ဗုဒ္ဓအယူဝါဒ
Vol. 203 Ch. 2900
ရီဖူရှင်းက ကောင်းကင်ဘုံမှ ထွက်လာပြီးနောက်တွင် မူလဘုံသို့ သွားခဲ့သည်။ မဟာလမ်းစဉ်၏ ဒေသ(၃,၀၀၀)တွင် သူသည် အဆင့်အနိမ့်ဆုံးဖြစ်သည့် ဒေသ(၉)ခုသို့ သွားခဲ့သည်။
သူသည် ကျောင်းတော်တစ်ခုသို့ သွားခဲ့ပြီး ကျောင်းသားများ စာရွတ်နေသည့် အသံကို ကြားခဲ့ရသည်။ သူသည် လူငယ်များ ကျင့်ကြံနေသည်ကို တွေ့ခဲ့သည်။ သူတို့သည် သူတို့၏ ကျင့်စဉ်များကို ကြိုးစားပမ်းစား ကျင့်ကြံနေကြသည်။ ယင်းတို့သည် အမှန်ပင် အရေးပါပေသည်။ ယခုတွင် ရီဖူရှင်းသည် သူ၏လက်ရှိကျင့်ကြံခြင်းအဆင့်သို့ ရောက်နေပြီဖြစ်၍ အရာအားလုံးသည် လမ်းစဉ်ဖြစ်ကြောင်း သူ နားလည်သွားပေပြီ။ ကျင့်ကြံခြင်းအတတ်အားလုံးသည် တူညီသော ပန်းတိုင်ကိုသာ ဦးတည်ပေသည်။
သို့သော် အခြားစကြဝဠာများလည်း ရှိနေသဖြင့် ထိုစကြဝဠာများ၏ ကျင့်ကြံခြင်းအတတ်များသည်လည်း တူညီပေသလော။
ဤလောကတွင် လူများစွာသည် သူတို့၏ အသက်ဝိညာဉ်များဖြင့် သူတို့၏ ကျင့်ကြံခြင်းကို စတင်ကြသည်။ အသက်ဝိညာဉ်တစ်ခု ပိုင်ဆိုင်ခြင်းသည် စစ်မှန်သော ပါရမီပါသည့်လက္ခဏာဖြစ်သည်။ ယင်းမှာ ထိုသူသည် ကျင့်ကြံခြင်းတွင် မြင့်မားသောအဆင့်သို့ တက်လှမ်းနိုင်ရန် အလားအလာရှိသည်ဟူသော အဓိပ္ပာယ်ပင်။ မဟုတ်လျှင် သူတို့သည် ရိုးရှင်းသော မန္တန်များနှင့် အတတ်များကိုသာ ကျင့်ကြံနိုင်ပေလိမ့်မည်။ အခြားစကြဝဠာများတွင် ကွဲပြားသော ကျင့်ကြံခြင်းပုံစံများ ရှိသလော။
ဥပမာအားဖြင့် ဤလောကတွင် အသက်ဝိညာဉ်များရှိလျှင် အခြားစကြဝဠာများသည် တိုက်ခိုက်ဝိညာဉ်များကို ကျင့်ကြံကာ သူတို့ပတ်ပတ်လည်ရှိ လောကကို သူတို့၏ သိုင်းဝိညာဉ်များအဖြစ် အသုံးပြုကြသလော။
သို့တည်းမဟုတ် သူတို့သည် ကြယ်တာရာများနှင့် ဂြိုလ်များကို သူတို့၏ ကျင့်ကြံခြင်းအခြေခံအဖြစ် အသုံးပြုကာ ကြယ်တာရာဝိညာဉ်များကို ထုဆစ်ကြသလော။
