လမ်းခွဲခြင်း
Vol. 204 Ch. 2912
နောက်ဆုံးတွင် ရီဖူရှင်းသည် ယခင်က သူ့အဖေ သူ့ကို ပြောခဲ့သော စကားကို နားလည်သွားသည်။ လူသားဘိုးဘေးသည် လူသားဘိုးဘေးအစစ်မဟုတ်ပေ။
ယခုတွင် ယခု သူရှင်ဆိုင်နေရသော လူသားဘိုးဘေးသည် လူသားဘိုးဘေး၏ ကိုယ်ပွားတစ်ခုသာ ဖြစ်လိမ့်မည်ဟု သူခပ်ရေးရေး ခံစားနေရလေသည်။
ကောင်းကင်လမ်းစဉ် ပြိုပျက်ခဲ့စဉ် ခေတ်ကတည်းက ရှင်သန်ခဲ့သော လူသားဘိုးဘေးသည် မရေမတွက်နိုင်သော နှစ်များအတွင်း အချိန်ပြည့် ကျင့်ကြံနေခဲ့သည်။ သူသည် ကောင်းကင်လမ်းစဉ် ပြိုပျက်သွားချိန်တွင် မရေမတွက်နိုင်သော မဟာအင်ပါယာအမွေအနှစ်များကို စုဆောင်းခဲ့ပြီး ဤလောကထဲရှိ နတ်ဘုရားများ၏ သဲလွန်စများကို ရှာခဲ့သည်။
သူသည် မည်သို့ စွမ်းအားမကြီးဘဲ နေမည်နည်း။
သူ အစောက ခံစားခဲ့ရသော စွမ်းအားသည် လူသားဘိုးဘေး၏ အာရုံအစစ်မှ ထွက်ပေါ်လာသည့် စွမ်းအားလော။
ထိုစဉ် လူသားဘိုးဘေးသည် နောက်လှည့်ကာ သူ့ကို ကြည့်သည်။ သူ၏မျက်လုံးများမှနေ၍ အဖျက်အလင်း ထွက်လာသည်။ ရီဖူရှင်းသည် အတွေးကိုသုံး၍ ထိုနေရာမှ ပျောက်ကွယ်သွားပြီး အရှင်ဒွန်ဟောင်အရှေ့တွင် ပြန်ပေါ်လာ၏။
“အဖေ.. သွားစို့”
သူ ပြောလိုက်၏။
လူသားဘိုးဘေးသည် ကိုယ်ပွားတစ်ခုသာဖြစ်ပြီး မသေနိုင်သော ခန္ဓာကိုယ်တစ်ခု ရှိနေသဖြင့် ဤတိုက်ပွဲသည် အဓိပ္ပာယ်မရှိတော့ပေ။ သူတို့သည် ရန်သူကို မသတ်နိုင်ပေ။ ထို့အပြင် ဤတိုက်ပွဲအတွင်း၌ သူသည် အန္တရာယ်များသော အပြုအမူများကို လုပ်ခဲ့ပေပြီ။ ဤတိုက်ပွဲသည် လွန်စွာ မမျှတသော တိုက်ပွဲတစ်ပွဲဖြစ်သည်။
သူတို့နှစ်ယောက်သည် အလင်းတန်းနှစ်ခုအဖြစ် ပြောင်းလဲသွားပြီး အဝေးသို့ ပျံထွက်သွားကြပြီး နေရာမှ ရုတ်ခြည်း ပျောက်ကွယ်သွားကြလေသည်။ သို့သော် နတ်ဘုရားတစ်ပါးသည် သူ၏စိတ်ကိုသုံးလိုက်ရာ ကျယ်ပြောသော လောကသည် ရုတ်ခြည်း ရပ်တန့်သွားသည်။ အာကာပြင်သည် ချိပ်ပိတ်ခံလိုက်ရပြီး ထိုနေရာရှိ အရာအားလုံးသည် ရပ်တန့်သွားသည်။
သို့သော် ရီဖူရှင်းသည် သူ၏ကိုယ်ပိုင် နတ်စက်ကွင်းထဲတွင် ဖြစ်သည်။ နတ်စွမ်းအား ထွက်ပေါ်လာပြီး သူသည် အလင်းတန်းအဖြစ် ပြောင်းလဲကာ အာကာပြင်ကို ဖြတ်သန်းနေသည်။ ချိပ်ပိတ်ထားသော ဟင်းလင်းပြင်၏ စွမ်းအားသည် သူထွက်သွားမည်ကို မတားနိုင်ပေ။ သူတို့နှစ်ယောက်သည် ရုတ်ခြည်းအတွင်း အဝေးသို့ ရောက်သွားကြသည်။
