← Chapters

ရှေးရိုးအဖွဲ့

Vol. 204 Ch. 2914

ရှေးရိုးအဖွဲ့

Vol. 204 Ch. 2914

ရီဖူရှင်းသည် ထိုက်ယွီကုန်းမြေရှိ နယ်မြေတစ်ခုပေါ်သို့ ဆင်းသက်လာသည်။ သူ သူ၏အာရုံကို အသုံးပြုလိုက်သောအခါ သူ့စိတ်ထဲတွင် ပုံရိပ်ပေါင်းများစွာ ရုတ်ခြည်းထွက်ပေါ်လာ၏။ သူ၏နတ်အာရုံသည် ကျယ်ပြောသော နယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားသည်။

သူသည် တိုက်ပွဲပြင်များ များစွာကို တွေ့လိုက်သည်။ နေရာအနှံ့တွင် တိုက်ပွဲများ ဖြစ်နေကြပြီး မီးများ တောက်လောင်နေသည်။

သဘောတူညီချက်မှ ထုတ်ပြန်ထားသော စည်းမျဉ်းများအရ တိုက်ပွဲများတွင် မဟာအင်ပါယာများ ဝင်ပါခွင့် မရှိပေ။ ကောင်းကင်ဒေသရှိ အပြစ်ကင်းသူများ မထိခိုက်စေရန် ရီဖူရှင်းမှာလည်း တိုက်ပွဲများတွင် တိုက်ရိုက် ဝင်ပါမည် မဟုတ်ပေ။

သို့သော် သူ လျှို့ဝှက်နည်းလမ်းများကို သုံး၍ မရနိုင်ဆိုသော အဓိပ္ပာယ်မဟုတ်ချေ။

ရီဖူရှင်းသည် ကျင့်ကြံခြင်းအဆင့်မြင့်သော ဒီမွန်းသားရဲများကို အာရုံခံနိုင်နေသည်။ သူ အတွေးတစ်ချက်သုံးလိုက်ရာ သန်မာသော ဒီမွန်းကျင့်ကြံသူတစ်ယောက် သူ့အရှေ့တွင် ထွက်ပေါ်လာ၏။ သူသည် ဧရာမ ရွှေတောင်ပံနတ်ငှက်ဖြစ်သည်။ သူ့တစ်ကိုယ်လုံးသည် ရွှေရောင်ဖြစ်သော်လည်း သူသည် လူသားအသွင်နှင့် ရှိနေသည်။ သူ၏ အသွင်အပြင်သည် လွန်စွာစူးရှပေသည်။ သူသည် ဗလာနတ္တိဘုံမှ ဧရာမ ရွှေတောင်ပံနတ်ငှက်ဖြစ်သည်။

ဝှစ်...

လေခွင်းသံ တစ်သံကို ကြားလိုက်ရ၏။ ဧရာမ ရွှေတောင်ပံနတ်ငှက်သည် လျှပ်စီးတန်းတစ်ခုအဖြစ်‌ ပြောင်းလဲသွားပြီး ရီဖူရှင်းထံသို့ ပျံဝင်သွားသည်။ သူသည် သူ့လက်ကို ဆန့်တန်းလိုက်၏။ ၎င်းသည် လွန်စွာစူးရှသော လက်သည်းများအဖြစ် ပြောင်းလဲသွားပြီး ရီဖူရှင်းကို ကုတ်ချလိုက်သည်။

သူသည် ရီဖူရှင်းကို တိုက်ခိုက်လိုက်ခြင်းပင်။

ရီဖူရှင်းသည် သူ့ကို သူ၏မျက်ဝန်းနက်များဖြင့် ကြည့်သည်။ ရုတ်ခြည်းပင် ထိုသူသည် သူ့စိတ်ကို ကြောက်မက်ဖွယ် နတ်အာရုံတစ်ခု တိုက်ရိုက် ဖောက်ထွင်းသွားသည်ကို ခံစားလိုက်ရ၏။ ထို့နောက်တွင် သူ့ခန္ဓာကိုယ်သည် တုန့်ခနဲ ရပ်သွားသည်။ သူသည် ရီဖူရှင်းကို ကြည့်လိုက်ပြီး ဦးညွှတ်ကာ နှုတ်ဆက်လိုက်၏။

“ဆရာ...”

