ပြန်တုံ့ပြန်ခြင်း
Vol. 204 Ch. 2906
အရှင်ဒွန်ဟောင် ခေါင်းညိတ်လိုက်သည်။ ယင်းသည် အမှန်ပင် သတင်းကောင်းပင်။
ကောင်းကင်အင်ပါယာကို သတ်ဖြတ်၍ သူ့ကြင်ရာတော်၏ အသက်ကို နုတ်ယူခဲ့သော လူသားဘိုးဘေးသည် လက်ရှိတွင် အပြည့်အဝ ပြန်မကောင်းသေးဟု သူခံစားနေရသည်။ မဟုတ်လျှင် သူသည် ကြီးမားသော စစ်ပွဲကြီးတစ်ပွဲကိုစမည် မဟုတ်ပေ။ သူသည် သူတို့အားလုံးကို သတ်ပစ်နိုင်ပေသည်။
သို့သော် ရန်သူသည် အချိန်စီးဆင်းနှုန်းကို ပြောင်းလဲနိုင်သည့် စွမ်းအားရှိနေကြောင်း သိသွားသောအခါ ဆက်၍ မစောင့်နိုင်တော့ချေ။ သူ ဆက်၍ နှောင့်နှေးနေလျှင် ကြိုမသိနိုင်သော အရာများ ပိုများလာပေလိမ့်မည်။ ထို့ကြောင့် သူသည် ရှေးခေတ်မှ နတ်ဘုရားများကို ပြန်ရှင်သန်လာစေပြီးနောက်တွင် ချက်ချင်း စစ်ပွဲတစ်ပွဲ စခဲ့လေသည်။
“ကျုပ်တို့ စစ်တပ်တွေကို ခွဲသင့်တယ်”
ရီဖူရှင်းသည် ရုတ်တရက် အကြံပြုလိုက်၏။
အရှင်ဒွန်ဟောင်နှင့် အခြားသူများသည် အတန်ကြာ နားမလည်နိုင်ဖြစ်သွားပြီးမှ သူပြောလိုသည်ကို နားလည်သွားသည်။
နတ်ဘုရားများ ပြန်ရောက်လာခြင်းသည် သူတို့၏အင်အားစုများအကြားမှ အရေအတွက်ကို ကွာခြားသွားစေသည်။ အထူးသဖြင့် မဟာအင်ပါယာအရေအတွက်သည် အလွန်ကွာခြားနေသည်။
အကယ်၍ သူတို့သာ သူတို့၏ရန်သူများဖြင့် ထိပ်တိုက် တိုက်ခိုက်လျှင် ထိပ်သီးတိုက်ခိုက်သူ အရေအတွက်သည် ဤမျှ ကွာခြားနေသဖြင့် သူတို့ ကိုယ့်သေတွင်းကိုယ်တူးသကဲ့သို့ ဖြစ်သွားမည်ဖြစ်သည်။
“အဲဒါက အကြံကောင်းပဲ”
ယွီထူ မှတ်ချက်ပြုလိုက်၏။
“ဒါပေမဲ့ အခု ငါတို့မှာ အချိန်သိပ်မကျန်တော့ဘူး”
သူသည် ဟန်ဆောင်ရန် ဂရုမစိုက်ပေ။ သူအလိုရှိသည်မှာ နောက်ဆုံးတွင် အနိုင်ရရန်သာဖြစ်သည်။
“ကျုပ်က ကောင်းကင်ဘုံရဲ့ ကောင်းကင်(၉၉)လွှာလုံးကို ကျုပ်ရဲ့ ကောင်းကင်လမ်းစဉ်အသေးစား ဖန်တီးထားတဲ့ ကိုယ်တွင်းလောကထဲကို ရွှေ့ထားဖို့ ကြံနေတာ။ အဲဒီလိုဆို ဘယ်တိုက်ပွဲပြင်မှာမဆို တပ်တွေကို စစ်ကူအနေနဲ့ တပ်ဖြန့်လို့ရတယ်။ ပြီးတော့ သူတို့က အဲဒီလောကထဲမှာ သူတို့ရဲ့ ကျင့်ကြံခြင်းကိုလည်း အာရုံစိုက်နိုင်တာပေါ့။ တကယ်လို့ ကျုပ်သာ သူတို့အတွက် တစ်နှစ်အချိန်ဆွဲပေးထားနိုင်ရင် သူတို့အတွက် (၈၁)နှစ်နဲ့ ညီမှာပဲ”
