လည်း အစွမ်းကြီးမည်ဖြစ်သည်။
လူသားဘိုးဘေးသည် ပျက်သုဉ်းခြင်းနတ်လျှပ်စီးကို ဆင့်ခေါ်နိုင်၏။ ၎င်း၏စွမ်းအားသည် ပထမတန်းပင်။
ယခင်က အရှင်ဒွန်ဟောင်နှင့် သူ၏ကြင်ရာတော်တို့ ဖန်တီးလိုခဲ့သော နတ်စွမ်းအားသည် ကျင့်ကြံခြင်း၏ အထွတ်အထိပ်သို့ ဆောင်ကျဉ်းပေးနိုင်မည့် နတ်စွမ်းအားတစ်ခုဖြစ်သည်။
ထုတ်ဖော်ခြင်းနတ်စွမ်းအားတွင် ထိုသို့လုပ်ပေးနိုင်သည့် အလားအလာရှိပေသည်။
ထုတ်ဖော်ခြင်း ပြီးဆုံးသွားလျှင် မည်သည့်အရာမှ ကျန်ခဲ့မည်မဟုတ်ပေ။ လောကအတွင်းရှိ အရာအားလုံးသည် ဗလာဟင်းလင်းအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။ ထိုအရာသည် မည်မျှ ဆိုးဝါးသနည်း။
မည်သည့်အချိန်၊ မည်သည့်နေရာမှလည်း ရှိတော့မည်မဟုတ်ပေ။ အချိန်နှင့်နေရာကို ရှင်းထုတ်လိုက်မည်ဖြစ်ပြီး ငြိမ်သက်တိတ်ဆိတ်ခြင်းသာ ကျန်ခဲ့မည်ဖြစ်သည်။
ယင်းသည် အရှင်ဒွန်ဟောင် ထူးကဲသော ဗုဒ္ဓကျင့်စဉ်များကို အခြေခံ၍ ဖန်တီးထားသော လမ်းစဉ်တစ်ခုဖြစ်သည်။ ထိုလမ်းစဉ်သည် ကျင့်ကြံခြင်း၏ အထွတ်အထိပ်သို့ ရောက်နိုင်စေသည်။
အချိန်နှင့်နေရာ နတ်စွမ်းအားနှင့် ကျိဝူတောက်၏ အာကာသတွင်းနက်နတ်စွမ်းအားတို့သည်လည်း လွန်စွာ စွမ်းအားကြီးသော နတ်စွမ်းအားများဖြစ်ကြသည်။
၎င်းတို့သည် ထိပ်တန်းအဆင့် နတ်စွမ်းအားများဖြစ်သည်။
ထုတ်ဖော်ခြင်းနတ်စက်ကွင်း ထွက်ပေါ်လာသောအခါ နတ်ဘုရားအင်ပါယာဖိုကျွင်းမှလွဲ၍ ကျန်မဟာအင်ပါယာရှစ်ပါးသည် တစ်ချိန်တည်း ဖိနှိပ်ခံလိုက်ရလေသည်။ ထုတ်ဖော်ခြင်းနတ်စွမ်းအားသည် သူတို့၏ခန္ဓာကိုယ်များအတွင်းသို့ ဝင်သွားပြီး သူတို့၏ နတ်စွမ်းအားများကို လုံးဝချုပ်နှောင်လိုက်သည်။
ထို့ကြောင့် မဟာအင်ပါယာရှစ်ပါးသည် မျက်နှာပျက်သွားပြီး ရင်တုန်သွားကြသည်။
သူတို့သည် ကောင်းကင်လမ်းစဉ် ပြိုပျက်ပြီးနောက် ကမ္ဘာဖျက်ကပ်ဘေးများက လောကကြီးကို ဖျက်ဆီးခဲ့စဉ်တွင် အခြားပုံစံများဖြင့် ဆက်တည်ရှိနိုင်ခဲ့ကြသည်။ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာပြီးနောက်မှ သူတို့သည် ပြန်ရှင်သန်လာနိုင်ရန် အခွင့်အရေးရခဲ့ခြင်းဖြစ်သည်။ သို့သော် ခေတ်ပြောင်းခဲ့ပေပြီ။ လက်ရှိခေတ်သည် ယခင်ကနှင့် မတူတော့ပေ။
