မည်သည့်နေရာသို့နည်း
Vol. 203 Ch. 2895
နတ်ဘုရားကုန်းမြေပေါ်တွင် ယခင်က အရှင်ဟောင်ထျန်း ထွက်ပေါ်လာရာနေရာ၌ မဟာအင်ပါယာများသည် အာကာသတည်နေရာရွှေ့ပြောင်းမဟာကွန်ရက်ကို ဖြတ်ကာ မူလဘုံသို့ အဆက်မပြတ် ရောက်ရှိလာနေကြသည်။ မဟာအင်ပါယာအားလုံးသည် ထိုနေရာကို စောင့်ကြည့်နေရန် လူများ စေလွှတ်ထားကြသည်။
ရီဖူရှင်း လှံချက်တစ်ချက်ဖြင့် သတ်ခဲ့သော မဟာအင်ပါယာခုနစ်ပါးသည်လည်း ဤနေရာမှ ရောက်လာခြင်းဖြစ်သည်။
လက်ရှိတွင်ပင် ထိုနေရာ၌ မကြာခဏဆိုသလို မဟာအင်ပါယာများ ထွက်ပေါ်လာလေသည်။
ယခုတွင် ထိုနေရာ၏ အောက်ဘက် ကောင်းကင်၌ တောင်ထွတ်တစ်ခု ရှိသည်။ ထိုတောင်ထွတ်၏ထိပ်တွင် လူတစ်ယောက်သည် တိတ်တဆိတ် တင်ပျဉ်ခွေထိုင်နေသည်။ သူသည် အရပ်မြင့်ကာ ထူးခြားသည့် ဟန်ပန်လက္ခဏာရှိသည်။ သူသည် ထိုနေရာတွင် ထိုင်နေရုံဖြင့်ပင် လောကကြီးနှင့် မသက်ဆိုင်သူတစ်ယောက်ဟု ထင်ရသည်။
ထိုသူသည် ကျိဝူတောက်ပင်။
ကျိဝူတောက်သည် ရီဖူရှင်းနှင့် တိုက်ပွဲတွင် ရှုံးနိမ့်သွားပြီးကတည်းက သိုသိုသိပ်သိပ် နေ,နေခဲ့ပြီး လူလုံး ထွက်မပြတော့ပေ။ သူ ရှုံးသွားပြီးနောက်တွင် ရီဖူရှင်းသည် သူဆက်ခံရမည့်အမွေကို ဆက်ခံကာ ကောင်းကင်ဘုံတစ်ခုလုံးကို အုပ်စိုးမည်ဖြစ်ကြောင်း သူသိပေသည်။ ထိုသို့ဖြစ်လာလျှင် သူသည် ရီဖူရှင်းကို တိုက်ခိုက်နိုင်ရန် မျှော်လင့်၍ မရတော့ပေ။
သူ ရီဖူရှင်း ရသည်ထက် ပိုရမှသာ ရီဖူရှင်းကို ယှဉ်နိုင်ပေလိမ့်မည်။
ကျိဝူတောက်သည် ထိုနေရာတွင် တိတ်တဆိတ်ထိုင်နေသည်။ သူသည် လောကကြီးနှင့် မသက်ဆိုင်ဘဲ လောကအတွင်းရှိ မည်သည့်အရာကိုမှ ဂရုမစိုက်တော့ဟန် ပေါ်နေလေသည်။ ကောင်းကင်ဘုံတွင် စစ်ပွဲဖြစ်လာလျှင်ပင် ထိုအကြောင်းကို နောက်ဆုံးမှ သိမည့်သူမှာ သူဖြစ်ပေလိမ့်မည်။ သူသည် ထိုအကြောင်း သိလိုစိတ်လည်း မရှိပေ။
အချိန်များသည် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာသည်။ ယနေ့တွင် ကောင်းကင်၌ ထူးဆန်းသော အဖြစ်အပျက်တစ်ခုကို မြင်ရလေသည်။ ထို့နောက်တွင် ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ကျဆင်းလာပြီး တည်နေရောရွေ့ပြောင်းကွန်ရက်သည် စုတ်ဖြဲခံလိုက်ရကာ အထက်ကောင်းကင်၌ လူတစ်ယောက် ထွက်ပေါ်လာလေသည်။ သူသည် ထိုနေရာတွင် အရှိန်အဝါအပြည့်ဖြင့် ရပ်နေလေသည်။
