အဖေနှင့်သား မဟာမိတ်
Vol. 204 Ch. 2908
ကောင်းကင်နေရာအနှံ့တွင် နတ်ဘုရားများစွာ ထွက်ပေါ်လာ၏။
ကောင်းကင်အင်ပါယာမြို့တော် တစ်ခွင်လုံး အထက်ရှိ ကောင်းကင်အရောင် ပြောင်းလဲသွား၏။ နေရာအနှံ့တွင် နတ်ဘုရားများ ရှိနေပြီး ကောင်းကင်အင်ပါယာမြို့တော်ကို ကြောက်မက်ဖွယ် နတ်စွမ်းအားက လွှမ်းခြုံသွားသည်။
ကောင်းကင်အင်ပါယာမြို့တော်မှ ကျင့်ကြံသူများအားလုံး ကြောက်ရွံ့သွားကြသည်။ သူတို့သည် လူသားဘိုးဘေးက ရှေးခေတ်မှ မဟာအင်ပါယာများ ပြန်လာနိုင်ရန် ကူညီခဲ့သည်ဟု ကြားခဲ့ကြသည်။ သို့သော် အရေအတွက်သည် ဤမျှ များလိမ့်မည်ဟု သူတို့ မထင်ခဲ့ပေ။ လူသားဘိုးဘေးသည် ရှေးဟောင်းအင်ပါယာများကို ပြန်ရှင်သန်လာအောင် အဘယ်သို့ လုပ်ခဲ့သနည်း။
ကောင်းကင်အင်ပါယာ ရီဖူရှင်းက ကောင်းကင်အင်ပါယာနန်းတော်ကို စွန့်ခဲ့ခြင်းမှာ အံ့ဩစရာ မရှိတော့ပေ။ သူတို့ဘက်မှ မဟာအင်ပါယာများနှင့် ရန်သူဘက်မှ မဟာအင်ပါယာများသည် အဆင့်မတူပေ။ အရေအတွက်လည်း ကွဲပြားပေသည်။
“ကောင်းကင်အင်ပါယာ ထွက်မသွားဘူး”
လူများစွာသည် ကောင်းကင်အင်ပါယာမြို့တော်အထက်ရှိ ငွေဖြူရောင်ဆံပင်နှင့် လူကို ကြည့်လိုက်ကြသည်။ သူတို့သည် ရီဖူရှင်းအတွက် စတင်စိုးရိမ်လာကြသည်။
နတ်ဘုရားများသည် သတ်ဖြတ်ရောင်လွှမ်းသော မျက်ဝန်းများဖြင့် ရောက်လာခဲ့ကြပေပြီ။ ကောင်းကင်နေရာအနှံ့တွင် မဟာအင်ပါယာများရှိနေပြီး ဤနေရာရှိ ကောင်းကင်ကို ပိတ်ဆို့ထားကြသည်။
“အဲဒီလူတွေက ဘယ်ရောက်သွားတာလဲ”
အော်ပြောလိုက်သော အသံတစ်သံကို ကြားလိုက်ရ၏။ ကောင်းကင်ထဲတွင် လူသားဘိုးဘေး၏ မျက်နှာ ထွက်ပေါ်လာလေသည်။ သူ၏ အရှိန်အဝါသည် ကြောက်မက်ဖွယ်ကောင်း၏။ ရီဖူရှင်းက ကောင်းကင်(၉၉)လွှာမှ ကျင့်ကြံသူအားလုံးကို ခေါ်သွားခဲ့၏။ သူတို့သည် တိုက်ရိုက် ပျောက်ကွယ်သွားသည်။
၎င်းသည် လောကအသေးစားလော။
ရီဖူရှင်းသည် လူသားဘိုးဘေး၏ မျက်နှာကို ကြည့်လိုက်သော်လည်း ပြန်မဖြေခဲ့ပေ။ ထိုအစား သူသည် နတ်ဘုရားများကို ကြည့်၍ ပြောလိုက်၏။