အရာအားလုံး ဖြစ်နိုင်ပေသည်။ လမ်းစဉ်အားလုံးသည် ဆက်စပ်နေသည်။
ကျင့်ကြံခြင်း၏ အစသည် သိပ်အရေးမကြီးပေ။ သူတို့အားလုံးသည် တူညီသော အဆုံးသတ်ပန်းတိုင်သို့ ဦးတည်သွားနေခြင်း ဖြစ်နိုင်သည်။
သို့သော် အဆုံးသတ်ပန်းတိုင်သည် မည်သည်နည်း။
ရီဖူရှင်းသည် ကုန်းမြေတစ်ခုကို ဖြတ်သန်း၍ သွားနေ၏။ သူ ဖြတ်သွားစဉ်တွင် အဝေးရှိ ရွာတစ်ရွာမှ မီးခိုးများ ထွက်နေသည်ကို မြင်လိုက်ရ၏။
သူသည် ကမ်းပါးတစ်ခုသို့ လျှောက်သွားပြီးကြည့်လိုက်ရာ နေဝင်ဆည်းဆာအောက်တွင် လှိုင်းတံပိုးထန်နေသော ပင်လယ်ကို တွေ့လိုက်ရ၏။
ဒီရေများ ကျလိုက်၊ တက်လိုက်ဖြစ်နေသည်။ နေနှင့်လသည် ဝင်တစ်ခါ၊ ထွက်တစ်ချီ ရှိနေသည်။ ယင်းတို့သည် သဘာဝဖြစ်စဉ်များပင်။ ကျင့်ကြံခြင်းအတွက်မူ ကျင့်ကြံသူတစ်ယောက်သည် သဘာဝစည်းမျဉ်းတစ်ခုကို ကျွမ်းကျင်သွားလျှင် သူသည် လမ်းစဉ်တစ်ခု ရရှိမည်ဖြစ်သည်။
ယခုတွင် သူသည် ဤအဆင့်သို့ ရောက်နေပြီဖြစ်၍ အဆင့်ဆက်တက်ကာ ပို၍ပင် မြင့်သော အထွတ်အထိပ်သို့ ရောက်နိုင်ပေသည်။ ထိုအထွတ်အထိပ်မှ မြင်ကွင်းသည် မည်သို့ရှိမည်နည်း။
သူသည် သေခြင်း၊ ရှင်ခြင်းနှင့် ပြန်လည်ဝင်စားခြင်းတို့ကို ထိန်းချုပ်နိုင်မည်လော။
သို့မဟုတ် သူသည် အချိန်စီးဆင်မှုကို အပြည့်အဝ ထိန်းချုပ်နိုင်မည်လော။
သို့တည်းမဟုတ် သူသည် ထုတ်ဖော်ခြင်းနတ်စွမ်းအားကို ကျင့်ကြံခဲ့သော သူ့အဖေကဲ့သို့ အဆုံးသတ်သွားမည်လော။ ကျင့်ကြံခြင်း၏ အဆုံးသတ်ပန်းတိုင်သည် ဟင်းလင်းပြင် ဖြစ်နိုင်သလော။
ရီဖူရှင်းသည် ထိုနေရာတွင် အချိန်ကြာမြင့်စွာ ရပ်နေသည်။ ထို့နောက်တွင် သူ ပျောက်ကွယ်သွားပြီး ကုန်းမြေမှ ရုတ်ခြည်း ထွက်ခွာသွားသည်။ သူ့အတွက် ကျယ်ပြောသောအကွာအဝေးကို ဖြတ်၍ သွားရခြင်းသည် အတွေးပြောင်းသကဲ့သို့ လွယ်ကူပေသည်။
