အဟန့်အတား
Vol. 204 Ch. 2904
မှော်နက်နန်းတော်၏ ဝင်ပေါက် အထက်ရှိ ကောင်းကင်သည် ရုတ်တရက် တုန်ခါသွားသည်။ တစ်ချိန်တည်းမှာပင် ကြက်သွေးရောင် နတ်အလင်းတန်းများသည် ကောင်းကင်ကို ဖြတ်သန်းသွားကြသည်။
မှော်နက်နန်းတော်မှ ကျင့်ကြံသူများသည် ချက်ချင်းပင် ကောင်းကင်သို့ မော့ကြည့်လိုက်ကြပြီး အလွန်ရင်တုန်သွားကြသည်။ မည်သည့်အရာ ဖြစ်သွားခြင်းနည်း။
နန်းတော်အတွင်းမှ အားလုံးသည် သူတို့အပေါ်သို့ မွန်းကျပ်ဖွယ် နတ်ဘုရားအရှိန်အဝါတစ်ခု ဖိနှိပ်လာသည်ကို ခံစားလိုက်ရ၏။
ဝုန်း...
ကျယ်လောင်သော ပေါက်ကွဲသံတစ်သံကို ကြားလိုက်ရကာ ကောင်းကင် ပွင့်ထွက်သွားသည်။
ထို့နောက်တွင် ကောင်းကင်ထဲ၌ မရေမတွက်နိုင်သော နတ်ဘုရားပုံရိပ်များ ထွက်ပေါ်လာလေသည်။ သူတို့တစ်ပါးချင်းစီသည် သူတို့၏ခန္ဓာကိုယ်များမှနေ၍ ရှိန်လောက်ဖွယ် အင်ပါယာအရှိန်အဝါကို ထုတ်လွှတ်နေကြသည်။
မှော်နက်လောက၏ မှော်နက်နန်းတော်မှ အုပ်ချုပ်သူအဖွဲ့သည် တုန်လှုပ်နေကြသည်။
နန်းတော်အတွင်းမှ ကျင့်ကြံသူများသည် ကောင်းကင်ထက်ရှိ နတ်ဘုရားများကို တွေ့လိုက်ရသောအခါ မျက်နှာဖြူဖပ်ဖြူရော်ဖြစ်သွားကြသည်။
ယင်းသည် နတ်ဘုရားစစ်တပ်ပေလော။
သူတို့သည် မှော်နက်နန်းတော်ထပ်သို့ ငေးကြည့်နေကြ၏။ ထိုနေရာတွင် အဖျက်မှော်နက်အလင်း ဖြာထွက်လာပြီး မျက်နှာဖုံးဝတ်ထားသည့် လူရိပ်တစ်ခု ထွက်ပေါ်လာသည်ကို သူတို့ မြင်လိုက်ရ၏။ ထိုလူရိပ်သည် ဆန်းကြယ်သောအငွေ့အသက်တစ်ခု ပေးနေလေသည်။ သို့သော် ထိုလူရိပ် ထုတ်လွှတ်လိုက်သော အရှိန်အဝါသည် ကြက်သီးထဖွယ်ပင်။
“လူသားဘိုးဘေး မလာဘူးလား”
သူမသည် လေသံမာမာ မေးလိုက်၏။
နတ်ဘုရားစစ်တပ်ကို ဦးဆောင်လာသူသည် လူသားဘိုးဘေး၏ တပည့်ရင်း တိဟောက်ဖြစ်လိမ့်မည်ဟု မည်သူက တွေးခဲ့မိမည်နည်း။ ထို့အပြင် သူသည် လူသားဘုံ၏ အမည်ခံ ဆက်ခံသူတစ်ယောက်သာ ဖြစ်သည်။ သူသည် လူသားဘိုးဘေးကဲ့သို့သော သူထံမှ မည်သည်ကို အမွေဆက်ခံနိုင်ရန် မျှော်လင့်နိုင်ပါမည်နည်း။
မည်သို့ပင်ဖြစ်စေ တိဟောက်သည် အမြဲ လူသားဘိုးဘေး၏ အောက်တွင်သာ ရှိနေမည်ဖြစ်သည်။
“ကျုပ်ဒီမှာ”
လူသားဘိုးဘေး၏ အသံကို ကြားလိုက်ရ၏။ ကောင်းကင်ထဲတွင် လူသားဘိုးဘေး၏ မျက်နှာကို မြင်လိုက်ရ၏။ သို့သော် ၎င်းသည် သူ၏ခန္ဓာကိုယ်အစစ်မဟုတ်ချေ။
