← Chapters

နတ်ဆိုးလောက၏ အခက်အခဲ

Vol. 203 Ch. 2896

နတ်ဆိုးလောက၏ အခက်အခဲ

Vol. 203 Ch. 2896

ကောင်းကင်(၉၉)လွှာသို့ ကျင့်ကြံသူများ တစ်စထက်တစ်စ ပို၍ ရောက်ရှိလာကြသည်။ နတ်ဘုရားကုန်းမြေရှိ ရီအင်ပါယာနန်းတော်၊ စီဝေ့ကြယ်ကောင်းကင်ရှိ စီဝေ့အင်ပါယာနန်းတော်နှင့် ကောင်းကင်အာဏာစက်ကျောင်းတော်တို့မှ ရီဖူရှင်းကို ယုံကြည်ကြသူများသည် ကျင့်ကြံရန်အတွက် ကောင်းကင်ဘုံသို့ လိုက်လာကာ ကောင်းကင်(၉၉)လွှာရှိ ကျင့်ကြံသူတပ်ဖွဲ့နှင့် ပူးပေါင်းလိုနေကြသည်။

လက်ရှိတွင် ကောင်းကင်(၉၉)လွှာလုံးသည် ဆန်းကြယ်သော အရှိန်အဝါတစ်ခု၏ လွှမ်းခြုံမှုကို ခံထားရ၏။ ကောင်းကင်လမ်းစဉ်၏ စွမ်းအားသည် ကောင်းကင်(၉၉)လွှာနှင့် ပေါင်းစည်းသွားပြီဖြစ်သည်။ ထို့အပြင် ထိုနေရာသည် အပြင်လောကနှင့် သီးခြားဖြစ်နေသဖြင့် ကိုယ်ပိုင်လောကအသေးစားလေးကဲ့သို့ ဖြစ်နေသည်။

အမှန်တွင် ကောင်းကင်(၉၉)လွှာမှ ကျင့်ကြံသူများသည် မဟာလမ်းစဉ်၏ အန္တရာယ်များသော အရှိန်အဝါတစ်ခုကို အာရုံခံနိုင်နေကြသည်။ သူတို့သည် ဤလောကအသေးစားမှနေ၍ လမ်းစဉ်တည်ရှိမှုကို ခံစားနိုင်ကြသည်။ ထို့ကြောင့် သူတို့အတွက် တရားထိုင်ရန် ပို၍လွယ်ကူလာပြီး လွန်စွာ လျင်မြန်သောနှုန်းဖြင့် တိုးတက်နေကြပေသည်။

(၈၁)လွှာမြောက်ကောင်းကင်တွင် လူတစ်စုသည် ဖေးနန်းတော်အရှေ့တွင် စုဝေးကာ ကျင့်ကြံခြင်းနည်းလမ်းကို ဆွေးနွေးနေကြသည်။

“ဆယ်နှစ်ကျင့်ကြံပြီးတော့ စီနီယာက နတ်ဘုရားတစ်ဝက်အဆင့်ကို ရောက်သွားပြီ။ ဂုဏ်ပြုပါတယ်”

တစ်ယောက်က ပြောလိုက်၏။ သူ့ဘေးမှ လူက ရယ်ကာ ခေါင်းခါလိုက်သည်။

“ငါ့အစွမ်းအစကြောင့် မဟုတ်ပါဘူး။ ဒီနေရာရဲ့ ကျေးဇူးတွေကြောင့်ပါ။ အခု ငါတို့ရှိနေတဲ့ ကောင်းကင်(၉၉)လွှာရဲ့ ပတ်ဝန်းကျင်က ရှေးခေတ်ကနဲ့ မတူဘူးလို့ ငါခပ်ရေးရေး ခံစားနေရတယ်။ ဒီပတ်ဝန်းကျင်က ရှေးခေတ်က ပတ်ဝန်းကျင်ထက်တောင် သာနိုင်တယ်။ ငါတို့ရဲ့ နန်းတော်သခင်က ကောင်းကင်လမ်းစဉ်ရဲ့ ကျင့်ကြံခြင်းပတ်ဝန်းကျင်ကို ပြောင်းလိုက်လို့ထင်တယ်။ မင်းတို့ရော အဲဒီလို ခံစားကြရလား”

