အဆုံးသတ်သည် မည်သည်နည်း
Vol. 203 Ch. 2901
ရီဖူရှင်းသည် ဒုက္ခသမာဓိနှင့် စကားပြောပြီးနောက်တွင် လိပ်ပြာတောင်ကုန်းပေါ်မှ အချိန်အတော်ကြာ လေ့လာကျင့်ကြံခဲ့သည်။ သူသည် အခြားဗုဒ္ဓအရှင်များနှင့်လည်း တွေ့ကာ ဗုဒ္ဓအယူဝါဒများကို ဆွေးနွေးခဲ့သည်။
ဗုဒ္ဓလမ်းစဉ်သည် ဗလာနတ္တိကို ရှာဖွေသည်။ အရာအားလုံးသည် ဗလာသာဖြစ်သည်။ ဆင်းရဲဒုက္ခများသည် အမှန်တကယ်မရှိဟု သူတို့ ယုံကြည်ကြသည်။ အချိန်နှင့်နေရာသည်လည်း မတည်ရှိ။ အရာအားလုံးသည် အတွေးမှ ဖြစ်ပေါ်လာခြင်းပင်။ ဗုဒ္ဓအယူဝါဒကို ကျင့်ကြံခြင်း၏ ပန်းတိုင်သည် ထိုအတွေးများကို ဖယ်ထုတ်ကာ ဉာဏ်အလင်းပွင့်နိုင်ရန် ဖြစ်သည်။
ဗုဒ္ဓအယူဝါဒသည် နှလုံးသားကို လေ့ကျင့်ပေးသည်။ ၎င်းကျင့်ကြံခြင်း၏ အဆုံးသတ်ပန်းတိုင်သည် ရှင်ခြင်း၊ သေခြင်းနှင့် ပြန်လည်ဝင်စားခြင်းတို့မှ လွတ်မြောက်ကာ ပြန်လည်ဝင်စားခြင်းလမ်းစဉ်ခြောက်ခုတွင် ထပ်မခံစားရတော့ဘဲ အနှောင်အဖွဲ့ကျွတ်သွားရန်ဖြစ်သည်။
ယင်းသည် ဗုဒ္ဓအယူဝါဒနှင့် အခြားလောကများ၏ ကျင့်ကြံခြင်းများကြားတွင် ကွာခြားမှုဖြစ်သည်။ အခြားကျင့်ကြံသူများသည် ကောင်းကင်လမ်းစဉ်ကို ရှာဖွေကာ ကောင်းကင်နှင့်တစ်သားတည်းဖြစ်ရန် ကျင့်ကြံကြသည်။ သူတို့၏ အဆုံးသတ်ပန်းတိုင်သည် ကောင်းကင်လမ်းစဉ်နှင့် တစ်သားတည်းဖြစ်ရန်ဖြစ်သည်။
သို့သော် မဟာလမ်းစဉ်များအားလုံးသည် ဆက်စပ်နေသဖြင့် ကျင့်ကြံခြင်း၏ အမြင့်ဆုံးအဆင့်များအလွန်တွင် မည်သည့်အရာ ရှိနေသေးသနည်း။
ရီဖူရှင်းသည် ရက်ပေါင်းများစွာ ကျင့်ကြံပြီးနောက်တွင် လိပ်ပြာတောင်ကုန်းမှ ထွက်လာခဲ့သည်။ သူသည် လောကကြီးထဲတွင် ဆက်၍ ခရီးသွားခဲ့ပြီး နေရာများကို သွားခဲ့သည်။ သူသည် ကောင်းကင်ဒေသသို့ ပြန်သွားပြီး ရှန့်ချင်းကုန်းမြေရှိ လေးမျက်နှာကုန်းမြေသို့ သွားခဲ့၏။
လက်ရှိ လေးမျက်နှာကုန်းမြေသည် ယခင်ကကဲ့သို့ မဟုတ်တော့ပေ။ ၎င်းသည် စည်ပင်ဝပြောနေပေပြီ။ အထူးသဖြင့် လေးမျက်နှာမြို့တော်သည် ကျင့်ကြံသူများစွာနှင့် စည်ကားနေသည်။ ထိုအရာများသည် မဟာအင်ပါယာဖြစ်သော ဆရာသခင်ရှိသည့် လေးမျက်နှာကျေးရွာမှ အစပြုခဲ့ခြင်းပင်။