ထိုသူသည် ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုနေ၏။ ထိုစဉ် အင်ပါယာအရှိန်အဝါသည် သူ့ကို ဖြတ်သန်းသွားပြီး နတ်အာရုံသည် အကန့်အသတ်မဲ့အာကာပြင်ကို လွှမ်းခြုံသွားသည်။ ထို့နောက်တွင် သူသည် ကျိဝူတောက်ရှိနေသည့် တောင်ထွပ်ကို ကြည့်သည်။
လျှပ်တစ်ပြက်အတွင်း သူသည် အကန့်အသတ်မဲ့အာကာပြင်ကို ဖြတ်သန်းကာ ကျိဝူတောက်ထံသို့ သွားလိုက်၏။ ကျိဝူတောက်အပေါ်သို့ နတ်စွမ်းအားတစ်ခု ကျဆင်းလာသည်။
ကျိဝူတောက်သည် သူ၏မျက်လုံးများကို ဖွင့်လိုက်ပြီး ကောင်းကင်ထက်သို့ ကြည့်လိုက်၏။ သူသည် ထွက်ပေါ်လာသူကို မြင်လိုက်၏။ သို့သော် သူ့မျက်နှာထားသည် တည်ငြိမ်နေသည်။
ယခင်က ဤနေရာမှနေ၍ ထူးကဲသောကျင့်ကြံသူတစ်ယောက် ထွက်ပေါ်လာခဲ့သည်။ သူသည် ရှေးခေတ်မှ အရှင်ဟောင်ထျန်းဖြစ်ပြီး သူ၏စွမ်းရည်များသည် ပြိုင်ဘက်ကင်းပေသည်။ သူသည် ကောင်းကင်(၉၉)လွှာတွင် တိုက်ခိုက်ခဲ့ပြီး သူ၏ပြိုင်ဘက်က သူ့ကို အနိုင်ယူရန် ကောင်းကင်လမ်းစဉ်၏ စွမ်းအားကို ငှားယူခဲ့သောအခါ သူရှုံးနိမ့်ခဲ့သည်။
ယခု ထွက်ပေါ်လာသော မဟာအင်ပါယာသည် တစ်စုံတစ်ခုကို အာရုံခံမိသည့်အလား ရုတ်တရက် ရပ်တန့်လိုက်ပြီး ကျိဝူတောက်ထံသို့ ဆက်မသွားတော့ပေ။ ထို့နောက်ချက်ချင်းပင် သူသည် နောက်လှည့်ကာ ထွက်သွားသည်။ ကျိဝူတောက်သည် သွားရှုပ်ရမည့်သူမဟုတ်ကြောင်း သူသိသွားပုံပင်။
သို့သော် ဤအခြေအနေမှ သူထွက်ပြေးချင်တိုင်း ထွက်ပြေး၍ မရပေ။
ကြောက်မက်ဖွယ် နတ်စွမ်းအားတစ်ခုသည် သူရှိနေသောနေရာကို လွှမ်းခြုံသွားသည်။ ကျိဝူတောက်သည် ရှေ့သို့ လက်ဆန့်တန်း၍ အကွာအဝေးကိုဖြတ်ကာ ဆုပ်ကိုင်လိုက်သည်။ မဟာအင်ပါယာ၏ မျက်နှာထား ပြောင်းလဲသွား၏။ သူ၏နတ်စွမ်းအား ထွက်လာ၏။ ထို့နောက် ကြောက်မက်ဖွယ် အာကာသတွင်းနက်တစ်ခု ထွက်ပေါ်လာကာ နတ်စွမ်းအားကို ဝါးမျိုပစ်လိုက်သည်။ နတ်စွမ်းအားသည် အာကာသတွင်းနက်ထဲသို့ လျင်မြန်စွာ စီးဝင်သွား၏။ သူ၏ခန္ဓာကိုယ်သည် သူ၏ထိန်းချုပ်မှုအောက်တွင် မရှိတော့ပေ။ သူ၏ဝတ်ရုံသည်လည်း လေထဲတွင် တဖျပ်ဖျပ် ဝဲလွင့်နေသည်။
အာကာသတွင်းနက်သည် ပို၍ ကြီးမားလာပြီး သူရှိနေသောနေရာကို ဝါးမျိုလိုက်သည်။ ထို့နောက် သူသည်လည်း ဝါးမျိုခံလိုက်ရပြီး သူ့ကို မမြင်ရတော့ချေ။
ရုတ်ခြည်းပင် ကြောက်မက်ဖွယ်အရှိန်အဝါ ပျောက်ကွယ်သွားပြီး အရာအားလုံး ပုံမှန် ပြန်ဖြစ်သွားသည်။ ကျိဝူတောက်သည် သူ၏မျက်လုံးများကို ပိတ်လိုက်ပြီး မည်သည့်အရာမှ မဖြစ်ခဲ့သကဲ့သို့ ထိုနေရာတွင် တိတ်တဆိတ်ရပ်နေလေသည်။ သူသည် တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်၍ ကျင့်ကြံနေ၏။