ဤခေတ်တွင် မဟာအင်ပါယာများ ရှားပါးပေသည်။
ဤလောကထဲတွင် အင်ပါယာခြောက်ပါးသည် စွမ်းအားအကြီးဆုံးဖြစ်သည်။
သူတို့ ပေးအပ်ခံခဲ့ရသော တာဝန်သည် အင်ပါယာခြောက်ပါးထဲမှ တစ်ပါးဖြစ်သော အရှင်ဒွန်ဟောင်နှင့် သူ၏မျိုးဆက်ကို သတ်ရန်ဖြစ်သည်။
သို့သော် နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာပြီးနောက် ယနေ့ခေတ်သည် ပြောင်းလဲနေပြီဟု သူတို့ မမျှော်လင့်ခဲ့ကြချေ။ နတ်ဘုရားခေတ် ပြီးဆုံးသွားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ ယခုခေတ်သည် မဟာအင်ပါယာများ ရှားပါးသော ခေတ်တစ်ခေတ်ဖြစ်နေပြီး သူတို့နှင့် ယှဉ်နိုင်သော ထူးကဲသူများ ရှိနေလေသည်။
ဤအရှင်ဒွန်ဟောင်သာ ကောင်းကင်လမ်းစဉ်မပြိုပျက်ခင် ခေတ်က မွေးဖွားခဲ့လျှင် သူသည် လွန်စွာ စွမ်းအားကြီးသည့် ထိပ်တန်းမဟာအင်ပါယာတစ်ပါး ဖြစ်မည်ဖြစ်သည်။
အရှင်ဒွန်ဟောင်အရှေ့တွင် နတ်ဓားကိုးချောင်း ထွက်ပေါ်လာ၏။ နတ်ဓားတစ်ချောင်းချင်းစီတိုင်းတွင် အတုမဲ့ နတ်ရောင်ဝါ ပါဝင်ပေသည်။ ၎င်းတို့သည် မဟာအင်ပါယာကိုးပါးကို ချိန်ရွယ်ထားကြသည်။
သူ ဟင်းလင်းပြင်ထဲသို့ ပျံတက်လိုက်၏။ သူ့ကို မဟာအင်ပါယာများသာ ပိုင်ဆိုင်နိုင်သော နတ်ရောင်ဝါက ဝန်းရံထားသည်။ အရှင်ဒွန်ဟောင်သည် လောကထဲရှိ စွမ်းအားအကြီးဆုံး မဟာအင်ပါယာများထဲမှ တစ်ပါးဖြစ်သဖြင့် ထူးကဲသူတစ်ယောက်ဖြစ်ပေသည်။ ထုတ်ဖော်ခြင်းနတ်စက်ကွင်း ပေါက်ကွဲသွားသည့်အခိုက်တွင် သူသည် ဤလောက၏ အုပ်စိုးသူအဖြစ် ပြောင်းလဲသွား၏။
“ခင်ဗျားတို့က တစ်ခါသေခဲ့ပြီးပြီပဲ... ဘာလို့ အခုလို ပြန်လာနေရသေးတာလဲ”
အရှင်ဒွန်ဟောင်သည် ကျယ်လောင်ရှင်းလင်းစွာ ပြောလိုက်၏။ သူ၏အသံသည် ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေ၏။ သူ၏အသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဓားကိုးချောင်းသည် ဟင်းလင်းပြင်ကို ဖြတ်ကာ မဟာအင်ပါယာကိုးပါးထံသို့ သတ်ဖြတ်ရန် ပျံဝင်သွားသည်။ လူတစ်ယောက်အတွက် ဓားတစ်ချောင်းဖြစ်သည်။