ရီဖူရှင်းသည် မူလဘုံမှ ထွက်သွားပြီးနောက်တွင် အနောက်ဘက်ကောင်းကင်သို့ သွားလိုက်သည်။ အကြင်နာတရား၊ သေခြင်းနှင့် ရှင်ခြင်း အယူအဆများသည် ဗုဒ္ဓလောကတွင်လည်း ရှိပေသည်။ ဗုဒ္ဓများသည် ဗုဒ္ဓအယူဝါဒများကို လိပ်ပြာတောင်ကုန်းပေါ်တွင် လက်ဆင့်ကမ်း သင်ကြားပေးကြသည်။ သို့သော် သူတို့သည် လောကထဲမှ လူတိုင်း ဉာဏ်အလင်းပွင့်သွားအောင်မူ မစွမ်းဆောင်နိုင်ကြသေးပေ။
ရီဖူရှင်းသည် အာကာပြင်ကို ဖြတ်သန်းနေစဉ်၌ မိတ်ဆွေဟောင်းတစ်ဦးကို သတိပြုမိသွားသည်။ သူသည် အတွေးပြောင်းလိုက်ရာ ထိုနေရာတွင် ထွက်ပေါ်လာ၏။
သူ ရှေ့သို့ ကြည့်လိုက်ပြီး လူငယ်တစ်ယောက်ကို လူတစ်စုက ရိုက်နှက်နေသည်ကို တွေ့လိုက်သည်။ လူငယ်၏ မျက်လုံးထဲတွင် အမုန်းတရား ပြည့်နှက်နေသည်။ သူ၏အကြည့်သည် ခက်ထန်ကာ သတ်ဖြတ်လိုသော အငွေ့အသက်များ ပါနေသည်။
ဘုန်းတော်ကြီးတစ်ပါးသည် သူ့အနားသို့ ချဉ်းကပ်သွား၏။ သူသည် ဘုန်းတော်ကြီးကို ကြည့်ကာ ခက်ထန်သောအရှိန်အဝါတစ်ခု ထုတ်လွှတ်လိုက်သည်။ သို့သော် ဘုန်းတော်ကြီးသည် အရေးမစိုက်ပေ။ သူက လက်အုပ်ချီလိုက်ပြီး သူ၏မျက်နှာထားသည် တည်ငြိမ်နေသည်။ သူသည် ကျမ်းစာမိတ္တူတစ်ခုကို လူငယ်အား လှမ်းပေးလိုက်၏။
“ခင်ဗျားက ဗုဒ္ဓတစ်ပါးလား”
လူငယ်က မေးလိုက်သည်။
ဘုန်းတော်ကြီးက ခေါင်းခါလိုက်၏။
“ခင်ဗျားက ကျုပ်ကို အမုန်းတရားတွေ စွန့်ပစ်ပြီး ကျုပ်ရန်သူတွေအပေါ်ထားတဲ့ ရန်ငြိုးတွေကို သင်ပုန်းချေပစ်စေချင်တာလား”
လူငယ်က ထပ်မေးလိုက်သည်။ သူသည် မည်သည့်ဗုဒ္ဓ ထွက်ပေါ်လာစေကာမူ သူ့စိတ်ကို ပြင်မည်မဟုတ်ပေ။ သူ၏နှလုံးသားထဲတွင် လက်စားချေလိုစိတ်သာ ပြည့်နှက်နေသည်။
ဘုန်းတော်ကြီးက ထပ်မံ ခေါင်းခါလိုက်သည်။
“အဲဒါဆို ခင်ဗျားက ဘာဖြစ်ချင်တာလဲ”
ဘုန်းတော်ကြီးက ပြန်ပြောလိုက်၏။
“ဒါက ဗုဒ္ဓကျမ်းစာတစ်ခုပါ။ အဲဒီကျမ်းစာကနေပြီး ဒကာလေး ကြိုက်တာကို သင်ယူနိုင်တယ်။ ဒကာလေးအပေါ် ဖြစ်ခဲ့တဲ့ကိစ္စတွေအတွက် ဒကာလေး ရန်ငြိုးထားရင်လည်း ဒကာလေး စွမ်းအားရပြီးတဲ့နောက်မှာ ဒကာလေးရဲ့ရန်သူတွေကို လက်စားချေနိုင်ပါတယ်”
