← Chapters

ငြိမ်းချမ်းသော လောကတစ်ခု

Vol. 204 Ch. 2902

ငြိမ်းချမ်းသော လောကတစ်ခု

Vol. 204 Ch. 2902

ရီဖူရှင်းသည် ဆရာသခင်ကို ကြည့်သည်။ ဆရာသခင်သည် အချိန်စည်းမျဉ်းကို သိမြင်နားလည်ထားသော ကျင့်ကြံသူတစ်ဦး ဖြစ်နိုင်သည်ဟု သူ ခပ်ရေးရေး အာရုံခံမိသည်။

ဆရာသခင်သည် အသွေးအသားမရှိသူတစ်ယောက် ဖြစ်သော်လည်း လမ်းစဉ်ကို လေ့လာ၊ ကျင့်ကြံနိုင်သေးသည်ဟု ရီဖူရှင်း ယုံကြည်နေဆဲပင်။ သူသည် အကန့်အသတ် အနည်းငယ်နှင့် ရင်ဆိုင်ရရုံသာ ရှိပေမည်။ ဆရာသခင်သည် ဤနေရာတွင် လမ်းစဉ်ကို လေ့လာကာ သူဉာဏ်အလင်းပွင့်နိုင်မည့်နေ့ကို စောင့်ဆိုင်းနေခြင်းဖြစ်နိုင်သည်။

“ဆရာသခင်... ဆရာသခင်က အဲဒီလိုအဆင့်ကို ရောက်သွားပြီလား”

ရီဖူရှင်းသည် အချိန်စည်းမျဉ်းကို သိမြင်နားလည်ပြီးနောက်တွင် အချိန်စီးဆင်းနှုန်းကို ပြောင်းလဲခြင်းသည် အချိန်စည်းမျဉ်းကို အသုံးပြုသော စွမ်းအားကြီးသည့် အသုံးချမှုတစ်ခုဖြစ်ကြောင်း ယုံကြည်လေသည်။ ယခု ကြည့်ရပုံအရ သူ၏ သိမြင်နားလည်မှုသည် အလွန်တိမ်သေးပုံပေါ်လေသည်။ ယခုအထိ သူ၏ အတွေးများသည် လုံလောက်အောင် မရဲဝံ့သေးပေ။

ဆရာသခင် ပြောသကဲ့သို့ပင် အကယ်၍ တစ်စုံတစ်ယောက်သည် အချိန်မျဉ်းကို မြင်နိုင်သည့် အဆင့်အထိ ရောက်အောင် ကျင့်ကြံနိုင်လျှင် ထိုသူသည် အတိတ်နှင့် အနာဂတ်ကို မြင်ရမည်ဖြစ်သည်။

အကယ်၍ တစ်စုံတစ်ယောက်သည် အချိန်မျဉ်းတစ်လျှောက် သွားလာနိုင်လျှင် ထိုသူသည် အတိတ်နှင့် အနာဂတ်ကို သဘောရှိ ပြောင်းလဲနိုင်မည်ဖြစ်သည်။ ထိုစွမ်းအားအဆင့်သည် မည်သည့်အဆင့် ဖြစ်မည်နည်း။

အနည်းဆုံးတော့ ယခုတွင် ရီဖူရှင်းသည် ထိုအဆင့်ကို တွေးပင်တွေးမကြည့်နိုင်သေးပေ။

“တကယ်လို့ အချိန်မျဉ်းဆိုတာသာ တကယ်ရှိရင် ကျုပ်တို့က အတိတ်နဲ့ အနာဂတ်ကို သွားနိုင်တာပေါ့။ တစ်ချိန်တည်းမှာ ကျုပ်တို့နှစ်ယောက် ရှိနေဖို့ ဖြစ်နိုင်ရဲ့လား။ မဖြစ်နိုင်ဘူးဆိုရင် အခြေအနေက ဘယ်လိုဖြစ်မှာလဲ”

ရီဖူရှင်းသည် သူ့ဘာသာ ရေရွတ်လိုက်သည်။ လက်ရှိသူသည် အတိတ်သို့ သွားနိုင်မည်လော။ အကယ်၍ သူသာ ထိုသို့လုပ်နိုင်ခဲ့လျှင် အတိတ်တွင် သူနှစ်ယောက် ရှိနေသလို ဖြစ်မသွားသလော။

“ငါလား...”

