ဆင်းသက်လာခြင်း
Vol. 204 Ch. 2907
ကောင်းကင်အင်ပါယာမြို့တော်အတွင်းမှ လူများသည် စစ်ပွဲ ဖြစ်လာပြီဖြစ်ကြောင်း သိ၍ ကြောက်ရွံ့တုန်လှုပ်နေကြသည်။
လူသားဘုံသည် ဗလာနတ္တိဘုံနှင့် မှော်နက်လောကတို့၏ အင်အားစုများကို ဦးဆောင်ကာ စစ်ပွဲကို စတင်ခဲ့သည်။ ထို့အပြင် သူတို့၏ စစ်တပ်များသည် ကောင်းကင်ဘုံသို့ ရောက်နေပြီဖြစ်သည်။
“မြန်မြန်... အခု ကောင်းကင်(၉၉)လွှာကို ကြည့်လိုက်”
တစ်စုံတစ်ယောက်က ပြောလိုက်၏။ ကောင်းကင်(၉၉)လွှာသည် ပို၍ ထင်ရှားလာသည်။ ၎င်းပတ်ပတ်လည်တွင် အကာအရံ၊ အဟန့်အတားများ မရှိတော့ပေ။ အလွှာတိုင်းပေါ်တွင် မရေမတွက်နိုင်သော ခမ်းနားသည့်ဘုံကျောင်းများကို တွေ့ရသည်။
ထိပ်ဆုံးအလွှာတွင် ကောင်းကင်နန်းတော်တစ်ခု တည်ရှိနေသည်ကို သူတို့ သတိပြုမိလိုက်ကြသည်။
၎င်းသည် ကောင်းကင်အင်ပါယာနန်းတော်ပင်။
“ကောင်းကင်(၉၉)လွှာကာ ကောင်းကင်လမ်းစဉ်တစ်ခုရှိတဲ့ လောကအသေးစားတစ်ခု ဖြစ်သွားပြီ။ တကယ်ပဲ အခု ဘာတွေ ဖြစ်နေတာလဲ”
လူအုပ်သည် ရေရွတ်လိုက်ကြသည်။
ကောင်းကင်(၉၉)လွှာ၏ နေရာအနှံ့တွင် ကျင့်ကြံသူတပ်သားများ ရှိနေသည်။ သူတို့အားလုံးသည် ကောင်းကင်အင်ပါယာနန်းတော်မှ သူများဖြစ်ပြီး ကောင်းကင်အင်ပါယာနန်းတော်၏ တိုက်ရိုက်အမိန့်အောက်တွင် ရှိကြသည်။ သူတို့ထဲမှ အချို့သည် ဤနေရာသို့ ရောက်ရှိနေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ အချို့မှာမူ မကြာသေးခင်ကမှ ပူးပေါင်းထားခြင်းပင်။ သူတို့သည် ကောင်းကင်(၉၉)လွှာ၏ နေရာအနှံ့တွင် ရပ်နေကြပြီး စစ်မှန်သော နတ်ဘုရားစစ်တပ်တစ်တပ်နှင့်ပင် ဆင်တူနေလေသည်။
အားလုံးသည် ကောင်းကင်နန်းတော်၏ ထိပ်တွင် ကိုးရောင်ခြတ်နတ်အလင်းက ဝန်းရံထားသည့် ငွေဖြူရောင်ဆံပင်နှင့် လူရိပ်တစ်ခုကို မြင်လိုက်ကြသည်။ ထိုမြင်ကွင်းသည် အလွန် ခံ့ညားထည်ဝါသော မြင်ကွင်းပင်။ ရုတ်ခြည်းပင် အားလုံးသည် ထိုသူမှာ လက်ရှိကောင်းကင်အင်ပါယာ ရီဖူရှင်းဖြစ်ကြောင်း သိသွားကြသည်။