“လူသားဘိုးဘေးက ဘာနည်းလမ်းတွေသုံးပြီး ခင်ဗျားတို့ ပြန်လာနိုင်အောင် ကူညီခဲ့လည်းတော့ ကျုပ် မသိဘူး။ ဒါပေမဲ့ ခင်ဗျားတို့ ပြန်ရောက်လာပြီဆိုတော့ အဲဒါကို တန်ဖိုးထားသင့်တယ်။ လက်ရှိခေတ်က ပဋိပက္ခတွေမှာ ဝင်မပါနဲ့”
နတ်ဘုရားအားလုံးသည် ရီဖူရှင်း၏စကားကို ကြားလိုက်သောအခါ အံ့အားသင့်သွားကြသည်။ ထိုစဉ် စွမ်းအားကြီးသော အသံတစ်သံ ထွက်လာ၏။
“ဒီနေ့ခေတ်က မဟာအင်ပါယာတွေအားလုံးက ဒီလိုပဲ စိတ်ကြီးဝင်နေကြတာလား”
သူတို့အားလုံးသည် ကောင်းကင်လမ်းစဉ် မပြိုပျက်ခင်ခေတ်က မဟာအင်ပါယာများဖြစ်ကြသည်။ အချို့သည် အလွန်စွမ်းအားကြီးသော မဟာအင်ပါယာများ ဖြစ်ခဲ့ကြသည်။ ရီဖူရှင်းသည် ဂျူနီယာတစ်ယောက်သာဖြစ်သည်။ သူသည် အောင်မြင်မှုများစွာ ရခဲ့သော်လည်း စီနီယာများကို ထိုကဲ့သို့ ပြောခြင်းသည် စိတ်ကြီးဝင်နေခြင်းဖြစ်သည်ဟု သူတို့ ခံစားရပေသည်။
“ဒီခေတ်က အရင်ကခေတ် မဟုတ်တော့ဘူး”
ရီဖူရှင်း ပြောလိုက်၏။
“ခင်ဗျားတို့က နတ်ဘုရားဟောင်းတွေပဲ... ဒီနေ့ခေတ်ရဲ့ ကျင့်ကြံခြင်းလောကနဲ့ နေသားကျအောင် နေသင့်တယ်။ အခု ခင်ဗျားတို့ ပြန်ဆုတ်သွားမယ်ဆိုရင် ဘာမှ မဖြစ်ခဲ့သလို ကျုပ် သဘောထားပေးလိုက်မယ်”
“ငါတို့ ပြန်မဆုတ်ဘူး ဆိုရင်ရော”
ရှေးဟောင်းအင်ပါယာတစ်ပါးက မေးလိုက်သည်။
“ခင်ဗျားတို့ ပြန်မဆုတ်ဘူးဆိုရင် ခင်ဗျားတို့က ကျုပ်ရဲ့ ရန်သူတွေဆိုတဲ့ အဓိပ္ပာယ်ပဲ။ ခင်ဗျားတို့ ထပ်သေသွားရင် ထပ်ရှင်လာဖို့ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူးနော်”
ရီဖူရှင်းက ပြန်ပြောလိုက်၏။
“ရီဖူရှင်း”
လူသားဘိုးဘေး၏ ကြောက်မက်ဖွယ်အရှိန်အဝါသည် ရီဖူရှင်းအပေါ် ဖိနှိပ်လိုက်ပြီး သူပြောလိုက်၏။
“မင်းက မင်းအဖေဒွန်ဟောင်ထက် ပိုပြီး ရဲတင်းတာပဲ”
သူသည် ထိုသို့ပြောပြီးနောက် ကောင်းကင်သို့ မော့ကြည့်ကာ ပြောလိုက်၏။
“ဒွန်ဟောင်... ခင်ဗျားလည်း ထွက်လာခဲ့”
သူ ပြောပြီးချိန်တွင် ရီဖူရှင်းအထက်ရှိ ကောင်းကင်ထဲတွင် လူတစ်ယောက် ထွက်ပေါ်လာ၏။ အဖေနှင့်သားသည် အထက်အောက် ရပ်နေကြပြီး သူတို့ကို ရှေးဟောင်းနတ်ဘုရားများက ဝန်းရံထားလေသည်။
