ကွမ်းမင်ဂိုဏ်း၏ကွင်းဆက်ကြိုးများ
Vol. 50 Ch. 701
အခန်း (၇၀၁) ကွမ်းမင်ဂိုဏ်း၏ကွင်းဆက်ကြိုးများ
မြောက်ပင်လယ်ဓားခန်းမ တည်ရှိရာ မော်လူဒေသ ၊ ဓားချီကမ္ဘာ မည်မျှနာမည်ကျော်ကြားကြောင်း ရန်ကျောက်ကဲ ကြားဖူးသည်မှာ ကြာခဲ့ပေပြီ။
တာ့ရွှမ်တိုင်းပြည်က “ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်” အသုံးပြုကာ ဓားချီကမ္ဘာကို ချိုးဖျက်ရန် ကြံစည်စဉ် ရန်ကျောက်ကဲက သူတို့၏အစီအစဉ်များကို ဖျက်ဆီးပစ်ခဲ့သည်။ သို့သော် သူကိုယ်တိုင်က ထိုနယ်မြေသို့ မရောက်ဖူးပေ။
ယခု တာ့ရွှမ်တိုင်းပြည် ပြန်လည်ဆုတ်ခွာသွားသည့်အခါ ရန်ကျောက်ကဲက ဤနေရာသို့ ဂုဏ်သရေရှိ ဧည့်သည်တော်တစ်ယောက်အဖြစ် ရောက်ရှိလာသည်။
ဓားချီကအသက်ဝင်နေခြင်းမရှိသည့်တိုင် မော်လူဒေသအနီးတစ်ဝိုက်သို့ ရောက်လာသည်နှင့် ပြင်းထန်သော ဓားဝိညာဉ်သိပ်သည်းမှုများကို ပတ်ဝန်းကျင်တစ်လျှောက် ခံစားနိုင်သည်။ ထိုဓားချီများက အရပ်မျက်နှာအသီးသီးမှ သူတို့ရှိရာသို့ ဝင်ရောက်တိုက်ခိုက်လာသည်ပင်။
ကျင့်ကြံခြင်းအဆင့်မြင့်မားလေ ဓားချီကို ပိုပြီးရှင်းရှင်းလင်းလင်း ခံစားရလေ ဖြစ်သည်။
ရန်ကျောက်ကဲက ပတ်ဝန်းကျင်ကို သေသေချာချာ စိတ်ဝင်တစားစူးစမ်းလေ့လာသည်။ ဓားချီများကပုံသဏ္ဌန်မရှိ ၊ အသံမရှိသော်လည်း ပတ်ဝန်းကျင်တစ်ခွင်ပျံ့နှံ့နေပြီး အရာအားလုံးကို လွှမ်းခြုံထားသည်။
“ဒီလို ကြီးကျယ်ခမ်းနားတဲ့ အခြေခံအုတ်မြစ်က တကယ့်ကိုရှားပါးတာပဲ”
ရန်ကျောက်ကဲက ဖြည်းညင်းစွာခေါင်းညိတ်ရင်း ဆိုသည်။
ဤသို့သော ဓားချီကမ္ဘာပတ်ဝန်းကျင်တွင် နေထိုင်ရသော မြောက်ပင်လယ်ဓားခန်းမမှ တပည့်များအနေဖြင့် အချိန်တိုင်း နေရာပေါင်းစုံမှ တိုက်ခိုက်ခံရသလို ဖြစ်နေလေရာ သူတို့အားလုံးမှာ ဓားသွေ့ကျောက်များပမာ အချိန်ပြည့်လေ့ကျင့်နေကြသလို ဖြစ်ကြရ၏။