ရီဖူရှင်းသည် သူ၏အမေချန်ခဲ့သော ကောင်းကင်လမ်းစဉ်တစ်စိတ်တစ်ပိုင်းနှင့် ပေါင်းစည်းနိုင်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူသည် မည်သည်ကိုမှ နောက်ချန်ထားခဲ့မည် မဟုတ်ပေ။ သူသည် အောက်ဘက်ရှိ သာမန်လူများကို ငုံ့ကြည့်ကာ ကြေညာလိုက်၏။
“လူသားဘိုးဘေးက လူသားဘုံ၊ ဗလာနတ္တိဘုံနဲ့ မှော်နက်လောကတို့ကို ဦးဆောင်ပြီး ကျူးကျော်စစ်တစ်ခု စတင်ခဲ့တယ်။ အဲဒါကြောင့် ဘုံခုနစ်ခုလုံး စစ်မြေပြင် ဖြစ်သွားလိမ့်မယ်။ ဒီတစ်ခေါက် အခြေအနေတွေက အရင်ကနဲ့ မတူတော့ဘူး။ ဒါက လောကတစ်ခွင်လုံးကို ကျူးကျော်တာပဲ။ ဒီတော့ ခင်ဗျားတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်ပဲဖြစ်ဖြစ် ဒီစစ်ပွဲရဲ့ ရိုက်ခတ်မှုကို ခံရမှာပဲ။ အဆိုးဆုံးအခြေအနေ ဖြစ်လာရင် ခင်ဗျားတို့ သေရေး၊ ရှင်ရေးနဲ့တောင် ရင်ဆိုင်ရနိုင်တယ်။ ကောင်းကင်ဘုံက ပြီးခဲ့နှစ်ပိုင်းလောက်ကမှ ပြန်ပြီး ခေါင်းထောင်လာနိုင်ခဲ့တာဆိုတော့ ကျုပ်တို့ရဲ့ အင်အားက အားနည်သေးတယ်။ စစ်ပွဲ ရောက်လာရင် အားလုံး ကိုယ့်ကိုယ်ကို ကာကွယ်ပြီး စစ်မြေပြင်နဲ့ တတ်နိုင်သမျှ ဝေးဝေးကို ပြေးမယ်လို့ ကျုပ် မျှော်လင့်တယ်။ ဒီစစ်ပွဲကနေ ရှင်သန်နိုင်မယ့် နည်းကို ရှာကြပါ...”
“ဒီစစ်ပွဲမှာ ဘယ်တုန်းကမှ ကောင်းကင်ဘုံက ကျင့်ကြံသူတွေ မပါခဲ့သင့်ဘူး။ ဒါပေမဲ့ လူသားဘိုးဘေးက အဲဒီလိုမဖြစ်,ဖြစ်လာအောင် လုပ်ခဲ့ပြီး ဘုံခုနစ်ခုလုံးရဲ့ စစ်ပွဲကို စတင်ခဲ့တယ်။ ကျုပ်က နန်းတက်ပြီး ကောင်းကင်အင်ပါယာဖြစ်နေပြီဆိုပေမယ့် ဒီစစ်ပွဲ ဖြစ်မလာအောင် ကျုပ် မတားနိုင်ခဲ့ဘူး။ ကျုပ် ကိုယ့်ကိုယ်ကို ရှက်မိတယ်။ ဒါပေမဲ့ ကျုပ်က ကောင်းကင်အင်ပါယာနန်းတော်က ကျင့်ကြံသူတွေနဲ့အတူ ဒီစစ်ပွဲအဆုံးအထိ အစွမ်းကုန်တိုက်ခိုက်မယ်လို့ ကျိန်ဆိုတယ်။ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ကျုပ်တို့ရဲ့ ပန်းတိုင်က ဒီကပ်ဘေးအန္တရာယ်ကို အသက်ရှင်ရက် ကျော်လွှားနိုင်ဖို့ပဲ ဖြစ်လိမ့်မယ်လို့ ကျုပ် မျှော်လင့်ပါတယ်”
ရီဖူရှင်းသည် မည်သူ့ကိုမှ စစ်ပွဲတွင် ပါဝင်ရန် မစည်းရုံးခဲ့ပေ။ ထိုအစား သူသည် လူများကို စစ်ပွဲကို တတ်နိုင်သမျှ ရှောင်၍ ဤကပ်ဘေးအန္တရာယ်မှ ရှင်သန်နိုင်ရန် သူတို့ကိုယ်သူတို့ ကာကွယ်ရန် ပြောခဲ့သည်။
