← Chapters

စစ်ပွဲလာနေပြီ

Vol. 204 Ch. 2905

စစ်ပွဲလာနေပြီ

Vol. 204 Ch. 2905

လူသားဘိုးဘေးသည် ထိုစကားကို ကြားလိုက်သောအခါ အတန်ကြာ တိတ်ဆိတ်သွားသည်။ နတ်ဆိုးချောက်ကမ်းပါး၏ စွမ်းအားဟု သူပြောလေသလော။

သူသည် နတ်ဆိုးအင်ပါယာ၏ ဝိညာဉ်စွမ်းအားကို ထိန်းချုပ်နိုင်သွားပြီလော။ သူသည် နတ်ဆိုးချောက်ကမ်းပါး၏ စွမ်းအားကို အမိန့်ပေးနိုင်ပြီလော။

နတ်ဆိုးချောက်ကမ်းပါးသည် လောကကြီးကို ဖန်တီးခဲ့ချိန်က ကပ်ဘေးဖြစ်သည်။ ၎င်းတွင် တွေးမကြည့်နိုင်လောက်သော ကမ္ဘာဖျက်စွမ်းအား ရှိသည်။ ယခင်က ဒီမွန်းအရှင်သည် နတ်ဆိုးချောက်ကမ်းပါးကို သုံး၍ အပျက်အစီးများစွာ ဖြစ်စေခဲ့သည်။ ကောင်းကင်လမ်းစဉ်သည် သူ့ကို ဖိနှိပ်ခဲ့သော်လည်း နတ်ဆိုးချောက်ကမ်းပါးသည် ကောင်းကင်လမ်းစဉ်ကို စုတ်ဖြဲကာ ပြန်ပြင်ဆင်၍မရနိုင်သော အက်ကြောင်းများ ဖြစ်ပေါ်စေခဲ့သည်။ နတ်ဘုရားတိုက်ပွဲ ပြီးနောက်တွင် ကောင်းကင်လမ်းစဉ် ပြိုပျက်သွားခဲ့ပြီး ကမ္ဘာဖျက်မဟာကပ်ဘေး ကျရောက်လာခဲ့သည်။

ထိုကပ်ဘေးတွင် ပါဝင်သော စွမ်းအားမှာ ကောင်းကင်လမ်းစဉ်၏ စွမ်းအားသာ မဟုတ်ပေ။

ထို့ကြောင့် နတ်ဆိုးအင်ပါယာသာ နတ်ဆိုးချောက်ကမ်းပါး၏ စွမ်းအားကို အမိန့်ပေးနိုင်လျှင် လူသားဘိုးဘေးအနေဖြင့် သတိထားရန် လိုပေလိမ့်မည်။

နတ်ဘုရားစစ်တပ်သည် ခေါင်းမော့၍ နတ်ဆိုးချောက်ကမ်းပါး၏အရှိန်အဝါကို အာရုံခံလိုက်ကြသည်။ ရုတ်တရက် ရှေးခေတ်မှ စွမ်းအားကြီး ကျင့်ကြံသူတစ်ယောက်က အော်ပြောလိုက်၏။

“ဒဏ္ဍာရီတွေအရ နတ်ဆိုးချောက်ကမ်းပါးက ကောင်းကင်လမ်းစဉ်နဲ့အတူ တည်ရှိခဲ့တာပဲ။ ပြီးတော့ နတ်ဆိုးချောက်ကမ်းပါးက ကောင်းကင်လမ်းစဉ်ကို ဖျက်ဆီးနိုင်တယ်။ ဒါပေမဲ့ အဲဒါက မှန်၊ မမှန်ဆိုတာ ကျုပ်မသေချာဘူး”

အမှန်တရားသည် မည်သို့ဖြစ်စေ နတ်ဆိုးချောက်ကမ်းပါးသည် ယနေ့အထိ တည်ရှိနေသေးပြီး ကောင်းကင်လမ်းစဉ်ကတော့ ရှေးယခင်ကတည်းက ပြိုပျက်သွားခဲ့ပြီဖြစ်သည်။