ဆရာသခင်သည် တည်ငြိမ်ပုံ ပေါ်နေ၏။ သူ ပြောလိုက်၏။

“ငါက အပေါ်ယံလောက်ပဲ သိပါသေးတယ်”

ရီဖူရှင်း ခေါင်းညိတ်ပြလိုက်ပြီး ဆက်မမေးတော့ပေ။ ဆရာသခင်သည် အပေါ်ယံဟု ပြောခဲ့သည်။ ထိုအပေါ်ယံသည် မည်မျှ နက်ရှိုင်းသနည်း။

ဆရာသခင်သည် အချိန်၏ လျှို့ဝှက်ချက်များကို သိနိုင်ခဲ့ပြီလော။

သို့သော် ဆရာသခင်သည် ဆန်းကြယ်သူတစ်ဦး ဖြစ်သဖြင့် သူ မပြောလိုလျှင် ရီဖူရှင်းဆက်မေးနေလျှင်လည်း အကျိုးရှိမည် မဟုတ်ပေ။

“မကြာခင်မှာ ‌လောကကြီးက ကြီးမားတဲ့ ကပ်ဘေးအန္တရာယ်ကြီးတစ်ခုနဲ့ တွေ့ကြုံရတော့မယ်လို့ လူတော်တော်များများက ပြောကြတယ်။ ဆရာသခင် ကျုပ်ကို အဲဒီကိစ္စနဲ့ ပတ်သတ်ပြီး လမ်းညွှန်ချက် နည်းနည်း ပေးနိုင်လိမ့်မယ်လို့ ကျုပ် မျှော်လင့်ပါတယ်”

ရီဖူရှင်း ပြောလိုက်၏။

“ဖြစ်လာမယ့်အရာက ကပ်ဘေးအန္တရာယ်ဆိုတော့ ရှောင်လွှဲလို့ မရဘူး။ ဘယ်သူမှ အဲဒီကပ်ဘေးက မလွတ်နိုင်ဘူး။ မင်းက ကပ်ဘေးတွေနဲ့ တွေ့ကြုံလေ့ရှိတော့ မင်း အဲဒီကပ်ဘေးကနေ ရှောင်လို့ ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်း ကိုယ့်ကိုယ်ကို ပြောင်းလဲပြီး အဲဒီကပ်ဘေးကို ဟန်ချက်မပျက် ရင်ဆိုင်နိုင်တယ်”

ဆရာသခင်က ရှင်းပြလိုက်သည်။

“မင်း ပြောနေခဲ့တာတွေက ကောင်းတဲ့အရာတွေပဲ။ ဒါပေမဲ့ အခု ကောင်းကင်နဲ့ မြေကြီးက ကြီးမားတဲ့ ပြောင်းလဲမှုတွေနဲ့ ကြုံနေရတယ်။ ရှေးဟောင်းအင်ပါယာတွေလည်း ပြန်ဆင့်ခေါ်ခံနေရတယ်။ သူတို့က ကောင်းကင်လမ်းစဉ် ပြိုပျက်သွားကတည်းက သေဆုံးသွားရမယ့်သူတွေ။ သူတို့ပြန်လာတယ်ဆိုတာ တစ်ယောက်ယောက်က သူတို့ကို ပြန်ခေါ်နိုင်မယ့် စွမ်းအားရှိသွားလို့ဆိုတဲ့ အဓိပ္ပာယ်ပဲ။ မင်း သတိထားဖို့ လိုတယ်”