ဤစစ်ပွဲသည် အင်ပါယာအဆင့် အင်အားစုများအကြားမှ ပြဿနာသာ ဖြစ်သင့်ပေသည်။ ဤစစ်ပွဲသည် သူတို့၏ ကိုယ်ရေးကိုယ်တာရည်မှန်းချက်များ ပြည့်ဝရန် ဖြစ်သဖြင့် ကျင့်ကြံခြင်းလောကတစ်ခွင်လုံးကို စစ်ပွဲအတွင်း ဆွဲမသွင်းသင့်ချေ။ ကျင့်ကြံသူတိုင်းကို သက်ဆိုင်ရာဘုံ၏ ပြည်သူဟု မသတ်မှတ်သင့်ပေ။ သူတို့သည် သူတို့၏ကျင့်ကြံခြင်းကို တိုးမြှင့်ရန်အတွက်သာ ဘုံတစ်ခုကို ရွေးချယ်နေထိုင်ခဲ့ခြင်းဖြစ်သည်။
စစ်ပွဲကို အင်ပါယာနန်းတော်နှင့် တိုက်ရိုက်ပတ်သတ်သူများသာ တိုက်ခိုက်သင့်ပေသည်။
စစ်ပွဲ၏ ရလဒ်ကို လောကထဲမှ ကျင့်ကြံသူများက အဆုံးအဖြတ် မပေးသင့်ပေ။ မဟာအင်ပါယာများကသာ အဆုံးအဖြတ်ပေးသင့်ပေသည်။
“အရှင်အင်ပါယာ... တကယ်လို့ ကျုပ်တို့က ကောင်းကင်ဘုံအတွက် တိုက်ခိုက်ချင်တယ်ဆိုရင်ရော ဘယ်လိုပါလဲ”
တစ်စုံတစ်ယောက်က မေးလိုက်သည်။
“ဟုတ်တယ်။ ကျုပ်တို့က ကောင်းကင်အင်ပါယာနန်းတော်နဲ့ ပူးပေါင်းပြီး ဒီစစ်ပွဲမှာ ဝင်တိုက်လိုပါတယ်”
နောက်တစ်ယောက်က ထပ်ပြောလိုက်၏။
ရီဖူရှင်းသည် ထိုစကားများကို ကြားသောအခါ ရင်ထဲထိသွားသည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံမှ ကျင့်ကြံသူများသည် ထိုကဲ့သို့ ကောင်းကင်ဘုံအပေါ် ချစ်ခင်စိတ်ရှိလိမ့်မည်ဟု သူမထင်ထားခဲ့၍ ဖြစ်သည်။
အမှန်ဆိုလျှင် သူတို့သည် သူတို့ကိုယ်သူတို့ ကာကွယ်ရန်သာ အာရုံစိုက်သင့်သည်။
“ဒီစစ်ပွဲက အရင်က တစ်ခါမှ မကြုံးဖူးတဲ့ စစ်ပွဲပဲ။ အဲဒါက လောကတစ်ခွင်လုံးအပေါ် သက်ရောက်စေလိမ့်မယ်။ ဒီစစ်ပွဲထဲမှာ ခင်ဗျားတို့ သေနိုင်ခြေများတဲ့အတွက် သေချာစဉ်းစားပြီးမှ ဆုံးဖြတ်ဖို့ ကျုပ် မျှော်လင့်တယ်”
ရီဖူရှင်း သတိပေးလိုက်သည်။
“တစ်ချိန်တုန်းက ကောင်းကင်နန်းတော်က ဂုဏ်ရှိန်ပြောင်ခဲ့ပါတယ်”
ကျင့်ကြံသူအိုကြီးတစ်ယောက်သည် ခေါင်းမော့ကာ ကောင်းကင်သို့ ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။
