← Chapters

သတ်ဖြတ်ခြင်းကို ရပ်တန့်ရန် သတ်ဖြတ်ခြင်း

Vol. 204 Ch. 2915

သတ်ဖြတ်ခြင်းကို ရပ်တန့်ရန် သတ်ဖြတ်ခြင်း

Vol. 204 Ch. 2915

ရှေးရိုးအဖွဲ့၏ လက်ထောက်အဖွဲ့ခေါင်းဆောင်သည် ကောင်းကင်မှနေ၍ ပုရွက်ဆိတ်တစ်စုကို ကြည့်နေသကဲ့သို့ ငုံ့ကြည့်လိုက်၏။

“ရှေးရိုးအဖွဲ့နဲ့ လူသားဘုံက သန်မာတဲ့သူတွေ နားထောင်...”

သူ ကြေညာလိုက်သည်။

“ထိုက်ရွှမ်မြို့တော်က ကျင့်ကြံသူတွေက တရားမျှတတဲ့သူတွေကို သတ်ဖြတ်နေတယ်။ အဲဒါကြောင့် ငါတို့ ထိုက်ရွှမ်မြို့တော်ကို သွေးနဲ့ သန့်စင်ပစ်ရမယ်... သူတို့အကုန်လုံးကို မညှာဘဲ သတ်ကြ”

ရှေးရိုးအဖွဲ့မှ သန်မာသူများသည် အကြည့်များအေးစက်နေပြီး သတ်ဖြတ်လိုသော အငွေ့အသက်တောက်လောင်နေလေသည်။ စီရှောင်ကုန်းမြေတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုသည် မလုံလောက်သေးပေ။ ထိုအစား ထိုသတ်ဖြတ်မှုသည် ကောင်းကင်ဒေသမှ လူများကို တညီတညွတ်တည်း ခုခံလာစေသည်။ သို့ဆိုလျှင် သူတို့သည် ထိုသူများကို ဖိနှိပ်ရန် ထပ်မံ သတ်ဖြတ်ကာ အားလုံးကို ရှင်းထုတ်ပစ်ရမည်ဖြစ်သည်။ သူတို့သည် ကောင်းကင်ဒေသမှ လူများ ဆက်မခုခံတော့သည်အထိ သတ်ဖြတ်ပစ်မည်ဖြစ်သည်။

သူ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ဖိနှိပ်ကျဆင်းလာပြီး ထိုက်ရွှမ်မြို့တော်ကို လွှမ်းခြုံသွားသည်။ စွမ်းအားကြီး ကျင့်ကြံသူများသည် မြို့တော်ကို သွေးချောင်းစီးသွားစေရန် စတင် ဆင်းသက်လာကြလေသည်။

“အမှားကို အမှန်ပြောင်းမယ်”

ကောင်းကင်ဒေသမှ စွမ်းအားကြီးပုဂ္ဂိုလ်များသည် အကြည့်များ အေးစက်နေ၏။

“သူတို့က သေစေနိုင်တဲ့ လက်နက်တွေ သယ်လာတယ်။ သူတို့ရဲ့ ရင်ထဲမှာ သတ်ဖြတ်လိုစိတ်တွေ ကြီးမားနေတယ်။ လူသားဘုံနဲ့ ဗလာနတ္တိဘုံတို့က ကျူးကျော်နေကြတယ်။ မင်းတို့က အရင်တုန်းက အသိတရား ရှိခဲ့တယ်ဆိုရင်တောင် ဒီလိုပတ်ဝန်းကျင်မျိုးက မင်းတို့ရဲ့ လူသားဆန်တဲ့စိတ်ကို ဖျက်ဆီးပစ်လိမ့်မယ်”

အကြီးအကဲတစ်ဦးက ကျယ်လောင်စွာ အော်ပြောလိုက်၏။

“ကောင်းကင်ဒေသက ကျင့်ကြံသူတွေ... မင်းတို့ရဲ့ စိတ်ကူးယဉ်အိပ်မက်တွေကို လွှင့်ပစ်လိုက်တော့။ သတ်ဖြတ်တာကို ရပ်ဖို့ သတ်ကြ...”