“ဖူရှင်း... ဒီတစ်ခေါက်က ငါတို့ အဖေနဲ့သားအနေနဲ့ ပထမဆုံး တိုက်ခိုက်တာပဲ။ ငါတို့က ရှေးခေတ်က နတ်ဘုရားတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး။ ငါတို့ ဘယ်နှစ်ယောက်လောက် သတ်နိုင်လိမ့်မယ်လို့ မင်းထင်လဲ”
အရှင်ဒွန်ဟောင်က ရီဖူရှင်းကို မေးလိုက်သည်။ ရဲတင်းမှုတွင် သူသည်လည်း ရီဖူရှင်းထက် မနိမ့်ပေ။
အဖေနှင့်သားသည် ခေတ်သစ်မှ မဟာအင်ပါယာများ ဖြစ်ကြသည်။ တစ်ဘက်မှသူများမှာမူ လူသားဘိုးဘေးအပါအဝင် ရှေးဟောင်းအင်ပါယာများ ဖြစ်ကြသည်။ လူသားဘိုးဘေးသည် နှစ်ပေါင်းများစွာ ရှင်သန်ခဲ့သူဖြစ်သည်။ သူသည် ရှေးခေတ်မှ လက်ရှိခေတ်အထိ နေထိုင်ခဲ့သည်။
အရှင်ဒွန်ဟောင် ပြောသကဲ့သို့ပင် ဤတိုက်ပွဲသည် လက်ရှိအင်ပါယာများနှင့် ရှေးဟောင်းအင်ပါယာများကြားမှ တိုက်ပွဲဖြစ်လေသည်။
ကောင်းကင်အင်ပါယာမြို့တော်မှ ကျင့်ကြံသူများသည် အောက်ဘက်ကောင်းကင်တွင် ရပ်ကာ အထက်ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။ အရှင်ဒွန်ဟောင်၏ စကားများသည် သူတို့ကို အပြင်းအထန် ရင်ခုန်နေစေလေသည်။ သူတို့၏ သွေးများလည်း ဆူပွက်နေကြသည်။ အဖေနှင့်သားသည် နတ်ဘုရားများကို တိုက်ခိုက်တော့ပေမည်။
အရှင်ဒွန်ဟောင်သည် သူတို့ အရေအတွက်မည်မျှ သတ်နိုင်မည်နည်းဟု မေးခဲ့သည်။
“ကျုပ်တို့ များများသတ်နိုင်လေလေ ကောင်းလေလေပဲ”
ရီဖူရှင်းက ပြန်ဖြေလိုက်သည်။
“အဖေ... တကယ်လို့ အမေသာ ဒီမှာရှိသေးရင် ကျုပ်တို့ သုံးယောက် ပေါင်းတိုက်လိုက်လို့ကတော့ သူတို့ဘက်မှာ ဘာအခွင့်အရေးမှ ရှိမှာ မဟုတ်ဘူး”
“တကယ်လို့ မင်းအမေသာ ဒီမှာရှိနေရင် သူတစ်ယောက်တည်းနဲ့ လုံလောက်ပါပြီ”
အရှင်ဒွန်ဟောင် ပြန်ပြောလိုက်၏။
“အရှက်မရှိတဲ့ စကားပဲ”
လူသားဘိုးဘေး၏ အသံသည် ကောင်းကင်ထဲတွင် ပဲ့တင်ထပ်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော ညစ်ညမ်းသည့် နတ်လျှပ်စီးသည် ကောင်းကင်ထဲတွင် ထွက်ပေါ်လာပြီး ကောင်းကင်နှင့်နေကို ကာရံသွားသည်။ ထိုလျှပ်စီးသည် ရီဖူရှင်းနှင့် အရှင်ဒွန်ဟောင်တို့၏ အထက်ကောင်းကင်တွင် ဝဲနေသည်။
ဝုန်း...