ဆရာသခင်အပြင် ရီဖူရှင်းမှာလည်း လေးမျက်နှာကျေးရွာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ရီဖူရှင်းသည် အပြင်လောကတွင် ရွာ၏ ကိုယ်စားပြုဟု ဆိုနိုင်သည်။
ထို့ကြောင့် ထိုကဲ့သို့သောနေရာကို ကျင့်ကြံသူများစွာက စိတ်ဝင်စားကြခြင်းမှာ သဘာဝကျပေသည်။ ရှန့်ချင်းကုန်းမြေတွင် လေးမျက်နှာကျေးရွာ၏ အဆင့်အတန်းသည် ကုန်းမြေသခင်အိမ်တော်ထက်ပင် သာပေသည်။ ၎င်းကို တော်ဝင်မြေတစ်ခုအဖြစ် သတ်မှတ်ထားသည်။
ထိုစဉ်တွင် ရီဖူရှင်းသည် လေးမျက်နှာကျေးရွာ၏ အပြင်တွင် ထွက်ပေါ်လာ၏။ သူ ရွာသို့ ပြန်မရောက်သည်မှာ ကြာခဲ့ပြီဖြစ်သည်။
ယခုတွင် သူ ပြန်ရောက်လာခဲ့ပေပြီ။ ရီဖူရှင်းသည် ရွာက ကွဲပြားနေသည်ဟု ခံစားနေရသည်။
သို့သော် ရွာတွင် ပြောင်းလဲမှုမရှိပေ။ ပြောင်းလဲသွားသူမှာ သူသာဖြစ်သည်။ သူ၏ကျင့်ကြံခြင်းအဆင့်သည် ယခင်ကနှင့်ယှဉ်လျှင် အများကြီး တိုးတက်သွားပြီဖြစ်သည်။ ထို့ကြောင့် ယခုတွင် သူသည် ပို၍ အာရုံခံလာနိုင်ခြင်းပင်။ ရွာထဲ၌ ဆန်းကြယ်သော စွမ်းအားတစ်ခုရှိနေကြောင်း သူ ခပ်ရေးရေး ခံစားနေရသည်။
၎င်းသည် အချိန်စွမ်းအား ဖြစ်ပုံပေါ်သည်။
မည်သည့်ကိစ္စများ ဖြစ်နေသနည်း။ ရီဖူရှင်းသည် နားမလည်နိုင်သော မျက်နှာထားဖြင့် တွေးတောလိုက်သည်။ ယင်းကို သူ ယခင်က အာရုံမခံနိုင်ခဲ့ချေ။ ယခုတွင် သူသည် ယင်းစွမ်းအားကို အာရုံခံနိုင်နေပေပြီ။ သို့သော် ယင်းစွမ်းအား၏ လျှို့ဝှက်ချက်ကိုမူ သူမသိသေးချေ။
သူ သူ၏ခရီးမစခင် လောကကြီးကို လျှောက်ပတ်ကြည့်ချင်သည်ဟု ပြောခဲ့သောအခါ သူ၏အဖေ အရှင်ဒွန်ဟောင်က အချိန်ရလျှင် လေးမျက်နှာကျေးရွာရှိ ဆရာသခင်ထံ သွားရန် သူ့ကို ပြောခဲ့သည်။ ရီဖူရှင်းကိုယ်တိုင်သည်လည်း ဆရာသခင်ထံ သွားလည်လိုပေသည်။ ထို့အပြင် သူ၏အဖေကလည်း သူ့ကို တိုက်တွန်းခဲ့သဖြင့် သူသည် လေးမျက်နှာရွာသို့ လာခဲ့ခြင်းပင်။
ဆရာသခင်သည် သာမန်ပုဂ္ဂိုလ်တစ်ယောက်မဟုတ်ကြောင်း ရီဖူရှင်း ယခင်ကတည်းက သိခဲ့သည်။