“အခြားဂိုဏ်းက လူတွေက မတူတဲ့ စိတ်ဓာတ်တွေရှိတယ်”

“ကျုပ်က အညံ့ခံပြီး မတရားသဖြင့် သေရမယ့်အစား တိုက်ပွဲပြင်မှာပဲ သေမယ်။ ကျုပ်သေရရင်တောင် နောင်တရမှာ မဟုတ်ဘူး”

အသံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာကြသည်။ ထိုအသံအားလုံးသည် ဆွေးမြေ့ဖွယ်သူရဲကောင်းများ၏ အငွေ့အသက်ရှိပြီး ထိုက်ရွှမ်မြို့တော်အတွင်းမှ ကျင့်ကြံသူများ၏ ခုခံလိုစိတ်ကို မြှင့်တင်ပေးကြပေသည်။ ကျင့်ကြံသူအားလုံးသည် သူတို့၏စွမ်းအားများကို ထုတ်လွှတ်လိုက်ကြပြီး လေထဲသို့ ပျံတက်သွားကြကာ ရှေးရိုးအဖွဲ့၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေပေပြီ။

ကောင်းကင်မှနေ၍ အဖျက်တိုက်ခိုက်မှုများ ကျဆင်းလာပြီဖြစ်သည်။ ထိုက်ရွှမ်ကုန်းမြေမှ ကျင့်ကြံသူများလည်း တိုက်ခိုက်လိုက်ကြသည်။ ရုတ်ခြည်းပင် မြို့အထက်ရှိကောင်းကင်ထဲတွင် ကြောက်မက်ဖွယ် အဖျက်မုန်တိုင်း ထွက်ပေါ်လာလေသည်။

“သတ်ကြ...”

“သတ်ကြ”ဟု အော်လိုက်သည့်အသံသည် တိုက်ပွဲပြင်ရှိ ကောင်းကင်ကို တုန်ခါသွားစေသည်။ ရှေးရိုးအဖွဲ့ ဦးဆောင်သော စွမ်းအားကြီးပုဂ္ဂိုလ်များသည် တောင်ပေါ်မှ ဆင်းလာသည့် ရက်စက်ကြမ်းကြုတ်သော ကျားများကဲ့သို့ မြို့အတွင်းသို့ ဦးတည်သွားကြသည်။

ကောင်းကင်ဒေသမှ တသီးပုဂ္ဂလ ကျင့်ကြံသူများ မဟာမိတ်သည် လျင်မြန်စွာ ခုခံနိုင်ရန် ခက်ခဲသွားသည်။ အချိန်တိုအတွင်းမှာပင် လူများစွာ သေဆုံးသွားသည်။

ဤကဲ့သို့သော တိုက်ပွဲမျိုးသည် အလွန်အသေအပျောက်များမည့် တိုက်ပွဲဖြစ်သည်။

ထိုအချိန်တွင် ထိုက်ရွှမ်မြို့တော်အထက်ရှိ ကောင်းကင်နေရာအနှံ့တွင် မရေတွက်နိုင်သော အဖွဲ့များ ရုတ်တရက် ထွက်ပေါ်လာလေသည်။ ဖိအားလည်း ကျဆင်းလာသည်။ သူတို့အားလုံးသည် တစ်ပြိုင်တည်း ငုံ့ကြည့်လိုက်ကြ၏။ အဖွဲ့တိုင်း၏ အရှိန်အဝါသည် ကြောက်မက်ဖွယ်ကောင်းလှသည်။ သူတို့အားလုံးသည် ကျင့်ကြံခြင်းအဆင့်မြင့်သော ကျင့်ကြံသူများဖြစ်သည်။ ခေါင်း‌ဆောင်အားလုံးမှာ နတ်ဘုရားတစ်ဝက်အဆင့်ရှိသူများ ဖြစ်ကြသည်။ ထို့အပြင် နတ်ဘုရားတစ်ဝက်အဆင့်ရှိသူ အတော်လေး များပေသည်။

“မင်းတို့က ဘယ်သူတွေလဲ”

ရှေးရိုးအဖွဲ့မှ စွမ်းအားကြီး ပုဂ္ဂိုလ်များသည် တိုက်ပွဲပြင်ကို ကြည့်လိုက်ကြသည်။ သူတို့သည် ကောင်းကင်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသော စစ်တပ်ကို မြင်လိုက်သောအခါ ရပ်တန့်သွားကြသည်။ သူတို့၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး ထိုရောက်လာသည့် စွမ်းအားကြီးကျင့်ကြံသူများကို ကြည့်လိုက်ကြသည်။