အချိန်ကြာလာသည်နှင့်အမျှ ဤသို့ လေ့ကျင့်ရခြင်း များပြားလာသည့်အခါ အလွန်တရာကြွယ်ဝသော ကျင့်ကြံမှုကို ရရှိမည် ဖြစ်သည်။ ဤနေရာတွင် နေထိုင်ပါက အချိန်တိုင်းသတိရှိပြီး အဆက်မပြတ် လေ့ကျင့်နေရမည်ဖြစ်ရာ အတွေ့အကြုံများပြားနေမည် ဖြစ်သည်။
မြောက်ပင်လယ်ဓားခန်းမမှ တပည့်များ၏ ပျမ်းမျှအရည်အသွေးသည် ကျူတောပင်လယ်ဒေသတစ်ခုလုံးတွင် အမြင့်မားဆုံးအဖြစ် လူသိရှင်ကြား အသိအမှတ်ပြုခံရသည်မှာ အံ့သြစရာ မရှိတော့ပေ။
ယွဲ့ပေါင်ချီက ရန်ကျောက်ကဲတို့အုပ်စုအား ဦးဆောင်လမ်းပြလျှက် အတူတကွ လမ်းလျှောက်လာကြသည်။
“ဒီဘက်ကြွပါ ‘ရန်’ သခင်လေး”
ရန်ကျောက်ကဲက ပြုံးလျှက် ခေါင်းညိတ်လိုက်ပြီး ဖန်းယွင်ရှန်း ၊ အားဟူတို့နှင့်အတူ သူမနောက်သို့ လိုက်ပါသွားသည်။
လမ်းတစ်လျှောက်တွင် ရန်ကျောက်ကဲမှာ မြောက်ပင်လယ်ဓားခန်းမမှ တပည့်အချို့၏ စူးစမ်းသောအကြည့်များကို လက်ခံရရှိခဲ့သည်။
ထို့ပြင် အခြားသော သိုင်းဂိုဏ်းပေါင်းစုံမှ သိုင်းသမားများလည်း ဤနေရာတွင် စုရုံးရောက်ရှိနေကြောင်း တွေ့မြင်ရသည်။ ကွမ်းမင်ဂိုဏ်း ၊ ယိုးမင်ဂိုဏ်း ၊ ကြေးနီကျွန်းနှင့် ကျူတောပင်လယ်ဒေသမှ အခြားသောသိုင်းသမားအချို့လည်း ရှိနေကြသည်။
ဤလူများအားလုံးက တာ့ရွှမ်မင်းဆက်၏အုပ်ချုပ်မှုကိုမကျေနပ်သဖြင့် တော်လှန်ရေးတပ်ဖွဲ့များဖြင့် ပူးပေါင်းခဲ့ကြသူများ ဖြစ်၏။
အားလုံးက ရန်ကျောက်ကဲအား ပွင့်ပွင့်လင်းလင်းတစ်သွယ် ခိုးကြောင်ခိုးဝှက်တစ်မျိုး လေ့လာအကဲခတ်နေကြ၏။
သိုင်းသမားတစ်ယောက်က...
“တာ့ရွှမ်တိုင်းပြည်ဆုတ်ခွာသွားတာ ဒီကောင်လေးကြောင့်တဲ့လား ၊ လုံးဝ ထင်မထားဘူး”
နောက်တစ်ယောက်က...