“နတ်ဆိုးချောက်ကမ်းပါးရဲ့ အစွမ်းကို ဘယ်သူ မြည်းစမ်းကြည့်ချင်လဲ”

နတ်ဆိုးအင်ပါယာသည် မားမားမတ်မတ် ရပ်၍ ရှေးဟောင်းကျင့်ကြံသူကို စိုက်ကြည့်ကာ စိန်ခေါ်လိုက်သည်။ သူသည် နတ်ဘုရားစစ်တပ်နှင့် ရင်ဆိုင်နေရခြင်းဖြစ်သော်လည်း သူက အားလုံး၏ အထက်တွင် ရှိသကဲ့သို့ မောက်မာနေသေးပေသည်။

“နတ်ဆိုးအင်ပါယာ.. ဒါက တစ်သက်မှာတစ်ခါပဲ ကြုံရမယ့် အခွင့်အရေးတစ်ခုနော်။ ခင်ဗျားက နတ်ဆိုးချောက်ကမ်းပါးအောက်မှာပဲ ပိတ်မိနေပြီး နတ်ဆိုးလောကတစ်ခွင်လုံးကို ခင်ဗျားနဲ့အတူ ထာဝရ ဒုက္ခခံခိုင်းမလို့လား”

လူသားဘိုးဘေးက နားချလိုက်၏။

“ဒီစစ်ပွဲက ကောင်းကင်လမ်းစဉ်ပြိုပျက်သွားပြီးတဲ့နောက် လောကထဲက အကြီးဆုံးစစ်ပွဲတစ်ပွဲ ဖြစ်လာလိမ့်မယ်။ အဲဒီစစ်ပွဲပြီးသွားရင် ကျုပ်က ကောင်းကင်စည်းမျဉ်းကို ပြန်ပြင်ပြီး အရာအားလုံးကို အသစ်ပြင်လုပ်ပစ်မှာ။ တကယ်လို့ ခင်ဗျားသာ ဒီစစ်ပွဲမှာ မပါရင် ဒီနှစ်တွေအတွင်းမှာ ခင်ဗျားလုပ်ခဲ့တဲ့ကိစ္စတွေက အလကားဖြစ်သွားလိမ့်မယ်။ နောက်ဆုံးကျရင် နတ်ဆိုးလောက,က ဒုံရင်းအတိုင်း ကျန်ခဲ့မှာပဲ။ ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး”

“လူသားဘိုးဘေး အခုလို စိုးရိမ်ပေးတာ ကျေးဇူးတင်ပါတယ်”

နတ်ဆိုးအင်ပါယာ ပြန်ပြောလိုက်၏။

လူသားဘိုးဘေးသည် နတ်ဆိုးအင်ပါယာကို ကြည့်ကာ ထပ်ပြောလိုက်၏။

“အရာအားလုံး ပြီးဆုံးသွားရင် ကျုပ်က ကောင်းကင်စည်းမျဉ်းကို ထိန်းချုပ်မှာ။ နတ်ဆိုးလောက,က အမှီအခိုကင်းတဲ့ နယ်မြေတစ်ခု ဖြစ်ချင်လား”

လူသားဘိုးဘေး ပြောနေစဉ်တွင် အားကောင်းသော ဖိအားတစ်ခုသည် ထိုနေရာကို ထွင်းဖောက်သွားသည်။ နတ်ဆိုးအင်ပါယာသည် သူ့ကို စိုက်ကြည့်လိုက်၏။ သူသည် ကြီးမားသော စွမ်းအားတစ်ခုကို ဖုံးကွယ်ထားပေသည်။