အရှင်ဒွန်ဟောင်၏ အတွေးတစ်ချက်ဖြင့် ထုတ်ဖော်ခြင်းနတ်စွမ်းအားသည် ကျယ်ပြောသော ကုန်းမြေကို ရုတ်ခြည်းလွှမ်းခြုံသွားပြီး ကောင်းကင်အင်ပါယာမြို့တော်တစ်ခွင်လုံးကို ကာရံသွားသည်။ ထုတ်ဖော်ခြင်းနတ်စက်ကွင်းအတွင်းရှိ နတ်စွမ်းအား,အားလုံးသည် ချိပ်ပိတ်ခံလိုက်ရ၏။ ထိုရှေးဟောင်းနတ်ဘုရားများ၏ နတ်စွမ်းအားများသည်လည်း ကန့်သတ်ခံလိုက်ရလေသည်။
ထုတ်ဖော်ခြင်းနတ်စွမ်းအား ကောင်းကင်အင်ပါယာမြို့တော်ကို လွှမ်းခြုံသွားသည့် အခိုက်တွင် ရီဖူရှင်း၏ခန္ဓာကိုယ် လှုပ်ရှားသွားသည်။ သူသည် လျှပ်တစ်ပြက်အတွင်း မဟာအင်ပါယာတစ်ပါး၏ရှေ့တွင် ပေါ်လာကာ သူ၏လက်ဝါးကို ရှေ့သို့ တွန်းလိုက်သည်။
ရီဖူရှင်း၏လက်ဝါးတွင် လွန်စွာ တောက်ပသောနတ်အလင်း လင်းလက်နေပြီး ၎င်းအပေါ်တွင် အင်ပါယာသင်္ကေတများ ပါလေသည်။ သူသည် မယုံနိုင်လောက်အောင် လွှမ်းမိုးအားကြီးနေပြီး လောကအတွင်းရှိ အရာအားလုံးကို ဖိချေပစ်နိုင်ပေသည်။
ထိုမဟာအင်ပါယာသည် ထိပ်တန်းမဟာအင်ပါယာ မဟုတ်ပေ။ ထို့အပြင် သူ၏နတ်စွမ်းအားသည်လည်း ကန့်သတ်ခံထားရသည်။ သူ့ထံသို့ မဟာအင်ပါယာ၏ အလွန်စွမ်းအားကြီးသော ချိပ်စည်းတစ်ခု ပျံဝင်လာသည်။ ၎င်းသည် တိုက်ရိုက် ဖိနှိပ်နေပြီး သူ့မြင်ကွင်းတွင် အင်ပါယာသင်္ကေတများ ကြီးထွားလာလေသည်။ ၎င်းသည် လောကတစ်ခုကဲ့သို့ပင်။ သူ မည်သို့ ထွက်ပြေးစေကာမူ သူသည် ထိုနတ်ချိပ်စည်း၏ တိုက်ခိုက်မှုအောက်တွင် ရှိနေဦးမည်ဖြစ်သည်။
ဝုန်း...
သူ၏နတ်စွမ်းအားသည် ရွှမ်းဝူသားရဲ့အကာအရံအဖြစ် ပြောင်းသွားပြီး သူ့ခန္ဓာကိုယ်ကို ကာကွယ်လိုက်၏။ သို့သော် မဟာအင်ပါယာချိပ်စည်း ကျဆင်းလာသောအခါ ယင်းအကာအရံသည် ချက်ချင်းကွဲအက်သွားသည်။ ထို့အပြင် သူသည် ထုတ်ဖော်ခြင်းနတ်စက်ကွင်း၏ ချုပ်နှောင်မှုကိုလည်း ခံထားရပေသည်။ သူသည် ရီဖူရှင်း၏လက်ဝါးကို မည်သို့ ခုခံနိုင်ပါမည်နည်း။
ဝုန်း...
