← Chapters

ကလန်ကို ရှင်းပစ်ခြင်း

Vol. 205 Ch. 2916

ကလန်ကို ရှင်းပစ်ခြင်း

Vol. 205 Ch. 2916

ရှေးရိုးအဖွဲ့သည် လူသားနတ်ဘုရားနန်းတော် အောက်မှ လူသားဘုံ၏ နံပါတ်(၁) ကလန်ဖြစ်သည်။

သူတို့၏အင်အားစုများသည် လူသားဘုံတစ်ခွင်လုံးတွင် ပျံ့နှံ့နေသည်။ နတ်ဘုရားကုန်းမြေ ထွက်ပေါ်မလာသေးခင် အင်ပါယာ‌ခြောက်ပါးခေတ်၌ပင် ရှေးရိုးအဖွဲ့တွင် နတ်ဘုရားတစ်ဝက်အဆင့်ရှိသူများ များစွာ ရှိခဲ့သည်။ သူတို့အဖွဲ့တွင် ရှေးဟောင်းနတ်ဘုရားများ၏ မျိုးဆက်များလည်း ရှိပြီး အမွေအနှစ်များစွာရှိသဖြင့် လွန်စွာ အင်အားကြီးခဲ့ပေသည်။

လူသားဘုံ၏ ကုန်းမြေအားလုံးတွင် ရှေးရိုးအဖွဲ့၏ အဖွဲ့ခွဲများ အများအပြားရှိပြီး ရှေးရိုးအဖွဲ့၏ ဌာနချုပ်သည် ပင်မမြို့တော်ဖြစ်သော ရှေးရိုးအဖွဲ့မြို့‌တော်ကို အုပ်ချုပ်ပေသည်။ ထို့မြို့တော်အမည်သည် ရှေးရိုးအဖွဲ့၏အမည်မှ တိုက်ရိုက်ယူထားခြင်းပင်။ ထို့ကြောင့် ရှေးရိုးအဖွဲ့၏ လွှမ်းမိုးနိုင်မှုသည် မည်မျှကြီးကြောင်း တွေးကြည့်နိုင်ပေသည်။

ရှေးရိုးအဖွဲ့မြို့တော်ထဲတွင် ရှေးရိုးအဖွဲ့မှ လူများသာ အဓိကနေထိုင်ကြသည်။ သူတို့သည် မြို့တော်အတွင်းမှ အရင်းအမြစ်အားလုံးကို ထိန်းချုပ်ထားပေသည်။

ဤစစ်ပွဲအတွင်း၌ ရှေးရိုးအဖွဲ့သည် တိုက်ခိုက်ရန်အတွက် ကျင့်ကြံသူတစ်စုကို စေလွှတ်ခဲ့သည်။ သို့သော် ကလန်အတွင်း၌ လူများစွာ ကျန်နေသေးပေသည်။ သို့ရာတွင် ထွက်သွားသူအများစုသည် ကျင့်ကြံခြင်းအဆင့် မြင့်သူများ ဖြစ်ကြသည်။

ယခုတွင် တစ်မြို့လုံးသည် ပရမ်းပတာအခြေအနေဖြစ်နေသည်။ အထူးသဖြင့် ရှေးရိုးအဖွဲ့၏ အတွင်းစည်းမှသူများသည် တုန်လှုပ်နေသည်။ မကြာ‌သေးခင်က သူတို့သည် ကောင်းကင်ဒေသကို ကျူးကျော်ရန် သွားခဲ့သော ရှေးရိုးအဖွဲ့မှလူများသည် အသတ်ခံလိုက်ရပြီဆိုသော သတင်းကို ကြားခဲ့ရသည်။

ရှေးရိုးအဖွဲ့သည် များစွာထိခိုက်သွားသလို အဆင့်မြင့်ကျင့်ကြံသူအားလုံးနီးပါး အသတ်ခံလိုက်ရပြီဖြစ်သည်။ ထို့ကြောင့် ယခုတွင် ရှေးရိုးအဖွဲ့သည် မည်မျှ တုန်လှုပ်နေကြောင်း သိနိုင်ပေသည်။