“နတ်ဆိုးလောက,က စစ်ပွဲထဲမှာ ပါမယ်၊ မပါဘူးဆိုတာ ကိုယ်တိုင်ပဲ ဆုံးဖြတ်ပါမယ်။ ဘယ်အချိန်မှာ ဘယ်လိုပါမယ်ဆိုကိုလဲ ကျုပ်တို့ဘာသာပဲ စီစဉ်မယ်။ ခင်ဗျားရဲ့ စစ်ပွဲကို တိုက်ပေးဖို့ အနိုင်ကျင့်တာကို ကျုပ်တို့ ခံမှာမဟုတ်ဘူး”

နတ်ဆိုးအင်ပါယာသည် အေးစက်သောလေသံဖြင့် ပြောလိုက်၏။

“နတ်ဆိုးလောက,က ဘယ်သူ့လက်အောက်မှ ခံမှာမဟုတ်ဘူး”

အကယ်၍ လူသားဘိုးဘေးသည် ကောင်းကင်စည်းမျဉ်းကို ထိန်းချုပ်နိုင်ခဲ့လျှင်ပင် နတ်ဆိုးလောကသည် မည်သူ့ဆီမှာမှ အညံ့ခံမည်မဟုတ်ပေ။

ယခင်က နတ်ဆိုးလောကမှ လူများ နတ်ဆိုးချောက်ကမ်းပါးထဲတွင် အကျဉ်းချခံနေရစဉ်ကပင် သူတို့သည် ကောင်းကင်လမ်းစဉ်ကို မဦးညွှတ်ခဲ့ချေ။ ထိုအစား ဒီမွန်းအရှင်သည် သူ့လက်အောက်ခံ သန်းရာချီကို ဦးဆောင်ကာ ကောင်းကင်လမ်းစဉ်ကို ဆန့်ကျင်ခဲ့သည်။ ထို့ကြောင့် ကောင်းကင်လမ်းစဉ်တိုက်ပွဲဖြစ်လာခဲ့သည်။

ထို့ကြောင့် သူသည် အရှက်ရစရာအမှုကို လုပ်၍ သူ့ဘိုးဘေးများ၏ အမွေဂုဏ်သိက္ခာကို အဆုံးမသတ်နိုင်ပေ။

ယခင်က သူသည် လူသားဘိုးဘေးက သူ့ကို ဖိတ်ခေါ်ခဲ့သဖြင့် မဟာအင်ပါယာခြောက်ပါး၏ တိုက်ပွဲတွင် ဝင်ပါခဲ့သည်။ မဟာအင်ပါယာခြောက်ပါးတွင် ကိုယ့်အကြံနှင့်ကိုယ် ရှိခဲ့သည်။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် အသုံးပြုနေခဲ့ခြင်းသာဖြစ်သည်။ သို့သော် ဤတစ်ခေါက်တွင် အခြေအနေများ မတူပေ။

လူသားဘိုးဘေးသည် သူ့ကို ဖိတ်ခေါ်နေခြင်း မဟုတ်ဘဲ သူ စစ်ပွဲထဲ ဝင်ပါရန် နတ်ဘုရားစစ်တပ်နှင့် ခြိမ်းခြောက်နေခြင်းဖြစ်သည်။ အကယ်၍ သူသာ စစ်ပွဲထဲ ဝင်ပါခဲ့လျှင် သူသည် လူသားဘိုးဘေးထံ အညံ့ခံလိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ သူသည် လူသားဘိုးဘေး ခိုင်းသည့်အတိုင်း လုပ်လိုက်သကဲ့သို့ ဖြစ်သွားမည်။ ထို့ကြောင့် ယခင်နှင့် ယခုသည် ကွဲပြားပေသည်။

သူသာ စစ်ပွဲထဲဝင်ပါခဲ့လျှင် နတ်ဆိုးလောကသည် ယခင်နှင့် တူတော့မည် မဟုတ်ပေ။

ထို့ကြောင့် သူတို့သည် ဤစစ်ပွဲကို တိုက်ရန် ကိုယ့်အစီအစဉ်ကိုယ် သုံးရမည်ဖြစ်သည်။

“ကောင်းပြီ”