ကျယ်လောင်သော အသံတစ်သံနှင့်အတူ ရွှမ်းဝူသားရဲ ဖျက်ဆီးခံလိုက်ရလေသည်။ မဟာအင်ပါယာချိပ်စည်းသည် သူ့ခန္ဓာကိုယ်အပေါ် ကျဆင်းသွားပြီး သူ၏ရုပ်ခန္ဓာကိုယ် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေသည်။ သူ၏ စိတ်ဝိညာဉ်သည် ထွက်ပြေးလိုနေ၏။ သို့သော် အင်ပါယာသင်္ကေတသည် အဖျက်နတ်အလင်း ထုတ်လွှတ်လိုက်ပြီး ယင်းကို တိုက်ရိုက် ဖျက်ဆီးလိုက်လေသည်။ သူ၏ဝိညာဉ်သည် ကွဲပျက်ကာ သေဆုံးသွားသည်။
ယခင်က ကောင်းကင်လမ်းစဉ် ကမ္ဘာဖျက်ကပ်ဘေးများကို ထုတ်လွှတ်လိုက်စဉ်တွင် လောကတစ်ခွင်လုံးရှိ မဟာအင်ပါယာများကို ပစ်မှတ်ထားခဲ့သည်။ ထို့ကြောင့် နတ်ဘုရားများစွာသည် ကပ်ဘေးများအောက်တွင် သေဆုံးခဲ့သည်။ သို့သော် မဟာအင်ပါယာအနည်းငယ်သည် အခြားနည်းလမ်းများသုံး၍ ရှင်သန်ခဲ့သည်။
သို့သော် ရီဖူရှင်းသည် သူတို့ကို ထိုအခွင့်အရေး မပေးပေ။ သူသည် သူ၏အကြွင်းမဲ့စွမ်းအားဖြင့် သူတို့ကို ဝိညာဉ်ကွဲပျက်ကာ သေဆုံးသွားစေ၏။ ထိုမှသာ လုံးဝသေဆုံးသွားသည်ဟု ဆိုနိုင်မည်ဖြစ်သည်။
သူတို့သာ ဤသို့ပြန်လာနိုင်ခဲ့သည့် အခွင့်အရေးကို တန်ဖိုးမထားလျှင် သူတို့ မည်သည့်အခါမှ နောက်ထပ်အခွင့်အရေး ရတော့မည်မဟုတ်ဟု အစောက သူပြောခဲ့သည်။
မဟာအင်ပါယာတစ်ပါးသည် ရီဖူရှင်း၏ သတ်ဖြတ်မှုကို ခံခဲ့ရပေပြီ။ ထို့ကြောင့် ကောင်းကင်အင်ပါယာမြို့တော်မှ ကျင့်ကြံသူများ ရင်ခုန်မြန်သွားကြသည်။ သို့သော် ရီဖူရှင်း တိုက်ခိုက်လိုက်သည့်အခိုက်တွင် ကောင်းကင်ရှိ အခြားနတ်ဘုရားများသည်လည်း ပြန်တုံ့ပြန်နိုင်ခဲ့ကြသည်။ သူတို့သည် ထုတ်ဖော်ခြင်းနတ်စက်ကွင်း၏ အချုပ်အနှောင်အောက်တွင် သူတို့၏ နတ်စွမ်းအားများကို အဆုံးစွန်ထိ ထုတ်လိုက်ကြသည်။ ထိပ်တန်းမဟာအင်ပါယာများစွာတွင် ကြောက်မက်ဖွယ် နတ်စွမ်းအားများ ရှိပြီး ထုတ်ဖော်ခြင်းနတ်စက်ကွင်း၏ အချုပ်အနှောင်ကို ချိုးဖျက်လိုက်ကြသည်။