ရီဖူရှင်းသည် သူ၏မှတ်ဉာဏ်များကို တိုက်ရိုက် ထုတ်ယူလိုက်ပြီး ကိစ္စအချို့ကို ကြည့်သည်။ သူ အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး သူ၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ဖြတ်သွားသည်။

“သွား...”

သူ ပြောလိုက်၏။ ရုတ်ခြည်းပင် ထိုသူသည် တိမ်များအတွင်းသို့ ပျံတက်သွားပြီး သူ၏မူလပုံစံ ပြန်ပြောင်းသွားသည်။ သူသည် ကောင်းကင်ကို ဖြတ်၍ ပျံသန်းသွားပြီး ရီဖူရှင်းအတွက် ကောင်းကင်ဒေသမှ သတင်းများကို စုဆောင်းရန် ထွက်ခွာသွားသည်။

ရီဖူရှင်းသည် ခြေတစ်လှမ်းလျှောက်လိုက်ပြီး အခြားဒီမွန်းသားရဲထံသို့ သွားလိုက်သည်။ သူသည် ထိုသို့ အကြိမ်များစွာ လုပ်ပြီးသောအခါ ဒီမွန်းသားရဲ အနည်းငယ်ကို ထွန်းချုပ်နိုင်ခဲ့ပြီး သူတို့ကို ကောင်းကင်ဒေသ၏ အဓိကကုန်းမြေများဆီ စေလွှတ်လိုက်လေသည်။

ရီဖူရှင်းသည် ထိုသို့ ပြုလုပ်ပြီးနောက် ကုန်းမြေ၏ အဓိကတောင်ထွတ်တစ်ခုသို့ သွားလိုက်သည်။ သူသည် သူ၏စိတ်ထဲတွင် သတင်းအချက်အလက်များစွာ ရထားပေသည်။

“ထင်ထားသလိုပဲ... အဖေက ငါ့ကို ဒီအကြောင်းတွေ ပြောမပြခဲ့ဘူး”

ရီဖူရှင်း စိတ်ထဲမှ တွေးလိုက်၏။ အရှင်ဒွန်ဟောင်သည် အစောက သူနှင့်စကားပြောခဲ့စဉ်က သတင်းအချက်အလက်များစွာကို ထိန်ချန်ထားခဲ့သည်။ ကောင်းကင်ဒေသ၏ အခြေအနေသည် သူထင်ထားသည်ထက် များစွာပို၍ ဆိုးနေသည်။

သူ့အဖေ၏ လုပ်ရပ်အပေါ် သူနားလည်၏။ ကောင်းကင်ဒေသသည် သူ့အဖေ အုပ်စိုးသော နယ်မြေဖြစ်သည်။ သူသည် အဘယ်သို့ ဤကဲ့သို့အခြေအနေကို မြင်လိုမည်နည်း။ သို့သော် အနာဂတ်အတွက် ရီဖူရှင်းသည် ကျင့်ကြံခြင်းပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်နိုင်ရန် သူမျှော်လင့်ပေသည်။ ထို့ကြောင့် သူသည် ကိစ္စများစွာကို မပြောပြခဲ့ခြင်းပင်။

လက်ရှိကောင်းကင်ဒေသ၏ ကုန်းမြေ(၁၈)ခုလုံးတွင် စစ်မီးတောက်လောင်နေသည်။ ကုန်းမြေပေါင်းများစွာလည်း စစ်၏ရိုက်ခတ်မှုကို ခံနေရသည်။ သူတို့သည် ပဋိပက္ခကို ရှောင်ရန် ကြိုးစားလျှင်လည်း အပြည့်အဝ ရှောင်နိုင်မည် မဟုတ်ပေ။ အထူးသဖြင့် မကြာသေးခင်က စီရှောင်ကုန်းမြေတွင် ဖြစ်သွားသော သတ်ဖြတ်မှုတွင် လူပေါင်းများစွာ သေဆုံးသွားခဲ့ရသည်။