“အဓိကအချက်ကတော့ အရှေ့တောင်ထိပ်တန်းအရှင်သခင် အမျက်ရှတာကြောင့်လို့ သတင်းကြားတယ်”
“အဲဒါကမှ ပိုပြီးနားလည်ပေးနိုင်သေးတယ်”
“ဒါပေမဲ့ ရန်ကျောက်ကဲသာသွားမရှို့ရင် အရှေ့တောင်ထိပ်တန်းမျိုးနွယ်တွေလည်း သိမှာမဟုတ်ဘူးလေ ၊ ဒါက တကယ်ကံကောင်းတာပဲ”
“ဒါပေမဲ့ သူက သိုင်းသူတော်စင် ပထမအဆင့်ပဲ ရှိသေးတာမဟုတ်လား”
“ဟ... ဒီလောက်အသက်ငယ်ငယ်နဲ့ သိုင်းသူတော်စင်အဆင့်ရောက်နေတာ ထူးဆန်းတယ်မဟုတ်ဘူးလား ၊ ကျူတောပင်လယ်ဒေသမပြောနဲ့ မိုးအောက်မြေပြင်မှာတောင် ဒီလိုလူမျိုး ဘယ်နှစ်ယောက် ရှိလို့လဲ”
“အေးလေ... ပြီးတော့ သတင်းပို့တဲ့ကိစ္စကတော့ ကျင့်ကြံခြင်းအဆင့်နဲ့ မဆိုင်လောက်ပါဘူး ၊ လူတစ်ယောက်က စွမ်းအားအလုံအလောက်မြင့်မားနေမယ်ဆိုရင် အရှေ့တောင်ထိပ်တန်းအရှင်သခင်လို ဖြစ်သွားမှာပေါ့ ၊ ပြောနေစရာတောင်မလိုဘူး ၊ အခုကြည့်လေ ... သူ အမျက်ရှလိုက်တာနဲ့တင် တာ့ရွှမ်တိုင်းပြည် တပ်ခေါက်သွားပြီ မဟုတ်ဘူးလား”
“ဒါပေမဲ့ကွာ... သိုင်းသူတော်စင် ပဉ္စမအဆင့် တန်ခိုးစွမ်းအားရှင် (၂)ယောက်လက်ထဲက ဘယ် ပထမအဆင့် သိုင်းသူတော်စင်က လွတ်အောင်ပြေးနိုင်မှာလဲ ၊ မင်းလည်းမပြေးနိုင်ဘူး ၊ ငါလည်းမပြေးနိုင်ဘူး ၊ မင်းတို့ဂိုဏ်းက အကြီးအကဲတွေဆိုရင်တောင် မဖြစ်နိုင်ဘူး”
“သူ ဘယ်လိုနည်းလမ်းနဲ့ထွက်ပြေးသလဲဆိုတာ မင်းသိနိုင်မှာမို့လို့လား”
“ကိစ္စတစ်ခုနှစ်ခုဆိုရင် တိုက်ဆိုင်တာလို့ ပြောနိုင်ပေမယ့် အတော်များများဖြစ်လာရင်တော့ တိုက်ဆိုင်တာ မဟုတ်တော့ဘူး ၊ ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်ကိုလည်း အဲဒီ ရန်ကျောက်ကဲပဲ ချိုးဖျက်သွားတယ်ဆိုတာ မမေ့နဲ့ ၊ ကွမ်းမင်ဂိုဏ်းက နုန်ယွိရွှမ်က သူ့ဂုဏ်ပုဒ်ကို ခိုးယူခဲ့တဲ့လူလိမ်ပဲ”
“အမှန်ပဲ... ကွမ်းမင်ဂိုဏ်းက လူယုတ်မာတွေနဲ့ ပြည့်နေတာ”
“ယိုးမင်ဂိုဏ်းကကောင်... မင်းက သေချင်လို့ ဒီစကားပြောတာလား”
“လာလေ... ငါက မင်းကိုကြောက်ရမလား ၊ မင်းကိုမကြောက်လို့ ဒီစကားမျိုး ပြောတာကွ”
တာ့ရွှမ်တိုင်းပြည် ဆုတ်ခွာသွားပြီးနောက် လူတိုင်းအပေါ် ဖိအားများ လျော့ပါးသွာသည်။ ထို့ကြောင့် ယခင်တင်းမာမှုများက မျက်နှာပြင်ထက် ပြန်ပေါ်လာခဲ့သည်။
သူတို့ပြောနေကြသည့်စကားများကို ရန်ကျောက်ကဲ အတိအကျမကြားနိုင်သော်လည်း အကြမ်းဖျင်းခန့်မှန်းနိုင်ခဲ့သည်။