မကြာခင်တွင် သူသည် မျက်စိ ထပ်ဖွင့်လိုက်ပြီး ကောင်းကင်သို့ ကြည့်လိုက်လေသည်။ ထို့နောက် သူသည် သူ့ကိုယ်သူ မြင့်မားသော ကောင်းကင်ထက်သို့ တည်နေရာရွှေ့ပြောင်းလိုက်သည်။ သူက လက်ဝါးဆန့်၍ တည်နေရာရွှေ့ပြောင်းကွန်ရက်တွင် အပေါက်တစ်ပေါက် ဖြစ်သွားစေသည်။ ထို့နောက် သူသည် အပေါက်အတွင်းသို့ ဝင်ကာ ပျောက်ကွယ်သွားသည်။
သူ ထွက်သွားပြီးနောက်တွင် အပေါက်သည် ၎င်းဘာသာ ပြန်ပိတ်သွားပြီး မည်သည့်ကိစ္စမှ မဖြစ်ခဲ့သကဲ့သို့ အရာအားလုံးသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
အဝေးရှိ ကျင့်ကြံသူတစ်ဦးသည် ထိုအရာအားလုံးကို မြင်လိုက်ရသဖြင့် ရင်ခုန်မြန်နေသည်။ ထိုသူသည် တစ်ချိန်က ကောင်းကင်အင်ပါယာအသစ်ဖြစ်လာမည့်သူဟု အထင်ခံခဲ့ရသည့် ကျိဝူတောက်ဖြစ်သည်။ သူ မည်သည့်နေရာသို့ သွားခြင်းနည်း။
ကောင်းကင်(၉၉)လွှာရှိ ကောင်းကင်နန်းတော်ထဲတွင် အရှင်ဒွန်ဟောင်သည်လည်း နတ်ဘုရားကုန်းမြေပေါ်၌ ဖြစ်ခဲ့သော သတင်းများကို လက်ခံရရှိလိုက်သည်။
သူသည် ရီဖူရှင်း၊ ရီဖူရှင်း၏မွေးစားအဖေ ယွီထူနှင့် ရီဘေချွန်တို့နှင့် စကားပြောနေသည်။ သူတို့အားလုံးသည် ရီဖူရှင်းအတွက် တစ်နည်းနည်းဖြင့် အဖေအရာတွင် ရှိသူများဖြစ်သည်။
ထိုသတင်းကို အရှင်ဒွန်ဟောင်၏ တပည့်ရင်း တုယူက ယူဆောင်လာခြင်းပင်။ အရှင်ဒွန်ဟောင်သည် ထိုသတင်းကို ကြားသောအခါ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
ရီဖူရှင်းမှာလည်း အံ့အားသင့်သွားပြီး မေးလိုက်သည်။
“အဖေ... အဲဒီကျင့်ကြံသူတွေက ရှေးဟောင်းအင်ပါယာတွေလား။ သူတို့က ဘယ်ကလာခဲ့တာလဲ”
သူသည် ယခင်က သူ၏လှံဖြင့် မဟာအင်ပါယာခုနစ်ပါးကို သတ်ပစ်ခဲ့သည်။ ထိုမဟာအင်ပါယာခုနစ်ပါးသည် စီရင်ခြင်းနတ်ဘုရားများကဲ့သို့ ထင်ရ၏။ သို့သော် ရီဖူရှင်းသည် ယခုအထိ သူတို့ မည်သည့်နေရာမှ လာခဲ့သည်ကို မသိသေးပေ။
အရှင်ဒွန်ဟောင်သည် ရီဖူရှင်း၏ မေးခွန်းကို ကြားသောအခါ မျက်နှာမှိုင်းသွားသည်။ သူ ဖြေလိုက်၏။
“အရင်ကတည်းက မင်းရဲ့အမေက ဒီကိစ္စတွေ ဖြစ်လာနိုင်တယ်လို့ မှန်းထားခဲ့ပြီးပြီ။ ငါတို့ အဲဒီအကြောင်းကို ဆွေးနွေးခဲ့ကြတယ်... အဲဒါက ကောင်းကင်လမ်းစဉ်ဟောင်းရဲ့ တိုက်ပွဲနှင့် သက်ဆိုင်နိုင်တယ်လို့ ငါတို့ ကောက်ချက်ချခဲ့တယ်...”