“မှော်နက်အရှင်... ခင်ဗျား မှော်နက်လောကကို အုပ်စိုးကတည်းက ခင်ဗျားက လောကကြီးထဲကို အမှောင်ထု ဆောင်ကျဉ်းလာခဲ့တယ်။ အမှန်ဆိုရင် ကျုပ်က သမာဓိဓားနဲ့ အမှောင်ထုကို ရှင်းထုတ်ပစ်ရမှာ။ ဒါပေမဲ့ ကျုပ် ခင်ဗျားကို ဒုတိယအခွင့်အရေး ပေးချင်တယ်.. ခင်ဗျား မှော်နက်လောကရဲ့ စစ်တပ်ကို ဦးဆောင်ပြီး ကောင်းကင်ဘုံနဲ့ ကောင်းကင်ဒေသ မဟာမိတ်အဖွဲ့ကို သွားပြီး တိုက်ခိုက်မယ်ဆိုရင်ပေါ့”
လူသားဘိုးဘေးသည် အထင်သေးသည့်လေသံဖြင့် ပြောလိုက်၏။ သူသည် လောကကြီး၏ အာဏာရှင်တစ်ယောက်ကဲ့သို့ မှော်နက်အရှင်ကို သူ့အပြစ်သူချေရန် အခွင့်အရေးပင် ပေးနေလေသည်။
မှော်နက်အရှင်သည် သူမ ကြည့်နေရသည့် မျက်နှာပိုင်ရှင်ကို မုန်းတီးရွံရှာပေသည်။ သူမသည် သူမထက် စွမ်းအားကြီးသည်များကို မုန်းတီးခဲ့သည်။ ထို့အပြင် သူမကိုလည်း စွမ်းအားနည်းသူများထက် ကြောင်သူတော်များက ပို၍ မုန်းတီးခဲ့သည်။
လူသားဘိုးဘေးသည် ကြောင်သူတော်ဟူသော တင်စားချက်၏ ပြယုဂ်ပင်။
သူသည် သူမအား မုန်တီးရွံရှာဖွယ်လူတစ်ယောက်ကို အမှတ်ရစေသည်။ သူတို့နှစ်ယောက်ကြားတွင် တူညီသည့်အရာများ များစွာ ရှိပေသည်။
လူသားဘိုးဘေးသည် သူ့ကိုယ်သူ လူသားမျိုးနွယ်၏ ဖြောင့်မတ်သူဟု ဆို၏။ သို့သော် သူသည် ဖြောင့်မတ်မှန်ကန်သူတစ်ယောက် ဟုတ်ပါလေသလော။
“ကျုပ်က ငြင်းမယ်ဆိုရင်ရော”
မှော်နက်အရှင် ပြန်ပြောလိုက်၏။
“ဒီလောကကြီးက အမှောင်ထုနဲ့ ပြည့်နှက်နေခဲ့တာပဲ။ တကယ်လို့ တစ်ယောက်ယောက်က ကိုယ့်ရဲ့မိစ္ဆာလမ်းစဉ်ကို နောင်တရဖို့ ခေါင်းမာနေဦးမယ်ဆိုရင်တော့ ဒီဘုံက ဆက်တည်ရှိနေစရာ အကြောင်းမရှိတော့ဘူး။ လူသားဘုံက လူသားဘုံရဲ့ စစ်တပ်ကိုဦးဆောင်ပြီး ဒီအပြစ်တွေနဲ့ပြည့်နေတဲ့ လောကကို ဝင်တိုက်ပြီးတော့ အမှောင်ထုကို တစ်လက်မ,မကျန် ရှင်းပစ်ရမှာပဲ။ မှော်နက်နန်းတော်ရဲ့ ကျင့်ကြံသူတွေနဲ့ မှော်နက်အရှင်ရဲ့ အနာဂတ်က မလှပမှာ ကျုပ်စိုးမိတယ်”
လူသားဘိုးဘေးသည် သူမတို့ကို ခြိမ်းခြောက်လိုက်သည်။
အကယ်၍ မှော်နက်အရှင်သာ ငြင်းခဲ့လျှင် လူသားဘိုးဘေးသည် သူ၏စစ်တပ်ကို ဦးဆောင်၍ သူတို့အားလုံးကို သတ်ပစ်မည်ဖြစ်သည်။
