နှစ်ဝက်
Vol. 205 Ch. 2917
လူသားဘိုးဘေး၏ အုပ်စုသည်လည်း ညိုးငယ်သော ခံစားချက်ကို ခံစားလိုက်ရ၏။ သူသည် ရှေးရိုးအဖွဲ့မှ ကျင့်ကြံသူများ၏အသက်များကို ဂရုမစိုက်သော်လည်း ရီဖူရှင်းသည် ရှေးရိုးအဖွဲ့ကို ရှင်းပစ်နိုင်ခဲ့သည်ဟူသော အချက်သည် သူ့ကို အရှက်ရစေသေးသည်။
အပေါ်ယံတွင် ရှေးရိုးအဖွဲ့သည် လူသားဘုံ၏ နံပါတ်(၁)ကလန် မဟုတ်ပါလား။
သို့သော် ရီဖူရှင်းသည် လူသားဘုံသို့ စစ်တပ်တစ်တပ် ဦးဆောင်လာပြီး ယင်းအဖွဲ့ကို ဖျက်ဆီးပစ်ခဲ့သည်။
ထိုနေရာတွင် မဟာအင်ပါယာတစ်ပါးလည်း လှံဖြင့် ထိုးကာ အသတ်ခံထားရသည်။ ယင်းမှာ လူသားဘုံမှ ကျူးကျော်သူများကို ကြောက်ရွံ့သွားအောင် နမူနာပြခြင်းဖြစ်သည်။
“လူသားဘိုးဘေး... ရီဖူရှင်းက လောကအသေးကို ပိုင်ဆိုင်ထားတော့ စစ်တပ်ကို သူသွားလေရာ ခေါ်သွားနိုင်တယ်။ အဲဒီတော့ သူက ဘယ်တိုက်ပွဲပြင်မှာမဆို ထွက်ပေါ်လာနိုင်တယ်။ အဲဒါက ကျုပ်တို့အတွက် တော်တော် မကောင်းဘူး။ ကျုပ်တို့သာ ရီဖူရှင်းကို မသတ်ရင် အဆုံးမရှိတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရမှာပဲ”
မဟာအင်ပါယာတစ်ပါးက ပြောလိုက်၏။ သူ၏အသံတွင် ဒေါသသံ ပါနေသည်။
ထိုသို့ ပြောလိုက်သော မဟာအင်ပါယာသည် ရှေးရိုးအဖွဲ့၏ အဖွဲ့ခေါင်းဆောင်ဖြစ်သည်။ သူ၏ ရှေးရိုးအဖွဲ့သည် ဖျက်ဆီးခံလိုက်ရပေပြီ။
အသတ်ခံလိုက်ရသူများထဲတွင်လည်း သူ့မိသားစု၏ မျိုးဆက်များ ပါပေသည်။ သူတို့သည် မညှာမတာ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ဤမတိုင်ခင်က ထိုက်ရွှမ်မြို့တွင်လည်း သူ၏မျိုးဆက်များ သေဆုံးခဲ့ကာ တိုက်ပွဲတွင် ကျဆုံးခဲ့လေသည်။ သူမှလွဲ၍ ရှေးရိုးအဖွဲ့မှ ကျန်လူများ အသတ်ခံလိုက်ရပြီဖြစ်သည်။
လူသားဘိုးဘေးသည် အရေးမစိုက်သော မျက်လုံးများဖြင့် သူ့ကို ကြည့်သည်။ ထိုစကားများသည် အသုံးမဝင်သော စကားများပင်။ ထိုအရာများကို သူကိုယ်တိုင်လည်း မမြင်နိုင်သလော။
သို့သော် သူတို့သည် ယခင်က ရီဖူရှင်းကို လိုက်လံသတ်ဖြတ်ရာတွင် ရီဖူရှင်းကိုရော အရှင်ဒွန်ဟောင်ကိုပါ ရှင်းမပစ်နိုင်ခဲ့ပေ။ အကယ်၍ ရီဖူရှင်းတို့သာ ထိပ်တိုက် တိုက်ခိုက်ရန်ကို တမင် ရှောင်နေလျှင် ရီဖူရှင်းကို သတ်ဖြတ်ရန် မဖြစ်နိုင်သလောက်ပင်။ ထို့ကြောင့်လည်း ရီဖူရှင်းသည် ဤမျှ အကြောက်အရွံ့ကင်းကာ ရဲတင်းနေဝံ့ခြင်းဖြစ်သည်။ ယင်းမှာ စွမ်း၍ ရဲသည် ဟူသော စကား၏ သိသာသော ဥပမာပင်။ ရီဖူရှင်းသည် သူ၏စွမ်းရည်များအပေါ် အလွန် ယုံကြည်မှုရှိပေသည်။
ယခုတွင် လောကထဲက မည်သူမှ ရီဖူရှင်းကို တစ်ကိုယ်တော် အနိုင်ယူနိုင်တော့မည် မဟုတ်ပေ။ သို့သော်...