သူတို့ စကားပြောလိုက်သောအခါ စွမ်းအားကြီး ကျင့်ကြံသူတစ်စုသည် သူတို့ထံသို့ တိုက်ရိုက် ပျံဝင်လာလေသည်။ ကောင်းကင်ထဲတွင် မရေတွက်နိုင်သော ဓားအလင်းတန်းများ ထွက်ပေါ်လာ၏။ ၎င်းတို့သည် ဓားဝင်္ကပါတစ်ခုကဲ့သို့ ဟင်းလင်းပြင်ကို စုတ်ဖြဲသွားပြီး သူတို့ရှိနေသောနေရာကို ကာရံလိုက်လေသည်။

“အင်ပါယာနန်းတော်အဖွဲ့”

သူတို့သည် ထိုရောက်ရှိလာသူများမှာ မည်သူများဖြစ်ကြောင်း လျင်မြန်စွာ သိရှိသွားကြသည်။ သူတို့၏မျက်နှာများ ဖြူဖျော့သွားသည်။ ရှေးရိုးအဖွဲ့သည် အင်အားကြီးသော်လည်း သူတို့သည် လူသားနတ်ဘုရားနန်းတော်၏ လက်အောက်တွင် တိုက်ရိုက်ရှိသည့် အဖွဲ့ မဟုတ်ပေ။ ဘုံခုနစ်ခု၏ ထိပ်တန်းအဖွဲ့များသည် အင်ပါယာနန်းတော်၏လက်အောက်တွင် တိုက်ရိုက်ရှိကြသည်။

ထိုရောက်ရှိလာသော ကျင့်ကြံသူများသည် ယခင်က လွတ်မြောက်သွားသော ဒွန်ဟောင်အင်ပါယာနန်းတော်နှင့် ကောင်းကင်အင်ပါယာနန်းတော်တို့၏ လက်အောက်တွင် တိုက်ရိုက်ရှိသော အဖွဲ့မှကျင့်ကြံသူများဖြစ်သည်။ ယခုတွင် သူတို့သည် သတ်ဖြတ်ကာ ဤနေရာသို့ ရောက်လာပေပြီ။

ဝုန်း...

အားကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။ သူတို့၏ခန္ဓာကိုယ်များမှ တရားမျှတသော အငွေ့အသက်များ ထွက်ပေါ်လာပြီး သူတို့သည် စွမ်းအားကြီး ဓားချီဖြင့် ခုတ်ချလိုက်သည်။ သို့သော် သူတို့ ရုတ်ခြည်း လွှမ်းခြုံခံလိုက်ရ၏။ အဖျက်ဓားဝိညာဉ်စွမ်းအားသည် ဟင်းလင်းပြင်ကို တိုက်ရိုက်စုတ်ဖြဲသွားပြီး လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားသည်။ ရုတ်ခြည်းအတွင်းမှာပင် ရှေးရိုးအဖွဲ့၏ စွမ်းအားကြီး ကျင့်ကြံသူများ ပျောက်ကွယ်သွားသည်။ သူတို့သည် ဤလောကထဲမှ ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။ ထို့ကြောင့် သူတို့အောက်ရှိ လူသားဘုံနှင့် ဗလာနတ္တိဘုံတို့မှ စွမ်းအားကြီးပုဂ္ဂိုလ်များသည် တုန်လှုပ်သွားကြသည်။ သူတို့သည် ဤနေရာတွင် အင်ပါယာနန်းတော်အဖွဲ့၏ ဝန်းရံခြင်းကို ခံရလိမ့်မည်ဟု မထင်ခဲ့ကြပေ။

“ပြန်ဆုတ်ကြ...”

