အပြင်လူများ
Vol. 203 Ch. 2899
ကောင်းကင်ဘုံ၏ ကောင်းကင်(၉၉)လွှာသည် အမှီအခိုကင်းသော လောကအသေးစားတစ်ခု ဖြစ်လာပြီဖြစ်သည်။
ကောင်းကင်နန်းတော်၏ ထိပ်တွင် ရီဖူရှင်းသည် တင်ပျဉ်ခွေထိုင်၍ မျက်လုံးမှိတ်ကာ ကျင့်ကြံနေသည်။ သူသည် နတ်ရောင်ဝါများ အောက်တွင် ရှိနေပြီး နေ၊ လတို့နှင့် အပြိုင် တောက်ပနေသည်။ သူ၏ခန္ဓာကိုယ်သည် သာမန် အသွေးအသားခန္ဓာကိုယ်မဟုတ်တော့ဘဲ လမ်းစဉ်ခန္ဓာကိုယ် ဖြစ်နေပေပြီ။
ရီဖူရှင်း၏ ကောင်းကင်လမ်းစဉ်အသေးစား၏ လောကသည် ဆင့်ကဲတိုးတက်ကာ ပြီးပြည့်စုံသည့် အခြေအနေသို့ ရောက်သွားပြီဖြစ်သည်။ ၎င်းသည် အစီအစဉ်တကျ လည်ပတ်နေသော စကြဝဠာတစ်ခု ဖြစ်သည်။ ၎င်းတွင် မရေမတွက်နိုင်အောင် များပြားသော ဂြိုလ်များနှင့် ကိုယ်ပိုင်ကုန်းမြေရှိသည့် ကြယ်တာရာများ ရှိပေသည်။ ၎င်းသည် ကွဲပြားသော အာကာသပင်။ သို့သော် ၎င်းအတွင်းရှိ အရာအားလုံးသည် လောကအစစ်မှ အရာများနှင့် မကွဲပြားပေ။
တစ်ခုတည်းသော ကွဲပြားချက်မှာ ထိုစကြဝဠာအတွင်း၌ လူအနည်းငယ်သာ ရှိခြင်းဖြစ်သည်။ ကုန်းမြေပေါင်းများစွာတွင် လူတစ်ယောက်စီသာ ရှိပေသည်။
ထိုလူတစ်ယောက်စီတိုင်းသည် ကုန်းမြေတစ်ခုလုံးကို ထိန်းချုပ်ကြသည်။ သူတို့သည် ထိုကုန်းမြေများ၏ နတ်ဘုရားများဖြစ်သည်။
ဥပမာပြရသော် လက်ရှိတွင် ဖန်းစွင်သည် ကုန်းမြေတစ်ခုပေါ်၌ ရှိနေသည်။ သူ၏ကုန်းမြေတွင် အာကာသနတ်စွမ်းအားနှင့် ပြည့်နှက်နေသည်။ ကုန်းမြေတစ်ခုလုံးသည် ထိုစွမ်းအားမှ ဖြစ်ပေါ်လာပုံပင်။ ဖန်းစွင်သည် ထိုကုန်းမြေတွင် တစ်ယောက်တည်း ကျင့်ကြံကာ အာကာသစည်းမျဉ်းကို လေ့လာနေသည်။
လက်ရှိတွင် ဖန်းစွင်သည် အလွန်ကြိုးစားပမ်းစား ကျင့်ကြံနေသည်။ သူသည် သူ့နေရာသူ သိသည်။ ကောင်းကင်နှင့် မြေကြီးသည် ပြောင်းလဲတော့ပေမည်။ မကြာခင်အနာဂတ်တွင် သူသည် သူ့ဆရာအတွက် တိုက်ခိုက်ရမည်ဖြစ်သည်။ ယခုတွင် သူ၏ဆရာသည် လက်ရှိကောင်းကင်အင်ပါယာဖြစ်နေပြီဖြစ်၍ သူ့ဆရာ၏တပည့် သူသည် သူ့ဆရာ၏ ပုံရိပ်ကို ထိခိုက်ခံ၍ မဖြစ်ပေ။