သို့သော် သူက စိတ်မဝင်စားပေ။
ကွမ်းမင်ဂိုဏ်းနှင့် ယိုးမင်ဂိုဏ်းမှ သိုင်းသမားများ ထိပ်တိုက်ရန်ပွဲဖြစ်တော့မည်ကိုတွေ့တော့ ရန်ကျောက်ကဲက တစ်ချက်လှမ်းကြည့်လိုက်သည်။
ဖန်းယွင်ရှန်းနှင့် အားဟူကလည်း ထိုမြင်ကွင်းကိုလှမ်းကြည့်ရင်း အားဟူက အသံပို့လွှတ်စနစ်ဖြင့် စကားဆိုလာသည်။
“သခင်လေး ... ပြဿနာတစ်ခုရှိတယ်”
ရန်ကျောက်ကဲ လှည့်ကြည့်လိုက်တော့ အနှီလူထွားကြီး၏မျက်နှာက ခါတိုင်းလို ရိုးသားတုံးအမှုများ ပျောက်ကွယ်နေပြီး အလွန်တည်ကြည်လေးနက်နေကြောင်း တွေ့ရသည်။
“သခင်လေး... တာ့ရွှမ်တိုင်းပြည်က တိုက်ပွဲတွေ ရပ်လိုက်ပြီဆိုတော့ ... ကွမ်းမင်ဂိုဏ်းနဲ့ တခြားအင်အားစုတွေက သူတို့ကိုရန်သွားမစသရွေ့ သူတို့က ကွမ်းမင်ဂိုဏ်းဌာနချုပ်ကိုသွားတိုက်မှာမဟုတ်တော့ဘူး ၊ သိုသိုသိပ်သိပ်ပဲ နေကြတော့မယ် ၊ ဒါဆို ကွမ်းမင်ဂိုဏ်းအပေါ် ဖိအားတွေ လျော့သွားလိမ့်မယ်”
အားဟူက ဆက်ပြောသည်။
“လက်ရှိမှာ မြောက်ပင်လယ်ဓားခန်းမနဲ့ ယိုးမင်ဂိုဏ်းတို့က ကာကွယ်ပေးနေတဲ့အတွက် ကွမ်းမင်ဂိုဏ်းက ကျွန်တော်တို့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး ၊ ဒါပေမဲ့...”
သူ့မျက်ဝန်းများ အုံ့မှိုင်းသွားပြီး...
“ကွမ်းမင်ဂိုဏ်းက သူတို့ရဲ့စွမ်းအားကို အာရုံစိုက်ပြီး အိမ်တော်သခင်နဲ့ ဝါဒတောင်ကို တိုက်ခိုက်ဖို့ အစွန်းရောက်ရှစ်ပါးကမ္ဘာကို ဆင်းသွားနိုင်မလား”
တာ့ရွှမ်မင်းဆက် ၊ သို့မဟုတ် ယိုးမင်ဂိုဏ်းနှင့် တိုက်ခိုက်နေရသဖြင့် ကွမ်းမင်ဂိုဏ်းမှ လက်ရွေးစင်သိုင်းသမားများမှာ ကျူတောပင်လယ်ဒေသတွင် စုစည်းနေခဲ့ရသည်။ အောက်ဘုံကမ္ဘာသို့ စေလွှတ်ပါက အကန့်အသတ်ဖြင့်သာ စေလွှတ်နိုင်သည်။
သို့သော် ရန်ကျောက်ကဲအပေါ် အငြိုးထားပြီး ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချမှတ်ကာ အင်အားအလံးအရင်းဖြင့် အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ဆင်းသွားမည်ဆိုပါက ယခင်တစ်ချိန် ရင်ဆိုင်ခဲ့ဖူးသော သေးငယ်သည့်တိုက်ပွဲများနှင့် လုံးဝ ကွဲပြားသွးပေလိမ့်မည်။