ထာဝရဓားသခင်သည် ထွက်သွားသောသူနှစ်ယောက်ကို ကြည့်လိုက်ပြီး သူ၏ဓားဖြင့် ခုတ်ချလိုက်သည်။ ဓားသည် သူတို့ကို သတ်ရန် အာကာပြင်ကို ဖြတ်သွားသည်။ ၎င်းသည် ကျယ်ပြောသော ဟင်းလင်းပြင်ကို ပြိုပျက်သွားစေသည်။ ၎င်း၏လမ်းကြောင်းအတွင်းရှိ ကြယ်တရာအားလုံးသည် ကွဲအက်ပျက်စီးသွားကြပြီး တိုက်ရိုက် ခုတ်ဖြတ်ခံလိုက်ကြရသည်။ ဓားလမ်းကြောင်းအာကာသနဂါးငွေ့တန်း ကျဆင်းလာ၏။ သူတို့ မည်သို့ပြေးစေကာမူ ထိုတိုက်ခိုက်မှုမှ မလွတ်မြောက်နိုင်သကဲ့သို့ပင်။
သို့သော် ထိုစဉ်တွင် အလင်းတန်းနှစ်ခုဖြစ်နေသော ရီဖူရှင်းနှင့် အရှင်ဒွန်ဟောင်တို့သည် ဓားလမ်းကြောင်းအာကာသနဂါးငွေ့တန်းကို တိုက်ရိုက် ဖြတ်သန်းသွားသည်။ သူတို့သည် ယင်းကို ဖြတ်သန်းကာ ရှေ့သို့ ဆက်၍ပျံသန်းပြီး ပျောက်ကွယ်သွားလေတော့သည်။
ထိုနှစ်ယောက်သည် လောကကြီး၏ အထွတ်အထိပ်တွင် ရှိသူများဖြစ်သည်။ သူတို့ကို ဤဓားတစ်ချောင်းဖြင့် တားနိုင်ရန် မဖြစ်နိုင်ပေ။
နတ်ဘုရားအုပ်စုသည် သူတို့ကို ဖိအားမပေးလိုက်ကြပေ။ နတ်ဘုရားများသည် သူတို့ထဲမှ အများစုသည် ရီဖူရှင်း၏တိုက်ခိုက်မှုကို ခံနိုင်မည် မဟုတ်ကြောင်း သိကြပေသည်။ သူတို့သည် ရုတ်ခြည်းပင် သတ်ဖြတ်ခံရနိုင်သည်။ ထို့ကြောင့် သူတို့သည် အုပ်စုကိုခွာ၍ ရီဖူရှင်းတို့နောက်သို့လိုက်ရန် မဖြစ်နိုင်ပေ။
လူသားဘိုးဘေးသည်လည်း သူတို့ကို ဖိအားမပေးလိုက်ပေ။ သူသည် ထွက်သွားသူနှစ်ယောက်ကို ကြည့်နေပြီး ဤနတ်ဘုရားအုပ်စုသည် သူတို့နှစ်ယောက်ကို အလျှင်းမချုပ်ထားနိုင်ကြောင်း သဘောပေါက်သွားသည်။
ယခုတွင် ရီဖူရှင်း၏ စွမ်းရည်များသည် အရှင်ဒွန်ဟောင်ထက် မနိမ့်တော့ပေ။ သူသည် လူသားဘိုးဘေးထက်လည်း အစွမ်းမနိမ့်ပေ။ ထို့အပြင် သူသည် အတတ်များစွာကို ကျွမ်းကျင်သဖြင့် သူ့ကို ကိုင်တွယ်ရန် ခက်ခဲပေသည်။ သူတို့ သူ့နောက်သို့ လိုက်သွားလျှင်ပင် မည်သည့်ရလဒ်မှ ထွက်လာမည် မဟုတ်ချေ။ ရီဖူရှင်း၏ အမြန်နှုန်းသည်လည်း သူတို့ထက် မနှေးပေ။
အစောက သူတို့ကို သူ့ကို လိုက်မီခဲ့သည်။ သို့သော် ရီဖူရှင်းက တမင် သူတို့နှင့် တိုက်ခိုက်ကြည့်လို၍ အမီခံခဲ့ခြင်းဖြစ်ပေမည်။
“သွားမယ်...”