ဆရာသခင်သည် လောကအတွင်းမှ ကိစ္စများကို အရေးမစိုက်ဘဲ ရွာတွင်သာ နေ,နေခဲ့သည်။ သူသည် လောကအတွင်းမှာ အားပြိုင်မှုများတွင်လည်း ဝင်မပါပေ။ အပြင်လောကအတွင်းရှိ မည်သူမှ ဆရာသခင်က မဟာအင်ပါယာတစ်ပါးဖြစ်သည်ကို ရီဖူရှင်း မသိခဲ့ခင်က မသိခဲ့ပေ။ ဆရာသခင်ကလည်း သူ၏စွမ်းရည်များကို တစ်ခါမှ ထုတ်မပြဖူးချေ။ ရွာသူ၊ ရွာသားများပင် သူ၏ဇစ်မြစ်ကို မသိကြပေ။
မဟုတ်လျှင် မုယွင်မိသားစုသည် လေးမျက်နှာကျေးရွာကို သစ္စာဖောက်မည် မဟုတ်ပေ။ မုယွင်လုံသည်လည်း ဆရာသခင်ထံမှ အာဏာလုရန် စိတ်ကူးခဲ့မည် မဟုတ်ပေ။ ယခုမှ ပြန်တွေးကြည့်လျှင် သူတို့၏ ကြိုးစားမှုများသည် ရယ်စရာပင် ကောင်းနေလေသည်။ ဆရာသခင်သည် ထိုအရာများကို အရေးပင်စိုက်ခဲ့မည် မဟုတ်ချေ။
သို့သော် ရီဖူရှင်းသည် သိလိုနေ၏။ ယခင်က ဆရာသခင် သူ၏အဖေ ဒွန်ဟောင်တိယွမ်ကို သင်ကြားပေးခဲ့စဉ်က ဆရာသခင်သည် မည်သို့သော သူမျိုးနည်း။
ယခုအထိ သူသည် ထိုအကြောင်းကို မသိရသေးပေ။
ရီဖူရှင်း၏စိတ်ထဲတွင် အတွေးများ၊ သံသယများနှင့် ပြည့်နှက်နေသည်။ သူသည် ရွာထဲသို့ ဝင်လိုက်လေသည်။
ရီဖူရှင်းသည် လေးမျက်နှာကျေးရွာအတွင်းသို့ ဝင်လိုက်ပြီးနောက်တွင် တစ်စုံတစ်ခု ကွဲပြားနေကြောင်း အာရုံခံမိသည်။ သူသည် ရွာထဲရှိ အာကာသစွမ်းအားကို ခပ်ရေးရေး ပို၍ ရှင်းရှင်းလင်းလင်း ခံစားနိုင်နေသည်။ ယခင်က သူသည် ထိုစွမ်းအားကို အာရုံမခံနိုင်ခဲ့ပေ။
ရွာထဲမှ ကျင့်ကြံသူအားလုံးသည် ရီဖူရှင်းနှင့်အတူ ထွက်သွားခဲ့သည်။ လက်ရှိတွင် ရွာထဲ၌ ကျန်ခဲ့သူများမှာ သာမန်ရွာသူ၊ ရွာသားများသာဖြစ်သည်။ သို့သော် သူတို့သည် ရီဖူရှင်းကို မှတ်မိပေသေးသည်။ လူများသည် သူ့ကို ပြုံးကာ နှုတ်ဆက်လိုက်သည်။
ရီဖူရှင်းကလည်း ပြန်နှုတ်ဆက်လိုက်ကြသည်။ ရွာထဲတွင် အံ့အားသင့်ဖွယ်ကောင်းသူများ များစွာ ကျန်သေးပေသည်။
အထူးသဖြင့် ဆရာသခင်ရှိသည့် ကိုယ်ပိုင်ကျောင်းတွင် ထိုသို့သော သူများ ပိုများပေသည်။ ဆရာသခင်သည် ရွာမှ ကလေးများကို ဆက်၍ သင်ကြားပေးနေဆဲပင်။ သို့သော် သူသည် ထိုကလေးများကို ကျင့်ကြံခြင်းတော့ သင်မပေးပေ။
ရွာမှ ကလေးများသည် ကိုယ်ပိုင်ကျောင်းအပြင်မှ ရီဖူရှင်းကို မြင်သောအခါ စိတ်ဝင်စားသွားကြသည်။