လူသားဘိုးဘေးသည် နတ်ဆိုးအင်ပါယာကို ကြည့်ကာ ပြောလိုက်၏။ သူသည် နတ်ဆိုးလောကကို ချက်ချင်း သိမ်းပိုက်ကာ နတ်ဆိုးအင်ပါယာနန်းတော်ကို ဖျက်ဆီးပစ်လိုနေသော်လည်း နတ်ဆိုးချောက်ကမ်းပါးကို သတိထားရပေဦးမည်။ အကယ်၍ နတ်ဆိုးအင်ပါယာကသာ နတ်ဆိုးချောက်ကမ်းပါး၏ စွမ်းအားကို အမိန့်ပေးနိုင်ကာ ဆင့်ခေါ်နိုင်လျှင် အခြေအနေဆိုးသွားပေလိမ့်မည်။

ထို့ကြောင့် သူသည် မလိုအပ်သော စွန့်စားမှုများ လုပ်မည် မဟုတ်ပေ။

သူသည် မည်သည်တို့ကို လုပ်မည်ကို ဆုံးဖြတ်ထားပြီးဖြစ်သည်။ သူသည် ပထမဆုံး ကောင်းကင်ဒေသနှင့် ကောင်းကင်ဘုံတို့၏ အင်အားစုများကို ရှင်းထုတ်ပစ်မည်ဖြစ်သည်။ ထို့အပြင် ဗုဒ္ဓလောကမှ ကတုံးများကိုလည်း ရှင်းထုတ်ပစ်မည်။ ထိုသို့ ရှင်းထုတ်ပြီးမှ သူသည် နတ်ဆိုးလောကနှင့် စာရင်းရှင်းမည်ဖြစ်သည်။ ထိုအချိန်ကျလျှင် သူသည် မှော်နက်လောကနှင့် ဗလာနတ္တိဘုံမှ ကျင့်ကြံသူများကို နတ်ဆိုးလောကကို ကျုးကျော်တိုက်ခိုက်ရန် အမိန့်ပေးနိုင်မည်ဖြစ်သည်။

ထို့နောက်တွင် သူသည် တစ်လောကလုံးကို သိမ်းပိုက်နိုင်သွားမည်ဖြစ်ပြီး ဤလောကအတွင်းမှ သက်ရှိတိုင်းသည် သူ့လက်အောက်သို့ ရောက်သွားပေလိမ့်မည်။ အကြီးမားဆုံးအောင်မြင်မှုမှာ ကောင်းကင်စည်းမျဉ်းကို အုပ်စိုးနိုင်ခြင်း ဖြစ်ပေမည်။

သို့ဖြင့် လူသားဘိုးဘေးသည် ယခု မတိုက်ခိုက်ဝံ့သေးသဖြင့် သူ၏စစ်တပ်နှင့်အတူ နတ်ဆိုးအင်ပါယာနန်းတော်မှ ထွက်သွားသည်။

သူတို့ အဝေးသို့ ရောက်သွားသောအခါ နတ်ဆိုးအင်ပါယာသည် မားမားမတ်မတ်ရပ်၍ ဖြည်းဖြည်းချင်း ပျောက်ကွယ်နေသော သူတို့၏ပုံရိပ်များကို ကြည့်သည်။

ကြီးမားသော ကပ်ဘေးအန္တရာယ်ကြီးတစ်ခု ဖြစ်လာပေတော့မည်။ ဤတစ်ခေါက်တွင် လူသားဘိုးဘေးသည် ဘုံခုနစ်ခုကို ခြိမ်းခြောက်ခဲ့သည်။ သူသည် စစ်ပွဲစရန် ဤနေရာသို့သာမဟုတ်ဘဲ ဗလာနတ္တိဘုံနှင့် ‌မှော်နက်လောကတို့ကိုလည်း သွားခဲ့လေသည်။