ရီဖူရှင်း ရှင်းပြလိုက်သည်။ (၈၁)နှစ်အတွင်း ပြောင်းလဲသွားနိုင်သည်များကို တွေးကြည့်၍ပင် မရနိုင်ပေ။ ထိုအချိန်ကာလသည် အားလုံး၏ ကျင့်ကြံခြင်းအဆင့်ကို သိသိသာသာ တိုးတက်ပြောင်းလဲသွားစေမည်ဖြစ်သည်။
“အဲဒါက ကောင်းကင်ဘုံနဲ့ ဒွန်ဟောင်အင်ပါယာနန်းတော်အတွက်တော့ ပြဿနာရှိမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဗုဒ္ဓလောကရဲ့ လိပ်ပြာတောင်ကုန်းက အနောက်ဘက်ကောင်းကင်က လူတွေအတွက် အမြဲတမ်း အလေးအမြတ်ထားရာနေရာတစ်ခု ဖြစ်ခဲ့တာပဲ။ ဘာပဲဖြစ်ဖြစ် ငါတို့ သူတို့အလေးအမြတ်ထားတဲ့နေရာကို မလေးမစား မပြုသင့်ဘူး။ ဖြစ်လာတော့မယ့် စစ်ပွဲမှာ သေချာပေါက် ဗုဒ္ဓလောကအပါအဝင် ဘုံခုနစ်ခုလုံး ပါမှာပဲ။ ငါတို့ ငါတို့ရဲ့ အင်အားတွေကို ခွဲနေတုန်းမှာ ရန်သူတွေက လိပ်ပြာတောင်ကုန်းကို တိုက်ခိုက်ရင် ဘယ်လိုလုပ်မလဲ။ ငါ စိုးရိမ်တာက...”
အရှင်ဒွန်ဟောင်သည် ကိစ္စများစွာကို စိုးရိမ်နေသည်။
ယခင်က ကောင်းကင်ဘုံသည် အချိန်အတိုင်းအတာတစ်ခုအထိ အပျက်အစီးအတိုင်း ရှိနေခဲ့သည်။ ကောင်းကင်အင်ပါယာ သေဆုံးသွားပြီး ကောင်းကင်မင်းသမီးက လမ်းစဉ်အဖြစ် ပြောင်းလဲသွားပြီးနောက်တွင် အခြေအနေများ ဆိုးဝါးလာခဲ့သည်။ မကြာသေးခင်ကမှ ကောင်းကင်ဘုံ၏ ကောင်းကင်(၉၉)လွှာကို ပြန်တည်ဆောက်ထားခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့ သူတို့၏အင်အားများကို ခွဲလိုက်လျှင်လည်း ကောင်းကင်ဘုံအပေါ် များစွာ သက်ရောက်မှုရှိမည် မဟုတ်ချေ။ ထို့အပြင် ရီဖူရှင်းက ကောင်းကင်(၉၉)လွှာလုံးကို ရွှေ့ပြောင်းပစ်ရန် ကြံရွယ်နေသည်။