“အခု လက်အောက်ငယ်သားတွေအပေါ် ကရုဏာထားတဲ့ အင်ပါယာအသစ်တစ်ပါးက နန်းတက်ခဲ့ပြီဆိုတော့ ကျုပ်တို့က အရှင်အင်ပါယာနဲ့အတူ လောကအသစ်အတွက် လမ်းခင်းပေးချင်ပါတယ်”
“ကျုပ်လည်း စစ်တပ်ထဲ ဝင်ချင်ပါတယ်”
လူများစွာသည် အဆက်မပြတ် ပြောလိုက်ကြသည်။ လူများစွာသည် စစ်ပွဲတွင် ဝင်ရောက် တိုက်ခိုက်လိုကြသော်လည်း ထိုနေရာရှိ လူအုပ်နှင့် နှိုင်းဆာလိုက်လျှင် ထိုသို့တိုက်ခိုက်လိုသူမှာ အနည်းငယ်သာဖြစ်သည်ဟု ဆိုနိုင်ပေသည်။
ဤစစ်ပွဲသည် ဘုံအားလုံး ပါဝင်သော စစ်ပွဲတစ်ပွဲ မဟုတ်ပါလား။ ထို့အပြင် ရန်သူဘက်က အားသာနေသည်။ ထို့ကြောင့် သူတို့သည် ဤစစ်ပွဲတွင် ရှုံးနိုင်ခြေများလေသည်။ သို့ဖြစ်ရာ စစ်ပွဲတွင် ဝင်ပါခြင်းသည် ကိုယ့်သေတွင်းကိုယ်တူးခြင်းနှင့် ဆင်တူပေသည်။
“ကောင်းပြီ... စစ်ပွဲမှာ ဝင်ပါချင်တဲ့သူတွေက အခု လာခဲ့ပါ”
ရီဖူရှင်း ညွှန်ကြားလိုက်သည်။ ထို့နောက် သူသည် အောက်ဘက်တစ်နေရာသို့ကြည့်၍ ပြောလိုက်၏။
“ကျုပ်ကို ကူညီပေးပါ ထျန်းယင်ဗုဒ္ဓအရှင်ခင်ဗျာ”
“ကောင်းပါပြီ”
ထျန်းယင်ဗုဒ္ဓအရှင် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူသည် သူ၏အသံကို ကောင်းကင်ဘုံတစ်ခွင်လုံးသို့ ထုတ်လွှတ်ကာ ကြေညာလိုက်သည်။
“အခု ဘုံခုနစ်ခုရဲ့ စစ်ပွဲ စနေပါပြီ။ စစ်ပွဲမှာ ပါချင်တဲ့သူတွေက တီးတိုးတောင်းဆိုလိုက်ပါ။ ဒကာ၊ ဒကာမတို့က ဒီဘုံရဲ့ ဘယ်နေရာမှာဖြစ်ဖြစ် ကိုယ်တော် ဒကာ၊ ဒကာမတို့ရဲ့ အသံကို ကြားနိုင်တယ်။ ဒါပေမဲ့ အရှင်အင်ပါယာပြောခဲ့တာက အမှန်ပဲဆိုတာကို ကိုယ်တော် ဒကာ၊ ဒကာမတို့ကို ထပ်ပြီး သတိပေးချင်တယ်။ ဒီစစ်ပွဲမှာ သေသွားနိုင်ခြေ အရမ်းများတယ်။ ဒီတော့ ဒကာ၊ ဒကာမတို့ သေသေချာချာ စဉ်းစားဆုံးဖြတ်ဖို့ ကိုယ်တော် အကြံပေးချင်ပါတယ်”
ထျန်းယင်ဗုဒ္ဓအရှင်၏ ကျင့်ကြံခြင်းသည် လောကထဲ၌ ပြောင်းလဲမှုများ ထွက်ပေါ်လာကတည်းက လျင်မြန်စွာ တိုးတက်လာခဲ့ပြီး မဟာအင်ပါယာအဆင့်သို့ပင် ရောက်သွားခဲ့သည်။ သူသည် ဗုဒ္ဓတန်ခိုးတော်ခြောက်ပါးထဲမှ ဒိဗ္ဗသောတကို ကျွမ်းကျင်ပေသည်။ ထို့ကြောင့် သူသည် ကောင်းကင်ဘုံတစ်ခွင်လုံးရှိ အသံများကို ကြားနိုင်သည်။ အကယ်၍ သူသည် ထိုတန်ခိုးတော်ကို ပြီးပြည့်စုံအောင် လုပ်နိုင်ခဲ့လျှင် ဘုံခုနစ်ခုလုံးမှ အရာအားလုံးကို ကြားနိုင်မည်ဖြစ်သည်။