ထိုအခိုက်တွင် ရှေးရိုးအဖွဲ့တစ်ခုလုံးသည် လှုပ်လှုပ်ခတ်ခတ် ဖြစ်နေသည်။

စွမ်းအားကြီးပုဂ္ဂိုလ်များသည် ကြီးမားသော ကလန်တံခါးများကိုဖြတ်ကာ ဝင်ထွက်သွားလာနေကြသည်။ မြို့တော်အတွင်းမှ ကျင့်ကြံသူများစွာသည်လည်း ရှေးရိုးအဖွဲ့ဆီသို့ ဦးတည်သွားနေကြသည်။ သူတို့သည် ထိုသတင်း မှန်၊ မမှန် သိလိုနေကြသည်။ ထိုသတင်းသည် ရုတ်တရက်ကြီး ရောက်လာသဖြင့် ရှေးရိုးအဖွဲ့မြို့တော်တွင် ဂယက်ထသွားစေသည်။ ထို့ကြောင့် သူတို့သည် တိကျသော အဖြေကို သိလိုနေကြသည်။

ထိုသတင်းသည် မှန်လောက်ကြောင်း သူတို့သိသော်လည်း သူတို့သည် ထိုသတင်းကို လက်မခံလိုကြသေးပေ။

“တိတ်ကြစမ်း...”

ထိုစည်တွင် ရှေးရိုးအဖွဲ့၏ တံခါးများအတွင်းမှနေ၍ အသံတစ်သံသည် ကလန်အတွင်းအပြင်ကို ပျံ့နှံ့သွားသည်။ တစ်ချိန်တည်းမှာပင် စွမ်းအားကြီးသော အင်ပါယာအရှိန်အဝါတစ်ခု ဖြာထွက်လာပြီး ကျင့်ကြံသူများစွာကို ရင်တုန်သွားစေ၏။

“မဟာအင်ပါယာ...”

“ရှေးရိုးအဖွဲ့မှာ နောက်ထပ် မဟာအင်ပါယာတစ်ပါး ထွက်ပေါ်လာပြီ”

ထိုအခိုက်တွင် စွမ်းအားကြီးကျင့်ကြံသူများစွာသည် အံ့အားသင့်နေကြသည်။ သူတို့သည် အစောမှ တုန်လှုပ်မှုများကိုပင် မေ့သွားသလိုပင်။

ယခုတွင် ရှေးရိုးအဖွဲ့၌ ခေါင်းဆောင်အပြင် ဒုတိယ မဟာအင်ပါယာတစ်ပါး ရှိလာပြီလော။

ရှေးရိုးအဖွဲ့တွင် အင်ပါယာနှစ်ပါး ရှိလာလျှင် သူတို့သည် လူသားနတ်ဘုရားနန်းတော်အောက်မှ ထိပ်တန်းကလန်အဖြစ် ဆက်ရှိနေနိုင်မည်ဖြစ်သည်။ မည်သူက သူတို့ကို တုန်လှုပ်စေမည်နည်း။

“ကိုယ့်ကိစ္စ ကိုယ်သွားလုပ်ကြ”

အသံက ထပ်မံပြောလိုက်၏။ အင်ပါယာအရှိန်အဝါထွက်ပေါ်လာသောအခါ လူများသည် စိတ်အေးသွားပုံပေါ်လေသည်။

ရင်တုန်နေသော စွမ်းအားကြီးပုဂ္ဂိုလ်များသည်လည်း တဖြည်းဖြည်း စိတ်ငြိမ်လာကြသည်။ ထို့နောက် သူတို့သည် ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ရန် ထွက်သွားဖို့ ဟန်ပြင်လိုက်ကြသည်။

ထိုစဉ်တွင် ကောင်းကင်မှနေ၍ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ရုတ်တရက် ကျဆင်းလာလေသည်။

