← Chapters

သမိုင်းပြောင်းသောနေ့

Vol. 204 Ch. 2903

သမိုင်းပြောင်းသောနေ့

Vol. 204 Ch. 2903

လူသားဘုံသည် စည်ပင်ဝပြောသည်။

လူသားဘုံသည် လူသားဘိုးဘေးကြောင့် ဘုံခုနစ်ခုတွင် စွမ်းအားအကြီးဆုံး ကျင့်ကြံသူများရှိရာဘုံ ဖြစ်နေသည်။

လူသားဘိုးဘေးသည် နတ်ဘုရားခေတ်က နတ်ဘုရားဖြစ်သည်။ ကောင်းကင်လမ်းစဉ် ပြိုပျက်သွားပြီး လောကသို့ ကပ်ဘေးကျရောက်လာစဉ်က သူသည် လူသားမျိုးနွယ်၏ ဘိုးဘေးအဖြစ် အထွတ်အမြတ်ထားခြင်းခံခဲ့ရသည်။ သူ၏စွမ်း‌ဆောင်ချက်များတွင် လူသားမျိုးနွယ်ကို ပြန်ဦးမော့လာစေခြင်းနှင့် လူသားနတ်ဘုရားစွမ်းအားကို ဖန်တီးခဲ့ခြင်းတို့ ပါဝင်သည်။ လူသားတစ်ယောက်က နတ်ဘုရားတစ်ပါးကို အနိုင်ယူနိုင်သည်ဟု သူယုံကြည်သည်။ အကယ်၍ လူသားတစ်ယောက်သည် လုံလောက်အောင် စွမ်းအားကြီးလျှင် ကိုယ်တိုင်နတ်ဘုရားတစ်ပါး ဖြစ်လာနိုင်သည်။

လူသားဘိုးဘေးသည် လူသားဘုံကို အုပ်စိုးကာ ကျင့်ကြံခြင်းနည်းလမ်းများကို သင်ကြားပေးပြီး လူသားမျိုးနွယ်ကို တိုးတက်လာစေခဲ့သည်။ လူသားဘုံမှ ကျင့်ကြံသူများသည် လူသားဘိုးဘေးကို သူတို့၏နတ်ဘုရားအဖြစ် ရိုသေလေးစားကြသည်။ သူသည် လူသားဘုံ၏ ယုံကြည်ချက်ဖြစ်ပြီး သူ့လူများ၏ ချီးကျူး‌ထောပနာပြုခြင်းကို ခံကြရသည်။

သို့သော် မကြာသေးခင်က လူသားဘိုးဘေးသည် အလွန်ရည်မှန်းချက်ကြီးကာ ဘုံခုနစ်ခုလုံးကို ထိန်းချုပ်လိုပြီး ကောင်းကင်လမ်းစဉ်ကို ဖျက်ဆီး၍ ၎င်းနေရာကို အစားဝင်ယူလိုနေသည်ဟူသော ကောလာဟလများသည် နေရာအနှံ့တွင် ပျံနှံ့နေခဲ့သည်။

မည်သို့ပင်ဖြစ်စေ ဘုံအသီးသီးမှ ကျင့်ကြံသူများသည် အမြင်အမျိုးမျိုး ရှိကြလေသည်။ လူသားဘိုးဘေးသည် လူသားဘုံ၏ ယုံကြည်ချက်ဖြစ်သဖြင့် သူ့ကို သူတို့၏နတ်ဘုရားအဖြစ် သတ်မှတ်ကြသည်။ အကယ်၍ သူသာ ဘုံခုနစ်ခုကို အုပ်စိုးကာ လောကစည်းမျဉ်းကို ထိန်းချုပ်နိုင်ခဲ့လျှင် သူတို့သည် ဝမ်းသာရမည်ဖြစ်သည်။