မကြာခင်တွင် ထျန်းယင်ဗုဒ္ဓအရှင်သည် လူများ၏ တောင်းဆိုသံများကို ကြားလိုက်ရ၏။ ထို့နောက် သူသည် ဝူထျန်းဗုဒ္ဓအရှင်ကို ကြည့်ကာ ပြောလိုက်၏။
“ဒီကိစ္စမှာ တပည့်တော် ဝူထျန်းဗုဒ္ဓအရှင်ရဲ့ အကူအညီကို လိုပါတယ်”
ဝူထျန်းဗုဒ္ဓအရှင်သည်လည်း ကျင့်ကြံခြင်း၏အထွတ်အထိပ်သို့ ရောက်နေပြီး ဗုဒ္ဓရောင်ဝါခြေလှမ်းကို ကျွမ်းကျင်ပေသည်။ ထို့ကြောင့် သူသည် ဝေးကွာသော အကွာအဝေးကို အတွေး၏အမြန်နှုန်းဖြင့် သွားလာနိုင်လေသည်။
“ကောင်းပါပြီ”
ဝူထျန်းဗုဒ္ဓအရှင် ခေါင်းညိတ်လိုက်သည်။
“ကျုပ် ကိုယ်တော်တို့နှစ်ပါးစလုံးကို အရမ်းကျေးဇူးတင်ပါတယ်”
ရီဖူရှင်းသည် ထျန်းယင်ဗုဒ္ဓအရှင်နှင့် ဝူထျန်းဗုဒ္ဓအရှင်တို့ကို ဦးညွှတ်လိုက်သည်။ သူသည် ဗုဒ္ဓအရှင်နှစ်ပါး၏ အကူအညီဖြင့် စစ်ပွဲတွင် မိမိဆန္ဒအရ ပါဝင်လိုသည့် ကောင်းကင်ဘုံမှ လူများကို ခေါ်ဆောင်နိုင်တော့ပေမည်။
ဗုဒ္ဓအရှင်နှစ်ပါးသည် လက်အုပ်ချီလိုက်ပြီး အတွေး၏အလျင်ဖြင့် လေထဲတွင် ပျောက်ကွယ်သွားသည်။
ရီဖူရှင်းသည် သူတို့နှစ်ပါး၏ လုံခြုံရေးအတွက် မစိုးရိပ်ပေ။ ထျန်းယင်ဗုဒ္ဓအရှင်သည် ကျယ်ပြောသောကောင်းကင်ဘုံတစ်ခွင်ရှိ အသံအားလုံးကို ကြားနိုင်ပြီး လွန်စွာအားကောင်းသည့် အာရုံခံနိုင်စွမ်း ရှိပေသည်။ ဝူထျန်းဗုဒ္ဓအရှင်သည် ဗုဒ္ဓရောင်ဝါခြေလှမ်းတွင် ဆရာတစ်ဆူဖြစ်သည်။ အကယ်၍ သူတို့နှစ်ပါးသာ ပူးပေါင်းလုပ်ဆောင်လျှင် မည်သူမှ သူတို့၏ အသက်ကို ခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။
အနည်းငယ်ကြာပြီးနောက် ဗုဒ္ဓအရှင်နှစ်ပါးသည် ကျင့်ကြံသူတစ်စုကိုခေါ်၍ ပြန်ရောက်လာကြသည်။ ထိုထဲတွင် ကောင်းကင်အင်ပါယာမြို့တော်မှ လူများလည်း ပါပေသည်။
“ဖန်းစွင်... မင်း လုပ်ရမှာကို လုပ်ပါ”
ရီဖူရှင်းက အမိန့်ပေးလိုက်၏။
“ဟုတ်ကဲ့ပါ ဆရာ”
