← Chapters

ယုံကြည်ချက်ရှိမှု

Vol. 203 Ch. 2893

ယုံကြည်ချက်ရှိမှု

Vol. 203 Ch. 2893

ဟင်းလင်းပြင်ထဲရှိ နတ်စွမ်းအား ပြိုပျက်သွားသော်လည်း နတ်ဘုရားအင်ပါယာဖိုကျွင်း၏ တိုက်ခိုက်မှုကတော့ ပျက်မသွားသေးပေ။ သူ့တစ်ကိုယ်လုံး တောက်ပနေပြီး သူ့ကို ငွေရောင်နတ်အလင်းက လွှမ်းခြုံထားသည်။ သူ့တွင် သွေးသွားခန္ဓာကိုယ်မရှိတော့ဘဲ မဟာလမ်းစဉ်ခန္ဓာကိုယ်သာ ရှိနေသည်။

သူ့ခန္ဓာကိုယ်သည် ကြီးထွားလာပြီး သူ၏လက်ဝါးသည်လည်း ကြီးထွားလာသည်။ သူ၏လက်ချောင်းများသည် မဟာအင်ပါယာအဆင့်လက်နက်အဖြစ် ပြောင်းလဲသွားပြီး ဟင်းလင်းပြင်စက်ကွင်းကို ဖောက်ထွင်းကာ အရာများကို ဖျက်ဆီးပစ်ပြီး ပြန်ဖန်တီးနေသည်။ ၎င်း မဖျက်ဆီးနိုင်သည့်အရာ မရှိပေ။ ထို့အပြင် ၎င်းသည် ထိုအချက်ကို ယခု သက်သေပြနေသည်။ အရှင်ဒွန်ဟောင်သည် သူ့ပတ်ပတ်လည်တွင် ဟင်းလင်းပြင်စက်ကွင်း ဖန်တီးနိုင်လောက်အောင် စွမ်းအားကြီးသော်လည်း အရှင်ဒွန်ဟောင်သည် သူ၏ထုတ်ဖော်ခြင်းနတ်စွမ်းအားကို စွမ်းအားအကြီးဆုံးအခြေအနေတွင် အမြဲထိန်းထားနိုင်လိမ့်မည်ဟု သူမယုံပေ။

အကယ်၍ သူ၏ထုတ်ဖော်ခြင်းနတ်စွမ်းအားသာ ဟင်းလင်းပြင်အဖြစ် ပြောင်းနိုင်ခဲ့လျှင် အရှင်ဒွန်ဟောင်သည် ဟိုးယခင်ကတည်းက လောကကြီးကို အုပ်စိုးနေပြီး ဖြစ်ပေမည်။

အရှင်ဒွန်ဟောင်သည် သူ၏ဘယ်လက်ဖြင့် လေကို ထိုးချလိုက်သည်။ ထိုထိုးချက်သည် နတ်ဘုရားအင်ပါယာဖိုကျွင်း၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ကျဆင်းသွားသည်။ ကျယ်လောင်သောအသံတစ်သံနှင့်အတူ နတ်စွမ်းအား၏ စွမ်းအားအကြီးဆုံးအခြေအနေ ပျောက်သွားသည်။ သူတို့နှစ်ယောက်စလုံး၏ ခန္ဓာကိုယ်များသည် နောက်သို့ တစ်ချိန်တည်း လွင့်သွားကြသည်။ သူတို့ ပြန်ဆုတ်လိုက်ပြီး သူတို့နှစ်ယောက်ကြားမှ အကွာအဝေးကို ချဲ့လိုက်၏။

အရှင်ဒွန်ဟောင်၏ ကြောက်မက်ဖွယ်လက်သီးတိုက်ခိုက်မှုသည် နတ်ဘုရားဖိုကျွင်းကို ကြာရှည်မထိခိုက်စေခဲ့ပေ။ သူသည် နတ်ဘုရားချပ်ဝတ်ကို ဝတ်ဆင်ကာ သူ၏ဒြပ်ခန္ဓာကို ဖျက်ဆီး၍ မရနိုင် လုပ်ထားသကဲ့သို့ပင်။

ဝုန်း...

ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာပြီး နတ်ဘုရားအင်ပါယာဖိုကျွင်းသည် ရှေ့သို့ လျှောက်လာသည်။ ချက်ချင်းပင် နတ်အလင်းတန်းပေါင်းများစွာသည် အကန့်အသတ်မဲ့အာကာပြင်ကို လွှမ်းခြုံသွားသည်။ ကျယ်ပြောသော ကောင်းကင်အင်ပါယာမြို့တော်တစ်ခွင်လုံးသည် နတ်စက်ကွင်း၏ အဝန်းအဝိုင်းအတွင်းသို့ ရောက်သွားသည်။

ကောင်းကင်အင်ပါယာမြို့တော်မှ ကျင့်ကြံသူများသည် ပတ်ဝန်းကျင်လောကသည် ငွေရောင်ပြောင်းသွားသည်ဟု ခံစားလိုက်ရ၏။ ၎င်းသည် အေးစက်မာကြောသော လောကတစ်ခုပင်။ ထို့နောက် သူတို့သည် သူတို့၏ခန္ဓာကိုယ်များကို လှုပ်ရှား၍မရတော့ကြောင်း သိလိုက်လေသည်။ သူတို့အားလုံးသည် ထိုနေရာကို လွှမ်းခြုံထားသော နတ်စွမ်းအား၏ ထိန်းချုပ်မှုအောက်သို့ ရောက်နေပြီး လုံးဝချုပ်နှောင်ခံလိုက်ရပေပြီ။ သူတို့၏ခန္ဓာကိုယ်များကို ငွေရောင်နတ်အလင်းက ရစ်သိုင်းထားသည်။ သူတို့သည်လည်း နတ်ဘုရားအင်ပါယာဖိုကျွင်းကဲ့သို့ ငွေရောင်ခန္ဓာပြောင်းလဲသွားသကဲ့သို့ပင် ဖြစ်သည်။

သူတို့ကြားမှ ကွဲပြားမှုမှာ နတ်ဘုရားအင်ပါယာဖိုကျွင်း၏ ခန္ဓာကိုယ်သည် သူ့နတ်စွမ်းအား၏ တစ်စိတ်တစ်ပိုင်း ဖြစ်သဖြင့် သူသည် ထိုခန္ဓာကိုယ်ကို အပြည့်အဝထိန်းချုပ်နိုင်သော်လည်း သူတို့မှာမူ ချုပ်‌နှောင်ခံထားရသူများဖြစ်ပေသည်။

လောကတစ်ခုလုံး ရပ်တန့်သွားကာ ကောင်းကင်အင်ပါယာမြို့တော်သည် များစွာသော ရုပ်တုများရှိသည့် ရေခဲလောကတစ်ခုဖြစ်လာသကဲ့သို့ပင်။

အရှင်ဒွန်ဟောင် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ ထုတ်ဖော်ခြင်းနတ်စွမ်းအားကို အမြင့်ဆုံးအဆင့်အထိ တိုးမြှင့်လိုက်သည်။ ၎င်းသည် ကောင်းကင်အင်ပါယာမြို့တော်တစ်ခွင်လုံးကို လွှမ်းခြုံသွားပြီး နတ်ဘုရားအင်ပါယာဖိုကျွင်း၏ နတ်စွမ်းအားကို လျှော့ချနေလေသည်။ သူသည် နတ်ဘုရားအင်ပါယာဖိုကျွင်းကို ကြည့်လိုက်ပြီး ပြောလိုက်၏။

“ခင်ဗျားက ရှေးဟောင်းနတ်ဘုရားအင်ပါယာဆိုတာ ခင်ဗျားကိုယ်ကို သိတယ်မလား။ ဒီတိုက်ပွဲက ကျုပ်တို့ကြားက တိုက်ပွဲပဲ။ အပြစ်မဲ့တဲ့သူတွေကို ဆွဲထည့်စရာ အကြောင်းမရှိဘူး”