ရှေးရိုးအဖွဲ့မှ ကျင့်ကြံသူများသည် ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။ နေရောင်သည် အနည်းငယ် မျက်စိကျိန်းနေစေ၏။ ထို့ကြောင့် လူများစွာသည် သူတို့၏မျက်လုံးများကို လက်ဖြင့်ကွယ်လိုက်ကြသည်။ သို့သော် ပို၍ပင် တောက်ပသော နတ်အလင်းတစ်ခု ဖြာကျလာလေသည်။ ထို့နောက် သူတို့သည် ကောင်းကင်မှဆင်းသက်လာသော အင်အားကြီး ကောင်းကင်စစ်တပ်တစ်တပ်ကို မြင်လိုက်ရလေသည်။

ထိုအခိုက်တွင် သူတို့သည် အပြင်းအထန် ရင်တုန်သွားကြသည်။

ယင်းမှာ...

ရှေးရိုးအဖွဲ့အတွင်း၌ အနက်ရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ဦးသည် ကောင်းကင်ထဲတွင် ထွက်ပေါ်လာလေသည်။ သူ၏မျက်လုံးများသည် လျှပ်စီးတန်းအလား ဟင်းလင်းပြင်ကို ဖောက်ကာ ကောင်းကင်ထဲရှိ စစ်တပ်ကို ကြည့်နေသည်။

“ဘယ်သူတွေ ရောက်လာတာလဲ”

သူ့ခန္ဓာကိုယ်မှနေ၍ အင်ပါယာအရှိန်အဝါ ထွက်ပေါ်လာပြီး ကျယ်ပြောသော ကုန်းမြေကို လွှမ်းခြုံသွားသည်။ ခက်ထန်သော အင်ပါယာအရှိန်အဝါသည် ကျင့်ကြံသူများကို အတော်လေး စိတ်တည်ငြိမ်သွားစေသည်။ အထူးသဖြင့် ရှေးရိုးအဖွဲ့မှ စွမ်းအားကြီးပုဂ္ဂိုလ်များသည် စိတ်အေးသွားကြသည်။ သူတို့၏ကလန်တွင် မဟာအင်ပါယာတစ်ပါး ရှိပေသည်။

သူ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ငွေဖြူရောင်ဆံပင်နှင့် လူတစ်ယောက် ထွက်ပေါ်လာ၏။ ရှေးရိုးအဖွဲ့မှ မဟာအင်ပါယာသည် ထွက်ပေါ်လာသူကို တွေ့လိုက်သောအခါ မျက်နှာပျက်သွားသည်။

ရီဖူရှင်းသည် အတွေးကို သုံး၍ ကျယ်ပြောသော အာကာပြင်ကို မဟာလမ်းစဉ်နတ်စွမ်းအားနှင့် လွှမ်းခြုံလိုက်သည်။ အချိန်နှင့်နေရာသည် ရပ်တန့်သွားသည်။ မဟာအင်ပါယာ၏ခေါင်းအထက်၌ လွန်စွာတောက်ပသော လှံတစ်ချောင်း ထွက်ပေါ်လာ၏။ ထိုလှံသည် ဟင်းလင်းပြင်ကို ဖြတ်ကာ အောက်ဘက်သို့ တိုက်ရိုက် ကျဆင်းသွားသည်။

ရှေးရိုးအဖွဲ့မှ မဟာအင်ပါယာသည် လှံ၏အရှိန်အဝါကို အာရုံခံမိသောအခါ မျက်နှာမဲ့သွား၏။ သို့သော် အချိန်သည် ရပ်တန့်နေကြောင်း သူခံစားလိုက်ရ၏။ သူ၏နတ်စွမ်းအားက လွတ်မြောက်လိုသော်လည်း သူသည် မဟာအင်ပါယာအဆင့်သို့ ရောက်ခါစသာ ရှိသေးသည်။ သူသည် မည်သို့ ရီဖူရှင်းကို ယှဉ်တိုက်နိုင်မည်နည်း။ သူတို့၏ နတ်စွမ်းအားများသည် ဆီနှင့်ရေလို ကွာခြားလှပေသည်။