ဖန်းစွင် ခေါင်းညိတ်လိုက်ပြီး နောက်လှည့်ကာ ကျင့်ကြံသူစစ်တပ်ထံသို့ သွားလိုက်လေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဗုဒ္ဓအရှင်နှစ်ပါးသည် ထိုနေရာမှ ထွက်ခွာသွားပြီး ကောင်းကင်ဘုံရှိ အခြားနေရာများသို့ ဦးတည်သွားလိုက်ကြသည်။
ရီဖူရှင်းက ကောင်းကင်နန်းတော်ထိပ်တွင် ရပ်ကာ စိတ်ရှည်လက်ရှည် စောင့်နေသည်။
နောက်ဆုံးတွင် ကောင်းကင်ဘုံ၏ အထက်ကောင်းကင်နေရာအနှံ့တွင် ကြောက်မက်ဖွယ်မုန်တိုင်းများ ဖြစ်ပေါ်လာ၏။ ထို့နောက်တွင် နေရာအသီးသီး၌ များစွာသော အာကာသလမ်းကြောင်းများ ထွက်ပေါ်လာလေသည်။ လျှပ်တစ်ပြက်အတွင်းမှာပင် လူသားဘုံမှ စစ်တပ်များသည် ကောင်းကင်မှနေ၍ ဆင်းသက်လာကြသည်။ သူတို့သည် အောက်ဘက်သို့ ငုံ့ကြည့်ကာ ခနဲ့တဲ့တဲ့ ပြုံးနေကြသည်။
လူသားဘုံသည် ဘုံခုနစ်ခုလုံးကို သိမ်းပိုက်တော့ပေမည်။ သူတို့သည် ဤသမိုင်းတွင်မည့်ဖြစ်စဉ်တွင် ကိုယ်တိုင်ဝင်ပါကာ ကိုယ်တိုင်တွေ့မြင်ရမည်ဖြစ်သည်။
ဗုဒ္ဓအရှင်နှစ်ပါးသည် လူများကို သူတို့နှင့်အတူ ကောင်းကင်အင်ပါယာနန်းတော်သို့ ထပ်မံခေါ်ဆောင်လာသည်။ ရီဖူရှင်းသည် အတွေးတစ်ချက်ဖြင့် ကောင်းကင်(၉၉)လွှာရှိ ကျင့်ကြံသူအားလုံးကို ဆန်းကြယ်သော စွမ်းအားဖြင့် လွှမ်းခြုံလိုက်သည်။ ထို့နောက်တွင် သူတို့၏ခန္ဓာကိုယ်များသည် မြင်ကွင်းမှပျောက်ကွယ်သွားသည်။ သူတို့သည် သူ၏ကောင်းကင်လမ်းစဉ်အသေးစား ဖန်တီးထားသော သူ၏ကိုယ်တွင်းလောကအတွင်းသို့ ခေါ်ဆောင်သွားခြင်း ခံလိုက်ရခြင်းပင်။
သူ၏ ကောင်းကင်ဘုံစစ်တပ်သည် သူ၏ကိုယ်တွင်းလောကထဲတွင် ကျင့်ကြံနိုင်မည်ဖြစ်သည်။ ယင်းစစ်တပ်သည် သူသွားလေရာပါမည့် စစ်တပ်တစ်တပ်ဖြစ်ပေသည်။
ကောင်းကင်အင်ပါယာမြို့တော်အထက်ရှိ ကောင်းကင်တွင် မွန်းကျပ်ဖွယ်နတ်ဘုရားအရှိန်အဝါ ပျံနှံ့သွားသည်။ ကောင်းကင်သည် အရောင်ပြောင်းသွားပြီး လွှမ်းမိုးအားကြီးသော အင်ပါယာအရှိန်အဝါသည် ကောင်းကင်အင်ပါယာမြို့တော်အတွင်းမှ လူအားလုံးကို ဖိနှိပ်သွား၏။ သူတို့အားလုံးသည် ကောင်းကင်ကို ကြောက်ရွံ့စွာ ငေးကြည့်ရင်း လောကအဆုံးသတ် ရောက်လာပြီဟု ခံစားနေရကြသည်။
ယခုကတည်းက နတ်ဘုရားစစ်တပ် ထွက်ပေါ်လာပြီလော။