ရှေးရိုးအဖွဲ့မှ စွမ်းအားကြီးပုဂ္ဂိုလ်များသည် ဆုံးဖြတ်ချက် ပြတ်သားပြီး ပြန်ဆုတ်ရန် အမိန့်ပေးလိုက်သည်။ သို့သော် ထိုက်ရွှမ်မြို့တော်တစ်ခွင်လုံးကို အဖွဲ့ပေါင်းများစွာက ဝန်းရံထားပြီးဖြစ်သည်။ အရပ်မျက်နှာတိုင်းသည် ပိတ်ဆို့ခံထားရသည်။

“မညှာဘဲ သတ်ကြ”

ထိုက်ရွှမ်မြို့တော် အထက်ရှိ လေထုထဲတွင် အသံတစ်သံ ထွက်ပေါ်လာ၏။ ယခင်က ရှေးရိုးအဖွဲ့မှ စွမ်းအားကြီးပုဂ္ဂိုလ်များကလည်း ထိုသို့ ပြောခဲ့ဖူးပေသည်။

“သေကြစမ်း...”

ရုတ်ခြည်းပင် ထိုက်ရွှမ်မြို့တစ်ခွင်လုံးမှ သတ်ဖြတ်လိုသော အော်သံများ ထွက်ပေါ်လာပြီး ကောင်းကင်ကို တုန်ခါသွားစေ၏။ ရောက်ရှိလာသော အဖွဲ့များနှင့် ထိုက်ရွှမ်မြို့တော်အတွင်းမှ စွမ်းအားကြီး ပုဂ္ဂိုလ်များသည် တစ်မြို့လုံးကို ချိပ်ပိတ်ကာ စတင် သတ်ဖြတ်ကြလေသည်။

ရှေးရိုးအဖွဲ့၊ လူသားဘုံနှင့် ဗလာနတ္တိဘုံတို့မှ လူများသည် ဆက်၍ မတိုက်ခိုက်လိုကြတော့ပေ။ သူတို့သည် ထွက်ပြေးနိုင်ရုံလောက်သာ တိုက်ခိုက်ကာ စစ်ကူပြန်ခေါ်လိုနေသည်။

သို့သော် အသုံးမဝင်ပေ။ ဤတိုက်ပွဲသည် တစ်ဖက်သတ် တိုက်ပွဲတစ်ခုပင်။ ရှေးရိုးအဖွဲ့မှ လူများသည် ထိုက်ရွှမ်မြို့တော်ကို ရှင်းပစ်လိုခဲ့သည်။ သို့သော် သူတို့သာ ပြန်၍ သတ်ဖြတ်ခံခဲ့ရလေသည်။

မကြာ‌ခင်မှာပင် တိုက်ပွဲပြင်မှ ကျင့်ကြံသူအရေအတွက် တော်တော်များများ လျော့သွားသည်။ ရှေးရိုးအဖွဲ့မှ အချို့သည် အညံ့ခံလိုနေ၏။ သို့သော် ထိုက်ရွှမ်မြို့တော်မှ လူများသည် အညံ့ခံခြင်းကို လက်ခံမည် မဟုတ်ပေ။ သူတို့သည် ထိုလူသတ်သမားများနှင့် ရင်ဆိုင်ရသောအခါ သူတို့စိတ်ထဲတွင် သတ်ဖြတ်ရန်အတွေးသာ ရှိပေသည်။

တဖြည်းဖြည်းဖြင့် တိုက်ပွဲသည် အဆုံးသတ်အခြေအနေသို့ ရောက်လာသည်။ အဖွဲ့အားလုံးမှ စွမ်းအားကြီး ပုဂ္ဂိုလ်များသည် မြင့်မားသော ကောင်းကင်ထက်သို့ ပျံတက်ကာ စတင် ထွက်သွားကြသည်။ ထိုနေရာတွင် ရီဖူရှင်းနှင့် အခြားသူများ ရောက်ရှိလာပြီး အင်အားကြီးအဖွဲ့အားလုံးကို လွှမ်းခြုံလိုက်သည်။ ထို့နောက် သူတို့အားလုံး ပျောက်ကွယ်သွားသည်။

“ကောင်းကင်အင်ပါယာ.. ကျုပ်တို့ကိုလည်း ခေါ်သွားပါ”

တိုက်ပွဲတွင် ပါဝင်ခဲ့သော ထိုက်ရွှမ်မြို့တော်မှ စွမ်းအားကြီး ပုဂ္ဂိုလ်များသည် ဤတစ်ကြိမ်တွင် ထိုသို့ ပြောလိုက်လေသည်။

“ကျုပ်တို့ ကောင်းကင်အင်ပါယာနဲ့အတူ လိုက်ချင်ပါတယ်”