လူငယ်သည် အံ့အားသင့်သွားသည်။ သူသည် ဘုန်းတော်ကြီးကို သိပ်၍ မစိုးရိမ်တော့ပေ။ သူသည် ဘုန်းတော်ကြီးကို မယုံနိုင်ဟန်ဖြင့် ကြည့်သည်။ ထို့နောက် သူ မှတ်ချက်ပြုလိုက်၏။
“ခင်ဗျားပြောတာက ဗုဒ္ဓလမ်းစဉ် မဟုတ်ဘူး”
“ဗုဒ္ဓလမ်းစဉ်ဆိုတာ ဘာပါလဲ”
ဘုန်းတော်ကြီးက မေးလိုက်သည်။
လူငယ်က ပြန်ဖြေ၏။
“ဗုဒ္ဓလမ်းစဉ်က သားသတ်ဓားကို ချလိုက်ရင် ငါတို့ ဗုဒ္ဓတွေဖြစ်လာမယ်ဆိုတာမျိုး ဖြစ်ရမှာ မဟုတ်ဘူးလား”
“ကြီးမားတဲ့ အပြစ်တွေ လုပ်ထားတဲ့ သူတွေက နောင်တရလိုက်တာနဲ့ သူတို့ရဲ့ အပြစ်တွေ ကြေသွားမယ်ဆိုရင် ကြင်နာတတ်တဲ့သူတွေအတွက် မတရားသလို ဖြစ်မနေဘူးလား”
ဘုန်းတော်ကြီးက ပြန်ပြောလိုက်၏။ လူငယ်သည် နားမလည်နိုင်ဟန်ဖြင့် ခေါင်းကုတ်ကာ ပြန်ပြောလိုက်၏။
“ခင်ဗျားပြောတာ မှန်သလိုလိုတော့ ရှိတယ်”
ဘုန်းတော်ကြီးသည် ပြုံး၍ ရှင်းပြလိုက်၏။
“တကယ်တော့ မင်းကြားဖူးတဲ့ စကားက မှားပြီးအဓိပ္ပာယ်ကောက်ခံနေရတာပဲ။ သားသတ်ဓားကို ချလိုက်ရင်ဆိုတာက အစွဲတွေ၊ အလိုဆန္ဒတွေ၊ စိုးရိမ်သောကတွေနဲ့ နာကျင်မှုတွေကို လွှတ်ချခိုင်းတာ။ ဗုဒ္ဓတွေဖြစ်လာမယ်ဆိုတာ ဗုဒ္ဓစည်းမျဉ်းတွေကို လိုက်နာဖို့ ပြောတာ”
“ကျုပ်နားလည်ပြီ”
လူငယ်သည် စိတ်ည်ငြိမ်လာပုံပေါ်၏။ သူသည် ဘုန်းတော်ကြီး၏ ရှင်းပြမှုကို အာရုံစိုက်ကာ နားထောင်နေသည်။
“အဲဒါဆို ခင်ဗျားက ဘာလို့ ကျုပ်ကို လက်စားချေဖို့ ပြောတာလဲ”
လူငယ်က မေးလိုက်သည်။
ဘုန်းတော်ကြီးက ပြန်ဖြေလိုက်၏။
“ဗုဒ္ဓလမ်းစဉ်ကို လိုက်တဲ့သူတွေက အကျိုးနဲ့အကြောင်းကို ယုံကြည်ကြတယ်။ ဒီနေရာက အကြောင်းက သူတို့က မင်းကို ရိုက်နှက်နေတာပဲ။ တကယ်လို့ မင်း ကျင့်ကြံခြင်းမှာ အောင်မြင်သွားပြီး လက်စားချေနိုင်ခဲ့ရင် အဲဒါက အကျိုးပဲ။ ဒါပေမဲ့ မင်း သူတို့အပေါ် လုပ်လိုက်တာက အနာဂတ်က ကိစ္စတစ်ခုအတွက် နောက်ထပ်အကြောင်းဖြစ်သွားဦးမှာပဲ။ အဲဒီကျရင် မင်းအကြောင်းအတွက် အကျိုးကို ခံစားရလိမ့်မယ်”