ရီဖူရှင်း၏ တပည့်လေးယောက်သည် ကိုယ်ပိုင်လောကတစ်ခုစီကို ထိန်းချုပ်နေကြသည်။ လောကတစ်ခုစီတွင် ကွဲပြားသော နတ်စွမ်းအားတစ်ခုစီ ရှိပေသည်။ သူတို့ထဲမှ အမြန်ဆုံး ကျင့်ကြံနိုင်သူသည် အနာဂတ်တွင် အသန်မာဆုံးဖြစ်လာမည်ဖြစ်သည်။
ဖန်းစွင်သည် ကိစ္စတစ်ခုကို သေချာသိ၏။ သူ့ဆရာသည် ကောင်းကင်လမ်းစဉ်ကို ဖန်တီးခဲ့ပြီဖြစ်ပြီး ဤစကြဝဠာ၏ အုပ်စိုးသူဖြစ်လေသည်။ ထို့ကြောင့် အနာဂတ်တွင် သူတို့သည် စည်းမျဉ်းအမျိုးမျိုးကို အုပ်စိုးသော နတ်ဘုရားများ ဖြစ်လာပေလိမ့်မည်။ သူရှိနေသော ကုန်းမြေသည် နတ်ဘုရားတစ်ပါး၏ ကုန်းမြေဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူသည် ကြိုးစား၍ ကျင့်ကြံရမည်ဖြစ်ပြီး ဤအနာဂတ်စကြဝဠာ၏ စွမ်းအားကြီးနတ်ဘုရားတစ်ပါး ဖြစ်လာရမည်ဖြစ်သည်။ ထိုမှ သူသည် ဖန်ဆင်းရှင်နတ်ဘုရား၏ တပည့်ရင်းဟူသော ဂုဏ်သိက္ခာကို မညစ်နွမ်းစေမည်ဖြစ်သည်။
ထိုသို့ ကျင့်ကြံနေသူမှာ ဖန်းစွင်သာ မဟုတ်ပေ။ ဂူတုံးလျှို၊ ရီဝူချင်း၊ ဟွာဂျီယူ၊ မျက်မမြင်ထျယ်၊ သခင်ချန်၊ ချန်ယိ၊ အင်ပါယာရှီ၊ ဟွာချင်းချင်း၊ ရာရာနှင့် အခြားသူများအားလုံးတို့သည်လည်း သူတို့၏ ကိုယ်ပိုင် နတ်စွမ်းအားလောကများကို ရထားကြသည်။ ရီဖူရှင်းသည် ထိုလောကများထဲတွင် စည်းမျဉ်းနတ်စွမ်းအားကို တိုက်ရိုက်ဖြည့်၍ သူတို့တစ်ယောက်ချင်းစီအတွက် အကောင်းဆုံး ကျင့်ကြံခြင်းအခြေအနေများကို ဖန်တီးပေးထားလေသည်။
ထိုစဉ်တွင် ရှားရှင်းယွန်သည်လည်း သူမ၏ ကိုယ်ပိုင် ကုန်းမြေတစ်ခုပေါ်တွင် ကျင့်ကြံနေသည်။ ထိုနေရာတွင် သေခြင်းနှင့် ရှင်ခြင်း ကပ်ဘေးတစ်ခုနှင့် ဓားနတ်စွမ်းအား ရှိနေသည်။ ရှားရှင်းယွန်သည် ထိုစွမ်းအားအောက်တွင် ရှိနေပြီး တိတ်တဆိတ် ကျင့်ကြံနေသည်။
သူတို့၏ ကျင့်ကြံခြင်းပတ်ဝန်းကျင်များကို ကောင်းကင်ဘုံမှ ကျင့်ကြံသူများ အပါအဝင် နောက်မှ ရောက်လာသူများကို မနာလိုဖြစ်စေလေသည်။ လူအနည်းငယ်သာ သူတို့၏ ကျင့်ကြံခြင်းကို ကူညီပေးမည့် ရီဖူရှင်း၏ စည်းမျဉ်းနတ်စွမ်းအားကို တိုက်ရိုက် ရနိုင်ရန် အခွင့်အရေး ရှိပေသည်။
