လက်ဆောင်များ
Vol. 203 Ch. 2897
နတ်ဆိုးအင်ပါယာက ယူချင်းကို ပြောနေစဉ်တွင် နတ်ဆိုးအင်ပါယာနန်းတော်၏ အမှောင်ထုအတွင်း၌ အဘိုးအိုတစ်ယောက် တင်ပျဉ်ခွေထိုင်နေလေသည်။ သူသည် အနည်းငယ် မောပန်းနေပုံပေါ်သည်။
ထိုစဉ်တွင် နတ်ဆိုးအင်ပါယာနန်းတော်အပြင်၌ ရုတ်ရုတ်သဲသဲအသံတစ်သံကို ကြားလိုက်ရ၏။ အဘိုးအိုသည် မျက်လုံးများ ဖွင့်လိုက်၏။ သူ၏အကြည့်သည် အနည်းငယ် ငိုင်တွေနေသည်။ သို့သော် တစ်ခဏမျှသာ ဖြစ်သည်။ သူ အကြည့်လွှဲလိုက်သောအခါ သူ၏မျက်လုံးများသည် မထင်ထားလောက်အောင် ဩဇာအာဏာဖြင့် ပြည့်နေသည်။
ဝှီး...
လွန်စွာ အားကောင်းသော လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး နတ်ဆိုးအင်ပါယာနန်းတော်၏ တံခါးများ ပွင့်သွားသည်။ အပြင်တွင် လူတစ်ယောက် ထွက်ပေါ်လာ၏။
ထိုသူက လက်နောက်ပစ်ကာ အပြင်တွင် ရပ်နေသည်။
အဘိုးအိုသည် ထိုသူကို တွေ့သောအခါ ထရပ်လိုက်သည်။ သူ၏မျက်နှာထား မည်းမှောင်သွား၏။ သူသည် ပြိုင်ဘက်ကင်း နတ်ဆိုးအင်ပါယာအဖြစ် ပြောင်းလဲသွားပြီး နတ်ဆိုးအင်ပါယာနန်းတော်အပြင်သို့ ထွက်သွားကာ ထိုသူအရှေ့တွင် ရပ်လိုက်သည်။ သူသည် ထိုသူကို ခပ်တင်းတင်း စိုက်ကြည့်သည်။
“မင်းက ပြန်လာရဲသေးတယ်ပေါ့”
နတ်ဆိုးအင်ပါယာသည် သူနှင့် ရုပ်ချင်းဆင်သည့် ထိုသူကို စူးစူးဝါးဝါးကြည့်ကာ ပြောလိုက်၏။ ထိုသူမှာ သူ၏ညီတော် ယွီထူပင်။
“ကျုပ်က နတ်ဆိုးလောကအတွက် ပြန်လာခဲ့တာပါ”
ယွီထူ ပြောလိုက်၏။
“နတ်ဆိုးလောကအတွက် ဟုတ်လား”
နတ်ဆိုးအင်ပါယာ၏မျက်လုံးများ အေးစက်နေသည်။ ထိုနေရာတွင် ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ဖြတ်သန်းသွားပြီး ကျယ်ပြောသော နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများကို ကြောက်ရွံ့တုန်ယင်သွားစေ၏။ သူတို့အားလုံးသည် တလိပ်လိပ် တက်လာသော တိမ်တိုက်များကို ကြည့်လိုက်ပြီး နတ်ဆိုးအင်ပါယာကို မည်သူက ဒေါသထွက်အောင် လုပ်ခဲ့သနည်းဟု တွေးနေကြသည်။