“ခင်ဗျား ဘာကို စိုးရိမ်နေလဲဆိုတာ ကျုပ်သိတယ်။ ဒါပေမဲ့ ခင်ဗျား ပြောင်းလဲချင်ပြီး လူသားမျိုးနွယ်ရဲ့ ဖြောင့်မတ်မှုကို ထောက်ခံချင်တယ်ဆိုရင်တော့ ခင်ဗျားရဲ့ တပ်တွေကို ကောင်းကင်ဒေနဲ့ ကောင်းကင်ဘုံဆီ တပ်ဖြန့်လိုက်ပါ။ အဲဒါဆိုရင် ကျုပ် အတိတ်ကို ခွင့်လွတ်ပေးပြီး ခင်ဗျားအတွက် လောကထဲက နေရာတစ်ခု ချီးမြှင့်ပေးမယ်”
လူသားဘိုးဘေး ဆက်ပြောလိုက်၏။ သူသည် မှော်နက်အရှင်ကို သတ်ဖြတ်ရန် ကြိုစားခဲ့သည့် ကိစ္စကို ပြောနေခြင်းဖြစ်သည်။
သူ ထိုသို့ပြောလိုက်ပြီးနောက်တွင် မှော်နက်နန်းတော် အထက်တစ်ခွင်ရှိ နတ်ဘုရားများ၏ အရှိန်အဝါများသည် လေထုထဲတွင် ပြည့်နှက်သွားသည်။ အကယ်၍ မှော်နက်အရှင်သာ ကမ်းလှမ်းမှုကို ငြင်းခဲ့လျှင် သူတို့သည် မှော်နက်နန်းတော်မှ ကျင့်ကြံသူများကို ချက်ချင်း ရှင်းပစ်တော့မည့်ပုံပင်။ အခြေအနေသည် ထိုသို့ဖြစ်လာပါက မှော်နက်နန်းတော်မှ ကျင့်ကြံသူများသည် ရန်သူများကို တားဆီးခုခံနိုင်ပါမည်လော။
မှော်နက်အရှင်၏ မျက်နှာဖုံးနောက်ရှိ မျက်လုံးများသည် မှိုင်းညို့နေသည်။ လူသားဘိုးဘေးသည် သူမကို အကျပ်ကိုင်နေကြောင်း သူမသိပေသည်။ အကယ်၍ သူမသာ ငြင်းလိုက်လျှင် သူ၏စစ်တပ်သည် မှော်နက်နန်းတော်ကို ဖျက်ဆီးပစ်မည်ဖြစ်သည်။ ထို့အပြင် သူသည် မှော်နက်လောကကို ကျူးကျော်ရန်အတွက်လည်း နောက်ထပ်တပ်ဖွဲ့တစ်ဖွဲ့ စေလွှတ်လိုက်မည်ဖြစ်သည်။
အကယ်၍ လူသားဘိုးဘေးသာ မှော်နက်လောကကို သိမ်းပိုက်လိုက်လျှင် ထိုလောကသည် သူမ အလိုရှိသော လောကတစ်ခု ဖြစ်လာမည်လော။
အဖြေမှာ မဖြစ်နိုင်ကြောင်း ထင်ရှား၏။ လူသားဘိုးဘေးသည် ကြောင်သူတော် ကြွက်သူခိုးတစ်ယောက်ဖြစ်ပြီး လူသားမျိုးနွယ်၏ ဖြောင့်မတ်မှန်ကန်မှုကို လျှာအရိုးမရှိ ပြောတတ်သူတစ်ယောက်ဖြစ်သည်။ လူသားဘုံသည် ဟန်ဆောင်မှုများ၊ လှည့်ဖျားမှုများနှင့် ပြည့်နေသည့် ဘုံတစ်ခုပင်။ ထို့ကြောင့် ထိုလောကသည် သူမ မြင်လိုသော လောကတစ်ခု ဖြစ်လာမည် မဟုတ်ချေ။
“ကောင်းပြီ ကျုပ်သဘောတူတယ်”
မှော်နက်အရှင် ပြန်ဖြေလိုက်သည်။ မှော်နက်နန်းတော်မှ ကျင့်ကြံသူများသည် ထိုအဖြေကို ကြားလိုက်သောအခါ စိတ်ပေါ့သွားသလို သက်ပြင်းချလိုက်ကြသည်။