ကောင်းကင်လုံ၏ ကောင်းကင်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် ကောင်းကင်အင်ပါယာသည် စကြဝဠာတစ်ခုကို ဖန်တီးခဲ့ကြောင်း သိပေသည်။ အကယ်၍ သူတို့သာ နောက်ဆုံးတိုက်ပွဲတွင် အနိုင်ရ၍ ရီဖူရှင်းသည် အနာဂတ်တွင် လောကတစ်ခုလုံးကို အုပ်စိုးနိုင်ခဲ့လျှင် သူ၏မျိုးဆက်များသည် နတ်ဘုရားများကဲ့သို့ဖြစ်မည်ဖြစ်သည်။ သူတို့သည် ရှေးခေတ်က ကောင်းကင်လမ်းစဉ်အောက်မှ တပ်ဖွဲ့ရှစ်ဖွဲ့ကဲ့သို့ ဖြစ်လာပေလိမ့်မည်။
စကြဝဠာ၏ နက်ရှိုင်းသော နေရာတစ်ခုတွင် ပုံရိပ်တစ်ခုသည် ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်နေသည်။ အာကာသသည်လည်း ပုံရိပ်တစ်ခုဟု ထင်ရသည်။ ထိုနေရာတွင် ရီဖူရှင်း၏ပုံရိပ်ထွက်ပေါ်လာ၏။ သူသည် ဤစကြဝဠာအတွင်းရှိ ပြောင်းလဲမှုအားလုံးနှင့် အားလုံး၏ ကျင့်ကြံခြင်းအဆင့်ကို အာရုံခံနိုင်ပေသည်။
ပြီးခဲ့သော နှစ်အနည်းငယ်အတွင်း၌ သူသည် ကိစ္စများစွာ လုပ်ခဲ့ပြီး သူ့ဘေးမှ လူအားလုံ၏ စွမ်းရည်များကို တိုးမြှင့်ပေးခဲ့သည်။ သူသည် ယူချင်းနှင့် ချင်းယောင်တို့ကို အချိန်နှင့်နေရာ ရတနာများကို ပေးခဲ့သည်။ ထိုသို့ ပေးခြင်းသည်လည်း လာမည့်တိုက်ပွဲအတွက် သူတို့ ပြင်ဆင်နိုင်ရန် ဖြစ်သည်။ ထိုမှသာ သူတို့သည် အချိန်ပိုရမည်ဖြစ်သည်။
မဟုတ်လျှင် သူတို့သည် အချိန်မီမည်မဟုတ်ပေ။
ယခုတွင် ကောင်းကင်လမ်းစဉ်အသေးစား၏ လောကသည် တည်ငြိမ်သော အခြေအနေသို့ ရောက်နေပေပြီ။ အချိန်စည်းမျဉ်းသည်လည်း တည်ငြိမ်နေသည်။ အပြင်လောကမှတစ်ရက်သည် ဤလောကတွင် (၈၁)ရက်နှင့် ညီမျှသည်။
ထို့ကြောင့် သူတို့သည် ထိုအချိန်များအတွင်း အကောင်းဆုံး ကျင့်ကြံနိုင်ကြသည်။ အပြင်လောကမှ တစ်နှစ်သည် ဤလောကထဲတွင် (၈၁)နှစ်ဖြစ်သည်။ သူတို့သည် ကျင့်ကြံရန် (၈၁)နှစ်ရသဖြင့် အပြင်မှ လူများကို အမီလိုက်နိုင်ပေသည်။ သူသည် သင့်တော်သည့်သူကို သင့်တော်သည့်နတ်စွမ်းအား ကျင့်ကြံခိုင်းထားသဖြင့် ဤကောင်းကင်လမ်းစဉ်အသေးစား၏ လောကသည် နောက်ထပ် မဟာအင်ပါယာတစ်စုကို မွေးထုတ်ပေးနိုင်မည်ဖြစ်သည်။
ထိုစဉ်တွင် ကောင်းကင်နန်းတော်ထဲ၌ ကျင့်ကြံနေသော ရီဖူရှင်းသည် သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။ သူသည် သူ့အရှေ့ကို ကြည့်လိုက်၏။
“အဖေ...”