ရီဖူရှင်းသည် ကလေးများကို ပြုံး၍ ကြည့်လိုက်၏။ သူသည် ဖန်းစွင်၊ လင်ကလေးနှင့် အခြားသူများ၏ ကလေးဘဝကို ကြည့်နေသကဲ့သို့ပင်။ ယခင်က သူတို့သည် ကလေးများသာ ဖြစ်ခဲ့သည်။
“ဆရာသခင်”
ရီဖူရှင်းသည် အပြင်မှနေ၍ အနည်းငယ် ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။
“ဝင်ခဲ့ပါ”
ဆရာသခင်က ပြောလိုက်၏။ ရီဖူရှင်းသည် ကိုယ်ပိုင်ကျောင်းအတွင်းသို့ ဝင်သွားလိုက်ရာ အထဲ၌ ထိုင်နေသော ဆရာသခင်ကို တွေ့လိုက်၏။
ရီဖူရှင်းသည် ဆရာသခင်ကို တွေ့လိုက်သောအခါ စိတ်လှုပ်ရှားသွားသည်။ ယခင်က သူမမြင်နိုင်ခဲ့သော အရာများကို ယခု သူမြင်နိုင်နေပေပြီ။
ဆရာသခင်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်၏။ ထို့နောက် ပတ်ဝန်းကျင်သည် လွန်စွာ တိတ်ဆိတ်သွားသည်။ ဆရာသခင်သည် ထူးကဲသော ဟန်ပန်အရှိန်အဝါရှိပြီး ရီဖူရှင်းကို ပြုံး၍ ကြည့်နေသည်။ သူ၏မျက်နှာထားသည် အေးချမ်းနေလေသည်။
“ဘာဖြစ်လို့လဲ။ မင်းက အံ့ဩသွားတာလား”
ဆရာသခင်က တည်ငြိမ်စွာ မေးလိုက်သည်။
“နည်းနည်းပေါ့”
ရီဖူရှင်းက ခေါင်းညိတ်လျှက် ပြန်ဖြေလိုက်သည်။ ဆရာသခင်သည် အသွေးအသားရှိသူတစ်ယောက် မဟုတ်ဟု သူ တစ်ခါမှ မထင်ထားခဲ့ပေ။ ဆရာသခင်သည် လောကထဲတွင် အခြားပုံစံတစ်ခုအဖြစ် တည်ရှိနေခြင်းပင်။
ဆရာသခင်၏စွမ်းအားနှင့် လှုပ်ရှားမှုများ အကန့်အသတ်ရှိနေခြင်းမှာ အံ့အားသင့်စရာ မရှိတော့ချေ။ ယခုတွင် ဆရာသခင် ထိုသို့နေရခြင်း၏ နောက်ကွယ်မှ အကြောင်းကို နားလည်သွားပေပြီ။
“ဘာများ ကွာခြားသလဲ”
ဆရာသခင်က ရီဖူရှင်းကို မေးလိုက်သည်။
ရီဖူရှင်း မှင်တက်သွားပြီး ဆွံ့အသွားသည်။
ဆရာသခင် မှန်ပေသည်။ မည်သည့် ကွာခြားမှု ရှိပါသနည်း။
ဤလောကထဲတွင် အသွေးအသားရှိရော၊ အသွေးအသားမရှိသူများပါ ရှိရာ သူတို့ မည်သည့်အရာဖြစ်မှုသည် အရေးပါ,ပါသလော။
အသွေးအသားရှိသူတစ်ယောက်နှင့် အသွေးအသားမရှိသူတစ်ယောက်တွက် မည်သည့်ကွာခြားမှု ရှိသနည်း။
ရီဖူရှင်းကဲ့သို့ အဆင့်မြင့်သည့် ကျင့်ကြံသူများအတွက် ခန္ဓာကိုယ်ဆိုသည်မှာ အရေးမပါသော အခွံတစ်ခုသာဖြစ်သည်။
ဆရာသခင်က ပြောလိုက်၏။