လှံ ကျဆင်းလာပြီး မဟာအင်ပါယာ၏ ခန္ဓာကိုယ်ကို စွက်ခနဲ ထိုးဖောက်သွားသည်။ ကျယ်လောင်သော ပေါက်ကွဲသံတစ်သံနှင့်အတူ ၎င်းသည် ဆက်၍ ဆင်းသက်လာပြီး ရှေးရိုးအဖွဲ့၏ မဟာစံအိမ်တော်ကို ဖျက်ဆီးပစ်လိုက်လေသည်။ တောက်ပသောလှံသည် မြေပြင်တွင် စိုက်နေပြီး အသက်မဲ့နေသော မဟာအင်ပါယာ၏ခန္ဓာကိုယ်ကို ထိုးစိုက်ထားလေသည်။

ရှေးရိုးအဖွဲ့၏ အတွင်းအပြင်မှ စွမ်းအားကြီးပုဂ္ဂိုလ်အားလုံးသည် သူတို့မျက်စိရှေ့ရှိ ကြောက်မက်ဖွယ် မြင်ကွင်းကို မြင်လိုက်သောအခါ ကြက်သေ,သေသွားကြသည်။ သူတို့၏ မျက်စိရှေ့တွင် ရှေးရိုးအဖွဲ့မှ မဟာအင်ပါယာတစ်ပါးသည် ရှေးရိုးအဖွဲ့မှာပင် သေသည်အထိ လှံဖြင့်ထိုးစိုက်ခံလိုက်ရသည်ကို မြင်လိုက်ရသည် မဟုတ်ပါလား။

ထို့နောက်တွင် ရှေးရိုးအဖွဲ့မှ စွမ်းအားကြီးပုဂ္ဂိုလ်များသည် ရင်ထဲတွင် အလွန်နာကျင်သွားသည်။ သူတို့သည် ငွေဖြူရောင်ဆံပင်နှင့် လူငယ်ကို မှတ်မိသွားပေပြီ။

“သူက ရီဖူရှင်းပဲ”

ကောင်းကင်အင်ပါယာရီဖူရှင်းသည် မဟာအင်ပါယာခုနစ်ပါးကို လှံချက်တစ်ချက်ဖြင့် သတ်ပစ်ခဲ့ပြီး လူသားဘိုးဘေးနှင့် ထာဝရဓားသခင်တို့ ပေါင်းတိုက်သည်ကို အထိအခိုက်မရှိ လွတ်လာနိုင်ခဲ့သူဖြစ်သည်။

ယခုတွင် သူသည် ရှေးရိုးအဖွဲ့ကို တိုက်ခိုက်ရန် သူ၏ မဟာစစ်တပ်ကို ဦးဆောင်လာပေပြီ။

ကောင်းကင်ဒေသတွင် ရှေးရိုးအဖွဲ့မှ စွမ်းအားကြီး ပုဂ္ဂိုလ်များကို ရှင်းပစ်ခဲ့သူသည်လည်း ရီဖူရှင်းပေလော။

အားလုံးသည် ကောင်းကင်ထက်ရှိ မဟာစစ်တပ်ကို မော့ကြည့်လိုက်ကြသည်။ ထိုစစ်တပ်၏ အရှိန်အဝါသည် ရှေးရိုးအဖွဲ့အပေါ် ဖိနှိပ်နေသည်။

ရီဖူရှင်း၏ မျက်လုံးများသည် ရေခဲတမျှအေးစက်နေသော်လည်း သတ်ဖြတ်လိုသည့်အငွေ့အသက်ဖြင့် တောက်လောင်နေသည်။ သူက လက်ဝှေ့ယမ်းလိုက်ပြီး အမိန့်ပေးလိုက်၏။

“သတ်ကြ...”

