← Chapters

ထာဝရဓားသခင်

Vol. 204 Ch. 2909

ထာဝရဓားသခင်

Vol. 204 Ch. 2909

ထိုစဉ်တွင် ကောင်းကင်ထဲတွင် ဓားအလင်းတန်းတစ်ခု တောက်ပလာသည်။ ထိုဓားအလင်းတန်းသည် ကောင်းကင်အပြင်မှ လာခဲ့သည်ဟု ထင်ရ၏။ ၎င်းသည် အချိန်နှင့်အာကာပြင်ကို ဖြတ်သန်းကာ ထုတ်ဖော်ခြင်းနတ်စက်ကွင်းက နတ်စွမ်းအားများအပေါ် ချုပ်နှောင်ထားမှုများကို တိုက်ရိုက် ခုတ်ဖြတ်သွားသည်။ ၎င်းသည် နဂါးကိုးကောင်သန့်စင်ချီအတွင်း ဝင်သွားပြီး ရီဖူရှင်း၏ ခန္ဓာကိုယ်ထံ ဦးတည်သွားသည်။

ရွှစ်...ရွှစ်...

စူးရှသာ လေခွင်းသံများကို ကြားလိုက်ရပြီး ရီဖူရှင်း၏ ခန္ဓာကိုယ်သည် နေရာမှ ပျောက်ကွယ်သွားသည်။ သူသည် အဝေးသို့ ပြန်ဆုတ်သွား၏။ သူ့ခန္ဓာကိုယ်အပေါ်ရှိ လောကနတ်စွမ်းအား အကာအရံသည် ခုတ်ဖြတ်ခံလိုက်ရ၏။ ဓားချီတန်းအောက်တွင် သူ့ခန္ဓာကိုယ်ပေါ်၌ ဓားခုတ်ရာတစ်ခု ပေါ်လာကာ သွေးထွက်လာလေသည်။

သွေးထွက်နေသော ဓားခုတ်ရာသည် ပြန်‌ကောင်းလာ၏။ သို့သော် ဓားခုတ်ရာတွင် လွန်စွာကြောက်မက်ဖွယ်ကောင်းသော ဓားချီပါဝင်လေရာ အပြည့်အဝ ပြန်ကောင်းလာရန် မလွယ်ကူချေ။ ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်းမှ အသက်စွမ်းအား အလုံးအရင်းထွက်လာပြီး ဒဏ်ရာကို ကုသနေသည်။

ရီဖူရှင်းသည် ခေါင်းမော့၍ အဝေးသို့ ကြည့်လိုက်၏။ ထိုနေရာတွင် အနက်ရောင်အဝတ် ဝတ်ဆင်ထားသည့် အသက်လတ်ပိုင်း အမျိုးသားတစ်ယောက် ရပ်နေသည်။ သူသည် ထိုနေရာတွင် ရပ်နေရုံဖြင့်ပင် လွန်စွာစူးရှသော အငွေ့အသက်ကို ပေးနေလေသည်။ သူ့ပတ်ပတ်လည်တွင် ဓားချီ စီးဆင်းနေပြီး သူသည် ထိုကောင်းကင်နေရာ၏ အုပ်စိုးသူဟု ထင်ရသည်။

ဓားဝိညာဉ်စွမ်းအားသည် သူ့ခန္ဓာကိုယ်ကို ဖြတ်သန်းစီးဆင်းနေ၏။ ကောင်းကင်အင်ပါယာမြို့တော်တစ်ခွင်လုံးမှ ဓားသမားများသည် သူတို့၏ခန္ဓာကိုယ်များအတွင်းမှ ဓားဝိညာဉ်စွမ်းအားသည် ထိန်းမနိုင်သိမ်းမရ ဖြစ်လာသည်ကို ခံစားလိုက်ရလေသည်။ သူတို့၏ ဓားဝိညာဉ်စွမ်းအားများသည် ထွက်ပေါ်လာသော ထိုဓားဝိညာဉ်စွမ်းအားထံတွင် အညံ့ခံလိုက်နေသကဲ့သို့ပင်။ သူတို့အားလုံးသည် ကောင်းကင်သို့ ကြောက်ရွံ့တကြီး ကြည့်လိုက်ကြသည်။ ကောင်းကင်ထက်ရှိ လူသည် ထာဝရကောင်းကင်မှ ဓားများ၏ ဆရာသခင်ကဲ့သို့ပင်။