ကောင်းကင်ဒေသ၏ ဒွန်ဟောင်အင်ပါယာနန်းတော်သည်လည်း နှစ်(၅၀၀)သမိုင်းကြောင်းသာ ရှိပေသေးသည်။ ၎င်းကို အရှင်ဒွန်ဟောင်က တည်ဆောက်ထားခြင်းဖြစ်ပြီး ထိုနှစ်များအတွက် ယင်းကို သူကပင် အုပ်စိုးခဲ့သည်။ ယင်းတွင် အခြားသမိုင်းကြောင်းများ မရှိသဖြင့် အရှင်ဒွန်ဟောင်သည် ဒွန်ဟောင်အင်ပါယာနန်းတော်၏ ကံကြမ္မာကို ဆုံးဖြတ်နိုင်သည်။ သမိုင်းကြောင်းအပေါ် နောင်တရ,ရမည့် အရာများ မရှိပေ။ စစ်ပွဲအတွက် ယင်းကို စတေးရခြင်းသည် များစွာ အကျိုးသက်ရောက်မှု မရှိပေ။
သို့သော် ဗုဒ္ဓလောက၏ အထွတ်အမြတ်ထားရာနေရာအတွက်မှာမူ အသို့နည်း။ ထိုနေရာရှိလူများသည် ၎င်းကို စတေးနိုင်ပါမည်လော။
လိပ်ပြာတောင်ကုန်းသည် အနောက်ဘက်ကောင်းကင်မှ လူများ၏ ယုံကြည်မှု၏ အုတ်မြစ်ဖြစ်သည်။ ဗုဒ္ဓလောကမှ အင်အားစုများသည် လိပ်ပြာတောင်ကုန်းမှ ခွာရလျှင် ဗုဒ္ဓလောကတွင် ဆူဆူပူပူ ဖြစ်သွားပေမည်။ ဗုဒ္ဓလမ်းစဉ်ကို ကျင့်ကြံသူများစွာသည် သူတို့၏ယုံကြည်မှုကို မေးခွန်းထုတ်လာကြမည်ဖြစ်သည်။
“ဗုဒ္ဓလောကအတွက် ပြဿနာမရှိပါဘူး”
ဝူထျန်းဗုဒ္ဓအရှင်၏ စကားသံကို ကြားလိုက်ရ၏။ ရီဖူရှင်းသည် အရှင်ဒွန်ဟောင်အား ဗုဒ္ဓလောကနှင့် ဒွန်ဟောင်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများကို သူ၏ကိုယ်တွင်းလောကတွင် လာရောက်ကျင့်ကြံရန်အတွက် ဖိတ်ခေါ်ပေးဖို့ တောင်းဆိုခဲ့စဉ်က မဟာဗုဒ္ဓများစွာ ရောက်လာခဲ့သည်။ ထို့ကြောင့် သူတို့ထဲမှတစ်ယောက်သည် အစီအစဉ်ကို ဆွေးနွေးရန် ဤနေရာသို့ ရောက်နေခြင်းပင်။
“တကယ်လို့ ရင်ထဲမှာ ဗုဒ္ဓတရားနဲ့ ပြည့်နေမယ်ဆိုရင် နေရာတိုင်းက လိပ်ပြာတောင်ကုန်း ဖြစ်နိုင်ပါတယ်”
ဝူထျန်းဗုဒ္ဓအရှင်က ဆက်ပြောလိုက်၏။
“ဒကာအင်ပါယာကလည်း ပညာဉာဏ်ကြီးတဲ့ ဗုဒ္ဓလမ်းစဉ် ကျင့်ကြံသူတစ်ယောက်ဆိုတော့ ကိုယ်တော် ဒကာအင်ပါယာအပေါ် နည်းနည်း စိတ်ပျက်မိတယ်။ ဒကာအင်ပါယာအနေနဲ့ အဲဒီလို မိုက်မဲတဲ့ အမှားမျိုး မလုပ်မိသင့်ဘူး”
အရှင်ဒွန်ဟောင်သည် သူ၏ သတိမမူမိမှုကို သတိပြုမိသွားသည်။ ထို့နောက် သူသည် ဝူထျန်းဗုဒ္ဓအရှင်ကို ဦးညွှတ်ကာ ပြောလိုက်လေသည်။