သူတို့အတွက် ယင်းသည် လမ်းမှန်ဖြစ်နိုင်သည်။

အမှန်တွင် သူတို့သည် လူသားဘိုးဘေး လောကကြီးကို အုပ်စိုးကာ လောကစည်းမျဉ်းကို ထိန်းချုပ်၍ လူသားဘုံအတွက် တရားမျှတမှုဆောင်ကျဉ်းပေးမည့် အချိန်ကို စောင့်ဆိုင်းနေကြခြင်းပင်။

လူသားဘုံတွင် မရေမတွက်နိုင်သော ကုန်းမြေများ ရှိပေသည်။ ကုန်းမြေတိုင်းသည် ကျင့်ကြံခြင်းအဆင့် အမျိုးမျိုးရှိသည့် ကျင့်ကြံသူများစွာအတွက် နေစရာဖြစ်သည်။ ၎င်းသည် ကြီးမားသော လောကကြီးတစ်ခုပင်။

ယခုတွင် ကုန်းမြေများစွာမှ ကျင့်ကြံသူများသည် ကောင်းကင်ထဲရှိ မူမမှန်မှုများကို အာရုံခံမိလိုက်သဖြင့် ခေါင်းမော့ကြည့်လိုက်ကြသည်။ ထူးဆန်းသော အန္တရာယ်အငွေ့အသက်သည် ပို၍ အားကောင်းလာသည်။ သတိပေးချက်မရှိဘဲ ကောင်းကင်မှနေ၍ နတ်အလင်းတန်းများ တောက်ပလာသည်။ ၎င်းအလင်းတန်းများသည် တလက်လက်တောက်ပနေပြီး ကြည့်နေသူများကို မျက်စိကျိန်းနေစေလေသည်။

“ဘာတွေ ဖြစ်နေတာလဲ”

ထိုအခိုက်တွင် မည်သည့်နေရာမှ ကြည့်နေသည်ဖြစ်စေ အားလုံးသည် တူညီသောမြင်ကွင်းကိုသာ မြင်ကြရသည်။ သူတို့သည် ခေါင်းမော့၍ ကောင်းကင်သို့ ကြည့်ပြီးနောက်တွင် အံ့အားသင့်သွားကြသည်။

ယင်းသည် မည်သည်နည်း။ လောကကြီးတွင် တစ်ခုခု ဖြစ်နေခြင်းလော။

အလင်းတန်းများ တောက်ပလာပြီးနောက်တွင် နတ်အသံတစ်သံသည် ကျယ်ပြောသောကောင်းကင်တစ်ခွင်တွင် ပဲ့တင်ထပ်သွားသည်ကိုလည်း ကြားလိုက်ရ၏။

ထိုစဉ်တွင် သူတို့အားလုံးသည် ကောင်းကင်ထက်ခြမ်းပွင့်သွားသည်ကို မြင်လိုက်ကြရသည်။ အပေါက်၏ အခြားတစ်ဘက်မှနေ၍ လူသားနတ်ဘုရားပုံရိပ်များသည် အမြင့်မှ ဆင်းသက်လာပြီး လူများ၏ မြင်ကွင်းအတွင်းသို့ ဝင်လာကြသည်။

လူသားနတ်ဘုရားများ၏ ခန္ဓာကိုယ်များကို နတ်အလင်းများက လှည့်ပတ်နေပြီး သူတို့ကို ခမ်းနည်းထည်ဝါစေနေသည်။

“သူတို့က နတ်ဘုရားတွေပဲ”

ကုန်းမြေများရှိ ကျင့်ကြံသူများစွာသည် အလွန်အမင်း ရင်တုန်သွားကြသည်။ သူတို့သည် ထိုမြင်ကွင်းကြောင့် ကြက်သေ,သေကာ မလှုပ်မယှက် ရပ်နေကြလေသည်။

ရောက်လာသူမှာ နတ်ဘုရားတစ်ပါးတည်း မဟုတ်ဘဲ နတ်ဘုရားများစွာသည် တစ်ပြိုင်တည်း ရောက်လာခြင်းဖြစ်သည်။