“ထာဝရဓားသခင်”

အရှင်ဒွန်ဟောင်သည် ထွက်ပေါ်လာသူကို ကြည့်လိုက်ပြီး ကောင်းကင်လမ်းစဉ် မပြိုပျက်ခင်က ရှိခဲ့သည့် အခြားထိပ်သီးတစ်ဦးကို တွေးမိသွားသည်။ ထာဝရဓားသခင်သည် ထာဝရဓားစက်ကွင်းကို ဖန်တီးခဲ့သည်။ သူသည် ထာဝရကောင်းကင်၏ ဓားလမ်းစဉ်ကို ကျွမ်းကျင်ပြီး ထာဝရ တည်ရှိနိုင်သည့် ဓားစက်ကွင်းကို ဖန်တီးခဲ့ပေသည်။ သူသည် ရှေးဟောင်းဓားလမ်းစဉ်၏ ထိပ်သီးတစ်ဦးဖြစ်ခဲ့ပြီး အထွတ်အထိပ်တွင် ရပ်တည်နိုင်ခဲ့သည်။ သူ၏အဆင့်သည် သူယခင်ကသတ်ခဲ့ဖူးသော နတ်ဘုရားများအားလုံး၊ အင်ပါယာများလုံးထက် မြင့်ပေသည်။

ထိုကဲ့သို့သော သူတစ်ယောက်သည် လောကကပ်ဘေးများအောက်တွင် မသေဆုံးသွားခဲ့ဘဲ ယနေ့ခေတ်တွင် ပြန်ရောက်လာခဲ့ပေပြီ။ ထို့အပြင် သူသည် လူသားဘိုးဘေး၏ အသုံးချမှုကိုလည်း ခံနေရလေသည်။

ထာဝရဓားသခင်၏ အဆင့်သည် ယခင်ကထက် ပိုမြင့်နေမည်မှာ သေချာပေါက်ပင်။ သူသည် လောကထဲရှိ အသန်မာဆုံးပုဂ္ဂိုလ်များထဲမှ တစ်ယောက် ဖြစ်ခဲ့သည်။ သူသည် မည်မျှ အန္တရာယ်များသည်ကို တွေးကြည့်နိုင်ပေသည်။

လူသားဘိုးဘေးသည် နတ်ဘုရားများစွာကို ပြန်ရှင်သန်လာနိုင်အောင် ကူညီပေးခဲ့ကြောင်း သူတို့သိသဖြင့် ထိုထဲတွင် ထိပ်တန်းမဟာအင်ပါယာများ သေချာပေါက် ပါနိုင်ကြောင်း သူတို့ တွက်ထားခဲ့ကြသည်။ သို့သော် အရှင်ဒွန်ဟောင်သည် သူတို့ကို လျှော့တွက်ခဲ့မိသေးသည့်ပုံပင်။ ထာဝရဓားသခင်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးလည်း ပါလာလိမ့်မည်ဟု သူ မထင်ခဲ့ချေ။

လူသားဘိုးဘေးသည် ထိုသူများ ပြန်ရှင်သန်လာနိုင်အောင် မည်သို့ လုပ်ခဲ့ခြင်းနည်း။

ထာဝရဓားသခင်သည် ရှေ့သို့ လျှောက်လာလေသည်။ သူ၏ခန္ဓာကိုယ်သည် အသွေးအသားခန္ဓာကိုယ်နှင့် မတူဘဲ ဓားတစ်ချောင်းနှင့် တူနေသည်။ သူ၏မျက်လုံးများထဲတွင် လူတစ်ယောက်ကို ဖောက်ထွင်းပစ်နိုင်သည့် အားကောင်းသော ဓားဝိညာဉ်စွမ်းအားရှိနေသည်။ သူ၏ စိုက်ကြည့်မှုကို ခံရလျှင်ပင် အဆုံးမဲ့သော ဓားဝိညာဉ်စွမ်းအားနှင့် တိုက်ခိုက်ခံရနေသည်ဟု ခံစားရလေသည်။