ဓားတိုင်းသည် အထက်မှ အပြစ်ဒဏ်တစ်ခုကဲ့သို့ ကြောက်မက်ဖွယ် နတ်ရောင်ဝါလင်းလက်ကာ အာကာပြင်ကို ဖြတ်သန်းသွားသည်။
ရုတ်ခြည်းအတွင်းမှာပင် မဟာအင်ပါယာလေးပါး၏ ခန္ဓာကိုယ်များသည် ဖောက်ထွင်းခံလိုက်ရလေသည်။ ထိုသို့ ဖောက်ထွင်းခံလိုက်ရခြင်းမှာ သူတို့သည် အားနည်းသူများဖြစ်၍ မဟုတ်ပေ။ ထုတ်ဖော်ခြင်းနတ်စွမ်းအားသည် အလွန်စွမ်းအားကြီး၍သာ ဖြစ်ပေသည်။ ထုတ်ဖော်ခြင်းနတ်စွမ်းအား၏ ဖိနှိပ်မှုအောက်တွင် သူတို့၏ ခွန်အားများ လျင်မြန်စွာ ကျဆင်းလာသည်။ သူတို့သည် ရုတ်ခြည်းပင် နတ်ဓားများ၏ သတ်ဖြတ်မှုကို ခံလိုက်ကြရသည်။
ကျန်မဟာအင်ပါယာလေးပါးသည် သူတို့၏ အစွမ်းအထက်ဆုံး စွမ်းအားများကို ထုတ်လိုက်ကြသည်။ သို့သော် သူတို့သည် အရှင်ဒွန်ဟောင် ပစ်လွှတ်လိုက်သော ဓားများကို မတားနိုင်ကြပေ။ နတ်ဓားများသည် လင်းလက်သော အလင်းတန်းများနှင့်အတူ ပျံတက်လာကာ အရာအားလုံးကို ဖြတ်ကျော်၍ ကျန်မဟာအင်ပါယာလေးပါးကို တစ်ပါးပြီးတစ်ပါး ဖောက်ထွင်းသွားသည်။ သူတို့သည်လည်း မျက်တောင်တစ်ခတ်စာအတွင်း အသတ်ခံလိုက်ကြရသည်။
တဒင်္ဂအတွင်းမှာပင် မဟာအင်ပါယာရှစ်ပါးစလုံး သေဆုံးသွားသည်။ သူတို့သည် အရှင်ဒွန်ဟောင်၏ သတ်ဖြတ်မှုကို ခံရကာ အမှုန့်ဖြစ်သွားသည်။
သူတို့သည် တစ်ကြိမ်သေခဲ့ပြီးဖြစ်ရာ အဘယ်ကြောင့် ယခု ပြန်လာရသနည်း။
သူတို့သည် သူတို့လာခဲ့သောနေရာသို့ ပြန်ပို့ခံလိုက်ရပေပြီ။
ထို ပြိုင်ဘက်ကင်း တိုက်ခိုက်မှုသည် ကောင်းကင်မှနေ၍ တောက်ပသောအလင်းတန်းရှစ်ခု တစ်ပြိုင်တည်း ထွက်ပေါ်လာစေသည်။ ထို့ကြောင့် ကောင်းကင်အင်ပါယာမြို့တော်အတွင်းမှ ကျင့်ကြံသူများသည် အပြင်းအထန် ရင်တုန်သွားကြသည်။ သူတို့၏မျက်လုံးများထဲတွင် တုန်လှုပ်မှုများနှင့် ပြည့်နှက်နေသည်။
ယခင်က ရီဖူရှင်းသည် လှံချက်တစ်ချက်တည်းဖြင့် အင်ပါယာခုနစ်ပါးကို သတ်ပစ်ခဲ့သည်။ ယခုတွင် အရှင်ဒွန်ဟောင်သည် ဓားချက်တစ်ချက်ဖြင့် အင်ပါယာရှစ်ပါးကို သတ်ပစ်လိုက်ပေပြီ။
အဖေနှင့်သား နှစ်ယောက်စလုံးသည် ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်ကင်း တိုက်ခိုက်စွမ်းရည်များကို ထုတ်ပြခဲ့သည်။