လူသားဘိုးဘေးသည် သူ့နောက်ရှိ ထိပ်တန်းမဟာအင်ပါယာများကို ကြည့်လိုက်ပြီး ပြောလိုက်၏။
“အနာဂတ်မှာ ကောင်းကင်လမ်းစဉ်စည်းမျဉ်းက ပြန်ပြုပြင်ခံရလိမ့်မယ်။ အရာအားလုံးကလည်း ပြန်ဖွဲ့စည်းခံရလိမ့်မယ်... နတ်ဘုရား ဘယ်လိုဖြစ်လာရမလဲဆိုတဲ့ နည်းလမ်းအပါအဝင်ပေါ့။ ခင်ဗျားတို့အားလုံးက ပြန်ရှင်သန်လာပြီဆိုတော့ နည်းနည်း အင်အားဝင်ဖြည့်ပေးသင့်တယ်။ ပုန်းနေစရာလည်း မလိုသလို၊ ညှာတာစရာလည်း မလိုဘူး”
ထိုရှေးဟောင်းမဟာအင်ပါယာများသည် အဆင့်အတန်းရှိသူများဖြစ်သဖြင့် လွန်စွာမာနကြီးကာ မောက်မာသူများဖြစ်ကြောင်း သူသိပေသည်။ ယခင်တစ်ခေါက်က ထာဝရဓားသခင်သာ လေးလေးနက်နက် တိုက်ခိုက်ခဲ့သည်။ ထိပ်တန်းမဟာအင်ပါယာများစွာသည် သူတို့၏ စွမ်းရည်များကို အမှန်တကယ် ထုတ်မပြခဲ့ကြချေ။
နတ်ဘုရားအားလုံးသည် လူသားဘိုးဘေး၏ စကားများကို ကြားသောအခါ တိတ်ဆိတ်သွားကြသည်။ အကယ်၍ ကောင်းကင်လမ်းစဉ်စည်းမျဉ်းသာ ပြန်ပြုပြင်ခံလိုက်ရလျှင် ရှေးဟောင်းကောင်းကင်လမ်းစဉ်ခေတ်ကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ ထိုအချိန်ကျလျှင် လောကစည်းမျဉ်းကို ထိန်းသိမ်းရန် တပ်ဖွဲ့ရှစ်ဖွဲ့ကဲ့သို့သော အဖွဲ့များလည်း ရှိနိုင်သည်။ လူသားဘိုးဘေးသည် ဖြစ်လာနိုင်သည်များကို သူတို့အား အရိပ်အမြွက် ပြနေခြင်းပင်။
ထို့အပြင် သူတို့သည်”လူသားဘိုးဘေး”ကို ကြောက်ရွံ့ကြပေသည်။ သူတို့ ပြန်ရှင်သန်လာနိုင်အောင် ကူညီခဲ့သူမှာ”လူသားဘိုးဘေး”ဖြစ်သည်။
လူသားဘိုးဘေးသည် စကားပြောပြီးနောက် သူတို့အောက်ဘက်သို့ ကြည့်ကာ ရှေးရိုးအဖွဲ့မှ ကျင့်ကြံသူများကို ပြောလိုက်၏။
“ရီဖူရှင်းက သူ့ကိုယ်သူ ကောင်းကင်အင်ပါယာလို့ သမုတ်ပြီး ရက်စက်တဲ့လုပ်ရပ်တွေ ကျူးလွန်ဖို့ လူသားဘုံကို ကိုယ်တိုင် ရောက်လာခဲ့တယ်။ သူက အပြစ်မဲ့တဲ့ ကျင့်ကြံသူတွေ အများကြီးကို သတ်သွားပြီး ရှေးရိုးအဖွဲ့ကို ဖျက်ဆီးသွားတယ်။ အဲဒါက မယုံနိုင်လောက်အောင် ရက်စက်တယ်။ အဲဒီလို မကောင်းတဲ့လူမျိုးကို လောကကြီးထဲက ရှင်းထုတ်ပစ်ရမယ်။ ငါ ဘုံသုံးခုက စစ်တပ်တွေကို ဦးဆောင်ပြီး သမာဓိဓားနဲ့အတူ လောကကြီးကို သန့်စင်ပစ်မယ်။ ငါ လောကစည်းမျဉ်းကို ပြန်ပြုပြင်ချင်တယ်။ အဲဒါမှ လောကတစ်ခွင်လုံး လူသားဘုံလို သန့်စင်တဲ့နယ်မြေဖြစ်သွားမှာ။ ဒါပေမဲ့ ကောင်းကင်ဘုံနဲ့ ကောင်းကင်ဒေသက ကျင့်ကြံသူတွေက ခေါင်းမာတယ်... ပြီးတော့ ရီဖူရှင်းရဲ့ မှိုင်းလည်းမိနေတယ်။ ငါတို့ သူ့ကို သတ်မှပဲ ရမယ်။ လူသားဘုံက ကျင့်ကြံသူတွေလည်း သမာဓိဓားကို ဆွဲကိုင်ပြီး လောကကြီးကို ပြောင်းလဲဖို့ ကောင်းကင်ဘုံနဲ့ ကောင်းကင်ဒေသကို တိုက်ခိုက်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်”
လူသားဘိုးဘေး၏ စကားသည် ရှေးရိုးအဖွဲ့မြို့တော်မှ ကျင့်ကြံသူများကို စိတ်ကြွလာစေပြီး ရန်သူများအပေါ် မုန်းတီးလာစေလေသည်။ သူတို့သည် သတ်ဖြတ်ကာ ကောင်းကင်ဒေသသို့ဝင်၍ လောကကြီးအတွက် ငြိမ်းချမ်းမှု ဆောင်ကျဉ်းပေးလိုလာသည်။
နတ်ဘုရားအားလုံးသည် ထိုအဖြစ်ကို တိတ်တဆိတ် ကြည့်နေကြသည်။ လူသားဘိုးဘေးသည် လူများ၏အသက်ကို အရေးမစိုက်လောက်ပေ။ သူသည် တစ်လောကလုံးကို သူ့လက်အောက်တွင် ထားလိုပြီး လူတိုင်းကို သူ့အား ယုံကြည်သူ ဖြစ်လာစေလိုနေသည်။ သူ မည်သည့်နည်းလမ်းကို သုံးရပါစေ သို့မဟုတ် အသက်ပေါင်းမည်မျှ ဆုံးရှုံးရပါစေ သူသည် ထိုအရာအားလုံးကို ဂရုစိုက်မည် မဟုတ်ပေ။
****
ရှေးရိုးအဖွဲ့သည် လူသားဘုံ၏ နံပါတ်(၁)ကလန် ဖြစ်ခဲ့သည်။ ရီဖူရှင်းက ယင်းအဖွဲ့ကို ရှင်းပစ်ခဲ့ပြီဆိုသော သတင်းသည် လူသားဘုံမှ ကုန်းမြေအားလုံးတွင် လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ထို့နောက်တွင် အင်အားစုအားလုံးမှ ကျင့်ကြံသူများသည် ထိုသတင်းကို ကောင်းကင်ဘုံနှင့် ကောင်းကင်ဒေသရှိ တိုက်ပွဲပြင်များသို့ ပို့ခဲ့သည်။ ထို့ကြောင့် ကောင်းကင်ဘုံနှင့် ကောင်းကင်ဒေသရှိ ကျူးကျော်နေသော အင်အားစုများသည် အလွန် ကြောက်ရွံ့သွားကြသည်။
ထို့နောက်တွင် ရီဖူရှင်းသည် သူ၏စစ်တပ်ကို ဦးဆောင်ကာ ကောင်းကင်ဒေသရှိ တိုက်ပွဲပြင်များစွာတွင် ထွက်ပေါ်လာခဲ့သည်။ မဟာတပ်ဖွဲ့ရှစ်ဖွဲ့သည် ကုန်းမြေများပေါ်ရှိ ကျူးကျော်သူများကို သတ်ဖြတ်ခဲ့သည်။
လူသားဘုံမှ ကျူးကျော်အင်အားစုများသည် သုံးလတိုင်အောင် သောင်းကျန်းနေခဲ့သည်။ ယခုတွင်မူ သူတို့သည် သန်မာသော ခုခံမှုနှင့် ကြုံရပေပြီ။ သူတို့သည် ဆက်၍ မဆင်မခြင် မပြုမူဝံ့ကြတော့ပေ။ ထိုအစား သူတို့သည် စိတ်လှုပ်ရှားလာကာ တစ်ရက်တွင် မဟာစစ်တပ်သည် သူတို့အရှေ့သို့ ဆင်းသက်လာပြီး သူတို့အားလုံးကို သတ်ပစ်မည်ကို စိုးရိမ်လာကြသည်။