လူသားဘုံ၏ အင်အားစုများသည် ကောင်းကင်ဒေသနှင့် ကောင်းကင်ဘုံတို့တွင် သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည်။ သို့ဆိုလျှင် သူတို့သည် သတ်ဖြတ်မှုကို ရပ်တန့်ရန်အတွက် သတ်ဖြတ်ရမည်ဖြစ်သည်။

သူ ရှေးရိုးအဖွဲ့ကို ရှင်းပစ်ပြီးနောက်တွင် လူသားဘုံမှ အခြားကျူးကျော်အင်အားစုများသည် သတ်ဖြတ်မှုများကို ဆက်ကျူးလွန်ဝံ့ဦးမည်လောကို သူသိချင်နေသည်။

ရီဖူရှင်းက အမိန့်ပေးပြီးနောက်တွင် စစ်တပ်သည် ရှေးရိုးအဖွဲ့ထံ ဦးတည်ဆင်းသက်သွားပြီး တိုက်ခိုက်လိုက်ကြသည်။

ရှေးရိုးအဖွဲ့မှ စွမ်းအားကြီးပုဂ္ဂိုလ်များသည် မြေပြင်တွင် လှံဖြင့် ထိုးစိုက်ခံထားရသော မဟာအင်ပါယာကို ကြည့်လိုက်ကြသည်။ သူ၏ နတ်ဝိညာဉ်နှင့် နတ်အာရုံသည်ပင် ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။ သူတို့အပေါ်သို့ လေပြင်းများ ရိုက်ခတ်သွားပြီး သူတို့သည် လွန်စွာ မျှော်လင့်ချက်မဲ့နေကြသည်။

ရှေးရိုးအဖွဲ့၏ တံခါးများ အပြင်ဘက်တွင် မြို့တော်အတွင်းမှ ကျင့်ကြံသူများသည် ထိုမြင်ကွင်းကို အဝေးမှ ကြည့်နေကြသည်။ ရှေးရိုးအဖွဲ့သည် လူသားဘုံ၏ နံပါတ်(၁)ကလန်ဖြစ်သော်လည်း သူတို့သည် အင်ပါယာနန်းတော်တစ်ခု၏ စစ်တပ်ကို တစ်ခါမှ မခုခံဖူးကြပေ။ ကြောက်မက်ဖွယ် စစ်တပ်သည် ရှေးရိုးအဖွဲ့ကို ရပ်တန့်မရနိုင်သောအားဖြင့် ဖျက်ဆီးနေကြသည်။

အင်အားကြီးကလန်သည် မည်သို့မှ မတားဆီးနိုင်ဘဲ ဖျက်ဆီးခံနေရသည်။ ကောင်းကင်ထဲတွင် စွမ်းအားကြီးပုဂ္ဂိုလ်များ အဆက်မပြတ် သေဆုံးနေပြီး သူတို့၏ခန္ဓာကိုယ်များ အောက်သို့ ပြုတ်ကျနေကြသည်။

ပူပြင်းသောနေ တောက်ပနေသော်လည်း ရှေးရိုးအဖွဲ့မှ ကျင့်ကြံသူအားလုံးသည် အရိုးစိမ့်ဖွယ် အအေးဓာတ်ကို ခံစားနေကြရသည်။ လေပြေတစ်ချက် တိုက်ခတ်သွားသောအခါ သူတို့သည် သူတို့၏ စိတ်ဝိညာဉ်များကို အေးစက်မှုတစ်ခု ထိုးစိုက်သွားသလို ခံစားလိုက်ရလေသည်။

ထိုတိုက်ပွဲသည် သိပ်မကြာလိုက်ပေ။ သို့သော် ရှေးရိုးအဖွဲ့ထဲတွင် အလောင်းများနှင့် ပြည့်သွားပေပြီ။ ရှေးရိုးအဖွဲ့သည် သွေးချင်းချင်း ရဲနေလေသည်။

မဟာအင်ပါယာ လှံဖြင့် ထိုးစိုက်ခံထားရသည့်နေရာသည် ‌ရှေးရိုးအဖွဲ့၏ ထိပ်ရှိ ပျက်စီးနေသော စံအိမ်တွင် ဖြစ်ပေသည်။ ထိုမြင်ကွင်းသည် တုန်လှုပ်ဖွယ်ပင်။