“ကောင်းကင်လမ်းစဉ်က အသိဉာဏ်ရှိတဲ့ သက်ရှိပဲ။ ကျင့်ကြံသူတစ်ယောက်က အမြင့်ဆုံးကျင့်ကြံခြင်းအဆင့်ကို ရောက်သွားရင် ကောင်းကင်လမ်းစဉ် ဖြစ်လာလိမ့်မယ်။ ပြီးတော့ ကောင်းကင်စည်းမျဉ်းတွေရဲ့ နတ်ဘုရား၊ မူလရင်းမြစ်နတ်ဘုရား ဖြစ်လာလိမ့်မယ်။ မင်းလည်း အဲဒါကို သိပါတယ်”
အရှင်ဒွန်ဟောင် ထပ်ပြောလိုက်၏။
“တစ်နည်းပြောရရင်တော့ ငါတို့ နေတဲ့ စကြဝဠာကြီးက ကျယ်ပြောပြီး အဆုံးမဲ့တယ်။ ဒီစကြဝဠာကြီးထဲမှာ လောကတွေအများကြီးရှိတယ်... မရေမတွက်နိုင်တဲ့ အာကာသတွေရှိတယ်။ ဒါပေမဲ့ အဲဒါတွေကို ကျင့်ကြံခြင်းအမြင့်ဆုံးအဆင့် ရောက်သွားတဲ့ ကျင့်ကြံသူတွေကလည်း ဖန်တီးနိုင်တယ်...”
“ငါတို့ ငါတို့ကိုယ်ငါတို့ မေးရမယ်... ကျင့်ကြံခြင်းတည်ရှိခဲ့တာ ဘယ်လောက်ကြာခဲ့ပြီလဲ။ နှစ်သန်းရာနဲ့ချီ ကြာခဲ့လောက်ပြီပေါ့။ အဲဒီကာလရှည်ကြီးအတွင်းမှာ ကိစ္စတွေ ဘယ်လောက်များများ ဖြစ်ခဲ့လဲဆိုတာ ငါတို့မသိနိုင်ဘူး။ ကောင်းကင်လမ်းစဉ် ပြိုပျက်သွားစဉ်က ကာလကို ငါတို့ ရှေးခေတ်လို့ ခေါ်ကြတယ်။ ဒါပေမဲ့ အဲဒီရှေးခေတ်ထက် ရှေးကျတဲ့ခေတ်တွေ မရှိနိုင်ဘူးလား”
အရှင်ဒွန်ဟောင် မေးလိုက်သည်။
ရီဖူရှင်းသည် အရှင်ဒွန်ဟောင်၏စကားများကို ကြားလိုက်သောအခါ အတွေးနက်သွားသည်။ အရှင်ဒွန်ဟောင်၏ အတွေးကို သူနားလည်သည်ဟု သူတွေးလိုက်သည်။
“အကြွင်းမဲ့ဗုဒ္ဓပြောတာကတော့ ပန်းတိုင်းမှာ လောကရှိတယ်၊ သစ်ရွက်တိုင်းမှာ အသိပညာရှိတယ်တဲ့။ ဗုဒ္ဓအယူမှာတော့ လောကကြီးတွေလည်း ထောင်နဲ့ချီပြီးရှိသလို လောကအသေတွေလည်း ထောင်နဲ့ချီပြီးရှိတယ်။ အဲဒီရှေးဟောင်းဗုဒ္ဓကျမ်းစာတွေကို ဘယ်သူရေးတာလဲ”
အရှင်ဒွန်ဟောင်၏ မျက်နှာထားသည်လည်း လေးနက်နေသည်။
“ကောင်းကင်လမ်းစဉ်က တစ်ခုတည်း ရှိတာလား”
“ငါတို့ ရှိနေတဲ့ စကြဝဠာကြီးကရော တစ်ခုတည်း ရှိတာလား”
အရှင်ဒွန်ဟောင်၏ မေးခွန်းများသည် ကျင့်ကြံသူများကို တိတ်ဆိတ်သွားစေ၏။ ထိုနေရာသည် လုံးဝတိတ်ဆိတ်သွားသည်။
အခြားကောင်းကင်လမ်းစဉ်များ ရှိသေးသလော။ အခြားစကြဝဠာများ ရှိသေးသလော။