ဤခေတ်တွင် သူ့ကို မှတ်မိသောသူ ရှိပါသေးသလော။

ယခင်က သူသည် ကောင်းကင်လမ်းစဉ်ကို တိုက်ခိုက်ခဲ့သော သူများထဲမှ တစ်ယောက်ဖြစ်ခဲ့သည်။ လောကကပ်ဘေးများ ကျဆင်းလာသောအခိုက်တွင် သူ၏ကျင့်ကြံခြင်းသည် ထိပ်တန်းမဟာအင်ပါယာအဆင့်တွင် ရှိနေခဲ့သည်။ သူသည် လောကကပ်ဘေးနှင့် ရင်ဆိုင်ခဲ့ရပြီး နေရာတွင်ပင် သေဆုံးသွားခဲ့သည်။ သူ၏ရုပ်ခန္ဓာသည် ဖျက်ဆီးခံလိုက်ရပြီး သူ၏စိတ်ဝိညာဉ်သည် ကွဲအက်သွားကာ ဤလောကထဲတွင် ထာဝရဓားဝိညာဉ်စွမ်းအားတန်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။

သို့သော် သူ ပြန်ရှင်သန်လာရန် အခွင့်အရေးရှိလိမ့်မည်ဟု သူမထင်ခဲ့ပေ။ တစ်စုံတစ်ယောက်သည် ထိုထာဝရဓားဝိညာဉ်စွမ်းအားကို အသုံးပြု၍ သူ့ကို ပြန်ရှင်သန်လာနိုင်အောင် ကူညီပေးခဲ့သည်။ သူသည် အတိတ်သို့ ပြန်ရောက်သွားခြင်းမဟုတ်ဘဲ သူ၏စွမ်းရည်များသည်လည်း အထွတ်အထိပ်သို့ ပြန်မရောက်သေးသော်လည်း သူ ပြန်ရှင်သန်လာပြီဆိုလျှင် အရာအားလုံး ဖြစ်နိုင်ပေသည်။

ကြောက်မက်ဖွယ် ဓားစက်ကွင်းတစ်ခု ထွက်ပေါ်လာ၏။ ယင်းသည် ထာဝရဓားစက်ကွင်းပင်။ ရုတ်ခြည်းအတွင်းမှာပင် ကောင်းကင်တစ်ခွင်လုံးသည် ထိုဓားစက်ကွင်း၏ လွှမ်းခြုံမှုကို ခံလိုက်ရလေသည်။ ရီဖူရှင်းနှင့် အရှင်ဒွန်ဟောင်တို့ နှစ်ယောက်စလုံးသည် ထိုဓားစက်ကွင်းအတွင်း၌ ပိတ်မိသွားကြ၏။ ထုတ်ဖော်ခြင်းနတ်စက်ကွင်းသည် ဓားစက်ကွင်းနှင့် ထပ်သွားသော်လည်း ဓားစက်ကွင်းကို မဖိနှိပ်နိုင်ခဲ့ပေ။

ထာဝရဓားစက်ကွင်းတွင် အဆုံးမဲ့ ဓားဝိညာဉ်စွမ်းအား ပါပေသည်။ ယင်းတို့သည် အရှင်ဒွန်ဟောင်နှင့် ရီဖူရှင်းတို့ထံ သတ်ဖြတ်ရန် ဦးတည်သွားပြီး ဟင်းလင်းပြင်ကို မရေမတွက်နိုင်သော ဓားမြစ်များကဲ့သို့ စုတ်ဖြဲသွားသည်။

ပတ်ဝန်းကျင်မှ မဟာအင်ပါယာများသည် ထာဝရဓားသခင်၏ တိုက်ခိုက်မှုကို မြင်လိုက်သဖြင့် ရပ်၍သာ ကြည့်နေကြသည်။ ထာဝရဓားသခင်သည် သူတို့ခေတ်၏ ခက်ထန်ကာ အကြောက်တရားကင်းမဲ့သူတစ်ယောက် ဖြစ်လေသည်။ ထို့ကြောင့် သူ့အတွက် ခေတ်သစ် မဟာအင်ပါယာနှစ်ပါးကို သတ်ရန် လွယ်ကူပေလိမ့်မည်။