“နတ်ဆိုးလောကအတွက် မင်းက ငါတို့ကို သစ္စာဖောက်ပြီး ထွက်သွားတာလား။ မင်းက ကောင်းကင်ဒေသကိုသွားပြီး ဒွန်ဟောင်နဲ့ အင်ပါယာရီချင်ရဲ့ အမိန့်တွေကို နာခံခဲ့တယ်။ မင်းက နတ်ဆိုးအင်ပါယာရဲ့ ညီတော်ဆိုတာကို မမေ့နဲ့”
နတ်ဆိုးအင်ပါယာ၏ လေသံသည် အေးစက် စူးရှနေသည်။ သူသည် သူ၏ဒေါသကို နှစ်ရာချီ မျိုသိပ်ထားခဲ့ရပုံပင်။
“အစ်ကိုတော် ကျုပ်ကို မယုံရင်လည်း မတတ်နိုင်ဘူး.. ကျုပ်လုပ်ခဲ့တာတွေက နတ်ဆိုးလောက,က သူတွေအတွက်ပဲ။ ကျုပ် လိပ်ပြာလုံတယ်”
ယွီထူ၏အသံသည် လေးနက် တည်ငြိမ်နေသည်။ သူ၏လေသံတွင် စိတ်လှုပ်ရှားမှု တစ်စိုးတစ်စိမှ မပါပေ။
နတ်ဆိုးအင်ပါယာ နှာခေါင်းရှုံ့လိုက်သည်။ သူသည် ခနဲ့တဲ့တဲ့ လေသံဖြင့် ပြောလိုက်၏။
“နတ်ဆိုးလောကရဲ့ သတ်ဖြတ်သူ... သွေးဆာလွန်းလို့ နတ်ဆိုးလောကရဲ့ စစ်ပွဲမှာ အစုလိုက်အပြုံလိုက် သတ်ခဲ့တဲ့သူက ဒီကသူတွေအပေါ် ဘယ်တုန်းက သနားနိုင်သွားတာလဲ”
“လူတွေက ပြောင်းလဲတတ်ကြတယ်”
ယွီထူ ပြန်ဖြေလိုက်သည်။
“ဒီစကားကို ပြောတဲ့သူက တခြားသူဆို ငါယုံပေးလိုက်မယ်... ဒါပေမဲ့ မင်းရဲ့ စကားဆိုရင်တော့ ငါ တစ်လုံးမှ ယုံမှာ မဟုတ်ဘူး”
နတ်ဆိုးအင်ပါယာက အထင်သေးဟန်ဖြင့် ပြန်ပြောလိုက်၏။
“ဒီလောကထဲမှာ မင်းကို ငါ့ထက် ပိုသိတဲ့သူမရှိဘူး။ မင်းက မာနကြီးပြီး သူများတွေနဲ့ တူရမှာကို မုန်းတယ်။ ဒါပေမဲ့ မင်းက ကိုယ့်ကိုယ်ကိုလည်း အပြစ်တင်တတ်တယ်။ ငါတို့နှစ်ယောက်စလုံးက အကျဉ်းချခံထားရတာပဲ... ငါတို့ ညီအစ်ကိုတွေ ဒီအကျဉ်းထောင်ကို ဖောက်ထွက်ပြီး နတ်ဆိုးလောကရဲ့ ထိပ်ဆုံးကို တက်ဖို့ ဆုံးဖြတ်ထားခဲ့ကြတာ။ အရင်တုန်းက မင်းက အင်ပါယာဖြစ်နိုင်မယ့် အခွင့်အရေးကို ငါ့ကို ပေးခဲ့တယ်။ မင်းက လိုလိုချင်ချင် လုပ်ခဲ့တာဆိုပေမယ့် အဲဒါက မင်းကို စနိုးစနောင့် ဖြစ်စေသေးတယ်။ မင်းက မင်းအတွက် လမ်းတစ်လမ်း ဖောက်ချင်ခဲ့တာ... တခြားနေရာမှာ ဉာဏ်အလင်းပွင့်နိုင်ဖို့ပေါ့။ ဒါပေမဲ့ မင်းရဲ့ စရိုက်နဲ့ဆို အစေခံတစ်ယောက်အဖြစ်နဲ့ ကျေနပ်နိုင်တာ ထူးဆန်းနေတယ်...”