ကောင်းကင်အင်ပါယာမြို့တော်ထဲမှ မရေမတွက်နိုင်သော လူများသည် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ကြသည်။ သူတို့သည် ယခင်က အင်ပါယာခြောက်ပါး၏ တိုက်ပွဲကို မမြင်ခဲ့ဖူးပေ။ ထိုအကြောင်းကို ကြားရုံသာကြားခဲ့ခြင်းဖြစ်သည်။ ယနေ့တွင် သူတို့သည် အရှင်ဒွန်ဟောင်၏ ကြောက်မက်ဖွယ်စွမ်းအားကို မျက်ဝါးထင်ထင် မြင်ခဲ့ရသဖြင့် ရင်တုန်နေကြလေသည်။
သူသည် ကောင်းကင်ဒေသ၏ အရှင်သခင်၊ အင်ပါယာခြောက်ပါးထဲမှ တစ်ပါးဖြစ်သော အရှင်ဒွန်ဟောင်ပင်။ သူသည် လောကထဲရှိ အင်ပါယာခြောက်ပါးထဲမှ စွမ်းအားအကြီးဆုံးအင်ပါယာဖြစ်သည်။
သို့သော် အရှင်ဒွန်ဟောင်၏ နဝမမြောက်ဓားကို နတ်ဘုရားအင်ပါယာဖိုကျွင်းက ကာလိုက်သည်။ ထို့နောက် သူသည် ယင်းဓားကို ဖျက်ဆီးပစ်လိုက်သည်။ နတ်ဘုရားအင်ပါယာဖိုကျွင်းသည် အခြားမဟာအင်ပါယာရှစ်ပါးနှင့် အဆင့်မတူကြောင်း ထင်ရှား၏။
သို့ပင်လျှင် သူ၏မျက်နှာထား ထူးဆန်းသွားသေးပေသည်။ သူသည် အရှင်ဒွန်ဟောင်ကို စူးစိုက်ကြည့်နေသည်။
သူက လက်ရှိလောက၏ အုပ်စိုးသူကို လျှော့တွက်ခဲ့မိသည့်ပုံပင်။ အရှင်ဒွန်ဟောင်သည် အမှန်ပင် စွမ်းအားကြီးပေသည်။
အသတ်ခံလိုက်ရသော မဟာအင်ပါယာရှစ်ပါးသည်လည်း အတော်လေး စွမ်းအားကြီးသူများဖြစ်ပြီး အားနည်းသူများ မဟုတ်ကြပေ။ သို့သော် သူတို့သည် အရှင်ဒွန်ဟောင်၏ ဓားချက်တစ်ချက်ဖြင့် အသတ်ခံလိုက်ရလေသည်။ ထိုတိုက်ပွဲပြင်တွင် နတ်ဘုရားအင်ပါယာဖိုကျွင်းသည် ထိုစွမ်းအားကို ကောင်းစွာခံစားနိုင်ပေသည်။ ထုတ်ဖော်ခြင်းနတ်စွမ်းအားက ထိုမဟာအင်ပါယာရှစ်ပါးစလုံးကို ဖိနှိပ်သွားကြောင်း သူသိလေသည်။
ထုတ်ဖော်ခြင်းနတ်စွမ်းအား၏ ဖိအားအောက်တွင် မဟာအင်ပါယာရှစ်ပါးသည် အဆုံးစွန်ထိ အားနည်းသွားပြီး သူတို့ထဲက မည်သူမှ သူတို့၏နတ်စွမ်းအားများကို လွတ်လွတ်လပ်လပ် မထုတ်လွှတ်နိုင် ဖြစ်ခဲ့ခြင်းပင်။ ရလဒ်ကို ယခုပင် ပြသသွားပြီဖြစ်သည်။ သူတို့သည် ဒွန်ဟောင်၏ သတ်ဖြတ်မှုကို မခံရသေးခင်တွင် သူတို့၏စွမ်းအားများကို အပြည့်အဝ ထုတ်နိုင်ရန် အခွင့်အရေး မရခဲ့ကြချေ။
“သတ်...”