“ဟုတ်... ခံစားရတယ်။ ဒီလောကအသေးစားက ကောင်းကင်လမ်းစဉ်ရဲ့ စွမ်းအားကနေ ဖြစ်တည်လာတာပဲ။ အဲဒီကောင်းကင်လမ်းစဉ်ဆိုတာကလည်း ကျုပ်တို့ နန်းတော်သခင်ရဲ့ အမေပဲလေ။ အခု ကျုပ်တို့ရဲ့ နန်းတော်သခင်က အဲဒါတွေကို ပေါင်းစည်းပြီး ဒီနေရာက ကျင့်ကြံခြင်းပတ်ဝန်းကျင်ကို ပြောင်းလဲခဲ့တာ။ ဒီလောကအသေးစားက တစ်လောကလုံးမှာ အကောင်းဆုံး ကျင့်ကြံခြင်းနေရာ ဖြစ်လိမ့်မယ်။ ကောင်းကင်(၉၉)လွှာက ထွက်သွားတဲ့သူတွေကတော့ အခုလောက်ဆို နောင်တရနေလောက်ပြီ”

ဘေးမှလူက ခေါင်းညိတ်ကာ ပြောလိုက်၏။

“ခင်ဗျားတို့က သူ့ကို နန်းတော်သခင်လို့ ခေါ်နေကြတုန်းပဲလား”

တစ်ယောက်က ရယ်ကျဲကျဲဖြင့် မေးလိုက်သည်။ စကားပြောနေသူ နှစ်ယောက်သည် သူတို့ အမှားလုပ်မိသွားကြောင်း သိသွားကြသည်။ သူတို့သည်လည်း ခပ်ရွှင်ရွှင် ပြန်ပြောလိုက်ကြသည်။

“ကျုပ်တို့က အဲဒီလိုခေါ်ရတာ အသားကျနေပြီပဲ။ ဒါပေမဲ့ အခု နန်းတော်သခင်က ကောင်းကင်အင်ပါယာဖြစ်သွားပြီဆိုတော့ ကျုပ်တို့ သူ့ကို ပြောင်းပြီး ခေါ်သင့်နေပြီ”

“ငါကတော့ အဲဒါက အဲဒီလောက်အရေးပါတယ် မထင်ပါဘူး။ ငါတို့ နန်းတော်သခင်က သဘောထားကြီးတော့ ငါတို့ သူ့ကို ဘယ်လိုခေါ်ခေါ် ဂရုစိုက်မှာ မဟုတ်ဘူး”

သို့သော် သူ့ကို “နန်းတော်သခင်” ဟု ခေါ်ခြင်းသည်လည်း လေးစားသမှုတစ်မျိုးဖြစ်သည်ဟု အချို့က ခံစားကြရသည်။

“အစ်ကိုတို့...”

ထိုအခိုက်တွင် တစ်စုံတစ်ယောက်သည် အော်ခေါ်ကာ သူတို့ဆီသို့ လာနေသည်။ သူတို့လူစုသည် နောက်လှည့်၍ ကြည့်လိုက်ရာ ခရမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားပြီး ထူးကဲသော ဟန်ပန်အမူအယာရှိသည့် အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ကို မြင်လိုက်ရလေသည်။ သူတို့ ပြုံး၍ ပြောလိုက်ကြသည်။

“ညီလေးကျိုး... နောက်ဆုံးတော့ မင်းဒီကို ရောက်လာပြီပေါ့”

“ကျုပ် နတ်ဘုရားကုန်းမြေပေါ်မှာ ကျင့်ကြံနေတုန်းက အမွေအနှစ်တစ်ခုကို တွေ့ခဲ့လို့ ဒီကို အချိန်မီရောက်မလာခဲ့တာပါ။ ဖြစ်ခဲ့တာတွေကို ကျုပ် သိသိချင်းပဲ ဒီကို အမြန်လာခဲ့တာ။ တော်သေးတာပေါ့ သိပ်မကြာလို့”

အသက်လတ်ပိုင်း အမျိုးသားက ရှင်းပြလိုက်သည်။

“သိပ်မကြာဘူးဟုတ်လား”

တစ်ယောက်က ရယ်လိုက်သည်။

“ဆယ်နှစ်ဆိုတာ မကြာဘူးလား။ အဲဒီအချိန်အတွင်းမှာ အစ်ကိုကြီးဝမ့်တောင် နတ်ဘုရားတစ်ဝက်အဆင့် ရောက်သွားပြီ”

“ဆယ်နှစ်ဟုတ်လား...”