နတ်ဘုရားသိမြင်ခြင်းသိုင်းသူတော်စင်များအနေဖြင့် အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ သွားရောက်မည်ဆိုလျှင် သူတို့၏ ကျင့်ကြံခြင်းအဆင့်ကို သိုင်းသူတော်စင် တတိယအဆင့်သို့ ဖိနှိပ်ခံရမည် ဖြစ်၏။ သို့သော် နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့်နှင့် နတ်ဘုရားသိမြင်ခြင်း ကနဦးအဆင့်တို့သည်ပင် သိုင်းသူတော်စင် တတိယအဆင့်သို့ ဖိနှိပ်ခံရပါက သိုင်းစွမ်းကွာဟချက်က အလွန်တရာ ကြီးမားသည်မှာ ထင်ရှား၏။
သူတို့စုဆောင်းထားသောအတွေ့အကြုံနှင့် သိုင်းတာအိုအပေါ် နားလည်မှုသတ်မှတ်ချက်များအရ သဘာဝအတိုင်း တန်ခိုးစွမ်းအားကွဲပြားမှုရှိမည် အမှန်ပင်။ ထို့ပြင် ကိုယ်ပိုင်စွမ်းအားအတိုင်းအတာသည်လည်း ကွာဟနိုင်သေးသည်။
တာ့ရွှမ်တိုင်းပြည်နှင့်တိုက်ပွဲက နောက်သို့ ခြေတစ်လှမ်းဆုတ်သွားပြီဖြစ်ရာ ကွမ်းမင်ဂိုဏ်းက အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ အာရုံပြောင်းသွားပါက သူတို့၏ တန်ခိုးစွမ်းအားရှင်များစုစည်းလိုက်မည်ဆိုလျှင် ထိတ်လန့်ဖွယ်ရာ အရေအတွက်တစ်ခု ရှိနေသည်အမှန်ပင်။
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“မဖြစ်နိုင်ဘူးလို့တော့ ပြောလို့မရဘူး ၊ ငါက အရှေ့တောင်ထိပ်တန်းမျိုးနွယ်တွေနဲ့ ဆက်ဆံရေးကောင်းတယ်ဆိုပေမယ့် သူတို့အကာအကွယ်ရယူဖို့ ခိုလှုံခဲ့တာမျိုး မဟုတ်ဘူးလေ”
အားဟူက တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့်...
“ဒါဆို မြောက်ပင်လယ်ဓားခန်းမနဲ့ ယိုးမင်ဂိုဏ်းကို အကူအညီတောင်းရမလား”
ရန်ကျောက်ကဲက...
“သိုင်းသူတော်စင် တတိယအဆင့်ထက် အဆင့်မြင့်တဲ့ သိုင်းကျင့်ကြံသူတွေအနေနဲ့ အောက်ဘုံကမ္ဘာကိုဆင်းလို့ ကျင့်ကြံခြင်းအဆင့် အတင်းအကျပ် ဖိနှိပ်ခံရတယ်ဆိုရင် သူတို့ရဲ့ ရုပ်ခန္ဓာ ပျက်ဆီးထိခိုက်နိုင်တယ်လေ ၊ ငါက သူတို့ကို ကူညီခဲ့တာဆိုတော့ အဲဒီအချက်အကြောင်းပြပြီး မြောက်ပင်လယ်ဓားခန်းမနဲ့ ယိုးမင်ဂိုဏ်းကလူတွေကိ အကူအညီတောင်းနိုင်ပေမယ့် သူတို့အနေနဲ့ အဲဒီမှာ ရေရှည်နေဖို့ဆိုတာ မဖြစ်နိုင်ဘူး”
“ပြီးတော့ သူတို့က သိုင်းသူတော်စင် တတိယအဆင့်အောက် ကျင့်ကြံသူတွေဆိုရင်တော့ အောက်ဆင်းပြီးရင် အထက်ကိုပြန်တက်ဖို့ ခက်ခဲလိမ့်မယ် ၊ အနည်းဆုံးတော့ ရတနာပစ္စည်းတစ်ခုခုမရှိဘဲ လွတ်လွတ်လပ်လပ် သွားလာနိုင်ကြမှာ မဟုတ်ဘူး”
ရန်ကျောက်ကဲက လက်နှစ်ဖက်ဖြန့်ကားရင်း...