ထိုနတ်ဘုရားများသည် မည်သည့်နေရာမှ လာခဲ့သနည်း။

လူသားဘုံတစ်ခွင်လုံး ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။ လူသားဘုံရှိ လူများသည် ကောင်းကင်ထဲတွင် နတ်ဘုရားထွက်ပေါ်လာသည်ကို တွေ့လိုက်သောအခါ မှင်တက်အံ့အားသင့်နေကြသည်။

လူသားဘိုးဘေး၏ လက်အောက်တွင် မဟာအင်ပါယာအဆင့် နတ်ဘုရားများစွာ ရှိသည်ဟူသော ကောလာဟလရှိခဲ့သည်။ သို့သော် သူတို့သည် လူသားဘိုးဘေးက နတ်ဘုရားစစ်တပ်တစ်ခုကို ထိန်းချုပ်နိုင်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားကြချေ။ ထိုမြင်ကွင်းသည် ကြောက်မက်ဖွယ် မြင်ကွင်းပင်။

ထို့အပြင် ထိုနတ်ဘုရားများသည် မတူညီသော ကောင်းကင်အမြင့်တွင် ရှိနေပုံပေါ်လေသည်။

ရုတ်တရက် ကောင်းကင်ထဲတွင် ဧရာမမျက်နှာကြီးတစ်ခု ထွက်ပေါ်လာ၏။ ထိုမျက်နှာသည် ကောင်းကင်ပြင်ကဲ့သို့ လူသားဘုံးတစ်ခုလုံးကို လွှမ်းခြုံထားလေသည်။ ထို့ကြောင့် အားလုံးသည် ထိုမျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။

“အရှင်ဘိုးဘေး...”

“အရှင်ဘိုးဘေး...”

လူသားတစ်ခွင်လုံးတွင် ထိုအသံများ ပဲ့တင်ထပ်သွားသည်။ အဆုံးမဲ့သော ကုန်းမြေများအားလုံးတွင် တူညီသော နှုတ်ဆက်သံကို ကြားနိုင်လေသည်။ ထိုအသံများကြောင့် လေထုသည်ပင် တုန်ခါနေလေသည်။

ထိုမျက်နှာကြီးသည် လူသားဘိုးဘေး၏ မျက်နှာဖြစ်ကြောင်း ပြောရန်ပင် လိုမည်မထင်ပေ။

ကျင့်ကြံသူများစွာသည် အသိပြန်ကပ်လာကြပြီး စိတ်လှုပ်ရှားနေကြသည်။ လူသားဘိုးဘေးသည် သူ၏နတ်ဘုရားစစ်တပ်ဖြင့် လောကကြီးကို အုပ်စိုးရန် ပြင်ဆင်ထားခြင်းလော။

လူအုပ်သည် ထိုမြင်ကွင်းကြောင့် ရုတ်ခြည်းပင် စိတ်အားထက်သန်လာကာ ရွှင်မြူးလာကြလေသည်။ သူတို့သည် ဤနေ့ရောက်လာမည်ကို စောင့်နေသကဲ့သို့ပင်။

လူသားဘိုးဘေးသည် လောကကို အုပ်စိုးကာ ဘုံခုနစ်ခု၏ အရှင်သခင်ဖြစ်လာမည်ဖြစ်သည်။

“ဒီနှစ်တွေအတွင်းမှာ ငါက လူသားဘုံကို အုပ်စိုးပြီး ကျင့်ကြံခြင်းလမ်းစဉ်နဲ့ လူသားဘုံကို တိုးတက်စေခဲ့တယ်။ နောက်တော့ ငါက နတ်ဘုရားတိုက်ပွဲတုန်းက ရှေးဟောင်းနတ်ဘုရားတွေကို ရှာတွေ့သွားခဲ့တယ်... သူတို့ ပြန်လာပြီး နတ်ဘုရားခေတ်ရဲ့ ရွှေရောင်နေ့ရက်တွေကို ပြန်ဆောင်ကျဉ်းပေးနိုင်ဖို့ ငါ သူတို့ကို ကူညီပေးဖို့ ကြိုးစားခဲ့တယ်။ အခု ငါ လုပ်နိုင်ခဲ့ပြီ”