လူသားဘုံ၏ အင်အားစုများသည် သတ်မိန့်တစ်ခု ထုတ်ပြန်ခဲ့သည်။ စစ်ပွဲတွင် မပါဝင်သော မရေမတွက်နိုင်သည့် လူများစွာ သတ်ဖြတ်ခံခဲ့ရသည်။ မြို့တစ်ခွင်လုံးတွင် သွေးချောင်းစီးခဲ့သည်။ လူပေါင်းများစွာ သတ်ဖြတ်ခံခဲ့ရပြီး ထိုအဖြစ်သည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။

ဤစစ်ပွဲသည် ရှောင်လွှဲ၍ မရသော ကျူး‌ကျော်စစ်ဖြစ်ကြောင်း သူသိသော်လည်း လူသားဘုံသည် သူတို့ကိုယ်သူတို့ တရားမျှတသူများဟုခေါ်ခဲ့သည်။ သို့တစေ သူတို့သည် အခြားသူများကို သိမ်းပိုက်ရာတွင် အလွန်ရက်စက်ကာ သွေးချောင်းစီးစေခဲ့သည်။ ထို့ကြောင့် သူ အလွန် ဒေါသထွက်နေလေသည်။ သူ၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက် ရှိနေသည်။

စီရှောင်ကုန်းမြေတွင် ဖြစ်ပွားခဲ့သော သတ်ဖြတ်မှုများသည် ကောင်းကင်ဒေသကို အုံကြွလာစေသည်။ ကောင်းကင်ဒေသ၏ ကုန်းမြေအားလုံးမှ စွမ်းအားကြီးပုဂ္ဂိုလ်များသည် ထိုသတင်းကို ကြားသောအခါ ဒေါသူပုန်ထခဲ့ကြပြီး သူတို့လည်း ထိုသို့သော ကံကြမ္မာနှင့် ရင်ဆိုင်ရမည်ကို စိုးရိမ်ခဲ့သည်။ ထို့ကြောင့် ထိပ်သီးများ ရှေ့ထွက်လာပြီး ကောင်းကင်ဒေသမှ ကျင့်ကြံသူများကို စုရုံးကာ ခံစစ်ကို စခဲ့ကြပြီး ကျူးကျော်သူများကို လိုက်လံသတ်ဖြတ်ခဲ့ကြသည်။

ကောင်းကင်ဒေသသည် သူတို့ နေထိုင်ရာနေရာဖြစ်သည်။ အရေအတွက်အရသာ ကြည့်မည်ဆိုလျှင် ကောင်းကင်ဒေသမှ ကျင့်ကြံသူများသည် ကျူးကျော်သူများကို ဖုံးလွှမ်းသွားနိုင်သည်။ သို့သော် ကျင့်ကြံသူအားလုံးသည် ကျင့်ကြံခြင်းအဆင့် မြင့်ကြပေသည်။ မဟုတ်လျှင် သူတို့သည် အခြားဘုံကို ကျူး‌ကျော်ကြမည် မဟုတ်ပေ။

စစ်မီးသည် ကုန်းမြေ(၁၈)ခုလုံးတွင် ပျံ့နှံ့နေပြီး ရှေ့တန်းစစ်မျက်နှာအားလုံးကိုလည်း အုံကြွလာစေနိုင်ပေသည်။

မကြာခင်တွင် ထိုက်ရွှမ်ကုန်းမြေ၏ ဗဟိုမြို့တော်တွင် ကြီးမားသော တိုက်ပွဲကြီးတစ်ပွဲ ဖြစ်ပေါ်သော သတင်းကို ရရှိလိုက်သည်။

*****

ထိုက်ရွှမ်မြို့တော်သည် ထိုက်ရွှမ်ကုန်းမြေ၏ ကုန်းမြေသခင်အိမ်တော်ရှိသော မြို့တော်ဖြစ်သည်။ ယင်းမြို့တော်သည် ကောင်းကင်ဒေသတစ်ခွင်လုံးတွင် အဆင့်အတန်းမြင့်ပေသည်။