“အတိတ်တုန်းက ဘာလိုဖြစ်ခဲ့လဲဆိုတာကို ငါ တကယ်သိချင်တယ်”
နတ်ဆိုးအင်ပါယာ၏ စကားများကြောင့် ယွီထူ၏ စိတ်ထဲတွင် မှတ်ဉာဏ်များစွာ ထွက်ပေါ်လာ၏။ ထိုမှတ်ဉာဏ်များသည် သူတန်ဖိုးအထားဆုံး အရာများဖြစ်သည်။
သူ နတ်ဆိုးအင်ပါယာကို ကြည့်လိုက်ပြီး ပြောလိုက်၏။
“လူတွေက ပြောင်းလဲနိုင်တယ်ဆိုတာ အမှန်ပဲ။ မပြောင်းလဲသေးတဲ့ သူတွေကလည်း သူတို့ကို ပြောင်းလဲပေးနိုင်တဲ့သူနဲ့ မတွေ့သေးလို့ပဲ”
“ဒီတော့ ကောင်းကင်မင်းသမီးက မင်းကို ပြောင်းလဲသွားစေပြီး လိုလိုချင်ချင်နဲ့ အစေခံတစ်ယောက် ဖြစ်လာစေတာပေါ့”
နတ်ဆိုးအင်ပါယာသည် တင်းမာနေသေးပေသည်။ သူမသည် ကောင်းကင်အင်ပါယာ၏ သမီးတော်ဆိုလျှင်လည်း ဘာဖြစ်သေးသနည်း။ သူသည် နတ်ဆိုးလောကတစ်ခွင်လုံးကို အုပ်စိုးသော နတ်ဆိုးအင်ပါယာဖြစ်သည်။ သူ၏ ညီတော်သည် အဘယ်သို့ အခြားသူ၏ အစေခံ ဖြစ်ရမည်နည်း။
ယွီထူ၏ မျက်လုံးများထဲတွင် အတိတ်မှ မှတ်ဉာဏ်ပုံရိပ်များ ပေါ်လာလေသည်။ အချို့လူများသည် အလင်းတန်းတစ်ခုကဲ့သို့ဖြစ်ပြီး တလက်လက်တောက်ပနေကာ အံ့အားသင့်ဖွယ်ကောင်းလှသည်။ ထိုသူများသည် ကြည့်မိသူကို သိမ်ငယ်သွားစေပြီး ကိုယ့်စိတ်အတွင်းမှ အမှောင်ထုကို သတိပြုမိလာစေသည်။
“ဒီလောကထဲမှာ တခြားသူတွေနဲ့ ကွဲပြားတဲ့သူတွေ၊ တခြားဘယ်သူနဲ့မှ မတူတဲ့သူတွေ အမြဲရှိနေမှာပဲ”
ယွီထူ နူးနူးညံ့ညံ့ ပြောလိုက်၏။
“သူတို့က ဘာတွေများ ကွဲပြားနိုင်မှာမလို့လဲ”
နတ်ဆိုးအင်ပါယာက ခပ်ရွဲ့ရွဲ့ မေးလိုက်သည်။
“ဒီကမ္ဘာပေါ်မှာ စွမ်းအားကို မလိုချင်တဲ့သူ ဘယ်သူရှိလဲ။ သူများတွေအပေါ် မအုပ်စိုးချင်တဲ့သူ ဘယ်သူရှိလဲ။ သူ(မ)ကလည်း ဘာမှ ထူးမကွာပါဘူး။ သူက ဒွန်ဟောင်၊ အင်ပါယာရီချင်နဲ့ မင်းကို ဦးညွှတ်လာအောင် လုပ်နိုင်တာက သူ့ရဲ့ အလှတရားညှို့ဓာတ်ကို သုံးခဲ့လိုဆိုတာ အသိသာကြီးပဲ။ ကောင်းကင်လမ်းစဉ်ကို ပြန်တည်ဆောက်ပြီး လောကကြီးကို ပြန်ပြင်ဆင်ချင်တာကတော့ သူက လောကကြီးကို အုပ်စိုးပြီး လောကစည်းမျဉ်းတွေကို ထိန်းချုပ်ချင်တဲ့ သူရဲ့ရည်ရွယ်ချက်အစစ်အမှန်ကို ဖုံးကွယ်ထားဖို့ပဲ။ ဒီလောကထဲက လူအားလုံးက အတူတူပဲ”
ယွီထူ သူ့ကို စိုက်ကြည့်သည်။ သူ့ကိုယ်တွင် ကပ်ဘေးအလင်းတစ်ခု တောက်ပလာပြီး ကြောက်မက်ဖွယ်အငွေ့အသက်တစ်ခုလည်း ထွက်လာလေသည်။