ရီဖူရှင်း နှုတ်ဆက်လိုက်သည်။ အရှင်ဒွန်ဟောင်သည် သူ့ထံလျှောက်လာ၏။ သူသည် ကိစ္စအချို့ကို ဆွေးနွေးလိုပုံ ပေါ်နေလေသည်။
အရှင်ဒွန်ဟောင်သည် လေးနက်သော မျက်နှာထားဖြင့် ရီဖူရှင်းကို ပြောလိုက်၏။
“စုံစမ်းချက် အဖြေရပြီ။ သူတို့က ဒီစကြဝဠာက ကျင့်ကြံသူတွေ မဟုတ်ဘူး။ သူတို့ဘက်မှာ မဟာအင်ပါယာတွေ တော်တော်များများ ရှိတယ်။ သူတို့အားလုံးက တခြားစကြဝဠာတွေကပဲ”
“တခြားစကြဝဠာတွေက တကယ်ပဲ ရှိတာပေါ့”
ရီဖူရှင်း ရေရွတ်လိုက်သည်။ သူသည် ယခင်တစ်ခေါက် အရှင်ဒွန်ဟောင်နှင့် စကားပြောပြီးကတည်းက ထိုသို့ဖြစ်နိုင်ကြောင်း မျှော်လင့်ထားသော်လည်း အမှန်တကယ် သိလိုက်ရသောအခါ အံ့အားသင့်သွားသေးပေသည်။ သူတို့နေထိုင်သည့် စကြဝဠာတစ်ခုသာ ရှိသည် မဟုတ်ပေ။
အရှင်ဒွန်ဟောင်သည် ခေါင်းညိတ်လျှက် ရှင်းပြလိုက်၏။
“ငါ ရထားတဲ့ သတင်းတွေအရ ငါတို့စကြဝဠာရဲ့ တည်နေရာက ပေါက်ကြားသွားပြီတဲ့။ အတိတ်တုန်းက ကောင်းကင်လမ်းစဉ် ပြိုပျက်သွားတုန်းက ကျင့်ကြံသူအများစု သေသွားကြတယ်။ သူတို့ထဲက တချို့ကတော့ တခြားပုံစံတွေနဲ့ ငါတို့ကြားမှာ ဆက်တည်ရှိနေခဲ့တယ်။ ဒါပေမဲ့ ဒီစကြဝဠာက ထွက်သွားတဲ့ ကျင့်ကြံသူတစ်စုလည်း ရှိခဲ့သေးတယ်။ ဥပမာပြရရင် အရှင်ဟောင်ထျန်းပေါ့။ သူက တခြားစကြဝဠာဆီ ထွက်ပြေးသွားတာ ဖြစ်မယ်။ အခု သူက ဒီစကြဝဠာကို ပြန်လာနိုင်မယ့်နည်းကို သိသွားပြီ။ တခြား ရှေးဟောင်းအင်ပါယာတွေလည်း တဖြည်းဖြည်းနဲ့ ဒီကို ပြန်လာကြတော့မှာ”
ရီဖူရှင်း ပြောလိုက်၏။