နတ်ဘုရားအင်ပါယာဖိုကျွင်း၏ အသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ့နောက်မှ မရေမတွက်နိုင်သော နတ်လက်နက်များသည် အရှင်ဒွန်ဟောင်ထံသို့ ပျံသန်းသွားကြသည်။ ရုတ်ခြည်းအတွင်းမှာပင် ဟင်းလင်းပြင် ကွဲအက်၊ ပြိုပျက်သွားသည်။ ထို မရေမတွက်နိုင်အောင် များပြားသော နတ်လက်နက်များသည် ကောင်းကင်ကို ဖျက်ဆီးရန် ပျံထွက်သွားကြသည်။
အရှင်ဒွန်ဟောင်၏ စူးရှသော မျက်လုံးများသည် အထက်ကောင်းကင်ကို ကြည့်လိုက်၏။ သူ့ကို ထုတ်ဖော်ခြင်းနတ်စွမ်းအားဖြင့် ဖန်တီးထားသော အလင်းမျက်နှာပြင်က ဝန်းရံထားသည်။ ထိုပျံဝင်လာသော နတ်လက်နက်များသည် နတ်စွမ်းအားကြောင့် ကျစ်လျစ်သိပ်သည်းနေပြီး ထုတ်ဖော်ခြင်းနတ်စက်ကွင်းကို ဖြတ်ရသောအခါ အတော်လေး နှေးသွားသည်။ နောက်ဆုံးတွင် ၎င်းတို့သည် အလင်းမျက်နှာပြင်၏ တားဆီးမှုကို ခံလိုက်ကြရသည်။ တဖြည်းဖြည်းဖြင့် ၎င်းတို့သည် စွမ်းအားများ ဆုံးရှုံးလာသည်။
ဝုန်း...
အရှင်ဒွန်ဟောင်သည် သူ၏အတွေးများကို လှုပ်ရှားလိုက်၏။ ထိုနတ်လက်နက်များသည် တစ်ချိန်တည်း ကွဲအက်ပဲ့ကြွေကာ အမှုန်ဖြစ်သွားသည်။
တစ်ချိန်တည်းမှာပင် အရှင်ဒွန်ဟောင်သည် ပို၍မြင့်သော ကောင်းကင်ထက်သို့ ပျံတက်သွားသည်။ သူသည် လောကထဲရှိ စွမ်းအားအကြီးဆုံးသူများထဲမှ တစ်ယောက်ဖြစ်သဖြင့် ရှေးဟောင်းအင်ပါယာများသည် ပြန်ရှင်သန်လာလျှင်လည်း သူ့ကို မည်သို့ထိခိုက်စေနိုင်ပါမည်နည်း။ သူ့အနေဖြင့် အရေးနိမ့်ရန် မဖြစ်နိုင်ချေ။
ဤလောကထဲတွင် မည်သူမှ အရှင်ဒွန်ဟောင်ကို ငုံ့မကြည့်နိုင်ပေ။
“နတ်ဘုရားခေတ် ထပ်ရောက်လာပြီ... ပြီးတော့ လောကကြီးမှာ ခင်ဗျားတို့လို့ အတိတ်က ရှေးဟောင်းအင်ပါယာတွေအတွက် နေစရာ နေရာတစ်ခု ရှိလာမှာပဲ။ ခင်ဗျားနဲ့ လူသားဘိုးဘေးကြားမှာ ဘာဆက်ဆံရေးရှိတယ် ဒါမှမဟုတ် ဘယ်လိုအပေးအယူတွေရှိတယ်ဆိုတာ ကျုပ်မသိပေမယ့် ခင်ဗျား ဝင်မပါဖို့ ကျုပ်မျှော်လင့်တယ်”
အရှင်ဒွန်ဟောင်သည် နတ်ဘုရားအင်ပါယာဖိုကျွင်းကိုကြည့်ကာ ပြောလိုက်၏။