ရီဖူရှင်းသည် သူ့ကိုယ်တွင်း၌ ကောင်းကင်လမ်းစဉ်အသေးစားကို ဖန်တီးခဲ့သည်။ အကယ်၍ ထိုကောင်းကင်လမ်းစဉ်အသေးစားသာ ပြီးပြည့်စုံသွားလျှင် အနာဂတ်တွင် ကျင့်ကြံသူများစွာသည် ထိုကောင်းကင်လမ်းစဉ်လောကထဲသို့ သွားကာ ကျင့်ကြံနိုင်ပေသည်။ သူတို့သည် အနန္တလောကများထဲတွင် အပြင်ဘက်၌ အခြားလောကရှိသေူသည်ဟု သိနိုင်ပါမည်လော။
“အဲဒါကြောင့်လည်း မင်းအမေက အရင်တုန်းက ကောင်းကင်လမ်းစဉ်ကို ပြန်ဖန်တီးချင်ခဲ့တာပဲ။ တကယ်လို့ တခြားစကြဝဠာတွေ၊ တခြားလောကတွေ တည်ရှိတယ်ဆိုရင် ပြန်ဖန်တီးလိုက်တဲ့ ကောင်းကင်လမ်းစဉ်က အစောင့်အရှောက်ဖြစ်မှာပဲ။ အဲဒါကြောင့် သူက ကျင့်ကြံခြင်းရဲ့ အထွတ်အထိပ်အဆင့်ကို ရောက်ချင်ခဲ့ပြီး လောကထဲကလူတွေကိုလည်း ပိုမြင့်တဲ့အဆင့်တစ်ခုကို ရောက်စေချင်ခဲ့တာ”
အရှင်ဒွန်ဟောင်သည် ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ပြီးတော့ အခု ထက်ပြီး လေ့လာဖို့ ထိုက်တန်နဲ့ ကိစ္စတချို့ ရှိလာပြီ။ ဒါပေမဲ့ လောလောဆယ်တော့ မင်း အဲဒီကိစ္စတွေကို တွေးဖို့ မလိုသေးပါဘူး။ ငါ အဖြေကို ရှာပါမယ်... ငါ အဖြေရှာတွေ့ရင် မင်းကို ပြောပြမှာပါ။ မင်းအတွက်ကတော့ လောလောဆယ် ကျင့်ကြံရေးက အဓိကပဲ။ ငါတို့ အနာဂတ်မှာ ဘာကိုပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ ငါတို့က မဟာစွမ်းအားအပေါ်မှာ မှီခိုရမှာပဲ”
ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။ အရှင်ဒွန်ဟောင်၏ စကားများသည် အတွေးများကို ဖြစ်စေသည်။ အကယ်၍ သူသတ်ခဲ့သော မဟာအင်ပါယာခုနစ်ပါးသည် ရှေးခေတ်မှမဟုတ်လျှင် သူတို့သည် အခြားလောကများမှ ကျင့်ကြံသူများလော။
သူတို့သည် ကောင်းကင်လမ်းစဉ်ပြိုပျက်သွားပြီးနောက်တွင် ဤစကြဝဠာသို့ လာနိုင်သည့် လမ်းကြောင်းကို တွေ့ခဲ့ကြခြင်းလော။
မည်သူမှ မသိပေ။ ကျိဝူတောက်သည်လည်း တည်နေရာရွှေ့ပြောင်းကွန်ရက်တွင် အပေါက်တစ်ပေါက်ဖောက်ကာ မည်သည့်နေရာသို့ သွားခဲ့ခြင်းပေနည်း။