“အဲဒီရှေးဟောင်းအင်ပါယာတွေက သေမသွားဘဲ တခြားစကြဝဠာတွေကိုတောင် သွားနိုင်ခဲ့တယ်ဆိုတော့ သူတို့က အခု ပိုပြီး စွမ်းအားကြီးနေလောက်ပြီ”
အရှင်ဒွန်ဟောင် ဆက်ပြော၏။
“လက်ရှိမှာ တခြားစကြဝဠာတွေက ကျင့်ကြံသူတွေက ဘယ်လောက်စွမ်းအားကြီးလဲဆိုတာ ငါတို့ မသိနိုင်ဘူး။ သူတို့ ဘယ်လို ကျင့်ကြံလဲဆိုတာတောင် ငါတို့မသိဘူး။ ဒါပေမဲ့ ငါတို့ ကျင့်ကြံခြင်းရဲ့ နောက်ဆုံးပန်းတိုင်ကတော့ တူလောက်မှာပဲ။ အခုတော့ ငါတို့ စောင့်ကြည့်ရုံပဲ တတ်နိုင်မယ်”
ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။ အရေးအကြီးဆုံးအရာမှာ သူတို့၏စွမ်းရည်များကို တိုးမြှင့်ရန် ဖြစ်သည်။ တုန်လှုပ်နေမည့်အစား သူတို့သည် တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် ရင်ဆိုင်ရမည်ဖြစ်သည်။
“ကျင့်ကြံခြင်းရဲ့ နောက်ဆုံးပန်းတိုင်ကဘာလဲ”
ရီဖူရှင်းမေးလိုက်သည်။
“ကောင်းကင်လမ်းစဉ်ကို အုပ်စိုးနိုင်ဖို့လား”
“မင်း အဖြေသွားရှာဖို့ လိုလောက်တယ်။ လက်ရှိမှာ မင်းက ကောင်းကင်လမ်းစဉ်နှင့် အနီးစပ်ဆုံးသူပဲ”
အရှင်ဒွန်ဟောင် ရီဖူရှင်းကို ပြောလိုက်၏။ ရီဖူရှင်းသည် သူမချန်ထားခဲ့သော ကောင်းကင်လမ်းစဉ်လောကနှင့် ပေါင်းစည်းပြီး ကောင်းကင်လမ်းစဉ်အသေးစားကို ဖန်တီးခဲ့သည်။ ထို့ကြောင့် ပြောရလျှင် ရီဖူရှင်းသည် ၎င်းနှင့် အနီးစပ်ဆုံးသူဖြစ်သည်။
“အင်း...”
ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမေးလိုက်၏။
“အဖေ... အခု အပြင်လောကမှ အခြေအနေ ဘယ်လိုရှိလဲ။ လူသားဘုံမှာ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေ ရှိလား”
“မရှိဘူး...”