သူ၏အသံသည် ဘုံတစ်ခွင်လုံး ပျံ့နှံ့သွားသည်။ လူသားဘုံရှိ လူအားလုံးသည် သူ့အသံကို ပြတ်ပြတ်သားသား ကြားနိုင်ပေသည်။

ထိုနတ်ဘုရားများသည် ရှေးနတ်ဘုရားခေတ်မှ နတ်ဘုရားများဖြစ်ကြသည်။

သူတို့သည် လူသားဘိုးဘေးကြောင့် ပြန်ရောက်လာနိုင်ကြခြင်းပင်။

မည်မျှ အံ့အားသင့်ဖွယ်ကောင်းသော အောင်မြင်မှုပင်နည်း။

လူသားဘိုးဘေး၏ အောင်မြင်မှုကြောင့် သမိုင်းကဏ္ဍသစ်တစ်ခု ဖြစ်ပေါ်လာပေပြီ။ ဤကဲ့သို့ ယခင်ကလည်း မဖြစ်ခဲ့ဖူးသလို နောက်ထပ်လည်း ထပ်ဖြစ်လာတော့မည် မဟုတ်ပေ။ ထိုကဲ့သို့ အံ့အားသင့်ဖွယ် အောင်မြင်မှုသည် မျိုးဆက်ပေါင်းများစွာတိုင်အောင် ဂုဏ်ရှိန်ကြီးသောကိစ္စတစ်ခုအဖြစ် သမိုင်းတွင်ကျန်ရစ်ခဲ့မည်ဖြစ်သည်။

“ငါက ဒီမျက်လုံးတွေနဲ့ နတ်ဘုရားတွေပျက်သုဉ်းသွားတာရော ကောင်းကင်ရဲ့ ကပ်ဘေးကိုရော မြင်ခဲ့ဖူးပြီ။ အဲဒီကတည်းက ငါက လောကစည်းမျဉ်းကို ပြန်ထိန်းသိမ်းပြီး ရှေးက ရွှေခေတ်ကို ပြန်အသက်သွင်းချင်ခဲ့တယ်။ အခု လူတချို့က လောကစည်းမျဉ်းကို ဖျက်ဆီးနေကြတယ်။ ပထမဆုံး ကျိဝူတောက်က ကောင်းကင်ကို ထိန်းချုပ်ချင်ခဲ့တယ်။ နောက်တော့ အရှင်ဒွန်ဟောင်က တခြားသူတွေနဲ့ မဟာမိတ်ဖွဲ့ခဲ့တယ်။ အဲဒါကြောင့် ငါတို့ လောကကြီးရဲ့ ငြိမ်းချမ်းမှုကို ပြန်ယူဖို့ လိုအပ်တယ်။ ဒီနေ့ ငါ လောကကြီးကို သူတို့ရဲ့ ကောက်ကျစ်မှုတွေနဲ့ ညစ်နွမ်းစေတဲ့ သူတွေကို တရားစီရင်မယ်။ အဲဒီလိုလုပ်မှ ငါတို့ လောကကြီးကို ပြန်စည်းလုံးစေနိုင်ပြီး စည်းမျဉ်းတွေကို ပြန်ထိမ်းသိမ်းနိုင်မှာ”

လူသားဘိုးဘေး၏အသံသည် ကောင်းကင်(၉)ခုလုံးတွင် ပဲ့တင်ထပ်သွားပြီး လူသားဘုံအစွန်းထိ ရောက်သွားသည်။ သူသည် သူ၏မိန့်ခွန်းတိုဖြင့် လူများကို လူသားဘုံအတွက် တိုက်ခိုက်လိုစိတ် မြှင့်တင်ပေးခဲ့သည်။