ကောင်းကင်လမ်းစဉ် ပြိုပျက်သွားပြီးနောက်တွင် ကမ္ဘာဖျက်ကပ်ဘေးတစ်ခု ကျရောက်လာခဲ့သည်။ ကျင့်ကြံခြင်းအဆင့် ပိုမြင့်လေလေ၊ ထိုကပ်ဘေးမှ လွတ်မြောက်ရန် ခက်ခဲလေလေဖြစ်သည်။ နတ်ဘုရားများစွာ သေဆုံးပျောက်ကွယ်သွားခဲ့သည်။ အချို့သည် ဤစကြဝဠာမှ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သည်။ ဤလောကထဲတွင်လည်း မဟာအင်ပါယာများစွာသည် အခြားပုံစံများနှင့် ဆက်တည်ရှိခဲ့သည်။

သူတို့သည် အသွေးအသားရှိသူများ မဟုတ်တော့ဘဲ လိပ်ပြာဝိညာဉ်သာ ရှိသူများ ဖြစ်သွားကြသည်။ သို့သော် ယခုတွင် သူတို့သည် ပြန်ဆင့်ခေါ်ခံနေရပေပြီ။ ယင်းမှာ လူသားဘိုးဘေးသည် ပြိုင်ဘက်ကင်းစွမ်းအားကို ပိုင်ဆိုင်သည်ဆိုသော အဓိပ္ပာယ်ပင်။

ထို့ကြောင့် ဆရာသခင်သည် သူ့ကို သတိထားရန် သတိပေးခဲ့ခြင်းပင်။

“ကျေးဇူးတင်ပါတယ် ဆရာသခင်”

ရီဖူရှင်း ခေါင်းညိတ်ကာ ပြောလိုက်၏။

“သွားပြီး ကျင့်ကြံတော့။ အချိန် သိပ်မကျန်တော့ဘူး”

ဆရာသခင်က အကြံပေးလိုက်၏။

“ဟုတ်ကဲ့ပါ”

ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။ ဆရာသခင်၏ အကြံပေးချက်သည် သတိပေးချက်တစ်ခုလည်း ဖြစ်ပေလိမ့်မည်။

ကြည့်ရသည်မှာ ကပ်ဘေးအန္တရာယ်သည် မကြာခင် ရောက်ရှိလာတော့မည့်ပုံပင်။ အချိန်သိပ်မကျန်တော့ပေ။

သို့သော် ရီဖူရှင်း၏ လောကထဲတွင် အချိန်သည် (၈၁)ဆ ပိုမြန်ပေသည်။ ထို့ကြောင့် သူနှင့် သူ့လူများသည် အခြားသူများထက် ပြင်ဆင်ရန် အချိန်ပိုရပေသည်။ ကပ်ဘေးအန္တရာယ်သည် နောက်ကျနိုင်သမျှ နောက်ကျရန် ရီဖူရှင်း မျှော်လင့်၏။

အကယ်၍ ကပ်ဘေးသည် နောက်တစ်နှစ်အကြာတွင် ဖြစ်မည်ဆိုလျှင် သူသည် သူ၏လောကထဲတွင် (၈၁)နှစ် ကျင့်ကြံနိုင်မည်ဆိုသော အဓိပ္ပာယ်ပင်။ သူ့အပြင် သူ၏ ကောင်းကင်လမ်းစဉ်အသေးစား၏ လောကထဲမှ အခြားသူအားလုံးသည် ထိုပြင်ဆင်ချိန်အတွင်း အကျိုးရပေလိမ့်မည်။ သူတို့သည် တဖြည်းဖြည်းဖြင့် မဟာအင်ပါယာများ ဖြစ်လာမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကပ်ဘေးရောက်လာမည့်အချိန်ကို လောကထိပ်ဆုံးရှိ အလွန်စွမ်းအားကြီးသူများက ဆုံးဖြတ်နိုင်ပေသေးသည်။