ရှေးဟောင်းအင်ပါယာများ ပြန်ရှင်သန်လာပြီဖြစ်၍ သူတို့သည် ဤခေတ်ကို ပြန်သိမ်းပိုက်ကြမည်ဖြစ်သည်။ ထိုခေတ်သစ်မဟာအင်ပါယာနှစ်ပါးသည် ကောင်းကင်ကို အုပ်စိုးရန် အိပ်မက်မက်နေသည်။

အရှင်ဒွန်ဟောင်သည် ရှေ့သို့ လျှောက်သွားသော်လည်း ရီဖူရှင်း ပြောသည်ကို ကြားလိုက်ရ၏။

“အဖေ... ကျုပ်တာဝန်ထားလိုက်ပါ”

အရှင်ဒွန်ဟောင်သည် ရီဖူရှင်း၏အသံကို ကြားသောအခါ နောက်လှည့်၍ သူ့ကို ကြည့်လိုက်လေသည်။ ထို့နောက် သူ ခေါင်းညိတ်ပြလိုက်သည်။ သူသည် နောက်သို့ ပြန်ဆုတ်သွားပြီး ဝင်ရောက်လာသော ဓားလမ်းစဉ်စွမ်းအားကို ကာကွယ်ရန် သူ့ပတ်ပတ်လည်တွင် ခိုင်ခံ့သောအကာအရံ ကာလိုက်လေသည်။

ထိုစဉ်တွင် ရီဖူရှင်း၏ခန္ဓာကိုယ်မှနေ၍ နတ်စွမ်းအား ထွက်လာပြီး ကျယ်ပြောသော အာကာပြင်ကို လွှမ်းခြုံသွားသည်။ ထိုအခိုက်တွင် မဟာအင်ပါယာအားလုံးသည် ကွဲပြားသော အရှိန်အဝါတစ်မျိုးကို ခံစားလိုက်ရလေသည်။ ဤနတ်စက်ကွင်းအတွင်းရှိ အရာများစွာသည် တူညီသည်ဟု ထင်ရသော်လည်း တစ်နည်းနည်း ကွဲပြားပေသည်။

“အို့...”

ထာဝရဓားသခင် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ကွဲပြားသော လမ်းစဉ်အရှိန်အဝါတစ်ခုကို အာရုံခံမိသည်။ ရီဖူရှင်း၏ နတ်စက်ကွင်းထဲရှိ စည်းမျဉ်းများသည် ကွဲပြားပေသည်။ ယင်းသည် သူ၏ကိုယ်ပိုင် စည်းမျဉ်းများပင်။

သို့သော် ထာဝရဓားသခင်သည် မျက်မှောင်ကြုတ်ရုံသာကြုတ်လိုက်သည်။ သူသည်လည်း အတူတူသာဖြစ်သည်။ ထာဝရဓားစက်ကွင်းထဲတွင် သူ၏ ကိုယ်ပိုင်ဓားလမ်းစဉ်စည်းမျဉ်းများ ပါဝင်ပေသည်။

သူသည် လေထဲတွင် လက်ဝှေ့ယမ်းလိုက်သည်။

ရုတ်ခြည်းပင် ဓားမြစ်များစွာသည် ကောင်းကင်ထက်မှ ကျဆင်းလာကြသည်။ ၎င်းတို့တွင် အကန့်အသတ်မဲ့ ဓားဝိညာဉ်စွမ်းအား ပါဝင်ပေသည်။ ထိုဓားမြစ်များသည် လွန်စွာ ခက်ထန်ပြီး မဟာလမ်းစဉ်ကို မြည်ဟိန်းနေစေလေသည်။ ၎င်းတို့သည် ကောင်းကင်ကို စုတ်ဖြဲကာ ရီဖူရှင်းထံ ကျဆင်းနေသည်။