သူသည် ထိုသို့ပြောပြီးနောက် ကောင်းကင်၏ အကန့်အသတ်မဲ့သော အထက်ပိုင်းကို ပျံတက်သွားသည်။

နတ်ဘုရားအင်ပါယာဖိုကျွင်းသည် ငွေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ့နောက်သို့ လိုက်သွား၏။

သူတိုနှစ်ယောက်သည် အလင်းတန်းနှစ်ခုကဲ့သို့ ဒေါင်လိုက် ပျံတက်သွားကြပြီး ကောင်းကင်အင်ပါယာမြို့တော်အတွင်းမှ ကျင့်ကြံသူများကို ခေတ္တမျှ သက်သာရာရသွားစေသည်။

သူတို့သည် အကန့်အသတ်မဲ့ အထက်ကောင်းကင်ကို ကြည့်လိုက်၏။ သို့သော် မျက်နှာချင်းဆိုင်ရပ်နေကြသော စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်ကို ခပ်ရေးရေးသာ မြင်နိုင်တော့ပေသည်။ သူတို့၏ မဟာလမ်းစဉ်နတ်စက်ကွင်းများသည် တစ်ခုနှင့်တစ်ခု အားပြိုင်နေ၏။ ကြောက်မက်ဖွယ် နတ်စွမ်းအားများသည် တစ်ခုကိုတစ်ခု ချုပ်နှောင်နိုင်မည်လော။

ထို့နောက် ကောင်းကင်သည် တလက်လက်တောက်ပနေသော နတ်ရောင်ဝါတစ်ခုဖြင့် လင်းလက်လာသည်ကို သူတို့တွေ့လိုက်ရလေသည်။ ထိုအလင်းတွင် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ပြည့်နှက်နေပုံပေါ်သည်။ အင်ပါယာနှစ်ပါးသည် တစ်ပါးထံတစ်ပါး လျင်မြန်စွာ ပျံဝင်သွားကြသည်။ ထို့ကြောင့် ကမ္ဘာဖျက်အဟုန်တစ်ခု ထွက်ပေါ်လာလေသည်။ ကောင်းကင်အင်ပါယာမြို့တော်နှင့် တိုက်ပွဲပြင်ကြားတွင် အကန့်အသတ်မဲ့အာကာပြင်ခြားနေသော်လည်း ကောင်းကင်အင်ပါယာမြို့တော်သည် တုန်ခါနေလေသည်။

ကောင်းကင်(၉၉)လွှာထဲတွင် အခန်းအောင်းကာ ကျင့်ကြံနေသော ရီဖူရှင်းသည် ထိုတုန်ခါမှုကို ခံစားလိုက်ရကာ နိုးထာလာသည်။ သူ တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး မျက်ခုံးပင့်လိုက်သည်။ ထို့နောက်တွင် သူ၏အတွေးမျက်လုံးထဲတွင် ကြောက်မက်ဖွယ်တိုက်ပွဲ၏ ပုံရိပ် ထွက်ပေါ်လာ၏။ ထိုတိုက်ပွဲသည် နတ်ဘုရားအင်ပါယာဖိုကျွင်းနှင့် အရှင်ဒွန်ဟောင်တို့ကြားမှ တိုက်ပွဲဖြစ်သည်။

သူ မျက်လုံးများ ကျယ်သွားသည်။ သူ၏ သူငယ်အိမ်ထဲတွင် အေးစက်သောနတ်အလင်းပြည့်နှက်သွားသည်။ ထူးဆန်းသော ရန်သူတစ်ယောက်သည် သူတို့ကို ထပ်မံ လာတိုက်ခိုက်သည်မှာ မယုံနိုင်ဖွယ်ပင်။ ဤတစ်ယောက်သည် သူ၏အဖေနှင့်ပင် ထိပ်တိုက် တိုက်ခိုက်နိုင်လောက်အောင် စွမ်းအားကြီးပေသည်။ သူသည် မည်သူနည်း။