“မဟာဗုဒ္ဓ ပြောတာ မှန်တယ်။ ကျုပ် ဉာဏ်နည်းသွားမိတာပါ”
ဗုဒ္ဓလမ်းစဉ်၏ အယူဝါဒသည် ဗလာနတ္တိကို အလေးပေးသည်။ အရာအားလုံးသည် အနှစ်သာရကင်းမဲ့၏။
ဗုဒ္ဓအယူဝါဒများကို မသိသော သာမန်လူများအတွက် လိပ်ပြာတောင်ကုန်းသည် ဗုဒ္ဓလောက၏ အထွတ်အမြတ်ထားရာနေရာတစ်ခု ဖြစ်ပေလိမ့်မည်။ သို့သော် အမှန်တကယ် ဉာဏ်အလင်းပွင့်ထားသော ဗုဒ္ဓလမ်းစဉ် ကျင့်ကြံသူများသည် ထိုကဲ့သို့ ရုပ်ဝတ္ထုများအပေါ် ငြိတွယ်မည် မဟုတ်ပေ။
“အဲဒီလိုဆိုရင် ဒီလိုလုပ်ဖို့ အတည်ဖြစ်သွားပြီပေါ့။ ဒါပေမဲ့ အရင်ဆုံး ကျုပ်တို့ လူတိုင်းကို အသိပေးရမယ်ထင်တယ်”
ရီဖူရှင်း ပြောလိုက်၏။
“လူသားဘိုးဘေးက မဟာအင်ပါယာတွေကို အားနည်းတဲ့သူတွေကို တိုက်ခိုက်ဖို့ အမိန့်ပေး၊ မပေးဆိုတာကို ကျုပ် နည်းနည်းစိုးရိမ်နေတုန်းပဲ”
ထိုအချက်သည် ဤကဲ့သို့ ကြီးမားသည့် စစ်ပွဲတစ်ခုတွင် ပြောစရာပင် မလိုသည့် စည်းမျဉ်းတစ်ခုဖြစ်သည်။ အင်ပါယာများ၏ လမ်းစဉ်ပေါ်တွင် လျှောက်လှမ်းနေသူများသည် အင်အားနည်းသော ကျင့်ကြံသူများကို လက်ဖျားဖြင့်ပင် မထိသင့်ပေ။ မဟုတ်လျှင် သူတို့သည် ကြီးလေးသောအပြစ်ရသွားမည်ဖြစ်ပြီး ဘေးဒုက္ခများနှင့် ကြုံတွေ့ရမည်ဖြစ်သည်။
အဆင့်နိမ့်ကျင့်ကြံသူတစ်ယောက်သည် မဟာအင်ပါယာတစ်ပါးကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။
“အဲဒီလိုတော့ အမိန့်မပေးလောက်ဘူး”
အရှင်ဒွန်ဟောင် ပြန်ဖြေလိုက်သည်။
“လူသားဘိုးဘေးက သူ့ရဲ့ ဂုဏ်သတင်းကို တော်တော်အလေးထားတယ်။ ဘာကြောင့်လဲဆိုတာတော့ ဘယ်သူမှ မသိပေမယ့် သူ လူသားဘုံကို အုပ်ချုပ်တဲ့ပုံက မှော်နက်အရှင် မှော်နက်လောကကို အုပ်ချုပ်တဲ့ပုံနဲ့ မတူဘူး။ သူက အမြဲတမ်း လူသားမျိုးနွယ်ရဲ့ ဖြောင့်မတ်မှန်ကန်မှုအကြောင်းကို ပြောနေတာပဲ။ လာမယ့်စစ်ပွဲမှာလည်း သူက လူသားဘုံကို စည်းစနစ်ကျစေဖို့ တရားမျှတမှုကို ပြန့်ပွားစေပြီး လူသားမျိုးနွယ်ရဲ့ ဖြောင့်မတ်မှန်ကန်မှုကို ကိုယ်စားပြုဦးမှာပဲ...”