အသက်လတ်ပိုင်း အမျိုးသားသည် ခေတ္တမျှ အံ့အားသင့်သွားသည်။

“အစ်ကိုပြောတာက ဘာလဲ... အဲဒါ ဟာသလား”

“မင်း အပြင်မှာ ကျင့်ကြံနေတုန်းက ရူးသွားတာလား ညီလေးကျိုး”

သူတို့လူစုသည် အသက်လတ်ပိုင်း အမျိုးသားကို ကြည့်လိုက်ကြသည်။

“ဆယ်နှစ် အမှန်ပဲ။ ငါတို့ ဒီမှာ ကျင့်ကြံနေတာ ဆယ်နှစ်ရှိပြီ”

အခြားတစ်ယောက်က ပြောလိုက်၏။

“မဖြစ်နိုင်ဘူး...”

ကျိုးဟု ခေါ်သူက မလျှော့ဘဲ ငြင်းလိုက်သည်။

“ကျုပ်တို့ရဲ့ နန်းတော်သခင် ကောင်းကင်အင်ပါယာဖြစ်လာတာ လပိုင်းပဲ ရှိသေးတယ်။ ကျုပ် သတင်းကြားကြားချင်း ဒီကို အမြန်လာခဲ့တာပဲ... လမ်းမှာ ဆယ်ရက်လောက်ပဲ ကြာခဲ့တာ။ ဘယ်လိုလို့ ဆယ်နှစ်ကုန်သွားနိုင်မှာလဲ”

သူတို့သည် ထိုစကားကို ကြားလိုက်သောအခါ တစ်စုံတစ်ခု မှားနေကြောင်း ခံစားမိသွားသည်။ သူတို့သည် နားမလည်နိုင်ဟန်ဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့သည် ထပ်မံဆွေးနွေးပြီးသောအခါ ညီလေးကျိုးက လိမ်နေခြင်းမဟုတ်ကြောင်း သိရှိသွားကြသည်။

“လက်ရှိမှာ လောကကြီးက ပရမ်းပတာ ဖြစ်နေတာ။ ဘယ်လိုလုပ် ကောင်းကင်ဘုံမှာ ဘာပြဿနာမှ မရှိဘဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆယ်နှစ်ကုန်သွားနိုင်မှာလဲ။ အစ်ကိုတို့ အဲဒါကို တွေးကြည့်လိုက်ရင် နားလည်သွားမှာပါ”

ကျိုးမျိုးရိုးနှင့် လူက ဆက်ပြောလိုက်၏။ ထိုစကားကြောင့် သူတို့အားလုံး အတော်လေး အံ့အားသင့်သွားကြသည်။ သူတို့ကဲ့သို့ ကျင့်ကြံသူများသည် မည်သို့ အချိန်ကို အတွက်မှားမည်နည်း။ ထို့အပြင် ယင်းသည် လူများအစုလိုက်အပြုံလိုက် ထင်ယောင်ထင်မှာ ဖြစ်ခြင်းမဟုတ်သလို နားလည်မှု လွဲခြင်းလည်း မဟုတ်ပေ။

“တကယ်လို့ နှစ်ဘက်စလုံးက မှန်တယ်ဆိုရင် ဖြစ်နိုင်ခြေက နှစ်ခုပဲ ရှိနိုင်တယ်”

တစ်ယောက်က ပြောလိုက်၏။

“ဘာတွေလဲ”

“ပထမတစ်ခုက ကျုပ်တို့က ပုံရိပ်ယောင်စိတ်ကူးယဉ်လောကတစ်ခုထဲ ရောက်နေတာ”