“ကွမ်းမင်ဂိုဏ်းက ဘယ်အချိန်လှုပ်ရှားမလဲဆိုတာ ငါတို့မသိနိုင်ဘူး ၊ ရက်ပေါင်းတစ်ထောင် ခိုးဖို့စောင့်နေတဲ့သူခိုးကို တစ်ချိန်တည်းနဲ့စောင့်ကြည့်နိုင်ဖို့ဆိုတာ ခပ်ခက်ခက်ပဲ”
“တကယ်လို့ အခုလောလောဆယ် ငါတို့က ကွမ်းမင်ဂိုဏ်းကိုသွားပြီး ပြဿနာရှာမယ်ဆိုရင်လည်း ယိုးမင်ဂိုဏ်းက ကျေနပ်မှာဖြစ်ပေမယ့် မြောက်ပင်လယ်ဓားခန်းမနဲ့ ကြေးနီကျွန်းကတော့ အဲဒီလိုသဘောထားမှာ မဟုတ်ဘူး ၊ တာ့ရွှမ်တိုင်းပြည်က ရှိနေတုန်းပဲလေ ၊ ပြီးတော့ အရှေ့တောင်ထိပ်တန်းအရှင်သခင်က ဘယ်လိုဆုံးဖြတ်ချက်ချမလဲ မသေချာသေးဘူး မဟုတ်လား”
ရန်ကျောက်ကဲ စကားကိုကြားတော့ အားဟူက ခေါင်းခါယမ်းရင်း...
“အခု နှစ်ဘက်အင်အားကိုယှဉ်ကြည့်မယ်ဆိုရင်... ယိုးမင်ဂိုဏ်းက...”
ရန်ကျောက်ကဲက ရယ်မောရင်း...
"သိပ်လည်းသေချာမနေပါနဲ့"
ထိုစကားကြားတော့ အားဟူအနည်းငယ် စိတ်ဓာတ်တက်ကြွသွားသည်။
“ဒါဖြင့် သခင်လေးမှာ စဉ်းစားထားတဲ့အစီအစဉ် ရှိလို့လား”
ရန်ကျောက်ကဲက...
“ငါ အထက်ဘုံကမ္ဘာကိုရောက်လာတာ ကွမ်းမင်ဂိုဏ်းရဲ့ ခြိမ်းခြောက်မှုကိုဖြေရှင်းနိုင်ဖို့ အဓိကပဲ ၊ ဒါပေမဲ့ နောက်ကွယ်ကနေ လောဘဇောတိုက်နေတဲ့ တာ့ရွှမ်တိုင်းပြည်ကို ကာကွယ်ဖို့လည်း လိုအပ်တယ်”
သူက ဆက်ပြောသည်။
“တာ့ရွှမ်တိုင်းပြည်ရဲ့သတင်းကို ရောင်းစားပြီး အရှေ့တောင်ထိပ်တန်းမျိုးနွယ်တွေနဲ့ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးထူထောင်နိုင်ခဲ့တယ် ၊ အရှေ့တောင်ထိပ်တန်းအရှင်သခင်က တာ့ရွှမ်တိုင်းပြည်ကို အမျက်ရှခဲ့တယ် ၊ ဒီကိစ္စတွေအတွက် ငါ နောင်တမရပါဘူး ၊ ဒါပေမဲ့ ကွမ်းမင်ဂိုဏ်းရဲ့ ကွင်းဆက်ကြိုးတွေကိုတော့ ငါ အစောကြီးကတည်းက စဉ်းစားထားခဲ့တယ် ၊ ဒါက သဘာဝပဲလေ”
“အင်း... ဒီနည်းလမ်းက အသုံးဝင်ပါ့မလားဆိုတာတော့ အတိအကျ မပြောနိုင်သေးဘူး ၊ ငါ့အနေနဲ့ ယိုးမင်ဂိုဏ်းချုပ် ကျိုးဟောက်ရှန်းနဲ့ အရင်တွေ့ကြည့်ရမယ် ၊ သူနဲ့တွေ့ဆုံဖို့အတွက်လည်း ဝူကျိရှိုးကနေတစ်ဆင့် ဖိတ်ကြားခိုင်းထားပါတယ်”