“အဲဒါကြောင့် လူသားဘိုးဘေးက အကျိုးမဲ့တဲ့ သတ်ဖြတ်မှုတွေလုပ်ဖို့ အမိန့်ပေးမှာ မဟုတ်ဘူး”
“မိစ္ဆာအင်ပါယာနဲ့ မှော်နက်အရှင်ကရော”
ရီဖူရှင်း မေးလိုက်သည်။ သူသည် မဟာအင်ပါယာခြောက်ပါးထဲတွင် သူ့အဖေ အရှင်ဒွန်ဟောင်၏အကြောင်းမှလွဲ၍ ကျန်အင်ပါယာများ၏ အကြောင်းကို မသိပေ။
“သူတို့က အမိန့်ကို နာခံလောက်တယ်။ ဘာပဲဖြစ်ဖြစ် သူတို့က သူတို့ရဲ့ဘုံတွေအတွက် ထည့်တွက်ရဦးမယ်မလား”
အရှင်ဒွန်ဟောင် ပြန်ပြောလိုက်၏။ ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။ အကယ်၍ မဟာအင်ပါယာများသာ အထိန်းအကွပ်မရှိ သတ်ဖြတ်လျှင် ရှင်ကျန်နိုင်မည့်သူမှာ အနည်းငယ်သာ ရှိပေလိမ့်မည်။
“ကောင်းပါပြီ”
ရီဖူရှင်း ဦးညွှတ်လိုက်၏။
“ဒီတော့ အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ပဲ အာရုံစိုက်ကြတာပေါ့။ နတ်ဘုရား ဘယ်နှစ်ပါးလောက်များ ပြန်ရှင်လာရုံရှိသေး ထပ်အသတ်ခံရဖို့ ရောက်လာမလဲဆို ကျုပ် တွေ့ချင်နေပြီ”
“ငါ စပြီးပြင်ဆင်ဖို့ နန်းတော်ကို ပြန်သွားတော့မယ်”
အရှင်ဒွန်ဟောင် ပြောလိုက်၏။
“ကိုယ်တော်လည်း ဒီအကြောင်းကို အကြွင်းမဲ့ဗုဒ္ဓဆီ သတင်းပို့ပြီးသွားပါပြီ”
ဝူထျန်းဗုဒ္ဓအရှင်က ပြောလိုက်၏။
“သူ့မှာ ဒီအစီအစဉ်နဲ့ ပတ်သတ်ပြီး စနိုးစနောင့်ဖြစ်တာတွေ မရှိပါဘူး။ သူက အနောက်ဘက်ကောင်းကင်ရဲ့ ဗုဒ္ဓလောကအတွက် ကျူးကျော်ခံရတာကနေကာကွယ်ဖို့ အစီအစဉ်တွေ လုပ်ပါလိမ့်မယ်။ စစ်ပွဲစပြီဆိုတာနဲ့ ကိုယ်တော်တို့က ကိုယ်တော်တို့ရဲ့လူတွေကို ခွဲထုတ်လိုက်ပါမယ်”
“ကျုပ် ရှက်မိပါတယ်”
ရီဖူရှင်းသည် ဝူထျန်းဗုဒ္ဓအရှင်ကို ဦးညွှတ်၍ ပြောလိုက်၏။
“ဒါက ကြိုတင်သတ်မှတ်ထားတဲ့ ကံကြမ္မာပဲ။ အဲဒါကို ရှောင်လွှဲလို့ မရမှတော့ ကိုယ်တော်တို့ လုပ်နိုင်တာက အတူ ရင်ဆိုင်ဖို့ပဲ ရှိတယ်။ ကောင်းကင်အင်ပါယာက ကံကြမ္မာက ရွေးချယ်ထားတဲ့သူပါ။ အရာအားလုံး တဖြည်းဖြည်း အဆုံးသတ်သွားမှာပါ”
ဝူထျန်းဗုဒ္ဓအရှင် ပြောလိုက်၏။
“ကောင်းပါပြီ”
ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။ သူသည် ရှောင်လွှဲ၍မရနိုင်သော အန္တရာယ်နှင့် ရင်ဆိုင်နေရသော်လည်း အကောင်းမြင်စိတ် ရှိပေသေးသည်။
အရာအားလုံးသည် ဖြစ်လာရမည့် ကံကြမ္မာပါနေသဖြင့် မကြာခင်တွင် ဗုဒ္ဓလောက၏ အကူအညီဖြင့် အရာအားလုံး အဆုံးသတ်သွားမည်လည်းဖြစ်သည်။