လူသားဘိုးဘေးသည်လည်း ရီဖူရှင်းကို ဝန်းရံ ဖိနှိပ်ရန် နတ်ဘုရားများကို ဦးဆောင်ခဲ့သည်။ သို့သော် ရီဖူရှင်းသည် တစ်ခါမှ သူတို့နှင့် ထိပ်တိုက် ရင်မဆိုင်ခဲ့ချေ။ သူသည် စစ်တပ်ကို ပါးပါးနပ်နပ်တိုက်ခိုက်ခိုင်းခဲ့ပြီး လမ်းကြောင်းပြောင်းကာ လျင်မြန်စွာ ထွက်သွားခဲ့သည်ချည်းသာ။
သို့သော် အန္တရာယ်များသော တွေ့ဆုံမှုတစ်ခုလည်း ဖြစ်ခဲ့သည်။ ရီဖူရှင်းသည် ဖမ်းမိခံရလုနီးပါး ဖြစ်သွားခဲ့ပြီး သူ၏စစ်တပ်ကို ခေါ်မသွားနိုင်တော့မလို ဖြစ်ခဲ့သည်။ အကယ်၍ သူသာ အမှန်ပင် သူ့စစ်တပ်ကို ခေါ်မသွားနိုင်ခဲ့လျှင် လူသားဘုံသည် သူတို့၏အင်အားစုအားလုံးကို ရီဖူရှင်း၏ မဟာစစ်တပ်ကို တိုက်ခိုက်စေပေလိမ့်မည်။ သို့ဆိုလျှင် အလွန်အန္တရာယ်များ ပေလိမ့်မည်။
ထို့ကြောင့် ရီဖူရှင်းက ကောင်းကင်ဘုံနှင့် ဗုဒ္ဓကလန်သို့ သွားခဲ့ပြီး လူသားဘုံ၏ အင်အားစုသုံးစုကို ကြောက်လန့်သွားစေခဲ့သည်။ သူတို့သည် ဆက်၍ မဆင်မခြင် မပြုမူဝံ့ကြတော့ပေ။
နောက်ဆုံးတွင် စစ်ပွဲသည် နှစ်ဝက်ကြာခဲ့ပြီး အနည်းငယ် ငြိမ်သွားသည်။ ယခင်ကကဲ့သို့ နေရာအနှံ့တွင် စစ်ပွဲများ မရှိတော့ပေ။ တိုက်ပွဲအသေးစားလေးများသာ ရပ်တန့်ခြင်းမရှိဘဲ နေရာအနှံ့တွင် ဆက်၍ ဖြစ်ပွားနေသည်။ ကျူးကျော်အင်အားစု သုံးစုသည် အန္တရာယ်ကို ခံစားခဲ့ရပြီး ယခင်ကလိုမျိုး ပေါ်ပေါ်ထင်ထင် မပြုမူဝံ့ကြတော့ပေ။
ရီဖူရှင်းမှာလည်း ထိုသို့ဖြစ်လာနိုင်ရန်အတွက် အချိန်သုံးလပေးခဲ့ရသည်။
ထိုသုံးလအတွင်း၌ သူသည် နှစ်(၂၀)ကြာ ကျင့်ကြံနိုင်သော်လည်း ကောင်းကင်ဘုံနှင့် ကောင်းကင်ဒေသမှ ကျင့်ကြံသူများအတွက် ထိုသုံးလကို စတေးခဲ့ခြင်းပင်။
ယခုတွင် စစ်ပွဲသည် အတော်အေးသွားပြီဖြစ်၍ ရီဖူရှင်းသည် စတင် ကျင့်ကြံနိုင်ပြီဖြစ်သည်။
ရီဖူရှင်းသည် မူလဘုံရှိ လူသူကင်းရှင်းသော ကုန်းမြေတစ်ခုပေါ်ရှိ တောင်နက်တစ်ခုထိပ်သို့သွားကာ တစ်ကိုယ်တည်း ကျင့်ကြံခဲ့သည်။ သူသည် ပြင်ပမှ အနှောင့်အယှက်များကို မခံလို၍ ဝေးလံသော နေရာကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