လူသားဘိုးဘေး ပြောလိုက်၏။ သူသည် နတ်ဘုရားအားလုံးကို ဦးဆောင်ကာ ထိုနေရာမှ ထွက်ခွာသွားသည်။ သူတို့သည် ကောင်းကင်ဒေသ၏ အင်ပါယာနန်းတော်နှင့် အနောက်ဘက်ကောင်းကင်ရှိ လိပ်ပြာတောင်ကုန်းသို့ သွားရန် ပြင်ဆင်ထားကြသည်။
ရီဖူရှင်းနှင့် အရှင်ဒွန်ဟောင်တို့သည် ကျယ်ပြောသော ဟင်းလင်းပြင်ကိုဖြတ်ကာ သွားနေကြသည်။ သူတို့ မည်သည့်နေရာသို့ ရောက်နေကြောင်း သူတို့မသိပေ။ သို့သော် သူတို့သည် နတ်ဘုရားများက သူတို့နောက်သို့ လိုက်မလာကြောင်း သိလိုက်သောအခါ သူတို့ ရပ်လိုက်ကြသည်။
“အဖေ့ရဲ့ ခန့်မှန်းချက်က မှန်တယ်။ ကျုပ်တို့ ရင်ဆိုင်ခဲ့တဲ့ လူသားဘိုးဘေးက ကိုယ်ပွားတစ်ခု ဖြစ်နိုင်တယ်။ သူက ကိုယ်ပွားတစ်ခုနဲ့ လောကကို အုပ်စိုးပြီး လူသားဘုံရဲ့ စည်းမျဉ်းကို စီမံခန့်ခွဲနေတာပဲ။ လူသားဘိုးဘေးရဲ့ ခန္ဓာကိုယ်အစစ်က အပြည့်အဝ ပြန်မကောင်းလောက်သေးဘူး”
ရီဖူရှင်းက အရှင်ဒွန်ဟောင်ကို ပြောလိုက်၏။
ရီဖူရှင်းသည် အစောက တိုက်ခိုက်မှုတွင် ကိစ္စအချို့ကို သိရှိသွားခဲ့ကြောင်း အရှင်ဒွန်ဟောင် နားလည်ပေသည်။
“အဲဒီလိုဖြစ်နိုင်တယ်...”
အရှင်ဒွန်ဟောင် ပြောလိုက်၏။
“အရင်တုန်းက မင်းရဲ့ အမေက ဒါကြောင့် သေခဲ့တာပဲ။ တကယ်လို့ တခြားနတ်ဘုရားတွေပါ ပြန်ရှင်လာရင် အန္တရာယ်က ပိုကြီးလာလိမ့်မယ်။ ဒီတော့ ငါတို့ မြန်မြန်လုပ်ဖို့လိုတယ်”
“ဟုတ်ကဲ့”
ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။ သူ စိတ်ဖိစီးနေ၏။
“လူသားဘိုးဘေးဘက်မှာ သူအသုံးချနိုင်တဲ့ ပြန်ရှင်သန်လာတဲ့ နတ်ဘုရားတွေအများကြီးရှိတယ်”
ရီဖူရှင်း ဆက်ပြောလိုက်၏။
“တကယ်လို့ ကိစ္စတွေက ကျုပ်တို့ ခန်းမှန်းထားသလိုသာဆိုရင် နတ်ဘုရားတွေကလည်း လူသားဘိုးဘေးကို တော်တော်လေး ကြောက်ကြမှာပဲ။ သူတို့က လူသားဘိုးဘေး အသုံးချတာကို လိုလိုချင်ချင် ခံရုံကလွဲပြီး ရွေးစရာ မရှိလောက်ဘူး”
“အစောတုန်းက မတိုက်ခိုက်ခဲ့တဲ့ မဟာအင်ပါယာတွေ အများကြီးရှိတယ်”
အရှင်ဒွန်ဟောင် ပြန်ပြောလိုက်၏။
“သူတို့ မတိုက်ခိုက်ဘူးဆိုတောင် သူတို့မှာ စိုးရိမ်စရာတွေ သေချာပေါက် ရှိနေမှာပဲ။ လူသားဘိုးဘေးက ကောင်းကင်လမ်းစဉ်ကို အစားထိုးပြီး ဝင်နေရာယူချင်နေတာပဲ။ နတ်ဘုရားတွေကလည်း အဲဒီနေ့ရောက်လာမှာ ကြောက်လောက်တယ်။ အဲဒီအချိန်ကျရင် လူသားဘိုးဘေးက အရမ်းစွမ်းအားကြီးသွားလိမ့်မယ်။ မဟာအင်ပါယာတွေတောင် သူ့ကို ယှဉ်ဝံ့ကြတော့မှာ မဟုတ်ဘူး”