ထိုသူက ဖြေလိုက်၏။ ထို့ကြောင့် သူတို့အားလုံးသည် မဟာလမ်းစဉ်အနှစ်သာရကို ထုတ်လွှတ်လိုက်ကြသည်။ သူတို့ပတ်ပတ်လည်တွင် နတ်အလင်း စတင်စီးဆင်းလာ၏။ ယင်းသည် ပုံရိပ်ယောင်တစ်ခုနှင့် မတူပေ။

“ဒုတိယဖြစ်နိုင်ခြေက ဒီလောကအသေးစားထဲက အချိန်ရဲ့ သဘာဝက ပြောင်းလဲသွားတာ”

သူထိုသို့ ပြောလိုက်သောအခါ ရင်ခုန်မြန်သွားသည်။ အခြားသူများလည်း ရင်ခုန်သွားကြသည်။

“ကျုပ်တို့ ရီအင်ပါယာနန်းတော်ထဲမှာ ကျင့်ကြံနေတုန်းက အချိန်မှော်ပစ္စည်းတစ်ခု ပေါ်လာခဲ့ဖူးတယ်လေ။ ဒီတော့ ဒုတိယဖြစ်နိုင်ခြေက မှန်လောက်တယ်”

သူတို့သည် ပထမဖြစ်နိုင်ခြေမှာ မဖြစ်နိုင်ကြောင်း သိရှိခဲ့ကြပြီးဖြစ်သည်။

သူတို့အားလုံး အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ကောင်းကင်သို့ အံ့ဩတကြီးဖြင့် ကြည့်လိုက်ကြသည်။

“ကောင်းကင်(၉၉)လွှာက ကိုယ်ပိုင်လောကအသေးစားအဖြစ် ပြောင်းလဲသွားပြီ။ ပြီးတော့ ဒီလောကအသေးစားထဲက အချိန်ရဲ့ သဘာဝကလည်း ပြောင်းလဲသွားပြီ။ ဘယ်သူသိမလဲ... စည်းမျဉ်းတွေလည်း ပြောင်းလဲချင်ပြောင်းလဲနေမှာပေါ့။ အဲဒါကြောင့် ကျုပ်တို့ မှော်ပစ္စည်းတွေအပေါ် မှီခိုစရာ မလိုတော့တာ။ ကျုပ်တို့ရဲ့ နန်းတော်သခင်က ဒီလောကအသေးစားထဲက သဘာဝစည်းမျဉ်းတွေကို တိုက်ရိုက် ပြောင်းလဲပစ်နိုင်တယ်”

သူတို့ တိတ်ဆိတ်သွားကြသည်။ သူတို့၏ နန်းတော်သခင်သည် ကောင်းကင်လမ်းစဉ်နှင့် ပေါင်းစည်းရာတွင် ဤမျှ အဆင့်မြင့်မြင့် စွမ်းဆောင်နိုင်နေပြီလော။ ယခု သူတို့၏ စကားများမှအရ ဤလောကအသေးစားအတွင်းရှိ အချိန်စီးဆင်းနှုန်းသည် အပြင်လောကထက် အနည်းဆုံး ဆယ်ဆပိုမြန်လေသည်။

“ကျုပ် အရင်တုန်းက စကားတစ်ခုကို ကြားဖူးတယ်... ‘ ကောင်းကင်ဘုံက တစ်ရက်က ကမ္ဘာမြေပေါ်က တစ်နှစ် ’တဲ့ ... အဲဒီလို ထူးခြားတဲ့ ဖြစ်စဉ်မျိုးကို တစ်နေ့မှာ ကျုပ်ကိုယ်တိုင် တွေ့ကြုံရလိမ့်မယ်လို့ ကျုပ် တစ်ခါမှ မတွေးခဲ့ဖူးဘူး။ အဲဒါက အဲဒီလောက် ထူးခြားတာမျိုး မဟုတ်လောက်ပေမယ့် ကျုပ်ကို အံ့အားသင့်သွားစေသေးတယ်။ အဲဒီတော့ နောက်ကျရင် ကျုပ်တို့ရဲ့ ကျင့်ကြံခြင်းအချိန်က အပြင်လောကထက် ဆယ်ဆပိုများမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲပေါ့။ အပြင်မှာ တစ်နှစ်ကျင့်ကြံတာက ကောင်းကင်(၉၉)လွှာက ကျုပ်တို့အတွက် ဆယ်နှစ်ကျင့်ကြံတာနဲ့ ညီမျှမှာပဲ”