လူသားဘုံ၏ နံပါတ်(၁)ကလန်သည် ရှင်းပစ်ခံလိုက်ရပေပြီ။

အဝေးတွင် လွန်စွာအားကောင်း၍ လွှမ်းမိုးအားကြီးသော အင်ပါယာအရှိန်အဝါ ဆင်းသက်လာ၏။ ကောင်းကင်ထဲတွင်လည်း လူသားဘိုးဘေး၏ မျက်နှာ ထွက်ပေါ်လာပြီး နေကို ကာရံသွားပြီး လောကတစ်ခွင်လုံးကို လွှမ်းခြုံသွားသည်။

နတ်အရှိန်အဝါ ကျဆင်းလာ၏။ လူသားဘိုးဘေးသည် ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်၏။

“ရီဖူရှင်း... မင်းက ရဲတင်းလွန်းတယ်”

ရီဖူရှင်းသည် မျက်နှာကြီးကို မော့ကြည့်သည်။ သူသည် မဟာစစ်တပ်ကို သူ၏လောကအသေးထဲသို့ ပြန်ခေါ်လိုက်ပြီး သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် နတ်စွမ်းအားကို စုစည်းလိုက်ပြီး လွန်စွာကြောက်မက်ဖွယ်ကောင်းသော လှံတစ်ချောင်းအဖြစ် ပြောင်းလဲလိုက်သည်။

သူက လက်ဆန့်တန်းကာ ‌ရှေ့သို့ ရိုက်ထုတ်လိုက်သည်။ ရုတ်ခြည်းပင် လှံရှည်သည် ကောင်းကင်ထက်သို့ တိုက်ရိုက် ပျံတက်သွားပြီး ကြီးမားသော မျက်နှာကြီးကို ထိုးစိုက်သွားသည်။

ဝုန်း...

လှံရှည်သည် ကောင်းကင်ကို တိုက်ခိုက်လိုက်ပြီး ကြောက်မက်ဖွယ်အက်ကြောင်းတစ်ခု ထွက်ပေါ်လာ၏။ ၎င်းသည် ကောင်းကင်ကို ဝါးမျိုလိုက်ပြီး မျက်နှာကြီးကိုပင် တွန့်လိမ်သွားစေသည်။ ကောင်းကင်တစ်နေရာသည် အက်ကွဲသွားပေပြီ။ ရီဖူရှင်း ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ပြောလိုက်၏။

“တကယ်လို့ လူသားဘုံက အင်အားစုတွေက ကောင်းကင်ဒေသမှာ ထပ်ပြီးတော့ ရက်စက်တဲ့လုပ်ရပ်တွေ လုပ်ရဲသေးတယ်ဆိုရင် သူတို့လည်း ရှေးရိုးအဖွဲ့လို အဆုံးသတ်သွားလိမ့်မယ်”

သူသည် ထိုသို့ပြောပြီးနောက် ရုတ်ခြည်း ပျောက်ကွယ်သွားသည်။

ရီဖူရှင်း ထွက်သွားပြီးနောက်တွင် မဟာအင်ပါယာများ ထွက်ပေါ်လာ၏။ သူတို့သည် အစောက ရှေ့သို့ ထွက်မလာဝံ့သဖြင့် ဖြစ်ပျက်သွားသည်များကို အဝေးမှသာ ကြည့်နေခဲ့ရသည်။ သူတို့သည် ရီဖူရှင်းကို အပြစ်ပြုမိ၍ မရကြောင်း ထင်ရှား၏။

ရှေးရိုးအဖွဲ့မှ ကျင့်ကြံသူများ၏ ရင်ထဲတွင် ညှိုးငယ်သော ခံစားချက်တစ်ခု ထွက်ပေါ်လာ၏။ လူသားဘုံသည်လည်း ဤကပ်ဘေးအန္တရာယ်မှ မလွတ်နိုင်သည့်ပုံပင်။

All Chapters