နတ်ဘုရားအင်ပါယာဖိုကျွင်း၏ ငွေရောင်ဝတ်ရုံ တဖျပ်ဖျပ် ဝဲလွင့်သွားသည်။ သူ၏မျက်လုံးများသည် အရှင်ဒွန်ဟောင်ကို လွန်စွာ စူးစူးရှရှ စိုက်ကြည့်နေသည်။ ထို့နောက်တွင် သူ့ခန္ဓာကိုယ်လှုပ်ရှားသွားပြီး အရှင်ဒွန်ဟောင်ထံ တန်းတန်းမတ်မတ် ပျံဝင်လာလေသည်။
ဤကဲ့သို့ကျင့်ကြံခြင်းအဆင့်ရှိသူတစ်ယောက်၏ အရှိန်သည် ကြောက်မက်ဖွယ်ကောင်းသည်ထက် ပိုပေသည်။ ထုတ်ဖော်ခြင်းနတ်စက်ကွင်းသည်ပင် သူ့ကို မတားဆီးနိုင်ချေ။ နတ်ဘုရားအင်ပါယာဖိုကျွင်း၏ နတ်စွမ်းအားကို ဖိနှိပ်ရန် မဖြစ်နိုင်ချေ။
အရှင်ဒွန်ဟောင်သည် အထက်သို့ လက်မြှောက်ကာ ဆန့်တန်းလိုက်သည်။ ထုတ်ဖော်ခြင်းနတ်စွမ်းအားသည် နတ်ဘုရားအင်ပါယာဖိုကျွင်း၏ ခန္ဓာကိုယ်ကို တိုက်ရိုက် လွှမ်းခြုံသွားသည်။ သို့သော် သူ့ပြိုင်ဘက်၏ ခန္ဓာကိုယ်သည် ပြောင်းလဲသွားပေသည်။ ၎င်းသည် အသွေးအသားခန္ဓာကိုယ် မဟုတ်တော့ဘဲ ပြိုင်ဘင်ကင်း ထက်ရှသော လမ်းစဉ်ခန္ဓာတစ်ခု ဖြစ်နေပေပြီ။
မဟာအင်ပါယာရှန့်ကျားနှင့် တစ်တန်းတည်းထားကာ ဖော်ပြခြင်းခံရသူတစ်ယောက်ဖြစ်သော နတ်ဘုရားအင်ပါယာဖိုကျွင်း၏ခန္ဓာကိုယ်သည် မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်ကို တွေးကြည့်နိုင်ပေသည်။
လွန်စွာ တောက်ပသော နတ်အလင်းတန်းတစ်ခုသည် ထုတ်ဖော်ခြင်းနတ်စွမ်းအားကို ဖောက်ထွင်းကာ အရှင်ဒွန်ဟောင်ကို ဝန်းရံထားသော အကာအရံအလင်းမျက်နှာပြင်ကို ထိုးဖောက်သွားသည်။ လွန်စွာကြောက်မက်ဖွယ်ကောင်းသော နတ်အလင်းသည် အရာအားလုံးကို အလင်းပေးလိုက်၏။ နတ်ဘုရားအင်ပါယာဖိုကျွင်းသည် အရှင်ဒွန်ဟောင်ထံ လက်ချောင်းညွှန်လိုက်သည်။ ထိုလက်ချောင်းသည် ဖြစ်တည်မှုအားလုံးကို ကွဲအက်သွားစေနိုင်သော အထက်ရှဆုံးလက်နက်ဖြစ်သည်။
ထိုလက်ချောင်းသည် အရှင်ဒွန်ဟောင်၏ မျက်ခုံးနှစ်ခုကြားကို ဖောက်သွားတော့မည့်အခိုက်တွင် အရှင်ဒွန်ဟောင်ပတ်ပတ်လည်တွင် အတုမဲ့နတ်အလင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ လက်ချောင်း သူ့အနီးသို့ ရောက်လာသောအခါ ယင်းလက်ချောင်း၏နတ်စွမ်းအားသည် ဖယ်ရှားခံလိုက်ရကာ ပျောက်ကွယ်သွားသည်။