ထို့ကြောင့် ရီဖူရှင်းသည် သူ၏စွမ်းရည်များကို မြန်နိုင်သမျှမြန်မြန် တိုးမြှင့်ရပေမည်။

ရီဖူရှင်းသည် ဆရာသခင်ကို နှုတ်ဆက်ကာ လေးမျက်နှာကျေးရွာမှ ထွက်သွားသည်။ ထို့နောက် သူသည် ကောင်းကင်ဘုံ၏ ကောင်းကင်(၉၉)လွှာရှိ သူ့လောကသို့ ပြန်သွားသည်။

*****

ရီဖူရှင်းက ကောင်းကင်(၉၉)လွှာသို့ ပြန်ရောက်သောအခါ အရှင်ဒွန်ဟောင်နှင့် သွားတွေ့ခဲ့သည်။

“ဖူရှင်း မင်းရဲ့ ခရီးက ဘယ်လိုလဲ”

အရှင်ဒွန်ဟောင် မေးလိုက်သည်။

“ကျုပ် အဆင့်နိမ့်ကမ္ဘာတွေကို သွားခဲ့တယ်။ ပြီးတော့ ဗုဒ္ဓလောကနဲ့ ဆရာသခင်ဆီလည်း သွားလည်ခဲ့တယ်”

ရီဖူရှင်းက ပြန်ဖြေလိုက်သည်။

“အဖေ.. ကောင်းကင်ဒေသရဲ့ အင်ပါယာနန်းတော်က သူတွေနဲ့ ဗုဒ္ဓလောက,က ကျင့်ကြံသူတွေကို ဒီလောကအသေးစားထဲမှာ လာကျင့်ကြံကြဖို့ ဖိတ်ခေါ်လိုက်ပါ။ ပြီးတော့ အဲဒီနှစ်ဖွဲ့စလုံးက ကျုပ်ကောင်းကင်လမ်းစဉ်အသေးစားရဲ့ လောကထဲမှာ ကျင့်ကြံမယ့်သူတွေကို ရွေးချယ်လို့ရတယ်”

ရီဖူရှင်းသည် သူ၏စွမ်းရည်များကို တိုးမြှင့်သည့်အပြင် သူ့မဟာမိတ်များ၏ အင်အားကိုလည်း တိုးမြှင့်လိုနေသည်။

“အင်း...”

အရှင်ဒွန်ဟောင် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

“မင်းအခု ကျင့်ကြံခြင်းမှာ အာရုံစိုက်လို့ရပါပြီ။ ကျန်တာတွေ ငါလုပ်လိုက်မယ်”

လက်ရှိတွင် ကောင်းကင်ဘုံက ဦးဆောင်သော ကောင်းကင်နန်းတော်နှင့် ရီအင်ပါယာနန်းတော်၊ ကောင်းကင်ဒေသရှိ ဒွန်ဟောင်အင်ပါယာနန်းတော်နှင့် လိပ်ပြာတောင်ကုန်းမှ အင်အားစုများသည် မဟာမိတ်များ ဖြစ်ကြသည်။ လက်ရှိအခြေအနေအရ သူတို့သည် အင်အားကြီးလာရန် ပူးပေါင်းထားကြသည်။ သူတို့သည် အတူတကွ အင်အားကြီးလာမှ ကျရောက်လာမည့် ကပ်ဘေးအန္တရာယ်ကို ရင်ဆိုင်ရန်အတွက် ပိုကောင်းစွာ ပြင်ဆင်နိုင်မည်ဖြစ်သည်။

ကပ်ဘေးအန္တရာယ်ကျရောက်လာလျှင် အခြေအနေများ မည်သို့ ဖြစ်လာမည်ကို မည်သူမှ မသိပေ။ ရီဖူရှင်းသည် နတ်ဆိုးလောကနှင့် မှော်နက်လောကသို့လည်း ပစ္စည်းအချို့ ပို့ပေးထားသည်။ ထိုအင်အားစုနှစ်စုသည် သူနှင့် ပူးပေါင်းလိမ့်မည်ဟု သူမမျှော်လင့်ပေ။ သို့သော် သူသည် သူတို့ကို ရတနာများ ပို့ပေးခဲ့သေးသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ယူချင်းနှင့် ရီချင်းယောင်တို့၏ ကျင့်ကြံခြင်းကို ကူညီပေးလို၍ဖြစ်သည်။