ကောင်းကင်ထဲရှိ လျှပ်စီးရင်းမြစ်ဓားများသည် ရုတ်ခြည်း ရီဖူရှင်းကို တိုက်ခိုက်လိုက်ကြသည်။ သို့သော် ရီဖူရှင်းအထက်ရှိ ကောင်းကင်တွင် အရှင်ဒွန်ဟောင် ထွက်ပေါ်လာလေသည်။ သူသည် ထုတ်ဖော်ခြင်းနတ်စက်ကွင်းကို အစွမ်းကုန် ထုတ်လိုက်ပြီး ကောင်းကင်သို့ လက်ချောင်းညွှန်ကာ အထက်မှ ကျဆင်းလာသည့် တိုက်ခိုက်မှုများကို ကာရံလိုက်သည်။
သို့ပင်လျှင် အဖျက်နတ်စွမ်းအားတန်းများသည် ရီဖူရှင်းထံ ပျံဝင်သွားသေးပြီး သူ့ကိုယ်ပေါ်သို့ ကျဆင်းသွားကြသည်။
ထိပ်တန်းမဟာအင်ပါယာများ၏ တိုက်ခိုက်မှုများသည် မယုံနိုင်လောက်အောင် လျင်မြန်ပေသည်။ ထိုအဖြစ်အပျက်များသည် အတွေးတစ်ချက်စာအတွင်း ဖြစ်ပျက်သွားခြင်းပင်။ ရီဖူရှင်းသည် မဟာအင်ပါယာများ၏ ဝန်းရံမှုကို ခံထားရသော်လည်း မဟာအင်ပါယာတစ်ပါးကို သတ်ခဲ့သည်။ ထို့ကြောင့် သူသည် အခြား စွမ်းအားကြီး အင်ပါယာများ၏ တိုက်ခိုက်မှုများကို ခံရမည်သာဖြစ်သည်။
သို့သော် ထိုတိုက်ခိုက်မှုများ ကျဆင်းလာသည်နှင့် တစ်ပြိုင်နက် ကိုးရောင်ခြယ်နတ်အလင်းသည် ရီဖူရှင်းကို ရစ်သိုင်းသွားသည်။ ယင်းအလင်းသည် ကြောက်မက်ဖွယ် စည်းမျဉ်းနတ်စွမ်းအားအဖြစ် ပြောင်းလဲသွားပြီး ဝင်ရောက်လာသော တိုက်ခိုက်မှုများကို တိုက်ရိုက်ပယ်ဖျက်လိုက်လေသည်။ ၎င်းသည် နဂါးကိုးကောင်သန့်စင်ချီပင်။
ထိုအခိုက်တွင် ရီဖူရှင်းသည် ပြန်ရှင်သန်လာသော ရှေးဟောင်းအင်ပါယာတစ်ပါးကဲ့သို့ ပြိုင်ဘက်ကင်းနေသည်။
သူ၏အမေသည် ကောင်းကင်(၉၉)လွှာတွင် ကောင်းကင်လမ်းစဉ် ချန်ပေးခဲ့သည်။ ယခုတွင် သူသည် ထိုကောင်းကင်လမ်းစဉ်၏ စွမ်းအားကို အမွေဆက်ခံခဲ့ပြီဖြစ်သည်။ သူသည် ယခင်က ကျိဝူတောက် အမွေဆက်ခံခဲ့သော စွမ်းအားများကို အမွေဆက်ခံနိုင်ပေသည်။ ထိုစွမ်းအားများသည် သူနှင့် ပို၍ လိုက်ဖက်ညီပေသည်။
ကောင်းကင်အင်ပါယာချိပ်စည်းဖြစ်စေ နဂါးကိုးကောင်သန့်စင်ချီဖြစ်စေ ယင်းတို့အားလုံးသည် သူ့အမေချန်ထားခဲ့သော စွမ်းအားများဖြစ်သည်။ သူသည် ယင်းစွမ်းအားများကို အမွေဆက်ခံခဲ့ပြီးဖြစ်လေသည်။