လူငယ်သည် ဘုန်းတော်ကြီးပြောသည်ကို မရေမရာသာ နားလည်ပေသည်။ သို့သော် ဘုန်းတော်ကြီးသည် နောက်လှည့်ကာ ထွက်သွားပေပြီ။ သူသည် ရီဖူရှင်းဆီလျှောက်လာကာ နှုတ်ဆက်လိုက်သည်။
“နှုတ်ဆက်ပါတယ် ဒကာလေးရီ”
“နှုတ်ဆက်ပါတယ် ကိုယ်တော်”
ရီဖူရှင်းကလည်း ဦးညွှတ်၍ ပြန်ပြောလိုက်၏။
ထိုဘုန်းတော်ကြီးသည် အကြွင်းမဲ့ဗုဒ္ဓ၏ အလုပ်အကြွေးပြုသူ ဒုက္ခသမာဓိဖြစ်သည်။
ယခင်တုန်းက ရီဖူရှင်းသည် အနောက်ဘက်ကောင်းကင်ရှိ လိပ်ပြာတောင်ကုန်းသို့ လာခဲ့စဉ်တွင် ဗုဒ္ဓအတတ်များကိုသုံးကာ ဗုဒ္ဓများနှင့် တိုက်ခိုက်ခဲ့သည်။ သူသည် ဗုဒ္ဓတော်တော်များများကို အနိုင်ယူနိုင်ခဲ့သော်လည်း နောက်ဆုံးတွင် ဒုက္ခသမာဓိ၏ လက်ထဲတွင် ရှုံးနိမ့်ခဲ့ရသည်။
ထို့နောက်တွင် ရီဖူရှင်းသည် အနောက်ဘက်ကောင်းကင်တွင် ကျင့်ကြံခဲ့သည်။ သူသည် ဒုက္ခသမာဓိနှင့် စကားများစွာ ပြောခဲ့သည်။ ထိုစဉ်က ဒုက္ခသမာဓိသည် နှစ်(၁,၀၀၀)သာ ကျင့်ကြံရသေးသော်လည်း ဗုဒ္ဓအယူဝါဒတွင် အခြေအခိုင်ဆုံးသူဖြစ်ခဲ့သည်။ ရီဖူရှင်း၏ အမြင်တွင် ဒုက္ခသမာဓိသည် ဉာဏ်အလင်းပွင့်လိုက်သည်နှင့် ကျင့်ကြံခြင်း၏အထွတ်အထိပ်သို့ ရောက်သွားမည့် ကျင့်ကြံသူမျိုးဟု မြင်ပေသည်။
“ဒကာလေးရီက အခု ကောင်းကင်အင်ပါယာဖြစ်နေပြီ။ ဘာလို့ ဒီကို လာခဲ့တာပါလဲ”
ဒုက္ခသမာဓိ မေးလိုက်သည်။
“တစ်ခါတုန်းက ကျုပ်က မျက်နှာသာပေးခံရတဲ့သူလို့ ကိုယ်တော် ပြောခဲ့ဖူးတယ်။ အဲဒါကြောင့် ကျုပ် ဗုဒ္ဓအယူဝါဒတွေကို လာရှာတာပါ”
ရီဖူရှင်း ပြုံး၍ ပြောလိုက်၏။
ဒုက္ခသမာဓိက ခေါင်းညိတ်ကာ ပြောလိုက်၏။
“ကိုယ်တော် ဒကာလေးနဲ့အတူ လိပ်ပြာတောင်ကုန်းကို ပြန်လိုက်ခဲ့ပါမယ်”
“ကိုယ်တော့်ကို ဒုက္ခပေးမိပါပြီ”
ရီဖူရှင်းသည် လက်အုပ်ချီကာ ပြောလိုက်၏။ ထို့နောက် သူတို့သည် ထိုနေရာမှ ထွက်သွားကာ လိပ်ပြာတောင်ကုန်းဆီသို့ ဦးတည်သွားလိုက်ကြလေသည်။