ကောင်းကင်အင်ပါယာမြို့တော်မှ လူများသည် ခက်ထန်သော နတ်ဓားများသည် အာကာသနဂါးငွေ့တန်းတစ်ခုကဲ့သို့ ကျဆင်းလာသည်ကို မြင်လိုက်လေသည်။ သူတို့အားလုံး အလွန် တုန်လှုပ်သွားကြသည်။ ထိုကဲ့သို့သော ဓားမျိုးသည် လောကတစ်ခုကို ဖျက်ဆီးပစ်နိုင်ပေသည်။ သို့သော် ထိုအခိုက်တွင် ၎င်းတို့သည် ရီဖူရှင်းထံ ဦးတည်သွားနေလေသည်။

ရီဖူရှင်း၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် နတ်အလင်းရစ်သိုင်းသွားသည်။ သူသည် ကောင်းကင်လမ်းစဉ်စည်းမျဉ်းကို ကိုယ်စားပြုသကဲ့သို့ပင်။ ထိုစဉ် တူညီစွာ ကြောက်မက်ဖွယ်ကောင်းသော ဓားတစ်ချောင်း ဖြစ်ပေါ်လာ၏။ ထိုနတ်ဓားကို နဂါးကိုးကောင်သန့်စင်ချီက ရစ်သိုင်းထားပြီး စာလုံးတစ်လုံးကို ထွင်းထားလေသည်။ ထိုစာလုံးမှာ”အင်ပါယာ”စာလုံးပင်။ ၎င်းသည် လောကအတွင်းရှိ တော်ဝင်အဆန်ဆုံး ဓားတစ်ချောင်းကဲ့သို့ ထင်ရ၏။

ထိုဓားထွက်လာသည်နှင့် လူအားလုံး ဦးညွှတ်ရပေမည်။ ၎င်းဓားသည် ဓားများ၏ ဘုရင်ဖြစ်သည်။

“ကောင်းကင်အင်ပါယာရဲ့ဓား”

ထာဝရဓားသခင်သည် ရီဖူရှင်း၏ဓားကို မြင်လိုက်သောအခါ အံ့အားသင့်သွားသည်။ ထိုဓားသည် ဒီဗာအိမ်တော်မှ ကောင်းကင်အင်ပါယာ၏ ဓားကဲ့သို့ပင်။ ၎င်းသည် စကြဝဠာကို အုပ်စိုးသော ဓားပင်။

ဝုန်း...

နတ်အလင်း တောက်ပသွား၏။ ကောင်းကင်အင်ပါယာ၏ ဓားအား ရီဖူရှင်း၏ ကောင်းကင်လမ်းစဉ်စည်းမျဉ်းစွမ်းအားဖြင့် ဖန်တီးထားခြင်းဖြစ်သည်။ ၎င်းသည် အဆုံးစွန်နတ်စွမ်းအားကို သယ်ဆောင်၍ ထာဝရဓားသခင်၏ နတ်ဓားများနှင့် ထိခတ်သွားသည်။ ရုတ်ခြည်းပင် အဖျက်အားတစ်ခုသည် ကောင်းကင်ကို ဖြတ်သန်းရိုက်ခတ်သွားသည်။ ကြောက်မက်ဖွယ် ဓားဝိညာဉ်စွမ်းအားသည် အရာအားလုံးကို စုတ်ဖြဲသွား၏။ မဟာလမ်းစဉ်နတ်စက်ကွင်းနှင့် ပတ်ဝန်းကျင်မှ အကာအရံအားလုံး စုတ်ဖြဲခံလိုက်ရ၏။

တောက်ပသောအလင်းသည် သူတို့ကို မျက်လုံးကျိန်းသွားစေ၏။ ကောင်းကင်အင်ပါယာမြို့တော်မှ လူများသည် ဘာဖြစ်သွားကြောင်း မသိသေးခင်မှာပင် နတ်ဘုရားများသည် အလင်းတန်းအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ကြရသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် အားလုံး ပျောက်ကွယ်သွားသည်။

“ဟမ်...”