လူသားဘုံအတွင်းရှိ လူများသည် သူတို့ မျှော်လင့်နေခဲ့သော နေ့သို့ ရောက်ရှိလာပြီဖြစ်၍ စိတ်အားတက်ကြွနေကြသည်။ စည်းလုံးသော မဟာလမ်းစဉ်နှင့် လောကတစ်ခု ဖြစ်လာတော့ပေမည်။

“ပြီးခဲ့တာတွေ ပြီးစေတော့လို့ ငါခွင့်ပြုလိုက်မယ်။ အခုကစပြီး စည်းမျဉ်းအသစ်ကို ဖန်တီးချင်တဲ့ သူတွေက ငါတို့ဘက်က တိုက်ခိုက်ရမယ်။ ဒါပေမဲ့ ငါတို့ကို ဆန့်ကျင်ရဲတဲ့သူတွေ ရှိရင်တော့ ငါတို့မှာ အဲဒီသူတွေကို ရှင်းပစ်ဖို့ကလွဲပြီး တခြားရွေးစရာ မရှိဘူး”

လူသားဘိုးဘေးက ဆက်ပြောလိုက်၏။

“အခုဆို လူသားဘုံက တပ်သားတွေစုဆောင်းပြီး အင်အားကြီးလာအောင် လုပ်နေခဲ့တာ နှစ်ပေါင်းများစွာရှိခဲ့ပြီ။ ငါက စစ်ပွဲကို မစချင်ပါဘူး... ဒါပေမဲ့ တစ်ယောက်ယောက်ကတော့ လောကကြီးကို ပြန်ပြင်ရမယ်။ ဒီနေ့ လောကကြီးကို ပြန်ပြင်နိုင်ဖို့အတွက် ငါ လူသားဘုံက တပ်တွေကို ဦးဆောင်မယ်။ ငါတို့နဲ့အတူ တိုက်ခိုက်ချင်တဲ့သူတွေ အချိန်မရွေး စစ်ချီနိုင်ဖို့ ပြင်ထားကြပါ”

“ဟုတ်ကဲ့ပါ အရှင်ဘိုးဘေး”

ကျယ်ပြောသော ကုန်းမြေများပေါ်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ဦးညွှတ်ကာ လူသားဘိုးဘေ၏ အမိန့်ကို နာခံလိုက်ကြသည်။

သူတို့သည် လူသားဘုံအတွက် တိုက်ခိုက်လိုနေကြသည်။

လူသားဘိုးဘေးသည် သူတို့ကို ဦးဆောင်၍ ဘုံခုနစ်ခုကို သိမ်းပိုက် အုပ်စိုးမည်ဖြစ်သည်။

ဘုံခုနစ်ခုမှ အင်အားစုများသည် လူသားဘုံမှ အဖြစ်အပျက်များအကြောင်းကို ချက်ချင်း သတင်းရလိုက်ကြသည်။ ထိုသတင်းကို အစောဆုံး ရခဲ့သော အင်ပါယာနန်းတော်များတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

ကောင်းကင်ဒေသမှ လူများ၊ အနောက်ဘက်ကောင်းကင် ဗုဒ္ဓလောက၊ ကောင်းကင်ဘုံ၊ ဗလာနတ္တိဘုံ၊ မှော်နက်လောကနှင့် နတ်ဆိုးလောကတို့သည် ထိုသတင်းကိုကြားသောအခါ တုန်လှုပ်သွားကြသည်။ ထို့နောက်တွင် အားလုံးသည် ပြင်ဆင်မှုများကို စတင်လုပ်ဆောင်ကြလေသည်။

လူသားဘိုးဘေးသည် စစ်ပွဲကို မည်သို့စမည်နည်း။

သူသည် လူသားဘုံမှ စွမ်းအားကြီးကျင့်ကြံသူများကို ကိုယ်တိုင်ဦးဆောင်ကာ စစ်ချီလာမည်လော။

ထို့အပြင် လူသားဘိုးဘေးသည် ရှေးဟောင်းနတ်ဘုရားများကို ပြန်ရှင်သန်လာစေပြီဖြစ်သည်။ လောကထဲရှိ မည်သူသည် လူသားဘိုးဘေးကို ယှဉ်နိုင်မည်နည်း။