*****
လိပ်ပြာတောင်ကုန်းသည် ဗုဒ္ဓလောကတွင် အထွတ်အမြတ်ထားရာမြေတစ်ခုဖြစ်သည်။ တောင်ကုန်းပေါ်တွင် အရာအားလုံး ငြိမ်းချမ်းတိတ်ဆိတ်နေသည်။
အပြင်ဘုံများတွင် တိုက်ပွဲများ ဖြစ်ပေါ်နေသော်လည်း ဤနေရာသည် မြင့်မြတ်သောနေရာတစ်ခုအဖြစ် ရှိနေသေးပြီး မည်သည့်အစွန်းအထင်းမှ မရှိသေးပေ။
ရီဖူရှင်းသည် တောင်ကုန်းသို့ ရောက်လာသောအခါ ဗုဒ္ဓများထံ ပထမဆုံး သွားရောက်တွေ့ဆုံလိုက်၏။ ထို့နောက် သူသည် စာကြည့်တိုက်ထဲရှိ ဗုဒ္ဓကျမ်းစာများကို ဖတ်လိုက်သည်။ သူ၏လက်ရှိကျင့်ကြံခြင်းအဆင့်နှင့်ဆိုလျှင် သူသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် သူဖတ်ထားသမျှအားလုံးကို မှတ်မိနိုင်ပေသည်။ သူသည် ကျမ်းစားများကို သူ၏နတ်အာရုံနှင့် ကြည့်ရှုနေပြီး ကျမ်းစာပါအသိပညာများကို သူ့ဦးနှောက်ထဲတွင် မှတ်သားနေလေသည်။ သူသည် ယခင်ကလုပ်ခဲ့သလိုမျိုး စာရွက်တစ်ရွက်ချင်းစီ လှန်၍ ဖတ်နေရန် မလိုပေ။
သူ စာကြည့်တိုက်မှ ထွက်လာချိန်တွင် ဒုက္ခသမာဓိသည် အပြင်ဘက်တွင် တံမြက်စည်းလှည်းနေသည်။ သူသည် ရီဖူရှင်း ထွက်လာသည်ကို တွေ့သောအခါ ပြုံး၍ မေးလိုက်၏။
“ဒကာလေးရီ... ဒကာလေး တစ်ခုခု လေ့လာနိုင်ခဲ့ပါသလား”
“ဗုဒ္ဓအယူဝါဒက ကျယ်ပြောပြီး နက်ရှိုင်းတယ်။ ကျုပ်က ကျမ်းစာတွေကို လိုက်ကြည့်ရုံပါပဲ။ ကျုပ်သာ တစ်ခုခုကို လေ့လာချင်ရင် အချိန်အများကြီး အာရုံစိုက်ပြီး လေ့လာမှရပါလိမ့်မယ်”
ရီဖူရှင်းက ပြန်ပြောလိုက်၏။
“ကိုယ်တော်ဒုက္ခသမာဓိ... ကိုယ်တော် အချိန်အပေါ် ဘယ်လိုမြင်ပါသလဲ”
“အချိန်ဆိုတာ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ပေါ့”
ဒုက္ခသမာဓိက ပြန်ဖြေလိုက်သည်။
“လူတွေက အချိန်ကို စွဲလမ်းလို့ မရဘူး။ အဲဒီအချိန်သုံးခုစလုံးက မရနိုင်တဲ့အရာတွေပဲ။ ဓမ္မအားလုံးက ဗလာနတ္တိပဲ မဟုတ်လား”
ထိုစကားသည် ဗုဒ္ဓကျမ်းစာမှ ဖြစ်ကြောင်း ရီဖူရှင်း သိပေသည်။