ရီဖူရှင်းသည် အောက်ဘက် ကောင်းကင်သို့ ပျံဆင်းသွားလိုက်သည်။ ရုတ်ခြည်းပင် ကျင့်ကြံသူများစွာသည် သူ့ကို တွေ့ရန် သူ့ပတ်ပတ်လည်တွင် စုဝေးလာကြသည်။ ရီဖူရှင်းက ကောင်းကင်လမ်းစဉ်ပေါ်တွင် စတင်တရားထိုင်ခဲ့ကတည်းက ယခုမှ ပထမဆုံး နိုးထလာခြင်းဖြစ်သည်။ သူ မည်မျှ တိုးတက်လာပြီနည်း။

သူတို့သည် သူ့ကို ကြည့်ရုံဖြင့် သူမည်မျှတိုးတက်လာသည်ကို မပြောနိုင်ကြချေ။ သို့သော် သူတို့၏ရင်ထဲတွင် ရီဖူရှင်းသည် သေချာပေါက် ပိုသန်မာလာသည်ဟု ခံစားနေကြရလေသည်။

ရီဖူရှင်းသည် သူ့ပတ်ပတ်လည်ရှိ လူများကို လှည့်ပတ်ကြည့်သည်။ လက်ရှိတွင် သူ၏ ကောင်းကင်လမ်းစဉ်အသေးစားသည် အချိန်စီးဆင်းမှုအပေါ် များစွာ သက်ရောက်နိုင်နေပြီဖြစ်သည်။ ထို့အပြင် ကောင်းကင်လမ်းစဉ်အသေးစားသည် ပို၍ ပို၍ ကောင်းလာနေပြီး ပြီးပြည့်စုံသော ကောင်းကင်လမ်းစဉ်တစ်ခု ဖြစ်လာတော့မည်ဖြစ်သည်။ အကယ်၍ သူသာ သူ့ပတ်ပတ်လည်မှ လူများကို သူ၏ကောင်းကင်လမ်းစဉ်အသေးစားထဲတွင် ကျင့်ကြံစေခဲ့လျှင် သူတို့အတွက် အချိန်ပိုရပေလိမ့်မည်။

“သခင်လေး...”

ရံရွှေတော်ချင်က သူ့ဘေးသို့ ရောက်လာသည်။ ရီဖူရှင်းသည် ပလ္လင်ကို ဆက်ခံပြီးခဲ့ပြီဖြစ်သော်လည်း သူမသည် သူ့ကို”သခင်လေး”ဟူ၍သာ ဆက်ခေါ်နေပေသေးသည်။

သူမ၏မျက်လုံးထဲတွင် ရီဖူရှင်းသည် သူမတို့၏‌ မျှော်လင့်ချက်ဖြစ်ရုံသာမက မင်းသမီး၏ မျိုးဆက်လည်း ဖြစ်ပေသည်။ သူသည် သူမအတွက် အထူးအရေးပါသူဖြစ်သည်။ သူသည် မင်းသမီး၏ ကိုယ်ပွားကဲ့သို့ဖြစ်၍ သူမသည် သူ့ကို သူမ၏ရင်းနှီးသောဂျူနီယာတစ်ယောက်အဖြစ် သဘောထားပေသည်။

“ဘာပါလဲ ရံ‌ရွှေတော်ချင်။ ကိစ္စတစ်ခုခုရှိလို့လား”

ရီဖူရှင်း မေးလိုက်သည်။

“လူသားဘိုးဘေးက ရှေးခေတ်က မဟာအင်ပါယာတစ်ပါးပါ။ သူ ကံကောင်းထောက်မနဲ့ ရှင်သန်ခဲ့ပြီး မဟာကပ်ဘေးကြီး ပြီးသွားတော့ တခြားမဟာအင်ပါယာတွေကို လိုက်ရှာခဲ့တယ်။ သူက အဲဒီအင်ပါယာတွေကို လောကထဲ ပြန်ခေါ်ချင်ခဲ့တာ။ အခု သူက အဲဒီလိုလိုက်နိုင်မယ့် နည်းလမ်းတစ်ခုကို တွေ့သွားတဲ့ပုံပဲ။ မကြာသေးခင်တုန်းက မဟာအင်ပါယာကိုးပါး ရောက်လာခဲ့တယ်။ အခု အရှင်အင်ပါယာနဲ့ တိုက်ခိုက်နေတဲ့သူကလည်း ရှေးခေတ်တုန်းက နတ်ဘုရားအင်ပါယာတစ်ပါးပဲ”