အရှင်ဒွန်ဟောင်နှင့် အခြားသူများသည် ရီဖူရှင်းကို သူ၏ ကောင်းကင်လမ်းစဉ်အသေးစားလောကထဲတွင် တွေ့ခဲ့သည်။ သို့သော် သူတို့သည် မည်သို့မှ မပြောခဲ့ကြပေ။ ရီဖူရှင်းသည် အပြင်သို့ သုံးလသာ သွားခဲ့ခြင်းဖြစ်သော်လည်း သူတို့သည် ထိုလောကထဲတွင် နှစ်(၂၀) ဖြတ်သန်းခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ရီဖူရှင်းသည် နှစ်(၂၀)စာ ကျင့်ကြံခြင်းကို ဆုံးရှုံးခဲ့ရသည်။ သို့သော် ရီဖူရှင်းသည် ကျင့်ကြံသူများစွာကို ကယ်တင်နိုင်ခဲ့သည်။ သူ၏ရွေးချယ်မှု မှန်သည်၊ မှားသည်ကို အချိန်ကသာ အဆုံးအဖြတ် ပေးနိုင်ပေလိမ့်မည်။
အရှင်ဒွန်ဟောင်သည် သူတို့ အချိန်ကို ရှုံးမသွားစေရန်သာ မျှော်လင့်ပေသည်။
သို့သော် ရီဖူရှင်းသည် နေရာအနှံ့ရှိ တိုက်ပွဲများအတွင်းသို့ စစ်တပ်ကို ဦးဆောင်သွားခဲ့စဉ်က အင်ပါယာလမ်းစဉ်ပေါ်ရှိ သူများကို ဝင်မပါစေခဲ့ချေ။ သူတို့၏ ပထမဦးစားပေးသည် ကျင့်ကြံခြင်းဖြစ်သည်။ ဂူတုံးလျှိုနှင့် ဒွန်ဟောင်တိယွမ်ကဲ့သို့သော သူများ ဝင်မပါခဲ့ချေ။ သူတို့သည် သူ၏ကောင်းကင်လမ်းစဉ်အသေးစားလောကထဲတွင်သာ ကျင့်ကြံနေခဲ့ကြသည်။ သူတို့အတွက် သူတို့၏စွမ်းရည်များကို တိုးတက်လာအောင် လုပ်ခြင်းသည် အရေးအကြီးဆုံး တာဝန်ဖြစ်သည်။
လက်ရှိတွင် ရီဖူရှင်းဘက်၌ စွမ်းအားကြီး မဟာအင်ပါယာများ ပိုရှိလာသည်။
သူတို့ ယခင်က ကျင့်ကြံခြင်းအချိန်ကို ထည့်မတွက်လျှင်ပင် အပြင်လောကတွင် စစ်ဖြစ်နေခဲ့သည်မှာ နှစ်ဝက်ရှိသွားခဲ့ပြီဖြစ်၍ ကောင်းကင်လမ်းစဉ်အသေးစားလောကထဲတွင် နှစ်(၄၀) ကုန်ဆုံးသွားခဲ့ပြီ မဟုတ်ပါလား။ ဤမတိုင်ခင်ကလည်း သူတို့သည် ရီဖူရှင်း၏ အကူအညီဖြင့် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့နိုင်သည်။
လက်ရှတွင် ကောင်းကင်လမ်းစဉ်အသေးစားလောကသည် လောကတစ်ခုလုံးကိုသို့ ဖြစ်နေပေပြီ။ အပြင်လောကကဲ့သို့ပင် ၎င်းတွင် ၎င်း၏ ကိုယ်ပိုင်လောကစည်းမျဉ်းနှင့် ဝိညာဉ်ချီရှိပေသည်။ အကယ်၍ လူတစ်ယောက်ကိုသာ ဤလောကအတွင်းသို့ ပစ်သွင်းလိုက်ပါက သူသည် အပြင်လောကနှင့် ထိုလောကကို ရှင်းရှင်းလင်းလင်း ခွဲခြားသိနိုင်မည် မဟုတ်ပေ။
ရီဖူရှင်းသည် အားလုံး၏ ကျင့်ကြံခြင်းအဆင့်များကို စစ်ဆေးခဲ့သည်။ အဓိကပုဂ္ဂိုလ်များသည် တဖြည်းဖြည်း အင်ပါယာလမ်းစဉ်ပေါ်သို့ တက်လှမ်းနိုင်ခဲ့ကြပေပြီ။ ဂူတုံးလျှို၏ လမ်းစဉ်ဖျက်ဆီး ကျင့်ကြံခြင်းသည်လည်း တရွေ့ရွေ့ တိုးတက်နေသည်။ သူသာ အပြင်လောကသို့ ထွက်သွားလျှင် လောကကြီးကို သေချာပေါက် အံ့အားသင့်သွားစေမည်ဖြစ်သည်။