ဤစစ်ပွဲ၏ အတိုင်းအတာသည် ကောင်းကင်လမ်းစဉ်ပြိုပျက်ပြီးနောက် အကြီးဆုံးဖြစ်ပေလိမ့်မည်။ ၎င်းသည် ကောင်းကင်လမ်းစဉ်ကို သိမ်းပိုက်မည့် စစ်ပွဲတစ်ခု ဖြစ်သည်။

လူသားဘိုးဘေးသည် ကြီးမားသော စစ်ပွဲတစ်ပွဲကို စရန် အပြည့်အဝ ပြင်ဆင်ထားပေလိမ့်မည်။ ဤအရာသည် ယခင်က တစ်ခါမှ မဖြစ်ခဲ့ဖူးသောအရာပင်။

ဤ လောကတစ်ခွင်လုံးပါမည့် ကပ်ဘေးထဲတွင် နောက်ဆုံး မည်သူအနိုင်ရသွားမည်နည်း။

နတ်ဆိုးလောကသည် လူသားဘိုးဘေးထံမှ ထာဝရ မလွတ်နိုင်ပေ။ ထို့ကြောင့် ဤတစ်ခေါက်တွင် သူတို့သည် မည်ကဲ့သို့သော ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရမည်နည်း။

*****

လူသားဘိုးဘေးသည် နတ်ဆိုးလောက၊ မှော်နက်လောကနှင့် ဗလာနတ္တိဘုံတို့သို့ သွားပြီးသောအခါ ကောင်းကင်ဘုံမှ လူများသည် ထိုသတင်းကို လျင်မြန်စွာ ရရှိလိုက်ကြသည်။

ထို့နောက် အရှင်ဒွန်ဟောင်နှင့် ရီဖူရှင်းတို့သည် ကောင်းကင်ဘုံနှင့် ကောင်းကင်ဒေသသို့ လျင်မြန်စွာ ချဉ်းကပ်လာနေသည့် စစ်ပွဲအကြောင်းကို လူထုအား ကြေညာလိုက်သည်။ သူတို့သည် အင်အားနည်းသော ကျင့်ကြံသူများကို ပုန်းအောင်းစရာနေရာ ရှာရန် သို့မဟုတ် အာကာသလမ်းကြောင်းကို ဖြတ်၍ နတ်ဘုရားကုန်းမြေသို့ သွားရောက်ရှောင်တိမ်းရန် ပြောလိုက်ကြသည်။

ဗုဒ္ဓလောကတွင်လည်း ဗုဒ္ဓအရှင်များသည် အနောက်ဘက်ကောင်းကင်တွင် နေထိုင်သောလူထုကို ကျရောက်လာတော့မည့် အန္တရာယ်အကြောင်းကို ပြောပြကြသည်။

သူတို့သည် သာမန်လူများကို စစ်ပွဲတွင် ဝင်ပါရန် အားမပေးခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဤစစ်ပွဲသည် အဆင့်နိမ့်ကျင့်ကြံသူများနှင့် သက်ဆိုင်သောစစ်ပွဲ မဟုတ်၍ပင်။

ဘုံခုနစ်ခုလုံးသည် ရုတ်တရက် ထွက်ပေါ်လာသည့် သတင်းကြောင့် လှုပ်လှုပ်ခတ်ခတ် ဖြစ်နေကြသည်။ အားလုံး ခန့်မှန်းထားသလိုပင် အစောပိုင်းက တည်ငြိမ်အေးချမ်းနေမှုသည် မုန်တိုင်းမစခင် လေငြိမ်ခြင်းသာဖြစ်သည်။

သို့သော် မုန်တိုင်း ရောက်ရှိလာပေပြီ။ ထို့အပြင် ထိုမုန်တိုင်းသည် ဘုံခုနစ်ခုလုံးကို ဗြောင်းဆန်သွားစေမည်ဖြစ်သည်။