အကယ်၍ လူသားဘိုးဘေးသာ ကောင်းကင်လမ်းစဉ်ကို အစားထိုး၍ ရှေးဟောင်းကောင်းကင်လမ်းစဉ်ကဲ့သို့ ဖြစ်တည်မှုတစ်ခု ဖြစ်လာခဲ့လျှင် နတ်ဘုရားများသည် သူ့အုပ်စိုးမှုအောက်သို့ ရောက်သွားမည်ဖြစ်သည်။ သူတို့ မည်မျှစွမ်းအားကြီးစေကာမူ သူတို့သည် အတိတ်တုန်းကကဲ့သို့ ကောင်းကင်လမ်းစဉ်ကို ဆန့်ကျင်နိုင်မည် မဟုတ်ချေ။
အတိတ်မှ တိုက်ပွဲသည် ကောင်းကင်လမ်းစဉ်ကို ပြိုပျက်စေခဲ့ကာ နတ်ဘုရားများကို သေဆုံးစေခဲ့သည်။ အကယ်၍ ကောင်းကင်လမ်းစဉ်အသစ်သာ ထွက်ပေါ်လာလျှင် မည်သူသည် ၎င်းကို တိုက်ခိုက်မည်နည်း။ မည်သည်ကရော ၎င်းနှင့် တိုက်ခိုက်ဝံ့မည်နည်း။
“ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ”
ရီဖူရှင်းသည် အရှင်ဒွန်ဟောင်၏ အကြံပြုချက်ကို ကြားလိုနေသည်။
“မင်း ဒီမှာ ကျင့်ကြံရမယ်။ ငါကတော့ အပြင်ကိုသွားပြီး တစ်ချက်ကြည့်လိုက်မယ်။ အပြင်လောက,က သတင်းတွေရရင် ငါမင်းကို အကြောင်းကြားပါမယ်”
အရှင်ဒွန်ဟောင် ပြန်ပြောလိုက်၏။ သူသည် ရီဖူရှင်းကို ကျင့်ကြံနိုင်ရန် အချိန်ပိုပေးလိုနေသည်။ ကောင်းကင်ဘုံ၏ ကောင်းကင်(၉၉)လွှာကို စွန့်ခွာ၍ အားလုံးကို အဝေးသို့ ခေါ်သွားခြင်းသည်လည်း အချိန်ပိုရရန်အတွက် ဖြစ်ပေသည်။
ရီဖူရှင်း၏ ကောင်းကင်လမ်းစဉ်အသေးစားထဲမှ အချိန်စီးဆင်းနှုန်းသည် (၈၁)ဆ ပိုမြန်ပေသည်။ အကယ်၍ သူသာ အပြင်လောကတွင် အချိန်တစ်နှစ် ရခဲ့လျှင် သူ့ကိုယ်တွင်းလောက၌ အချိန်(၈၁)နှစ်ရသကဲ့သို့ပင် ဖြစ်သည်။ ကောင်းကင်လမ်းစဉ်အသေးစားထဲမှ လူများသည် တိုးတက်ပြောင်းလဲလာနိုင်ကြမည်ဖြစ်သည်။
“ဟုတ်ကဲ့”
ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။ သူသည် အပြင်မှ အခြေအနေအတွက်လည်း စိုးရိမ်နေသည်။ ယခုတွင် လူသားဘိုးဘေးသည် ဘုံသုံးခုမှ စွမ်းအားကြီးကျင့်ကြံသူများကို ဦးဆောင်ကာ ကျူးကျော်နေပြီဖြစ်သည်။ သက်ရှိများသည် များစွာ ဒုက္ခခံစားကြရပေမည်။ ကောင်းကင်ဘုံ၊ ကောင်းကင်ဒေသနှင့် အနောက်ဘက်ကောင်းကင်လောကတို့သည် စစ်ပွဲတွင် တိုက်ရိုက်ဝင်မပါရန် သဘောတူထားကြသော်လည်း သူတို့သည် သတ်ဖြတ်ခြင်းနှင့် တိုက်ခိုက်ခြင်းတို့ကို ရှောင်လွှဲ၍ မရနိုင်ပေ။
ဤစစ်ပွဲသည် ကျူးကျော်စစ်ပင်။