“နတ်ဘုရားအင်ပါယာလား”

ရီဖူရှင်း မျက်မှောင်ကြုတ်လိုက်ပြီး အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ သူသည် ယခင်က အရှင်ဒွန်ဟောင်ကို ရင့်ရင့်သီးသီးစကားအချို့ ပြောခဲ့သော်လည်း သူ၏အဖေကို သူ အတော်လေး လေးစားပေသေးသည်။ အရှင်ဒွန်ဟောင်သည်လည်း များစွာ ပေးဆပ်ခဲ့ရသည်။ သူ့အမြင်မှကြည့်လျှင် သူသည် သူတတ်နိုင်သမျှ အကောင်းဆုံး လုပ်ခဲ့ပြီဖြစ်သည်။

“ဟုတ်တယ်... သူက ထူးကဲတဲ့ မဟာအင်ပါယာတစ်ပါးပဲ။ ပြီးတော့ ‘နတ်ဘုရားအင်ပါယာ’ဆိုတဲ့ ဘွဲ့အမည်ကို ရထားတဲ့သူတွေက ကြီးမားတဲ့ အောင်မြင်မှုတွေကို ရခဲ့တဲ့သူတွေပဲ။ နတ်ဘုရားအင်ပါယာဖိုကျွင်းက အဲဒီသူတွေထဲက တစ်ယောက်ပဲ။ ဒါပေမဲ့ သခင်လေး စိုးရိမ်စရာမလိုပါဘူး။ အရှင်အင်ပါယာက ဒီဘက်ခေတ်က မဟာအင်ပါယာခြောက်ပါးထဲမှ အငယ်ဆုံးဆိုပေမယ့် သူက သူတို့အားလုံးထဲမှာ အများဆုံး ဉာဏ်အလင်းပွင့်ထားတဲ့သူလို့ ဗုဒ္ဓက ပြောတယ်။ ရှေးခေတ်က နတ်ဘုရားအင်ပါယာတစ်ပါးကတောင် အရှင်အင်ပါယာအတွက် အန္တရာယ်ဖြစ်စေမှာ မဟုတ်ပါဘူး”

ရံ‌ရွှေတော်ချင်က အရှင်ဒွန်ဟောင်၏ စွမ်းရည်အပေါ် အလွန်ယုံကြည်မှုရှိနေပုံပေါ်လေသည်။

“အရှင်ဒွန်ဟောင်ကို အမှန်တကယ် ခြိမ်းခြောက်နိုင်တဲ့သူက လူသားဘိုးဘေးတစ်ယောက်ပဲ ရှိလောက်တယ်”

ရံရွှေတော်ချင် ဆက်ပြောလိုက်၏။

“သူက နတ်ဘုရားအင်ပါယာတစ်ပါးနဲ့ တခြားမဟာအင်ပါယာရှစ်ပါးတို့ကိုတောင် လွယ်လွယ်ကူကူ စေလွှတ်လိုက်နိုင်တယ်။ ဘယ်လိုတောင် စွမ်းအားကြီးတဲ့ သူတွေလဲ။ လူသားဘိုးဘေးက ဒီနှစ်တွေအတွင်း သူ့လက်အောက်မှာ ရှေးဟောင်းအင်ပါယာဘယ်နှစ်ပါးတောင် သိမ်းသွင်းနိုင်ခဲ့တာလဲ”

ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။ မဟာအင်ပါယာခြောက်ပါး၏ တိုက်ပွဲအတွင်း လေးယောက်၊ နှစ်ယောက် တိုက်ခိုက်နေရသည့် အခြေအနေတွင်ပင် သူ၏အဖေသည် အထိအခိုက်မရှိ ဖြတ်ကျော်နိုင်ခဲ့သည်။ သူသည် အလွန် အစွမ်းထက်ပေသည်။

“အမှန်တော့ အချိန်သာ ရှိခဲ့မယ်ဆိုရင် သခင်လေးရဲ့ အမေရော အရှင်အင်ပါယာရောက လမ်းစဉ်ကို သက်သေပြပြီး အထွတ်အထိပ်ကို ရောက်သွားမှာပဲ။ ဒါပေမဲ့ လူသားဘိုးဘေးက အဲဒီလိုဖြစ်လာနိုင်ဖို့ အခွင့်အရေး မပေးခဲ့ဘူး။ အဲဒါကြောင့် ကွဲပြားတဲ့ လမ်းတစ်ခုကို ဖောက်ဖို့ သခင်လေးကို လိုအပ်ခဲ့တာပဲ”

“ကျုပ် နားလည်ပါတယ်”

ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။

“အပြင်သွားပြီး တစ်ချက်လောက်ကြည့်ကြတာပေါ့”

လျှပ်တစ်ပြက်အတွင်း သူတို့သည် ရပ်နေသောနေရာမှ ပျောက်ကွယ်သွားကြလေသည်။

ထို့နောက်တွင် ရီဖူရှင်းက ကောင်းကင်အင်ပါယာမြို့တော်၏ အထက်ကောင်းကင်တွင် ထွက်ပေါ်လာ၏။ ထိုနေရာရှိ ကျင့်ကြံသူများသည် ရီဖူရှင်း ထွက်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ စိတ်လှုပ်ရှားသွားကြသည်။ ရီဖူရှင်းက ကောင်းကင်အင်ပါယာဖြစ်ပြီးနောက်တွင် ယခုမှ ပထမဆုံးအကြိမ် အပြင်သို့ ထွက်လာခြင်းဖြစ်သည်။

ထိုငွေဖြူရောင်ဆံပင်နှင့် လူငယ်သည် ကောင်းကင်ဘုံ၏ ဆက်ခံသူအစစ်အမှန်ဖြစ်ပြီး လက်ရှိ ကောင်းကင်အင်ပါယာဖြစ်သည်။ ထို့အပြင် သူသည် အရှင်ဒွန်ဟောင်နှင့် ကောင်းကင်မင်းသမီးတို့၏ မျိုးဆက်လည်းဖြစ်သည်။ သူသည် ယခင်က မူလဘုံ၏ ဘုရင်လည်း ဖြစ်ခဲ့ကာ မဟာအင်ပါယာစီဝေ့နှင့် မဟာအင်ပါယာရှန့်ကျားတို့၏ အမွေဆက်ခံသူလည်း ဖြစ်ပေသည်။

ရီဖူရှင်း ပလ္လင်ကို ဆက်ခံပြီးနောက်တွင် လူများစွာသည် သူ၏နောက်ကြောင်းကို စတင် တူးဖော်ခဲ့ကြသည်။ သူ၏ အောက်ခြေမှနေ၍ ထိပ်သို့ တစ်လှမ်းခြင်း တက်လှမ်းသွားမှုသည် သူ့ကို အကျော်ဇေယျတစ်ဦးဖြစ်စေခဲ့သည်။

သူသည် မည်သည့်အချိန်တွင် အထွတ်အထိပ်သို့ ရောက်သွားပြီး လောကကြီး၏ ထိပ်ဆုံးတွင် ရပ်ကာ သူ၏ကိုယ်ပိုင် သမိုင်းဝင်ဇာတ်လမ်းကို ဖန်တီးမည်ကို မည်သူသိပါမည်နည်း။

ကောင်းကင်ဘုံမှ ကျင့်ကြံသူများသည် ထိုသို့ဖြစ်လာသည်ကို မြင်နိုင်ရန် အခွင့်အရေး ရှိမည်လော။

All Chapters