ယင်း၏အဓိပ္ပာယ်မှာ အရာအားလုံးသည် မတည်မြဲဟူ၍ပင်။ အတိတ်သည် အတိတ်ဖြစ်သည်။ ပစ္စုပ္ပန်သည်လည်း ဆုပ်ကိုင်ရန် ကြိုးစားလိုက်သည့်အခိုက်တွင် အတိတ်ဖြစ်သွားမည်ဖြစ်သည်။ အနာဂတ်မှာလည်း ထို့အတူပင်။
“တစ်ညတာ အိပ်မက်က ရာစုနှစ်ပေါင်းများစွာ ကြာနိုင်တယ်။ အချိန်ဆိုတာ ဘာလဲ”
ဒုက္ခသမာဓိက ဆက်ပြောလိုက်၏။ ထိုစကား၏ အဓိပ္ပာယ်သည် လူသားများ၏ အိပ်မက်သည် နှစ်(၁၀၀)ကြာနိုင်လို၊ တစ်ဘဝလုံးစာလည်း ကြာနိုင်သည်ဟူ၍ ဖြစ်သည်။ သို့သော် လက်တွေ့လောကတွင်မူ ထိုအိပ်မက်သည် တစ်ခဏအတွင်း မက်သွားသော အိပ်မက်ပင်။
“အတွေးတွေ...”
ရီဖူရှင်း ပြောလိုက်၏။
“အမှန်ပဲ”
ဒုက္ခသမာဓိက ခေါင်းညိတ်လျှက် ပြန်ပြောလိုက်၏။
“အတွေးတွေသာ မရှိရင် အချိန်ဆိုတာလည်း မရှိဘူး။ ဗုဒ္ဓလမ်းစဉ်မှာ အရောင်မဲ့ဘုံဆိုတာ ရှိတယ်။ အဲဒီဘုံကလည်း တူညီတဲ့နိယာမနဲ့ လည်ပတ်နေတာပဲ။ အရင်တုန်းက အရှင်ဒွန်ဟောင်လည်း ဗုဒ္ဓအယူဝါဒကို လေ့လာခဲ့တယ်။ သူက ဗုဒ္ဓအယူဝါဒကို သူ့ရဲ့နတ်စွမ်းအားနဲ့ ပေါင်းစည်းပြီး ထုတ်ဖော်ခြင်းနတ်စွမ်းအားကို ဖန်တီးနိုင်ခဲ့တာပဲ။ ထုတ်ဖော်ခြင်းရဲ့ အဆုံးစွန်က ဟင်းလင်းပြင်ပဲ။ ဟင်းလင်းပြင်ဆိုတာ အတွေးတွေ မရှိတဲ့နေရာပဲ”
ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။ သူသည် ဒုက္ခသမာဓိကို ဦးညွှတ်၍ ပြောလိုက်၏။
“အခုလို လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုယ်တော်”
“အပြောလွယ်သလောက် အလုပ်ခက်တယ်ဆိုသလိုပေါ့။ ဒကာလေးတို့နှစ်ယောက်စလုံးက ဗုဒ္ဓအယူဝါဒတွေကို ဖတ်ခဲ့ကြတယ်။ ဒါပေမဲ့ သိမြင်နားလည်ဖို့တော့ မလွယ်ဘူးပေါ့”
ဒုက္ခသမာဓိ ပြောလိုက်၏။
ရီဖူရှင်း ခေါင်းညိတ်ကာ အသိအမှတ်ပြုလိုက်၏။ အကယ်၍ လူတစ်ယောက်သည် သိရုံဖြင့် နားလည်မည်ဆိုလျှင် လောကအတွင်းရှိ လူအားလုံးသည် ကျင့်ကြံခြင်း၏ အဆုံးသတ်ပန်းတိုင်ကို ရောက်သွားမည်ဖြစ်လေသည်။