ထိုက်ရွှမ်ကုန်းမြေမှ ကျင့်ကြံသူများသည် အတော်လေးသန်မာကြပြီး ထိုက်ရွှမ်မြို့တော်မှ ကျင့်ကြံသူများမှာ ပို၍ပင် သန်မာကြသည်။ လူသားဘုံနှင့် ဗလာနတ္တိဘုံတို့သည် သူတို့၏ ကျူးကျော်နေသည့် အတောအတွင်း အကြိမ်များစွာ တိုက်ခိုက်ခဲ့လေသည်။ ကျူးကျော်သူများသည် သတ်ဖြတ်ကာ ထိုက်ရွှမ်မြို့တော်အတွင်းသို့ ဝင်လာပြီးနောက် လိုက်လံ သတ်ဖြတ်ခံကြရသည်။ ထို့ကြောင့် ကျူးကျော်သူ အင်အားစုများသည် များစွာ ဆုံးရှုံးခဲ့သည်။

အထက်အဆင့်များသည် ယင်းဖြစ်ရပ်ကို အာရုံစိုက်မိသွားပြီး ပို၍ အဆင့်မြင့်သူများကို တင်ပြခဲ့သည်။ ထို့ကြောင့် ဤနေ့တွင် လူသားဘုံနှင့် ဗလာနတ္တိဘုံတို့သည် ထိုက်ရွှမ်မြို့တော်ကို တိုက်ခိုက်ရန် စွမ်းအားကြီး အင်အားစုများကို တစ်ချိန်တည်း စေလွှတ်ခဲ့လေသည်။ သူတို့သည် အနာဂတ်ပြဿနာများကို ရှောင်ရန် ထိုက်ရွှမ်မြို့တော်ကို တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်လိုနေသည်။

ဤနေ့တွင် ထိုက်ရွှမ်မြို့တော် အထက်ရှိ ကောင်းကင်တွင် စွမ်းအားကြီးအဖွဲ့အချို့ ရောက်နေလေသည်။

သူတို့ထဲမှ စွမ်းအားကြီးဆုံး အင်အားစုမှာ လူသားဘုံ၏ ရှေးရိုးအဖွဲ့ ဖြစ်ပေသည်။ ထိုအင်အားစုသည် လူသားဘုံ၏ ရှေးရိုးအင်အားစုတစ်စုဖြစ်ပြီး လူသားနတ်ဘုရားနန်းတော်နှင့် ရင်းနှီးသောဆက်ဆံရေးရှိပေသည်။ သူတို့သည် လူသားနတ်ဘုရားနန်းတော်၏ တိုက်ရိုက်အမိန့်များကို နာခံသည်ဟု ပြောနိုင်သည်။

ရှေးရိုးအဖွဲ့၏ အဖွဲ့ခေါင်းဆောင်သည်လည်း လူသားဘုံတွင် အရေးပါသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ လွန်ခဲ့သောနှစ်အနည်းငယ်က သူသည် အင်ပါယာအဆင့်အောက်မှ စွမ်းအားအကြီးဆုံးသူများထဲမှ တစ်ယောက်ဟု စတင် နာမည်ကြီးလာခဲ့သည်။ ယခုတွင် သူသည် အင်ပါယာအဆင့်သို့ ရောက်သွားပြီဖြစ်ပြီး လူသားဘိုးဘေးထံတွင် လက်အောက်ခံခဲ့သည်။

ရှေးရိုးအဖွဲ့ အင်အားကြီးရခြင်းမှာ လူသားနတ်ဘုရားနန်းတော်နှင့် ခိုင်မြဲသည့်ဆက်ဆံရေး ရှိသောကြောင့်ပင်။ သူတို့သည် နေရာအနှံ့တွင် အဖွဲ့ခွဲများရှိပေသည်။ လူသားဘုံတစ်ခွင်လုံးတွင် သူတို့၏အဖွဲ့ခွဲများ ပျံ့နှံ့နေသည်။ သူတို့သည် လူသားဘုံတွင် လူသားနတ်ဘုရားနန်းတော်ပြီးလျှင် နံပါတ်(၁) ကျင့်ကြံခြင်းအင်အားစုဖြစ်သည်။ သူတို့နှင့် ယှဉ်နိုင်သည့် အခြားအင်အားစုများ မရှိပေ။ ထို့ကြောင့် သူတို့ မည်မျှ အင်အားကြီးကြောင်း တွေးကြည့်နိုင်ပေသည်။