စွမ်းအားကြီးပုဂ္ဂိုလ်များက ပြောလိုက်၏။ သူတို့သည် ကောင်းကင်ဒေသ၏ ကျင့်ကြံသူများဖြစ်သည်။ ယခုတွင် အရှင်ဒွန်ဟောင်နှင့် ရီဖူရှင်းကြားမှ ပတ်သတ်မှုကို လူထုက သိရှိထားပြီးဖြစ်သည်။ ထိုပတ်သတ်မှုသည် လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ပေ။ ရီဖူရှင်းနောက်လိုက်ခြင်းနှင့် အရှင်ဒွန်ဟောင်နောက်လိုက်ခြင်းသည် မကွာပေ။

“ကောင်းပြီ... တိုက်ခိုက်ချင်တဲ့သူတွေ ကျုပ်နဲ့ လိုက်ခဲ့ပါ”

ရီဖူရှင်း ပြောလိုက်၏။ ရုတ်ခြည်းပင် အစောက ထိုက်ရွှမ်မြို့တော်ထဲတွင် တိုက်ခိုက်ခဲ့သော လူအများစုသည် ရီဖူရှင်းနှင့် သွားရောက်ပူးပေါင်းကြလေသည်။ သူတို့သည်လည်း ရီဖူရှင်း၏ ကောင်းကင်လမ်းစဉ်အသေးစားလောကထဲသို့ ခေါ်ဆောင်ခံလိုက်ရ၏။

ထိုလူများသည် ဒွန်ဟောင်တိယွမ်၏ ထုတ်ဖော်ခြင်းအဖွဲ့နှင့် ပူးပေါင်းနိုင်ပြီး သူတို့ကို ဒွန်ဟောင်တိယွမ်က အုပ်ချုပ်နိုင်သည်။ အနာဂတ်တွင် သူတို့သည် ကောင်းကင်ဒေသ၏ အင်အားစု၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေဦးမည်သာ။

ရီဖူရှင်း ထွက်သွားပြီးနောက် သူသည် အလောသုံးဆယ်ရောက်လာသော အရှင်ဒွန်ဟောင်နှင့် တွေ့လိုက်၏။ အရှင်ဒွန်ဟောင်သည် ထိုက်ရွှမ်မြို့တော်မှ တိုက်ပွဲအကြောင်းကို ကြား၍ ထိုက်ရွှမ်မြို့တော်သို့ လာရောက်ခဲ့ခြင်းဖြစ်သည်။

“နောက်ဆုံးတော့ မင်း ရောက်လာတာပဲ”

အရှင်ဒွန်ဟောင်က စိတ်ထဲမှ သက်ပြင်းချ၍ ပြောလိုက်၏။ သူ၏ ရင်ထဲတွင်လည်း ဒွိဟဖြစ်နေသည်။ သူသည် ရီဖူရှင်း ကျင့်ကြံခြင်းအပေါ်တွင်သာ အာရုံစိုက်နိုင်ရန် မျှော်လင့်သော်လည်း လက်ရှိကောင်းကင်ဒေသ၏ အခြေအနေသည် အမှန်ပင် ဆိုးဝါးနေသည်။

“ဟုတ်တယ်။ အဖေ ကျုပ်ရဲ့ လောကအသေးထဲမှာ လာကျင့်ကြံပါ”

ရီဖူရှင်း ပြောလိုက်၏။

“အပြင်လောက,က ကိစ္စတွေကို ကျုပ် တာဝန်ယူလိုက်ပါမယ်”

“ကောင်းပြီ”

အရှင်ဒွန်ဟောင် ခေါင်းညိတ်လိုက်သည်။ သူသည် စိတ်လျှော့၍ အရာအားလုံးကို ရီဖူရှင်းလက်ထဲ လွှဲပေးရန် ပြင်ဆင်လိုက်သည်။

သူသည်လည်း ကျင့်ကြံရန်အတွင် ရီဖူရှင်း၏ ကောင်းကင်လမ်းစဉ်အသေးစားလောကအတွင်းသို့ ဝင်သွားသည်။ ထိုမှ သူ ကျင့်ကြံရန် အချိန်ပိုရမည် ဖြစ်သည်။