သို့ဖြင့် ရီဖူရှင်းက ကောင်းကင်(၉၉)လွှာကို စတင်ရွှေ့ပြောင်းလိုက်သည်။ ထိုစဉ်အတွင်း စစ်တပ်များစွာ ကောင်းကင်ဘုံ၊ ကောင်းကင်ဒေသနှင့် ဗုဒ္ဓလောကတို့ကို အလုံးအရင်း ကျူးကျော်နေကြသည်။
နတ်ဆိုးလောကမှ လွဲ၍ ကျန်ဘုံခြောက်ခုသည် စစ်မြေပြင်အဖြစ် ပြောင်းလဲသွားပေပြီ။
လူသားဘုံမှ ကျင့်ကြံသူစစ်တပ်သည် ကောင်းကင်ဘုံသို့ ရောက်ရှိလာ၏။
ကောင်းကင်ဒေသသို့မူ ဗလာနတ္တိဘုံမှ ကျင့်ကြံသူများ ရောက်လာသည်။ သူတို့အပြင် လူသားဘုံမှ တပ်သားများစွာသည်လည်း ကောင်းကင်ဒေသို့ ရောက်လာကြသည်။ ရန်သူများအတွက် ကောင်းကင်ဘုံကို သိမ်းပိုက်ခြင်းသည် အလွယ်ဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံသည် ယခင်ကတည်း ယိုယွင်းနေခဲ့သည့် ဘုံတစ်ခုဖြစ်၍ပင်။ ထို့ကြောင့် သူတို့သည် ကောင်းကင်ဘုံသို့ သူတို့၏အင်အားစုများစွာကို မစေလွှတ်ခဲ့ခြင်းဖြစ်သည်။
မှော်နက်အရှင်၏ တပ်များမှာမူ ဗုဒ္ဓလောကကို ကျူးကျော်ခဲ့သည်။ ထိုသူများထဲတွင်လည်း လူသားဘုံမှ ကျင့်ကြံသူများပါပေသည်။ ထိုကျင့်ကြံသူများသည် ဗုဒ္ဓလောကကို တိုက်ခိုက်လိုသဖြင့် မှော်နက်လောကမှ စစ်တပ်နှင့် အင်အားပူးပေါင်းခဲ့ခြင်းဖြစ်သည်။ သူတို့သည် ဗုဒ္ဓလောကကို ဖျက်ဆီးပစ်နိုင်ရန် မျှော်လင့်နေကြသည်။
ကျင့်ကြံသူအားလုံးတွင် ကိုယ်ပိုင်စေ့ဆော်မှုနှင့် အလိုဆန္ဒရှိကြသည်။ ထို့ကြောင့် သူတို့သည် အမိန့်များကို မဆင်မခြင် နာခံကြမည်မဟုတ်ပေ။ ဤစစ်ပွဲတွင် ပါဝင်သူအချို့သည် လူသားဘိုးဘေးကို စံထားသူများ ဖြစ်ကြသည်။ သို့သော် အချို့သည် ဤစစ်ပွဲမှတဆင့် သူတို့ကိုယ်သူတို့ တိုးတက်လာအောင်လုပ်ရန် ဖြစ်သည်။ သူတို့သည် ကျင့်ကြံခြင်းအရင်းအမြစ်များကို လုယူသိမ်းပိုက်ကာ ကျင့်ကြံ၍ ရသည် မဟုတ်ပါလော။
စစ်ပွဲကာလသည် မိမိကိုယ်ကို အမြန်ဆုံး တိုးတက်လာအောင် လုပ်နိုင်သည့် ကာလဖြစ်သည်။ သို့သော် ထိုကာလသည် အန္တရာယ်လည်း များပေသည်။
မည်သို့ပင်ဖြစ်စေ သူတို့သည် ဤစစ်ပွဲတွင် သူတို့နိုင်လိမ့်မည်ဟု ယုံကြည်မှုရှိလေသည်။ ဤစစ်ပွဲသည် ကြိုမမြင်နိုင်သောအရာများ မရှိသည့် စစ်ပွဲတစ်ပွဲဖြစ်၍ သူတို့သည် ဘုံများကို အလွယ်တကူ သိမ်းပိုက်နိုင်မည်ဖြစ်သည်။