ရီဖူရှင်း၊ အရှင်ဒွန်ဟောင်နှင့် အခြားသူများသည် ကောင်းကင်ဘုံ၏ ကောင်းကင်(၉၉)လွှာတွင် စုဝေးနေကြသည်။

“မှော်နက်လောကနဲ့ ဗလာနတ္တိဘုံတို့က စစ်ပွဲမှာ လူသားဘုံနဲ့ ပူးပေါင်းလိမ့်မယ်။ ဒါပေမဲ့ နတ်ဆိုးအင်ပါယာက လူသားဘိုးဘေးရဲ့ ကမ်းလှမ်းချက်ကို ငြင်းခဲ့တယ်”

အရှင်ဒွန်ဟောင်က ပြောလိုက်၏။ သူ့တွင် အခြားဘုံများမှ သတင်းများကိုပင် စုဆောင်းနိုင်သည့် နည်းလမ်းများ ရှိပေသည်။

ထို့အပြင် လူသားဘိုးဘေးသည် ထိုလုပ်ရပ်များကို ပေါ်ပေါ်ထင်ထင် လုပ်ခဲ့သဖြင့် ယင်းတို့သည် လျှို့ဝှက်ချက် မဟုတ်ချေ။ လူများစွာသည် ထိုဖြစ်ရပ်များကို မြင်ခဲ့သဖြင့် ထိုအကြောင်းကို ကြားရရန် မခက်ခဲပေ။

“လူသားဘိုးဘေးက နတ်ဆိုးလောကကို မတိုက်ခိုက်ဘူးလား”

ရီဖူရှင်းသည် နတ်ဘုရားစစ်တပ်အကြောင်းကို သိထားသဖြင့် မေးလိုက်သည်။ ကောင်းကင်လမ်းစဉ် ပြိုပျက်ပြီးနောက်တွင် ယခုမှ မဟာအင်ပါယာများ အရေအတွက်များစွာ ပြန်ရောက်လာခြင်းဖြစ်သည်။ ထို့အပြင် သူတို့အားလုံးသည် လူသားဘိုးဘေး၏ စစ်ပွဲကို တိုက်ပေးရန် လူသားဘိုးဘေး၏လက်အောက်တွင် အလုပ်လုပ်နေကြလေသည်။

“နတ်ဆိုးချောက်ကမ်းပါးကြောင့် ဖြစ်မယ်”

အရှင်ဒွန်ဟောင် မေးလိုက်၏။

“နတ်ဆိုးလောကမှာ နတ်ဆိုးချောက်ကမ်းပါးရှိတယ်... အဲဒါက လောကတစ်ခွင်လုံးကို ဖျက်ဆီးပစ်နိုင်တဲ့ ရှေးဟောင်းကပ်ဘေးတစ်ခုပဲ။ တကယ်လို့ နတ်ဆိုးအင်ပါယာကသာ လူသားဘိုးဘေးကို နတ်ဆိုးချောက်ကမ်းပါးနဲ့ ခြိမ်းခြောက်ခဲ့ရင် လူသားဘိုးဘေးက မဆင်မခြင် လုပ်ရဲမှာ မဟုတ်လောက်ဘူး”

ရီဖူရှင်းသည် ထိုစကားကို ကြားသောအခါ ခေါင်းညိတ်လိုက်၏။ နတ်ဆိုးချောက်ကမ်းပါးသည် ထိုမျှ ကြောက်မက်ဖွယ်ကောင်းသလော။ အကယ်၍ အမှန်ပင် ထိုသို့ဖြစ်လျှင် ယခင်က သူခံခဲ့ရသော ကပ်ဘေးများသည် သာမန်အကျဆုံး ကပ်ဘေးများ ဖြစ်ပေလိမ့်မည်။