အရှင်ဒွန်ဟောင် ခေါင်းခါပြီး ပြောလိုက်၏။
“အရာအားလုံး တိတ်ဆိတ်နေတယ်။ ဒါက မုန်တိုင်းမစခင် လေငြိမ်နေတာမျိုးဖြစ်မယ်။ အရင်တစ်ခေါက်တုန်းက လူသားဘိုးဘေးက ငါတို့ကို တိုက်ခိုက်ဖို့ မဟာအင်ပါယာကိုးပါးကို ခိုင်းခဲ့တယ်။ သူတို့ထဲက တစ်ယောက်က နတ်ဘုရားအင်ပါယာတစ်ပါးပဲ။ လူသားဘိုးဘေးက အဲဒီအဆင့်ရှိတဲ့ ကျင့်ကြံသူတစ်ယောက်ကို စတေးရတာတောင် တစ်ချက်မတွန့်ဘူး။ အဲဒါကို အခြေခံပြီး သုံးသပ်ရင် သူ့ဘက်မှာ ဘယ်လို ကျင့်ကြံသူမျိုးတွေ ရှိတယ်ဆိုတာ သိနိုင်တယ်။ အရင်တစ်ခေါက် သူရှုံးနိမ့်ပြီးတော့ သူ့ရဲ့ နောက်လာမယ့် တိုက်ခိုက်မှုက ပိုပြီးတောင် အံ့အားသင့်စရာကောင်းလိမ့်မယ်”
အရှင်ဒွန်ဟောင် ထပ်ပြောလိုက်၏။
“လူသားဘိုးဘေးကိုယ်တိုင်ကိုက တစ်ခုခုကို စောင့်နေတာလည်း ဖြစ်နိုင်တယ်။ သူ လုပ်မပြီးသေးတဲ့ ကိစ္စတွေ ရှိနိုင်တယ်။ မဟုတ်ရင် သူ တိုက်ပြီးလောက်ပြီ”
ရီဖူရှင်း ခေါင်းညိတ်လိုက်၏။ သူသည် သူ့အဖြေ၏ အမြင်ကို သဘောတူပေသည်။ လူသားဘိုးဘေးထံတွင် ကြီးမားသောစွမ်းအား ရှိပေသည်။ သို့သော် သူသည် ယခုအထိ ထိုစွမ်းအားကို ထုတ်မသုံးသေးပေ။ သူသည် အချိန်ကောင်းကို စောင့်နေခြင်း ဖြစ်ပေမည်။
သူ့တွင် လုပ်၍မပြီးသေးသော ကိစ္စများ ရှိနေခြင်းဖြစ်မည်။
“အဖေ... ကျုပ် အပြင်ကို သွားကြည့်ချင်တယ်”
ရီဖူရှင်း ပြောလိုက်၏။
“မင်းက ဘယ်ကိုသွားမလို့လဲ”
အရှင်ဒွန်ဟောင် မေးလိုက်၏။
“ကျုပ် မသိဘူး”
ရီဖူရှင်းသည် ခေါင်းခါ၍ ပြန်ဖြေလိုက်သည်။
“ကျုပ် လျှောက်ပတ်သွားကြည့်မလို့.... လိပ်ပြာတောင်ကုန်းကို သွားလည်ချင် သွားဖြစ်လောက်မယ်။ ဗုဒ္ဓကျမ်းစားတွေက ကျယ်ပြန့်ပြီး နက်ရှိုင်းတယ်။ အရင်တုန်းက ကျုပ် ကျမ်းစာတော်တော်များများကို နားမလည်ခဲ့ဘူး။ အခု ထပ်ပြီး ကြိုးစားကြည့်ရင် အဲဒီကျမ်းစာတွေကို တစ်မျိုးနားလည်လာလောက်တယ်”
“အဲဒီလိုဆိုလည်း သွားပါ”
အရှင်ဒွန်ဟောင်က ခေါင်းညိတ်လျှက် ပြောလိုက်၏။
“ဒီနေရာကို မင်းအစား ငါ စောင့်ရှောက်ထားပါမယ်”
ရီဖူရှင်း၏ လက်ရှိကျင့်ကြံခြင်းအဆင့်တွင် သူသည် မည်သည့်အရာကိုမှ စိုးရိမ်ရန် မလိုပေ။ အတိတ်တုန်းက သူ၏အမေကို သတ်ခဲ့သူမှလွဲ၍ သူ့ကို တစ်ကိုယ်တော် သတ်နိုင်သည့်သူ တစ်ယောက်မှ မရှိနိုင်ပေ။
ရီဖူရှင်းက ကောင်းကင်(၉၉)လွှာမှ ထွက်သွား၏။ သူသည် ကျင့်ကြံခြင်းတွင် တစ်စို့နေ၏။ သူသည် ကျင့်ကြံခြင်း၏ အဆုံးသတ်ပန်းတိုင်သည် မည်သည်ဖြစ်ကြောင်းကို သိရှိလိုနေသည်။