အကယ်၍ အပြင်လောကတွင်သာ ဆယ်နှစ်ကုန်ဆုံးသွားလျှင် ဤနေရာတွင် နှစ်တစ်ရာ ကုန်ဆုံးသွားမည့် သဘောပင်။ ထိုအရာသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသနည်း။

ဆယ်နှစ်ဆိုသော အချိန်သည် ထိုမျှကြာသောအချိန် မဟုတ်ပေ။

သို့သော် နှစ်တစ်ရာဆိုသောအချိန်သည် ကောင်းကင်ဘုံ၏ အင်အားကို များစွာ တိုးတက်လာစေနိုင်သည်။

*****

ထိုစဉ်တွင် နတ်ဆိုးလောက၏ နတ်ဆိုးချောက်ကမ်းပါးထဲတွင် ယူချင်း ကျင့်ကြံနေလေသည်။

ထိုနေရာတွင် နတ်ဆိုးအင်ပါယာလည်း ရှိနေသည်။ ယူချင်းသည် သူ့ရှေ့မှ ပုဂ္ဂိုလ်ကို ကြည့်နေ၏။ သူသည် အရပ်မြင့်ကာ တုတ်ခိုင်ပြီး နတ်ဆိုးချောက်ကမ်းပါးနှင့် တစ်သားတည်းဖြစ်နေသည်။ သူသည် သူ၏အသွေးအသားခန္ဓာကို သုံးကာ ချောက်ကမ်းပါးတစ်ခုလုံးကို ထောက်ကန်ပေးထားသည်။

ယူချင်းသည် သူ့ရှေ့ရှိ မြင်ကွင်းကို ကြည့်ရင်း မျက်လုံးများ ရဲတက်လာသည်။ ထို့အပြင် သူ၏ခန္ဓာကိုယ်သည်လည်း နတ်ဆိုးချောက်ကမ်းပါးမှ ကပ်ဘေးပေါင်းများစွာကို ခံနေရသည်။

“ဒါက နတ်ဆိုးလောက,က ငါတို့အားလုံးရဲ့ ကံကြမ္မာပဲ”

နတ်ဆိုးအင်ပါယာ၏ ပါးစပ်မှနေ၍ အသံတစ်သံ ထွက်ပေါ်လာပြီး နတ်ဆိုးချောက်ကမ်းပါးအတွင်း၌ ပဲ့တင်ထပ်သွားသည်။

“နတ်ဆိုးအင်ပါယာတိုင်းက နတ်ဆိုးချောက်ကမ်းပါးရဲ့ ကပ်ဘေးတွေကို ခံကြရတယ်။ မဟုတ်ရင် နတ်ဆိုးချောက်ကမ်းပါးရဲ့ စွမ်းအားက နတ်ဆိုးလောကထဲ ဝင်သွားပြီး အရာအားလုံးကို ဖျက်ဆီးပစ်လိမ့်မယ်။ နတ်ဆိုးလောက,က ကျင့်ကြံသူအများစုက နတ်ဆိုးချောက်ကမ်းပါးရဲ့ ကပ်ဘေးတွေကို မခံနိုင်ကြဘူး”

“ဘာလို့ နတ်ဆိုးချောက်ကမ်းပါးကို သူ့အတိုင်း မထားတာလဲ”

ယူချင်းသည် နတ်ဆိုးအင်ပါယာကိုကြည့်၍ မေးလိုက်၏။ ထို အရပ်မြင့်၍ တုတ်ခိုင်သော ပုဂ္ဂိုလ်သည် ယခုတွင် အင်္ကျီဝတ်မထားပေ။ သူ့တစ်ကိုယ်လုံး သွေးချင်းချင်းရဲနေသည်။