ကျူးကျော်သူများသည် ညှာတာကြမည် မဟုတ်ပေ။ ဤစစ်ပွဲသည် သွေးစိမ်းရှင်ရှင်များ၊ အရိုးဖြူဖြူများနှင့် ပြည့်နေမည့် စစ်ပွဲဖြစ်သည်။
သို့ပင်လျှင် ဤစစ်ပွဲ၏ အခြေအနေကို ပြောင်းနိုင်မည့်သူမှာ သူတစ်ယောက်သာ ရှိပေသည်။ ထို့ကြောင့် ယခုတွင် သူသည် မြန်မြန် ကျင့်ကြံကာ သူ့ကိုယ်သူ တိုးတက်လာအောင် လုပ်ရမည်ဖြစ်သည်။
“ငါတို့ ဒီမှာပဲ လမ်းခွဲကြတာပေါ့”
အရှင်ဒွန်ဟောင် ပြောလိုက်၏။
“အဖေ ဂရုစိုက်ပါ”
ရီဖူရှင်းသည် အနည်းငယ် အလေးအနက် ပြောလိုက်၏။ ဤတစ်ခေါက် သူတို့ရင်ဆိုင်နေရသည့် ရန်သူများသည် အလွန်သန်မာလွန်း၏။ မဟုတ်လျှင် အရှင်ဒွန်ဟောင်၏ စွမ်းရည်များနှင့်ဆိုလျှင် ရီဖူရှင်းသည် သူ့အတွက် စိုးရိမ်နေစရာ မလိုချေ။
သို့သော် ယခုတွင် ရှေးခေတ်မှ နတ်ဘုရားအားလုံးသည် သူတို့၏ ရန်သူများ ဖြစ်နေသည်။
“မစိုးရိမ်ပါနဲ့။ ငါ ဂရုစိုက်မှာပါ.. ပြီးတော့ တိုက်ပွဲတွေကိုလည်း ရှောင်မှာပါ။ မင်း စိတ်အေးလက်အေးသာ ကျင့်ကြံပါ”
အရှင်ဒွန်ဟောင် ပြောလိုက်၏။
“ဒီတစ်ခေါက် ငါ့မှာ ရွေးချယ်စရာမရှိလို့ ကောင်းကင်နန်းတော်နဲ့ ဒွန်ဟောင်အင်ပါယာနန်းတော်ကို စွန့်ခဲ့ရတယ်။ အဲဒါက ရှက်စရာပဲ။ အဲဒီနန်းတော်တွေက မင်းပြန်သိမ်းယူမယ့်အချိန်ကို စောင့်နေကြတယ်။ ငါ အခု သွားတော့မယ်”
သူသည် ထိုသို့ပြောပြီးနောက် ရှေ့သို့ လျှောက်သွားပြီး ပြတ်ပြတ်သားသား ထွက်သွားသည်။ သူသည် ရီဖူရှင်းကို ကျယ်ပြောသော ဟင်းလင်းပြင်ထဲတွင် တစ်ယောက်တည်း ချန်ခဲ့လေသည်။
သို့သော် ကောင်းကင်(၉၉)လွှာမှာ ကျင့်ကြံသူအားလုံးသည် သူ၏ ကောင်းကင်လမ်းစဉ်အသေးစား၏ လောကထဲတွင် ရှိနေသည်။
သူသည် သူ့ဘာသာ ကျင့်ကြံရုံတင်မကဘဲ အခြားသူများကိုလည်း ပိုသန်မာလာအောင် ကူညီပေးရမည်ဖြစ်သည်။
ရီဖူရှင်း၏ခန္ဓာကိုယ် လက်ခနဲဖြစ်သွားပြီး နေရာတစ်ခုသို့ သွားလိုက်၏။ ခေတ္တကြာပြီးနောက် သူသည် လူသူကင်းရှင်သော ကြယ်တာရာတစ်ခုကို မြင်လိုက်လေသည်။
ရီဖူရှင်းသည် အတွေးတစ်ချက်ဖြင့် ထိုလူသူကင်းရှင်သောကြယ်တာရာပေါ်တွင် ထွက်ပေါ်လာ၏။ ထို့နောက် သူသည် ထိုကြယ်တာရာပေါ်ရှိ တောင်ကုန်းတစ်ခုပေါ်သို့ သွားကာ ထိုင်ချလိုက်သည်။ သူသည် ကျင့်ကြံရန် မျက်လုံးများမှိတ်လိုက်ပြီး စတင် ကျင့်ကြံလေတော့သည်။
အပြင်လောကမှ တစ်ရက်သည် သူ့လောကအသေးစားထဲတွင် (၈၁)ရက်ဖြစ်သည်။ သူသည် အချိန်အားသာချက်ကို ကောင်းကောင်းအသုံးချရန် လိုပေသည်။