“မင်းက တိုက်ခိုက်ချင်လို့လား”
နတ်ဆိုးအင်ပါယာ၏ ခန္ဓာကိုယ်မှနေ၍လည်း ကြောက်မက်ဖွယ်စွမ်းအားတစ်ခု ထွက်လာလေသည်။ ထို့နောက် ကြောက်မက်ဖွယ် နတ်ဆိုးအရှိန်အဝါတစ်ခုသည် နတ်ဆိုးအင်ပါယာနန်းတော်ကို လွှမ်းခြုံသွားသည်။
သို့သော် ယွီထူ၏ ဒေါသသည် လျင်မြန်စွာ ပြေသွားသည်။ သူ ပြန်၍ တည်ငြိမ်သွား၏။ သူ နတ်ဆိုးအင်ပါယာကို ကြည့်ပြီး ပြောလိုက်၏။
“အစ်ကို နားလည်မှာ မဟုတ်ပါဘူး”
နတ်ဆိုးအင်ပါယာ ပြန်ပြောလိုက်၏။
“မင်းက ဒါတွေ ပြောဖို့ပဲ ရောက်လာတာလား”
“ကောင်းကင်အင်ပါယာက ယူချင်းနဲ့ အစ်ကို့အတွက် လက်ဆောင်တွေ လာပို့ပေးဖို့ ကျုပ်ကို တောင်းဆိုလို့ပါ”
ယွီထူ ပြောလိုက်၏။
“ကောင်းကင်အင်ပါယာကလား”
နတ်ဆိုးအင်ပါယာ၏ လေသံသည် မယုံနိုင်ဟန်ပေါက်နေသည်။
“ကိုယ့်ကိုယ်ကို အင်ပါယာဆိုပြီး နာမည်တပ်ထားတဲ့သူဆီက ငါဘာမှ မလိုအပ်ဘူး”
ယွီထူ သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။ ရုတ်ခြည်းပင် နတ်ဆိုးအင်ပါယာနန်းတော်အတွင်း၌ လေပေါ်ဝဲနေသော စေတီတစ်ဆူ ထွက်ပေါ်လာ၏။ စေတီအထက်တွင် နတ်စွမ်းအား စီးဆင်းနေသည်။ နတ်ဆိုးအင်ပါယာသည် ၎င်းကိုတစ်ချက်ကြည့်၍ မျက်မှောင်ကြုတ်လိုက်၏။ သူသည် ၎င်းအတွင်းရှိ အချိန်နှင့်နေရာ စွမ်းအားကို အာရုံခံနိုင်ပေသည်။
“ဒါက အချိန်နဲ့နေရာ စေတီပဲ။ အဲဒါက အချိန်စီးဆင်းနှုန်းကို ပြောင်းလဲနိုင်တယ်... အဲဒါကြောင့် အဲဒီထဲမှာဆိုရင် အပြင်ထက် အချိန်စီးနှုန်း မြန်တယ်။ ဒီတော့ ပိုပြီး ကြာကြာ ကျင့်ကြံနိုင်တာပေါ့”
ယွီထူ ရှင်းပြလိုက်သည်။ နတ်ဆိုးအင်ပါယာ၏မျက်လုံးများ ကျယ်သွားသည်။
ယွီထူသည် ဆေးလုံးလေးတစ်လုံးကို ထုတ်လိုက်၏။ ၎င်းသည် နတ်အလင်းတောက်ပနေပြီး နတ်စွမ်းအား လွှမ်းခြုံထားသော ဆေးလုံးတစ်ခုဖြစ်ကြောင်း ထင်ရှား၏။
“ကံကြမ္မာဗုဒ္ဓက အနာဂတ်ကိုကြည့်ပြီး သက်ရှိအားလုံးနဲ့ သက်ဆိုင်တဲ့ ကံကြမ္မာတစ်ခုကို တွေ့ခဲ့တယ်။ လောကထဲမှာ ကြီးမားတဲ့ ကပ်ဘေးအန္တရာယ်ကြီးတစ်ခု ဖြစ်လာလိမ့်မယ်။ စွမ်းအားအကြီးဆုံး ကျင့်ကြံသူတွေလည်း အဲဒီကပ်ဘေးကို ခံရမှာပဲ... အဲဒီထဲမှာ အစ်ကိုလည်း တယ်။ ဆေးဗုဒ္ဓက အကြွင်းမဲ့ဗုဒ္ဓဆီကနေ ဗောဓိသစ်သီးတောင်းခဲ့တယ်။ သူက ဗုဒ္ဓလမ်းစဉ်ရဲ့ ဆေးလုံးဖော်စပ်တဲ့နေရာမှာသုံးတဲ့ အဲဒီ တန်ဖိုးအကြီးဆုံး သစ်သီးကိုသုံးပြီး ကောင်းကင်အင်ပါယာနဲ့အတူ ပြန်လည်ဝင်စားခြင်းဆေးလုံးကို ဖော်စပ်ခဲ့တယ်။ အဲ့ဆေးလုံးကို သေခါနီးအချိန်မှာ သောက်လိုက်ရင် မသေတော့ဘဲနဲ့ အသက်ရှင်ဖို့ ဒုတိယအခွင့်အရေး ရလိမ့်မယ်”
ယွီထူသည် ဆေးလုံးကို နတ်ဆိုးအင်ပါယာအား ထောင်ပြလိုက်သည်။
“ကောင်းကင်အင်ပါယာက ဆေးလုံးနည်းနည်းပဲ ဖော်စပ်ထားတာပါ။ ဆေးလုံးဖော်စပ်ဖို့ ကုန်ကြမ်းတွေ မရှိတော့ဘူးဆိုတော့ နောက်ကျရင်လည်း ဒီလိုဆေးလုံးမျိုး ထပ်ဖော်နိုင်မှာ မဟုတ်ဘူး။ ဒီဆေးလုံးက အစ်ကို့အတွက်ပါ။ ကျုပ်ဆီမှာတောင် ဒီဆေးလုံး မရှိဘူး”
ယွီထူသည် ထိုသို့ပြောပြီးနောက် ရှေ့သို့လက်ဆန့်ကာ ဆေးလုံးကို နတ်ဆိုးအင်ပါယာအား ပေးလိုက်လေသည်။
နတ်ဆိုးအင်ပါယာသည် ယွီထူ၏လက်ဝါးအတွင်းရှိ ဆေးလုံးကို ကြည့်လိုက်၏။ လောကြီးသည် ကြီးမားသော ကပ်ဘေးအန္တရာယ်တစ်ခုနှင့် တွေ့ကြုံရပေလိမ့်မည်။ သူသည်လည်း ထိုကပ်ဘေးနှင့် ရင်ဆိုင်ရမည်။ ထိုအရာကို သူလည်း ကြိုမြင်ထားခဲ့ပြီးဖြစ်သည်။
ထို့ကြောင့် ရီဖူရှင်းသည် ပြန်လည်ဝင်စားခြင်းဆေးလုံးများကို ဖော်စပ်ကာ သူ့အား ဆေးလုံးတစ်လုံး လက်ဆောင် ပေးခြင်းပင်။
ထို့နောက် သူသည် အချိန်နှင့်နေရာ စေတီကို ကြည့်သည်။ သူ၏မျက်နှာထား ရှုပ်ထွေးသွား၏။
အစောကပင် သူသည် ထိုလက်ဆောင်များကို မလိုအပ်ဟု ပြောခဲ့ပေသည်။
သူသည် ယင်းတို့ကို လက်ခံသင်သလော၊ မသင့်သလော။
“ဒွန်ဟောင်ကရော ဒီကိစ္စကို သဘောတူလား”
နတ်ဆိုးအင်ပါယာ မေးလိုက်သည်။
“ဒီလို လုပ်ဖို့ အကြံပေးတာ သူပါ”
ယွီထူ ပြန်ဖြေလိုက်သည်။
နတ်ဆိုးအင်ပါယာ၏ မျက်နှာထားသည် ပို၍ပင် ရှုပ်ထွေးသွားသည်။
မကြာခင်တွင် လောကကြီး ပြောင်းလဲပေတော့မည်။ လူသားဘိုးဘေးနှင့် အရှင်ဒွန်ဟောင်တို့အကြားတွင် နက်ရှိုင်းသော ရန်လိုမှုများရှိနေသည်။ သူတို့သည် သေချာပေါက် တိုက်ပွဲတွင် တွေ့ဆုံရမည်ဖြစ်သည်။ သူသည် အရှင်ဒွန်ဟောင်နှင့် ရီဖူရှင်းထံမှ ဤလက်ဆောင်များကို လက်ခံသင့်သလော။
“ဘာ အပေးအယူတွေ ရှိလဲ”
နတ်ဆိုးအင်ပါယာ ထပ်မေးလိုက်သည်။
“ဘာမှ မရှိပါဘူး”
ယွီထူ ထပ်ဖြေလိုက်သည်။
“အစ်ကို လိုချင်လား မလိုချင်ဘူးလား”