အနည်းဆုံးတော့ ယူချင်းနှင့် ရီချင်းယောင်တို့က သူ့ဘက်က ရှိလိမ့်မည်ဟု သူယုံကြည်မှု ရှိပေသည်။

နတ်ဆိုးအင်ပါယာသည် ယူချင်းအပေါ် သိသိသာသာ လွှမ်းမိုးနိုင်သော်လည်း ရီဖူရှင်းသည် သူနှင့်ယူချင်း၏ ဆက်ဆံရေးက ပို၍ခိုင်မာသည်ဟု ယုံကြည်ပေသည်။ မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့သည်ဖြစ်စေ သူတို့သည် တစ်ယောက်ကိုတစ်ယောက် ယုံကြည်ကြမည်ဖြစ်သည်။

ရီဖူရှင်းသည် ထိုသို့ စီစဉ်မှုများ လုပ်ပြီးသောအခါ ကောင်းကင်(၉၉)လွှာသို့ ဝင်၍ အခန်းအောင်းကာ ကျင့်ကြံလိုက်သည်။ သူသည် ရောက်လာမည့် ကပ်ဘေးအန္တရာယ်အတွက် အသင့်ပြင်နေသည်။

****

ရီဖူရှင်းနှင့် အခြားသူများ ကောင်းကင်(၉၉)လွှာတွင် ကျင့်ကြံနေစဉ် အပြင်လောကနှင့်လည်း အဆက်အသွယ် မဖြတ်ခဲ့ချေ။ ထို့အပြင် သူသည် နတ်ဆိုးလောကနှင့် မှော်နက်လောကသို့ပင် အချိန်ရတနာအချို့ ပို့ပေးခဲ့သေးသည်။ ထို့ကြောင့် ရီဖူရှင်းသည် အချိန်စည်းမျဉ်းကို လေ့လာကျင့်ကြံနေသည်ဆိုသော သတင်းသည် လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ပေ။ မကြာခင်တွင် ကောလာဟလတစ်ခု ပျံ့နှံ့လာ၏။

လက်ရှိ ကောင်းကင်အင်ပါယာ ရီဖူရှင်းသည် သူ၏ကျင့်ကြံခြင်းတွင် ပြီးပြည့်စုံခဲ့ပြီဖြစ်သည်။ သူသည် သူ၏လမ်းစဉ်ကို သက်သေပြကာ မဟာအင်ပါယာအဆင့်သို့ တက်လှမ်းသွားပြီး ကောင်းကင်အင်ပါယာ၏ အမွေအနှစ်ကို ဆက်ခံခဲ့သည်။ သူသည် အချိန်စည်းမျဉ်းကို ထိန်းချုပ်ကာ အချိန်ကို ပြန်ပြင်ရေးနိုင်ပေသည်။

ထိုသတင်းသည် လူများစွာကို တုန်လှုပ်သွားစေ၏။ အချိန်စည်းမျဉ်းကို ထိန်းချုပ်ကာ အချိန်စီးဆင်းနှုန်းကို ပြောင်းလဲနိုင်သည့် ကျင့်ကြံသူတစ်ဦးသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသနည်း။ ယင်းမှာ သူသည် ကျင့်ကြံရန် အချိန်အနန္တရှိသည့် အဓိပ္ပာယ်ပင်။ အခြားသူများ တစ်နှစ်ကျင့်ကြံလျှင် သူသည် နှစ်(၁၀၀)ကျော် ကျင့်ကြံနိုင်ပေသည်။