“ဘာဖြစ်သွားတာလဲ”

ကောင်းကင်အင်ပါယာမြို့တော်မှ လူများသည် အလွန်အမင်း ရင်တုန်သွားကြသည်။ ကောင်းကင်တွင် ဓားချီအဖျက်မုန်တိုင်း ရှိနေသေးသော်လည်း နတ်ဘုရားများသည် အလင်းတန်းများအဖြစ် ပြောင်းလဲကာ ကောင်းကင်အင်ပါယာမြို့တော်မှ ထွက်သွားကြပေပြီ။

“အဲဒီဓားက ကောင်းကင်အင်ပါယာမြို့တော်တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်တယ်။ တကယ်လို့ ကောင်းကင်အင်ပါယာကသာ အဲဒီဓားကို မကာခဲ့ရင် ငါတို့အားလုံး သေသွားလောက်ပြီ”

တစ်စုံတစ်ယောက်က ကြောက်ကြောက်ရွံ့ရွံ့ ပြောလိုက်၏။ အခြားသူများအားလုံးသည်လည်း ထိုစကားကို ကြားသောအခါ ကျောစိမ့်သွားကြသည်။

အစောက ထိုဓားသည် အာကာသနဂါးငွေ့တန်းကဲ့သို့ ကျဆင်းလာခဲ့သည်။ အကယ်၍ ဓားဝိညာဉ်စွမ်းအားသာ ကောင်းကင်အင်ပါယာမြို့တော်သို့ ကျရောက်လာခဲ့လျှင် မြို့တော်တစ်ခုလုံး ဓားဝိညာဉ်စွမ်းအား၏ တိုက်ရိုက်ဖျက်ဆီးမှုကို ခံလိုက်ရပေလိမ့်မည်။ သူတို့၏ ကျင့်ကြံခြင်းအဆင့်နှင့် သူတို့သည် မည်သို့ ရှင်သန်နိုင်ပါမည်နည်း။

“ကောင်းကင်အင်ပါယာရော ဘာဖြစ်သွားသေးလဲ”

တစ်စုံတစ်ယောက် မေးလိုက်၏။

“ကောင်းကင်အင်ပါယာရီက ရှေ့နှစ်တွေမှာ တစ်ချိန်လုံး အခန်းအောင် ကျင့်ကြံနေခဲ့တာ.. ပြီးတော့ သူက ကောင်းကင်လမ်းစဉ်နဲ့လည်း ပေါင်းစည်းပြီးသွားပြီ။ သူ့ရဲ့စွမ်းရည်တွေက တိုးတက်လာပြီ... အရင်ကနဲ့ ယှဉ်ပြီးပြောလို့မရတော့ဘူး။ သူက ရန်သူရဲ့ ဓားကို ထိပ်တိုက်ရင်ဆိုင်လိုက်တာပဲ။ ဒီတော့ သူ ဘယ်လောက်စွမ်းအားကြီးလည်းဆိုတာ မင်းတွေးကြည့်နိုင်မှာပါ။ သူသာ ယုံကြည်ချက်မရှိဘူးဆိုရင် ဒီမှာကျန်နေခဲ့ပြီး တိုက်ခိုက်မှာ မဟုတ်ဘူး”

တစ်စုံတစ်ယောက်က ပြောလိုက်၏။

“ကောင်းကင်အင်ပါယာက အရှင်ဒွန်ဟောင်နဲ့ အတူ တိုက်ခိုက်နေတာပဲ။ သူတို့က နတ်ဘုရားတွေကို အနိုင်မယူနိုင်ဘူးဆိုရင်တောင် သူတို့ ဘေးကင်းကင်း ပြန်ဆုတ်လာနိုင်မှာပါ”

သန်မာသော ကျင့်ကြံသူအားလုံး ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည် ကောင်းကင်သို့ ငေးကြည့်လိုက်ကြ၏။ ထိုအခိုက်တွင် သူတို့သည် သူတို့နှင့် သင့်တော်သည့်နေရာတွင် ရှိနေရသည်ဟု ခံစားမိလိုက်ကြသည်။

ရှေးဟောင်းနတ်ဘုရားများနှင့် ခေတ်သစ်နတ်ဘုရားများကြားမှ တိုက်ပွဲတွင် မည်သူသည် လောကကြီး၏ တရားဝင်အုပ်စိုးသူဖြစ်လာမည်နည်း။

All Chapters