နတ်ဆိုးအင်ပါယာသည် ယွီထူကို စိုက်ကြည့်သည်။ သူသည် ဤတစ်ချိန်လုံး ၎င်းကို လက်ထဲတွင် ကိုင်ထားခဲ့သည်။ သူ လိုချင်ကြောင်း ထင်ရှား၏။
သူ တစ်ချက် သက်ပြင်းချလိုက်ပြီး သူ့ဝတ်ရုံ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ ဆေးလုံး ပျောက်ကွယ်သွား၏။ သူ ၎င်းကို ယူလိုက်ပေပြီ။
“နောက်ကျ အခွင့်အရေးရရင် ငါ သူ့ကို ပြန်ပြီး ကျေးဇူးဆပ်ပါမယ်”
နတ်ဆိုးအင်ပါယာက ခံစားချက်ကင်းမဲ့စွာ ပြောလိုက်၏။
ယွီထူသည် သူ့ကို ကြည့်၍ နောက်လှည့်ကာ ထွက်သွားလိုက်သည်။ ထို့နောက် သူပြန်ပြောလိုက်၏။
“အစ်ကို့ရဲ့ အစွဲတွေက အစ်ကို့ရဲ့ အမြင်ကို ဖုံးနေတာပဲ။ သူတို့က နတ်ဆိုးလောကကို သူတို့ရဲ့ ရန်သူလို့ ဘယ်တုန်းကမှ မမြင်ခဲ့ဖူးဘူး။ အဲဒါတွေအကုန်လုံးက အစ်ကို့ရဲ့ မှန်းဆချက်တွေပဲ။ တကယ်လို့ နတ်ဆိုးလောက,က စစ်တပ် ထွက်သွားရင်တောင် နတ်ဆိုးချောက်ကမ်းပါးက ဒီမှာပဲ ရှိနေဦးမှာပဲ။ ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး။ အခြေအနေတွေ ပြောင်းလဲဖို့ဆို နတ်ဆိုးလောက,က ထိပ်ဆုံးမှာရှိနေတဲ့သူထက် ပိုပြီး စွမ်းအားကြီးတဲ့ သူတစ်ယောက်ကို လိုအပ်တယ်”
ယွီထူထွက်သွားပြီးနောက် ထိုစကားများသည် နတ်ဆိုးအင်ပါယာ၏စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။
သူက လက်ဆန့်တန်းလိုက်ပြီး သူ့လက်ဝါးထဲရှိ ဆေးလုံးကို ကြည့်သည်။ သူ၏ ခံစားချက်များ ရှုပ်ထွေးနေသည်။
ယင်းတို့သည် အမှန်ပင် သူ၏အစွဲများသာလော။
မကြာသေးခင်က မဟာအင်ပါယာခြောက်ပါး၏ တိုက်ပွဲအတွင်းတွင် သူသည် ကောင်းကင်ဒေသကို တိုက်ခိုက်ခဲ့ပြီး ဒွန်ဟောင်ကို သတ်ရန် လူသားဘိုးဘေးနှင့် ပူးပေါင်းခဲ့သည်။
သူတို့သည် ရန်သူများ ဖြစ်ရမည်ဖြစ်သည်။ လက်ရှိ ရှုပ်ထွေးနေသော အခြေအနေသည် သူတို့အလိုရှိသည့် အရာများကို ရနိုင်မည့် နည်းလမ်းများကို တွေးနိုင်စေ၏။ ထို့အပြင် သူတို့သည် သူတို့၏ ရန်သူဖြစ်လာနိုင်ချေရှိသူတစ်ယောက်ကို နတ်ပစ္စည်းများ လက်ဆောင်ပေးရန် မလိုပေ။
အရှင်ဒွန်ဟောင်နှင့် သူ၏သားတော် ရီဖူရှင်းတို့၏ စိတ်ထဲတွင် မည်သည့်အတွေးများ ရှိနေခြင်းနည်း။
ဤလောကထဲတွင် အမှန်ပင် အခြားသူများနှင့် ကွဲပြားသူများ ရှိနေခြင်းလော။