ရီဖူရှင်း ထိုနေရာမှ ထွက်သွားလိုက်၏။ ထိုက်ရွှမ်မြို့တော်မှ လူများသည် တဖြည်းဖြည်း ဝေး၍ ပျောက်ကွယ်သွားသော သူ့ပုံရိပ်ကို ကြည့်နေပြီး မျှော်လင့်ချက်ကင်းမဲ့နေချိန်တွင် မျှော်လင့်ချက်ရောင်ခြည်တစ်ခုကို မြင်လိုက်ရသကဲ့သို့ ခံစားနေကြရလေသည်။ ကောင်းကင်အင်ပါယာနှင့် အရှင်ဒွန်ဟောင်တို့သည် ဘုံခုနစ်ခုစစ်ပွဲတွင် အနိုင်ရနိုင်ပေသည်။

ထိုက်ရွှမ်မြို့တော်မှ တိုက်ပွဲသတင်း စတင် ပျံ့နှံ့သွားသည်။ လူသားဘိုးဘေးနှင့် အခြားစွမ်းအားကြီးပုဂ္ဂိုလ်များသည် ထိုသတင်းကို ချက်ချင်း သိသွားကြသည်။ သို့သော် သူတို့ အပြေးအလွှား ရောက်ရှိသွားချိန်တွင် ရီဖူရှင်းနှင့် အခြားသူများသည် ထွက်သွားကြပြီဖြစ်သည်။

ရီဖူရှင်းသည် ရွေ့လျားစစ်တပ်တစ်ပ်ကို ဦးဆောင်နိုင်၏။ ထိုအချက်သည် အမှန်ပင် ပြဿနာကြီးပေသည်။

“မဟုတ်ဘူး...”

လူသားဘိုးဘေးသည် တစ်စုံတစ်ခုကို အာရုံခံမိသွားဟန်ဖြင့် ပြောလိုက်၏။

“လူသားဘုံကို ပြန်ကြမယ်”

သူ ထိုသို့ပြောပြီးနောက်တွင် သူတို့၏ခန္ဓာကိုယ်များသည် အလင်းတန်းများအဖြစ် ပြောင်းလဲသွားကြသည်။ သူတို့သည် နေရာမှ ပျောက်ကွယ်သွားကြပြီး လူသားဘုံသို့ လျင်မြန်စွာ ဦးတည်သွားလိုက်ကြသည်။ သူတို့သည် မူမမှန်သောတစ်စုံတစ်ခုကို အာရုံခံမိခဲ့ပုံပင်။

ရှေးရိုးအဖွဲ့၏ အဖွဲ့ခေါင်းဆောင်သည် လူသားဘိုဘေး၏ ဘေးတွင် ရှိနေသည်။ သူသည် လူသားဘိုးဘေး ဆိုလိုသည်ကို နားလည်သွားပုံပေါ်၏။ သူ၏မျက်နှာထားသည် မသက်မသာ ဖြစ်သွားသည်။

လူသားဘိုးဘေးသည် ရီဖူရှင်းက သူ၏စစ်တပ်ကို ဦးဆောင်ကာ လူသားဘုံကို တိုက်ခိုက်လိမ့်မည်ဟု တွေးမိခြင်းလော။

ရီဖူရှင်းတွင် အချိန်များစွာ မရှိပေ။ အကယ်၍ သူသာ လူသားဘုံကို တိုက်ခိုက်မည်ဆိုလျှင် သူသည် မည်သည့်နေရာကို ပစ်မှတ်အဖြစ် ရွေးချယ်မည်နည်း။

ရှေးရိုးအဖွဲ့၏ အဖွဲ့ခေါင်းဆောင်သည် ရုတ်ခြည်းပင် မျက်နှာဖြူဖျော့သွားသည်။ ကောင်းကင်ဒေသတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခု ဖြစ်ခဲ့သည်။ ထို့ကြောင့် အကယ်၍ ရီဖူရှင်းသာ လူသားဘုံမှ အင်အားစုများကို ကြောက်ရွံ့သွားအောင် လုပ်လိုလျှင် မည်သည်,သည် အကောင်းဆုံးအဖြေ ဖြစ်မည်နည်း။

ရှေးရိုးအဖွဲ့ကို ရှင်းပစ်ခြင်းပင်။

All Chapters