“ကောင်းကင်လမ်းစဉ် ပြိုပျက်ပြီးတဲ့‌နောက်မှာ နတ်ဆိုးအရှင်က ဖိနှိပ်ခံခဲ့ရတယ်။ အဲဒီနောက်ပိုင်းမှာ ဘယ်သူကမှ နတ်ဆိုးချောက်ကမ်းပါးရဲ့ စွမ်းအားကို အပြည့်အဝ မထိန်းချုပ်နိုင်ကြတော့ဘူး။ နတ်ဆိုးချောက်ကမ်းပါးက ကောင်းကင်လမ်းစဉ်နဲ့ တစ်ချိန်တည်း ဖြစ်ပေါ်လာတာပဲ။ ဒဏ္ဍာရီတွေမှာ ပြောကြတာကတော့ တကယ်လို့ နတ်ဆိုးချောက်ကမ်းပါးရဲ့ ကပ်ဘေးတွေကို အပြင်ကို အပြည့်အဝထွက်ခွင့်ပြုလိုက်ရင် လောကတစ်ခွင်လုံးမှာ ကပ်ဘေးဒုက္ခကြီးတစ်ခု ဖြစ်လိမ့်မယ်တဲ့။ နတ်ဆိုးအရှင်က တစ်ချိန်တုန်းက နတ်ဆိုးချောက်ကမ်းပါးရဲ့ စွမ်းအားကိုသုံးပြီး ကောင်းကင်လမ်းစဉ်ကို ဖျက်ဆီးဖို့ ကောင်းကင်လမ်းစဉ်နဲ့ တိုက်ခိုက်ခဲ့တယ်။ အခု နတ်ဆိုးချောက်ကမ်းပါးကို ဖိနှိပ်ဖို့က နတ်ဆိုးအင်ပါယာရဲ့ တာဝန်ဖြစ်လာတယ်။ တကယ်လို့ ငါတို့သာ နတ်ဆိုးချောက်ကမ်းပါးရဲ့ ကပ်ဘေးတွေကို အပြင်ကို ထွက်ခွင့်ပြုလိုက်မယ်ဆို ပထမဆုံးပျက်စီးသွားမှာက နတ်ဆိုးလောကပဲ။ အဲဒီကျရင် တခြားမဟာအင်ပါယာတွေက နတ်ဆိုးချောက်ကမ်းပါးကို နတ်ဆိုးလောကထဲမှာ ချိပ်ပိတ်နိုင်မယ့် နည်းလမ်းကို စဉ်းစားကြလိမ့််မယ်။ ငါတို့ရဲ့ နတ်ဆိုးလောက,က‌တော့ ထာဝရ ပျက်စီးသွားမှာပေါ့”

နတ်ဆိုးအင်ပါယာ ရှင်းပြလိုက်သည်။

“နတ်ဆိုးချောက်ကမ်းပါးရဲ့ စွမ်းအားကို ထိန်းချုပ်နိုင်တဲ့သူက နတ်ဆိုးအရှင်ပဲ ရှိတယ်။ အရင်တုန်းက ငါက နတ်ဆိုးအရှင်နဲ့အတူ ကြိုးစားချင်ခဲ့တာ။ ဒါပေမဲ့ သူက နတ်ဆိုးလောကကို သစ္စာဖောက်သွားခဲ့တယ်။ နောက်တော့ မင်းက နတ်ဆိုးလောကကို ပြန်ရောက်လာပြီး နတ်ဆိုးအရှင်ရဲ့ ဝိညာဉ်စွမ်းအားကို အမွေဆက်ခံခဲ့တယ်။ အခု မင်းက နတ်ဆိုးလောကမှာ ကျန်တဲ့ နတ်ဆိုးချောက်ကမ်းပါးကို ထိန်းချုပ်နိုင်မယ့် အလားအလာရှိတဲ့ တစ်ဦးတည်းသောသူပဲ။ လက်ရှိမှာ လောကကြီးက အများကြီး ပြောင်းလဲနေတယ်။ ပြီးတော့ ကြီးမားတဲ့ကပ်ဘေးကြီးတစ်ခု ဖြစ်လာလိမ့်မယ်လို့ ငါခံစားနေရတယ်။ ငါ အဲဒီကပ်ဘေးကို ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး။ အဲဒီအချိန်ကျရင် မင်းက နတ်ဆိုးအင်ပါယာဖြစ်လာလိမ့်မယ်။ မင်း ငါ့ကို စိတ်မပျက်စေပါနဲ့လို့ ငါမျှော်လင့်ပါတယ်”

All Chapters