ကျင့်ကြံသူများစွာသည် ထိုသတင်းကို ကြားရပြီးနောက်တွင် ကောင်းကင်(၉၉)လွှာ၌ ထပ်မံ ကျင့်ကြံလိုလာကြသည်။ သို့သော် ကောင်းကင်(၉၉)လွှာ၏ ဂိတ်တံခါးသည် ပိတ်သွားပြီးဖြစ်သည်။ ကောင်းကင်အင်ပါယာနန်းတော်သည်လည်း ကျင့်ကြံသူများကို ထပ်မခေါ်ယူတော့ပေ။ ကောင်းကင်ဘုံသည် သူတို့လူများ၏ အရေအတွက်အစား အရည်အသွေးကို အာရုံစိုက်ကာ ရှေ့သို့လှမ်းချီမည်ဖြစ်သည်။

ထိုသတင်းသည် လူသားဘုံအတွက် သတင်းဆိုးပင်။ အကယ်၍ ရီဖူရှင်းသာ အချိန်ကို ပြောင်းလဲနိုင်လျှင် ကောင်းကင်ဘုံသည် မိနစ်တိုင်း အင်အားကြီးလာမည်ဖြစ်သည်။ ယခုတွင် ကောင်းကင်ဘုံကို ရှင်းပစ်ရန်သည် ပို၍ အရေးကြီးလာပြီဖြစ်သည်။ ဖြစ်ပေါ်လာမည့် စစ်ပွဲကို မရှောင်လွှဲနိုင်ပေ။

ဘုံခုနစ်ခုသည် အချိန်တစ်ခုအထိ ငြိမ်းချမ်းခဲ့သည်။ နောက်ကွယ်တွင်မူ ဧရာမမုန်တိုင်းကြီးတစ်ခု ဖြစ်တည်နေသည်။ အားလုံးသည် ယင်းကို အာရုံခံနိုင်ပေသည်။ ထိုမုန်တိုင်း ထွက်ပေါ်လာသည်နှင့် လောကတစ်ခွင်လုံး ကျွမ်းထိုးမှောက်ခုံဖြစ်သွားမည်ဖြစ်ကြောင်း သူတို့ ကောင်းကောင်းသိပေသည်။

တစ်ချိန်တည်းမှာပင် မူလဘုံရှိ နတ်ဘုရားကန်းမြေရှိ လမ်းကြောင်းသည် မကြာခဏပွင့်နေကြသည်။ ကျင့်ကြံသူများသည် ဤလောကသို့ ပို၍ ပို၍ ရောက်လာကြသည်။ ကိစ္စများသည် ရီဖူရှင်း ခန့်မှန်းထားသည့်အတိုင်း ဖြစ်လာပုံပေါ်သည်။ သူတို့စကြဝဠာ၏ တည်နေရာသည် ပေါက်ကြားသွားပေပြီ။ ထို့ကြောင့် အခြားစကြဝဠာများမှ ကျင့်ကြံသူများသည် ဤစကြဝဠာသို့ အခွင့်အရေးများ လာရှာနေကြသည်။

ဤမတိုင်ခင်က ရီဖူရှင်း သတ်ခဲ့သော မဟာအင်ပါယာခုနစ်ပါးသည် စွမ်းအားကြီးအင်အားစုတစ်စု၏ ရှေ့တော်ပြေးများ ဖြစ်နိုင်သည်။ မဟုတ်လျှင် အဘယ်ကြောင့် ထိုမဟာအင်ပါယာခုနစ်ပါးစလုံးသည် တူညီသောစွမ်းအားကို ကျင့်ကြံကြကြောင်း ရှင်းပြရန် ခက်ခဲပေလိမ့်မည်။ သူတို့အားလုံးသည် စီရင်ခြင်းစွမ်းအားကို အသုံးပြုကြသည်။

လက်ရှိတွင် အနာဂတ်သည် မည်သို့ဖြစ်လာမည်ကို မည်သူမှ မပြောနိုင်ပေ။

All Chapters