အနောက်ဘက်ကောင်းကင် ဗုဒ္ဓလောက၏ လိပ်ပြာတောင်ကုန်းပေါ်တွင် ဗုဒ္ဓများသည် ဗုဒ္ဓအလင်းများဖြင့် ခံ့ညားထည်ဝါနေကြသည်။ တောင်ကုန်းတစ်ခုလုံး ဗုဒ္ဓအလင်း တောက်ပနေသည်။ သူတို့သည် ခေါင်းမော့ကာ အဝေးသို့ ကြည့်နေကြပြီး လက်အုပ်ချီ၍ ဗုဒ္ဓသုတ္တန်ကို ညီညီညာညာ ရွတ်ဆိုနေကြသည်။

မှော်နက်လောကတွင်လည်း မှော်နက်အရှင်သည် ကောင်းကင်ကို ငေးကြည့်နေသည်။ အမှောင်ထုကပ်ဘေး ဖြစ်ပေါ်လာတော့မလိုမျိုး ကျောစိမ့်ဖွယ် အနက်ရောင်မုန်တိုင်းတစ်ခု ပြင်းထန်စွာ ထွက်ပေါ်လာလေသည်။

နတ်ဆိုးအင်ပါယာသည် နတ်ဆိုးလောကမှ နတ်ဆိုးချောက်ကမ်းပါးကို စိုက်ကြည့်နေသည်။ အကြောင်းတစ်ခုကြောင့် နတ်ဆိုးချောက်ကမ်းပါးသည် ဖြစ်လာမည့် ကပ်ဘေးအန္တရာယ်ကို ကြိုသိသည့်အလား ထကြွနေလေသည်။

ရှေးဟောင်းနတ်ဘုရားစစ်တပ်သည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသနည်း။

နတ်ဆိုးလောက၊ မှော်နက်လောက၊ ကောင်းကင်ဘုံ၊ ကောင်းကင်ဒေသနှင့် ဗုဒ္ဓလောကတို့တွင် မည်သည့်လောကသည် ထိပ်သို့ ရောက်နိုင်မည်နည်း။

လောကတစ်ခွင်လုံးပါဝင်သည့် ကပ်ဘေးတစ်ခု ဖြစ်ပေါ်လာတော့ပေမည်။ သို့သော် သမာဓိဓားကို ကိုင်ဆောင်ကာ လူသားမျိုးနွယ်၏ ဖြောင့်မတ်မှုကို ယုံကြည်သော လူသားဘိုးဘေးက စစ်ပွဲကို စတင်သူဖြစ်လိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ချေ။

နတ်ဆိုးအင်ပါယာသည် နတ်ဆိုးချောက်ကမ်းပါးကို နားမလည်နိုင်ဟန်ဖြင့် စိုက်ကြည့်နေသည်။ အမှန်တွင် သူတို့သည် ယခုအထိ အပြည့်အဝ မပြင်ဆင်ရသေးပေ။ သို့သော် လူသားဘိုးဘေးသည် သူ၏တာဝန်ကို လုပ်ဆောင်ရာတွင် သူတို့ထက် ခြေတစ်လှမ်းစောနေပြီး သူတို့ပါ ပါဝင်ရမည့် စစ်ပွဲတစ်ပွဲကို စလိမ့်မည်ဟု မည်သူ တွေးခဲ့မိမည်နည်း။

လောကတစ်ခွင်လုံးပါမည့် ဤကပ်ဘေးသည် မည်သို့ ဖြစ်လာမည်နည်း။

ဤနေ့သည် သမိုင်းတွင် အရေးပါသောနေ့တစ်နေ့ဖြစ်သည်။

အနာဂတ်မျိုးဆက်များသည် ဤနေ့ကို ခေတ်သစ်တစ်ခေတ် အစပြုသောနေ့အဖြစ် အမှတ်ရကြပေလိမ့်မည်။

All Chapters