မှော်နက်အရှင်က ထိုကမ်းလှမ်းချက်ကို ငြင်းလိုက်မည်ကို သူတို့ စိုးရိမ်နေခဲ့ကြခြင်းပင်။ အကယ်၍ မှော်နက်အရှင်သာ ငြင်းလိုက်လျှင် ပထမဆုံး သေမည့်သူမှာ သူတို့ပင် ဖြစ်ပေလိမ့်မည်။
အကယ်၍ နတ်ဘုရားများသာ အင်အားကုန်သုံး၍ ကျူးကျော်ခဲ့လျှင် မှော်နက်နန်းတော်သည် ပျက်သုဉ်းသွားမည်ဖြစ်သည်။ သူတို့ထဲက မည်သူမှ အသက်ရှင်လွတ်မြောက်နိုင်မည် မဟုတ်ပေ။ သူတို့ မဟာအင်ပါယာအဆင့် ရောက်နေလျှင်ပင် လွတ်နိုင်မည် မဟုတ်ပေ။
နတ်ဘုရားစစ်တပ်ထဲတွင် ရှေးဟောင်းမဟာအင်ပါယာများ ပါပေသည်။ သူတို့သည် အဘယ်သို့ ရှင်သန်နိုင်ရန် မျှော်လင့်နိုင်ပါမည်နည်း။
“ကောင်းတယ်... အချိန်ကျလာရင် ကျုပ် ခင်ဗျားကို အကြောင်းကြားမယ်”
လူသားဘိုးဘေး ပြောလိုက်၏။ ထို့နောက်တွင် လေထုထဲ၌ အားကောင်းသော အရှိန်အဝါများ လှုပ်ခတ်သွားပြီး နတ်ဘုရားစစ်တပ်သည် မှော်နက်နန်းတော်မှ ပျောက်ကွယ်သွားလေတော့သည်။
****
နတ်ဘုရားစစ်တပ် မှော်နက်လောကတွင် ထွက်ပေါ်လာခဲ့စဉ်တွင် ဗလာနတ္တိဘုံနှင့် နတ်ဆိုးလောကတို့တွင်လည်း ထို့အတူ ဖြစ်ပျက်ခဲ့သည်။
နတ်ဆိုးအင်ပါယာနန်းတော်၏ အထက်ကောင်းကင်ရှိ ဒီမွန်းတိမ်တိုက်သည် ထိန်းမနိုင်သိမ်းမရ ပေါက်ကွဲနေသည်။ နတ်ဆိုးချောက်ကမ်းပါး၏ စွမ်းအားသည် အားလုံး၏ ခေါင်းပေါ်သို့ အလေးတုံးတစ်ခုကဲ့သို့ ဖိနှိပ်ကျဆင်းလာသည်။
ထိုနေရာသို့ နတ်ဘုရားစစ်တပ်ရောက်လာသောအခါ သူတို့သည် ခေါင်းမော့၍ နတ်ဆိုးချောက်ကမ်းပါးကို ကြည့်လိုက်ကြသည်။ နတ်ဆိုးချောက်ကမ်းပါးသည် ကောင်းကင်လမ်းစဉ် ပြိုပျက်ပြီးနောက်တွင်ပင် ယနေ့အထိ အကောင်းအတိုင်းရှိနေသေးသော ရှေးဟောင်းအကျည်းထောင်တစ်ခုဖြစ်သည်။
ကောင်းကင်ထဲတွင် လူသားဘိုးဘေး၏ မျက်နှာထွက်ပေါ်လာပြီး သူသည် သူ၏အရှိန်အဝါကို နတ်ဆိုးအင်ပါယာနန်းတော်ထံ ထုတ်လွတ်လိုက်သည်။
နတ်ဆိုးအင်ပါယာနန်းတော်ထဲရှိ နတ်ဆိုးအရှင်များသည် စူးရှ၍ မာန်ပါသော အကြည့်များဖြင့် ဦးတည်ရာတစ်ခုသို့ ကြည့်လိုက်ကြသည်။ နတ်ဘုရားစစ်တပ်ထွက်ပေါ်လာမှုသည် သူတို့ကို အနည်းငယ်ပင် မကြောက်ရွံ့စေပေ။
“နတ်ဆိုးအင်ပါယာ”
လူသားဘိုးဘေးက ကျယ်လောင်စွာ အော်ခေါ်လိုက်သည်။
“ဘာကိစ္စလဲ...”