“မင်းက ကောင်းကင်အင်ပါယာဖြစ်နေပြီ။ မင်း အရမ်း ယဉ်ကျေးနေစရာမလိုပါဘူး။ ထိုင်ပါ”
ရီဖူရှင်းသည် ဆရာသခင်ရှေ့တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး ပြောလိုက်၏။
“ကျုပ်က ဆရာသခင်ရှေ့မှာဆိုရင် အမြဲ တပည့်တစ်ယောက်၊ ဂျူနီယာတစ်ယောက် ဖြစ်နေမှာပါ”
“စိတ်ကသာ အဓိကကျတာပါ”
ဆရာသခင်က ခေါင်းညိတ်ကာ ပြန်ပြောလိုက်၏။
“ဆရာသခင်... ဆရာသခင်ကရော ရှေးခေတ်က ကျင့်ကြံသူတစ်ယောက်ပဲလား”
ရီဖူရှင်း စိတ်ဝင်စားစွာ မေးလိုက်သည်။
“ကျုပ် ဆရာသခင်ကို သိခဲ့တာ နှစ်ပေါင်းများစွာကြာပါပြီ။ ဒါပေမဲ့ ဆရာသခင်လို့ပဲ ခေါ်ခဲ့ရတယ်။ ကျုပ် ဆရာသခင်ရဲ့ နာမည်ကို အခုထိ မသိရသေးဘူး”
“ငါ့ကို ရှေးခေတ်က ကျင့်ကြံသူတစ်ယောက်လို့ သတ်မှတ်နိုင်ပါတယ်”
ဆရာသခင်က ပြန်ပြောလိုက်၏။
“ငါ့ရဲ့ တာအိုနာမည်က မူဖုန်းပါ”
ရီဖူရှင်းသည် ဆရာသခင်၏ အမည်ကို စိတ်ထဲတွင် မှတ်သားလိုက်သည်။ ထို့နောက် သူ ထပ်မေးလိုက်၏။
“ဆရာသခင်... ဆရာသခင်က နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့တာဆိုတော့ အသိပညာဗဟုသုတနဲ့ ပြည့်စုံတယ်။ ကျင့်ကြံခြင်းရဲ့ အဆုံးသတ်ပန်းတိုင်ကို ဆရာသခင် ဘယ်လိုမြင်ပါသလဲ”
“ကျင့်ကြံခြင်းရဲ့ အဆုံးသတ်ပန်းတိုင်...”
ဆရာသခင် ရေရွတ်လိုက်၏။ သူသည် မေးခွန်းကို တွေးတောနေပုံပေါ်သည်။ ထို့နောက် သူပြောလိုက်၏။
“အဆုံးသတ်ပန်းတိုင်က တစ်ယောက်နဲ့တစ်ယောက် မတူလောက်ဘူး။ ဘယ်အရာက ကျင့်ကြံခြင်းရဲ့ အဆုံးသတ်ပန်းတိုင်အစစ်ဆိုတာကို ငါလည်း မသိဘူး”
“တကယ်လို့ တစ်ယောက်ယောက်က ကောင်းကင်လမ်းစဉ် ဖြစ်လာရင် အဲဒီလူက ကျင့်ကြံခြင်းရဲ့ အဆုံးသတ်ပန်းတိုင်ကို ရောက်သွားပြီလို့ ပြောနိုင်မလား”
ရီဖူရှင်း ထပ်မေးလိုက်သည်။
“တကယ်လို့ လူတစ်ယောက်က ကောင်းကင်လမ်းစဉ်အဖြစ် ပြောင်းလဲသွားရုံပဲဆိုရင် သူက အဆုံးသတ်ပန်းတိုင်ကို ရောက်သွားတယ်လို့ ပြောနိုင်မယ်လို့ ငါမထင်ဘူး”
ဆရာသခင် ဖြေလိုက်၏။
“လမ်းညွှန်ပြသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ရီဖူရှင်း ပြောလိုက်၏။