ယခုတွင် ရှေးရိုးအဖွဲ့၏ အဖွဲ့ခေါင်းဆောင်သည် လူသားဘိုးဘေးနောက်သို့ လိုက်ခဲ့ပြီး လက်ထောက်အဖွဲ့ခေါင်းဆောင်များသည် အဖွဲ့ကို စီမံအုပ်ချုပ်ကြသည်။ သူတို့အားလုံးသည် နတ်ဘုရားတစ်ဝက်အဆင့်ရှိသူများဖြစ်ပြီး အလွန်ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံခြင်းအစွမ်းများ ရှိကြသည်။ ယခုတွင် သူတို့သည် လေထဲတွင် ရပ်နေကြပြီး ရှေးရိုးအဖွဲ့ကို ဦးဆောင်နေသည်။ သူတို့သည် ထိုက်ရွှမ်ကုန်းမြေ၏ မြို့တော်ကို ကျူးကျော်ရန် အဆင့်သင့်ဖြစ်နေပေပြီ။

ရှေးရိုးအဖွဲ့၏ လက်ထောက်အဖွဲ့ခေါင်းဆောင်များအားလုံးတွင် ဖြောင့်မတ်သော အငွေ့အသက်များ ရှိနေသည်။ သူတို့၏ခန္ဓာကိုယ်များပေါ်တွင် နတ်အလင်း စီးဆင်းနေပြီး ထူးကဲသော အရှိန်အဝါ ရှိနေကြသည်။ သူတို့သည် အောက်ဘက်ရှိ မြို့တော်ကို ဝေ့ဝဲကြည့်လိုက်ကြသည်။

ထိုက်ရွှမ်ကုန်းမြေကို တိုက်ခိုက်ရန် ရှေးရိုးအဖွဲ့အပြင် အခြားအင်အားစုများလည်း ပါလာပေသည်။ သူတို့သည် ဤမြို့တော်ကို တစ်ကြိမ်တည်းဖြင့် သိမ်းပိုက်ကာ ထိုက်ရွှမ်ကုန်းမြေကို သိမ်းပိုက်လိုနေသည်။

ထိုက်ရွှမ်မြို့တော်တွင်လည်း အင်အားကြီးသော အဖွဲ့တစ်ခုရှိသည်။ ထိုအဖွဲ့သည် ကောင်းကင်ဒေသ၏ ထိုက်ရွှမ်ကုန်းမြေမှ ကျင့်ကြံသူများဖြင့် ဖွဲ့စည်းထား‌သော ခုခံရေးအဖွဲ့ဖြစ်သည်။ ထို့အပြင် မြို့တစ်ခွင်လုံး၌ တပ်စခန်းများ ပျံ့နှံ့နေသည်။ ထိုတပ်စခန်းအားလုံးသည် ခုခံရေးစခန်းများဖြစ်သည်။ ယခုတွင် သူတို့အားလုံးသည် သူတို့ကို သိမ်းပိုက်ရန် ရောက်လာသည့် စစ်တပ်ကို ကြည့်နေကြပြီး အလွန်တုန်လှုပ်ဖွယ် ဖိအားကို ခံစားနေကြရသည်။ သို့ပင်လျှင် သူတို့သည် တိုက်ခိုက်လိုစိတ် ပြည့်နှက်နေပေသေးသည်။

လူသားဘုံ၏ ကျူးကျော်မှုသည် ကောင်းကင်ဒေသမှ လူများ၏ လူသားဘိုးဘေးအပေါ် ယခင်က အမြင်ကို ပြောင်းပြန်ဖြစ်သွားစေသည်။ ကိုယ့်ကိုယ်ကို တရားမျှတသူဟု ပြောသည့် ထိုကျင့်ကြံသူများသည် အတုအယောင်များသာ ဖြစ်ပေသည်။ အရှင်ဒွန်ဟောင်သည် လူသားဘိုးဘေး၏ ဟန်ဆောင်မှုကို ယခင်ကတည်းက သိထားခဲ့ပြီးပုံပင်။ ထို့ကြောင့် သူသည် ယခင်က တိယောက်၏ လက်ထပ်ရန်ကမ်းလှမ်းချက်ကို ပြတ်ပြတ်သားသာ ငြင်းခဲ့ခြင်းဖြစ်ပေမည်။