အေးစက်၍ ခက်ထန်သော အသံတစ်သံ နတ်ဆိုးနတ်ဘုရားနန်းတော်အတွင်းမှ ထွက်လာသည်။ သူ့အရှေ့တွင် နတ်ဘုရားစစ်တပ်ရှိနေသော်လည်း နတ်ဆိုးအင်ပါယာ၏လေသံသည် အလွန်မာန်ပါနေသေးပေသည်။
“ကျုပ်က ခင်ဗျားနဲ့ မဟာမိတ်ဖွဲ့ချင်လို့ပါ”
လူသားဘိုးဘေး ပြောလိုက်၏။
“ကျုပ် စိတ်မဝင်စားဘူး”
နတ်ဆိုးအင်ပါယာသည် မျက်နှာထွက်မပြဘဲ ပြန်ပြောလိုက်၏။
ထို့ကြောင့် လူသားဘိုးဘေးသည် မကျေနပ်ဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်လေသည်။ ဤနေရာမှ အခြေအနေသည် အခြားနေရာများမှ အခြေအနေများနှင့် မတူကြောင်း သိသာပေသည်။ မည်သို့ပင်ဖြစ်စေ နတ်ဆိုးအင်ပါယာသည် ဤသို့ပင် ပြုမူမည်ဖြစ်သည်။ ထို့ကြောင့် သူသည် စိတ်ထဲမထားခဲ့ပေ။
“ကျုပ် ကောင်းကင်ဒေသနဲ့ ကောင်းကင်ဘုံကို သိမ်းပိုက်ပြီးရင် နတ်ဆိုးလောက,က ကျင့်ကြံသူတွေ ဒီအကျဉ်းထောင်က ထွက်နိုင်ပါပြီ။ အဲဒီကျရင် လောကကြီးရဲ့ စည်းမျဉ်းကလည်း ပြောင်းလဲသွားတော့မှာ။ ကျုပ် ခင်ဗျားကို မတရားလုပ်မှာ မဟုတ်ပါဘူး”
လူသားဘိုးဘေးက ထပ်ပြောလိုက်၏။
“ကျုပ်တို့ကိစ္စကို ကျုပ်တို့ဘာသာ လုပ်ပါမယ်”
နတ်ဆိုးနတ်ဘုရားနန်းတော်ထဲတွင် ရပ်နေသော နတ်ဆိုးအင်ပါယာ၏ ပုံရိပ်ကို မြင်ရလေသည်။
“ခင်ဗျားက ဘယ်သူ့အတွက် လုပ်ပေးနေတာလဲ”
“ကျုပ်က ကျုပ်အတွက်ပဲ လုပ်တယ်။ ဘယ်သူ့အတွက်မှ လုပ်မပေးဘူး”
လူသားဘိုးဘေးသည် နတ်ဆိုးအင်ပါယာကို မှုန်ကုပ်ကုပ်ကြည့်ကာ ပြောလိုက်၏။
“ဒီတစ်ခေါက် ကိစ္စတွေက ခင်ဗျားဆန္ဒအတိုင်း မဖြစ်မှာ စိုးမိတယ်”
သူထိုသို့ ပြောပြီးနောက်တွင် နတ်ဆိုးအင်ပါယာနန်းတော်တစ်ခွင်တွင် နတ်ဘုရားအရှိန်အဝါ ပြည့်နှက်သွားသည်။
နတ်ဆိုးအင်ပါယာသည် မဟာအင်ပါယာစစ်တပ်ကို ကြည့်ကာ ပြောလိုက်၏။
“ရှေးခေတ်က နတ်ဘုရားတွေကို အခုလို အရှင်လတ်လတ် မြင်ရလိမ့်မယ်လို့ ကျုပ် တစ်ခါမှ မထင်ထားခဲ့ဘူး။ ခင်ဗျား စစ်ပွဲတစ်ပွဲစချင်တယ်ဆိုရင် ကျုပ်က အသင့်ပါပဲ။ ကောင်းကင်လမ်းစဉ်ရဲ့ စွမ်းအားကို ခင်ဗျားကိုယ်တိုင် မျက်ဝါးထင်ထင် မြင်ခဲ့ပြီးပြီမလား။ အခု ခင်ဗျားကို နတ်ဆိုးချောက်ကမ်းပါးရဲ့ စွမ်းအားကို မြင်ရစေမယ်”
နတ်ဆိုးလောက၏ နတ်ဆိုးအင်ပါယာသည် အကြောက်တရားကင်းသူဖြစ်ကြောင်း ပြောနေရန်ပင် လိုမည် မထင်ပါပေ။