“လူသားဘုံ၊ မှော်နက်လောကနဲ့ ဗလာနတ္တိဘုံက ကျင့်ကြံသူတွေက ကောင်းကင်ဒေသ၊ ကောင်းကင်ဘုံနဲ့ ဗုဒ္ဓလောကတို့ရဲ့ နယ်စပ်တွေမှာ ရောက်နေကြပြီ။ သူတို့ရဲ့ တပ်တွေက ငါတို့ရဲ့ ဘုံတွေကို အဆက်မပြတ် ကျူးကျော်နေပြီး အချိန်အရွေး တိုက်ခိုက်ဖို့ ပြင်ဆင်နေကြတယ်”

အရှင်ဒွန်ဟောင် ဆက်ပြောလိုက်၏။

“နတ်ဘုရားတွေ ပြန်ရောက်လာပြီးကတည်းက ငါတို့ရဲ့ အင်အားစုတွေက သူတို့ရဲ့ ထိပ်တန်းအဆင့် ကျင့်ကြံသူတွေနဲ့ မယှဉ်နိုင်တော့ဘူး။ ဖူရှင်း... မင်းဒီအခြေအနေကို ဘယ်လိုထင်လဲ”

သူတို့သည် မဟာအင်ပါယာများနှင့် တိုက်ခိုက်ရလျှင် တစ်ပန်းရှုံးနေမည်ဖြစ်သည်။ သူတို့သည် အချိန်စီးဆင်းနှုန်းကွဲပြားမှုမှနေ၍ သူတို့အတွက် အချိန်များစွာ ရှာနိုင်ခဲ့သော်လည်း မလုံလောက်သေးပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ဘက်မှ မဟာအင်ပါယာအရေအတွက်သည် လူသားဘိုးဘေးဘက်မှ မဟာအင်ပါယာအရေအတွက်နိုင်ယှဉ်လျှင် အလွန်နည်းနေသေးသောကြောင့်ပင်။

အရေအတွက်ကိုသာ ကြည့်မည်ဆိုပါက သူတို့သည် အမှန်ပင် အရေးနိမ့်နေသည်။

သူတို့ဘက်တွင် ရီဖူရှင်း၊ အရှင်ဒွန်ဟောင်နှင့် အကြွင်းမဲ့ဗုဒ္ဓဟူ၍ ထိပ်သီးသုံးယောက်ရှိသော်လည်း ရန်သူဘက်တွင်လည်း လူသားဘိုးဘေး၊ မိစ္ဆာအင်ပါယာနှင့် မှော်နက်အရှင်ဟူ၍ ထိပ်သီးသုံးယောက် ရှိပေသည်။

ထို့အပြင် ရန်သူဘက်တွင် ထူးကဲသော ရှေးဟောင်အင်ပါယာများစွာ ရှိနေသည်။ ထိုရှေးဟောင်းအင်ပါယာများသည်လည်း လွန်စွာ စွမ်းအားကြီးပေလိမ့်မည်။

ထို့ကြောင့် သူတို့သည် မည်သည့်ဘက်တွင်မှ အာသားချက် ရှိမနေပေ။ စစ်ပွဲစတင်သည်နှင့် ရလဒ်သည် ပျက်သုဉ်းခြင်းသာ ဖြစ်ပေမည်။ သို့သော် နတ်ဆိုးလောကသာ သူတို့ဘက်မှ တိုက်ခိုက်လျှင် မျှော်လင့်ချက် ရှိပေလိမ့်မည်။

“ကျုပ်တို့အတွက် သတင်းကောင်း ရှိပါသေးတယ်။ အနည်းဆုံးတော့ လူသားဘိုးဘေးက အပြည့်အဝ ပြန်မကောင်းသေးဘူးဆိုတာ ကျုပ်တို့ သိထားတာပဲ”

ရီဖူရှင်း မှတ်ချက်ပြုလိုက်သည်။

“မဟုတ်ရင် သူက စစ်ပွဲတစ်ပွဲစပြီး ဝေ့ဝိုက်နေမှာမဟုတ်ဘူး။ သူက သူ့ရန်သူကို ဒီအတိုင်း သတ်ပစ်လိုက်နိုင်တာပဲ”

All Chapters