“မင်းရဲ့အဖေ အရှင်ဒွန်ဟောင်က ထုတ်ဖော်ခြင်းနတ်စွမ်းအားကို ကျင့်ကြံခဲ့တယ်။ ထုတ်ဖော်ခြင်းရဲ့ အဆုံးသတ်ပန်းတိုင်က ဟင်းလင်းပြင်ပဲ။ ဗလာဟင်းလင်းကို အဆုံးသတ်တစ်ခုလို့ သတ်မှတ်နိုင်မလား”
ဆရာသခင်က မေးလိုက်သည်။
“လောကထဲက အရာအားလုံးက ဒြပ်ရှိကြတယ်။ တကယ်လို့ တစ်ယောက်ယောက်က လောကထဲက အရာအားလုံးရဲ့ ပုံစံတွေကို ထိန်းချုပ်နိုင်ရင် အဲဒါက အဆုံးသတ်လား။ လောကထဲမှာ စွမ်းအင်ကနေ ဖြစ်ပေါ်လာတဲ့ စိတ်လိပ်ပြာတွေနဲ့ ဝိညာဉ်စွမ်းအားတွေ ရှိသေးတယ်။ တကယ်လို့ တစ်ယောက်ယောက်က လောကထဲက စွမ်းအင်အကုန်လုံးကို ထိန်းချုပ်နိုင်ရင်ရော အဲဒါ အဆုံးသတ်လား”
“အဆုံးသတ်ကဘာလဲဆိုတာ ဘယ်သူမှ မသိဘူး... ငါတို့ အဆုံးသတ်ကို ရောက်နိုင်၊ မရောက်နိုင်ဆိုတာလည်း ဘယ်သူမှ မသိဘူး”
ဆရာသခင် ပြောလိုက်၏။
“ငါလည်း အဲဒီအကြောင်းကို တွေးနေခဲ့တာ။ ဒီလောကကြီးက အဆုံးမရှိ ကျယ်ပြောတယ်။ ဒါပေမဲ့ အဲဒီလောက်ကျယ်ပြောတာတောင် တခြားစကြဝဠာတွေ ရှိနေသေးတယ်။ စကြဝဠာတွေကို သဘောရှိ ဖြတ်သန်းသွားလာနိုင်တဲ့လူတွေ ရှိလား။ တကယ်လို့ အဲဒီလိုလူတွေ ရှိမယ်ဆိုရင် သူတို့က အာကာသရဲ့အဆုံးသတ်ကို ရောက်နေပြီလို့ သတ်မှတ်နိုင်မလားဆိုတာ ငါတွေးမိတယ်”
ဆရာသခင် ဆက်ပြောလိုက်၏။
“ပြီးတော့ အချိန်လည်း ရှိသေးတယ်။ တကယ်လို့ လောကထဲက အရာအားလုံးကို ကျင့်ကြံခြင်းကနေပြီး ထိန်းချုပ်လို့ရမယ်ဆိုရင် အချိန်ကိုလည်း ထိန်းချုပ်လို့ရလိမ့်မယ်လို့ မင်းတွေးဖူးလား။ အတိတ်နဲ့ အနာဂတ်ကို မရောက်နိုင်ဘူးလို့ လူတွေ ပြောကြတာက ငါတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေက အဲဒီလိုရောက်နိုင်အောင် မလုံလောက်သေးလို့လား။ ငါတို့သာ လုံလောက်အောင် စွမ်းအားကြီးရင် အချိန်က မျဉ်းတစ်ကြောင်းလိုဖြစ်သွားပြီး အဲဒီမျဉ်းတစ်လျှောက် ငါတို့ သဘောရှိ သွားနိုင်မလား”
ရီဖူရှင်း အံ့အားသင့်နေလေသည်။ သူသည် ထိုအရာကို ယခင်က တစ်ခါမှ မစဉ်းစားခဲ့ဖူးချေ။ အကယ်၍ တစ်စုံတစ်ယောက်ကသာ အချိန်မျဉ်းတစ်လျှောက် စိတ်ရှိသလို သွားလာနိုင်လျှင် အတိတ်နှင့် အနာဂတ်ကို ထိန်းချုပ်သည်နှင့် အတူတူပင် ဖြစ်သွားမည် မဟုတ်ပါလော။
သို့ဆိုလျှင် အဆုံးသတ်သည် မည်သည်နည်း။