‌နောက်ဆုံးတွင် သူတို့သည် အဘယ်ကြောင့် လူသားဘိုးဘေးက တိဟောက်အား ဒွန်ဟောင်တိယွမ်ကို ကမ်းလှမ်းရန် ပြောခဲ့ခြင်းနှင့် မဟာအင်ပါယာက ဒေါသထွက်သွားကာ တိ‌ဟောက်ကို အရှက်ခွဲခဲ့ခြင်းဖြစ်ကြောင်းတို့ကို နားလည်သွားသည်။

သူတို့သည် ပြိုင်ဘက်များ ဖြစ်ပေသည်။

“သူတို့က အညံ့ခံမယ့်ပုံ မပေါ်ဘူး။ သူတို့က ဆက်ခုခံဖို့ ပြင်ဆင်နေကြတယ်”

ကောင်းကင်ထဲရှိ ရှေးရိုးအဖွဲ့မှ ကျင့်ကြံသူတစ်ယောက်သည် ထိုက်ရွှမ်မြို့တော်ထဲမှ မြင်ကွင်းကို မြင်လိုက်သောအခါ ပြောလိုက်၏။

“အရူးတစ်စုပဲ။ ပိုးပျံကောင်က သစ်ပင်ကို လှုပ်ဖို့ ကြိုးစားနေတာပဲ”

ဘေးမှ တစ်ယောက်က ပျက်ရယ်ပြုလိုက်သည်။ သူ ကြေညာလိုက်၏။

“ဒွန်ဟောင်က မင်းတို့အားလုံးကို စွန့်ပစ်သွားပြီ.. အဲဒါကို မင်းတို့က ပြန်တိုက်ခိုက်ဝံ့တုန်းပဲလား။ မင်းတို့က သေချင်နေတာပဲ”

ထိုက်ရွှမ်မြို့တော်မှ ကျင့်ကြံသူများသည် ထိုစကားများကြောင့် တုန်လှုပ်မသွားပေ။ အရှင်ဒွန်ဟောင်သည် သူတို့ကို စွန့်ပစ်သွားပြီလော။ အရှင်ဒွန်ဟောင်သည် သူတို့ကို သူတို့ကိုယ်သူတို့ ကာကွယ်ရန် ပြောခဲ့ပြီး စစ်ပွဲတွင် မပါမိအောင် တတ်နိုင်သမျှ ကြိုးစား၍ အနာဂတ်အတွက် စောင့်နေရန် ပြောခဲ့သည်။ ဤအခြေအနေသည် မည်မျှ ကူရာကယ်ရာမဲ့နေကြောင်း သူတို့သိပေသည်။

“ကိုယ့်ကိုယ်ကို တရားမျှတသူတွေလို့ ပြောတဲ့ လူသားဘုံက ကျင့်ကြံသူတွေက ဒီလောက်သွေးဆာနေလိမ့်မယ်လို့ မဟာအင်ပါယာက မထင်ခဲ့လောက်ဘူး”

တစ်စုံတစ်ယောက် ‌အေးစက်စွာ ပြောလိုက်၏။

“မဟာအင်ပါယာက ကျူးကျော်သူတွေကို ခွင့်လွှတ်မှာ မဟုတ်ဘူး”

“တကယ်လား...”

ကောင်းကင်ထဲမှ ရှေးရိုးအဖွဲ့၏ ကျင့်ကြံသူတစ်ယောက်က လှောင်လိုက်သည်။

“မင်းတို့က ဒီလောက် ခေါင်းမာမှတော့ မင်းတို့ကို သွေးနဲ့ပဲ သန့်စင်ပေးရတော့မှာပေါ့”

All Chapters