အသိဉာဏ်ပညာ
Vol. 205 Ch. 2918
ရီဖူရှင်း၏ လောကအသေးစားထဲတွင် နတ်နန်းတော်တစ်ခု ရှိလေသည်။ ၎င်းတွင် တောင်ကုန်းတစ်ခု၊ စမ်းချောင်းတစ်စင်းနှင့် သစ်ပင်များစွာ ရှိသည်။ လှပစွာ တည်ရှိနေသော စံအိမ်အချို့လည်း ရှိသည်။ ယင်းတို့သည် သပ်ရပ် ကြော့မော့ပြီး လောကအပြင်ဘက်မှ နိဗ္ဗာန်ဘုံတစ်ခုဟု ခံစားရလေသည်။ ၎င်းသည် ငြိမ်းချမ်း၊ လှပပေသည်။
ယင်းမှာ ကု့ချင်းစံအိမ်ပင်။ ထိုအခိုက်တွင် နတ်နန်းတော်အတွင်းမှနေ၍ သာယာသော ဂီတသံ တစ်သံ ထွက်ပေါ်နေသည်။ ထိုအသံသည် စိတ်ကို ပြေလျော့ကာ ပျော်ရွှင်စေသည်။
ထိုနေရာသည် လောကအသေးစားထဲမှ နေရာတစ်ခုသာဖြစ်သည်။ ရီဖူရှင်း ဤလောကအသေးစားကို ဖန်တီးခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ ထိုနှစ်များအတွင်း၌ လောကအသေးစားသည် ယခင်ကကဲ့သို့ လူသူမကင်းရှင်းတော့ချေ။ ဤနေရာမှ ကျင့်ကြံသူများသည် သူတို့၏ ကိုယ်ပိုင် ကျင့်ကြံခြင်းကုန်းမြေများကို တည်ထောင်ခဲ့ကြသည်။
ကု့ချင်းစံအိမ်သည် ရီဖူရှင်းနှင့် သူ၏ဆရာ ဟွာဖုန်းလျှိုတို့ သူငယ်ရွယ်စဉ်က နေထိုင်ခဲ့သော နေရာဖြစ်သည်။
ထို့ကြောင့် ဤနေရာသည် ဟွာဖုန်းလျှို၏ မိသားစု နေထိုင်ရာနေရာဖြစ်ကြောင်း ထင်ရှား၏။
သူ၏ဆရာ၊ ဆရာကတော်၊ ဂျီယူ၊ နန်းယွီနှင့် အခြားသူများအားလုံးသည် ဤနေရာတွင် နေကြသည်။
သာယာသော ဂီတံသံသည် ဟွာဖုန်းလျှိုထံမှ ထွက်ပေါ်လာခြင်းပင်။ သူ စစ်ပွဲတွင် ကူညီလိုလျှင်ပင် သူသည် အစွမ်းမဲ့နေသည်။ ထို့အပြင် ဤလောကသည် ရီဖူရှင်း၏ လောကအသေးစားဖြစ်သည်။ ဤလောကတွင် မည်သည့်ပဋိပက္ခမှ မရှိသလို ရီဖူရှင်းသည် အပြင်မှ ပဋိပက္ခများအကြောင်းကိုလည်း သူနှင့် ဆွေးနွေးမည် မဟုတ်ပေ။
သူ၏ဆရာ အနားယူခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထို့ကြောင့် ရီဖူရှင်းသည် သူ့ကို စိုးရိမ်စေမည် မဟုတ်ပေ။
ကု့ချင်းစံအိမ်၏ တောင်ထိပ်တွင် မိန်းမပျိုနှစ်ယောက် ကျင့်ကြံနေသည်။ သူမတို့နှစ်ယောက်တွင် ထူးကဲသော ဟန်ပန်အရှိန်အဝါရှိ၏။ သူမတို့သည် သာမန်လောကမှ မဟုတ်ဘဲ ကောင်းကင်နတ်သမီးလေးများကဲ့သို့ ထင်ရသည်။
ထိုမိန်းမပျိုနှစ်ဦးထဲမှ တစ်ဦးသည် လွန်စွာ လှပချောမောပေသည်။ သူမသည် နတ်မိမယ်ကဲ့သို့ သန့်စင်ကြည်လင်နေသည်။ အခြားမိန်းမပျိုသည်လည်း ပြီးပြည့်စုံသော နတ်မိမယ်တစ်ပါး၏ ကိုယ်ပွားကဲ့သို့ပင်။ သူမ၏တစ်ကိုယ်လုံးတွင် မည်သည့်ပြစ်ချက်မှ မရှိချေ။ သူမသည် နူးညံ့သိမ်မွေ့ပေသည်။
ထိုမိန်းမပျိုနှစ်ဦးသည် ဟွာချင်းချင်းနှင့် ဟွာဂျီယူတို့ ဖြစ်ကြသည်။ သူမတို့သည် တစ်ချိန်လုံး အတူကျင့်ကြံနေခဲ့ခြင်းပင်။
ယခုတွင် တောင်တစ်ခွင်တွင် ဗုဒ္ဓတရားသံ ပဲ့တင်ထပ်နေသည်။ ဟွာချင်းချင်းသည် ဟွာဂျီယူအတွက် ရှေးဟောင်းကျမ်းစာများ ရွတ်ဆိုပေးနေခြင်းပင်။ သူမသည် ဗုဒ္ဓအလင်းတစ်ခုကဲ့သို့ပင်။ သူမခန္ဓာကိုယ်ပေါ်တွင် ဗုဒ္ဓကလန်၏ရောင်ဝါ ခပ်ရေးရေး လင်းလက်နေသည်။ သူမသည် အလွန်သန့်စင်ပြီး မညစ်နွမ်းနိုင်ပေ။
ထိုစဉ်တွင် ဟွာဂျီယူသည် ဗုဒ္ဓအလင်းအောက်တွင် ရှိနေပြီး ဆန်းကြယ်သောအခြေအနေတစ်ခုတွင် ရှိနေပုံပင်။ သူမသည် ကျင့်ကြံခြင်းတွင် အလုံးစုံစိတ်နစ်နေပြီး သူမကိုယ်သူမပင် မေ့လျော့နေသည်။
သူမတို့ သတိမပြုမိခင်မှာပင် ငွေဖြူရောင်ဆံပင်နှင့် လူတစ်ယောက်သည် ရှေးဟောင်းတောင်ထွတ်ပေါ်သို့ ဆင်းသက်လာလေသည်။ သူသည် သူမတို့၏ ကျင့်ကြံခြင်းကို မနှောင့်ယှက်ဘဲ ဘေးမှသာ တိတ်တဆိတ်ရပ်ကြည့်နေသည်။
ဟွာချင်းချင်းသည် ဗုဒ္ဓကျမ်းစား ရွတ်ဆိုနေဆဲဖြစ်ပြီး ဟွာဂျီယူသည် စိတ်နှစ်ကာ တရားထိုင်၍ အပြည့်အဝအာရုံစိုက် ကျင့်ကြံနေဆဲပင်။
ရီဖူရှင်းသည် လေကဲ့သို့ပင်။ သူ့ကို မည်သူမှ အာရုံမစိုက်ကြပေ။
သူသည် ယခင်က တစ်ခါမှ ယခုလို ဆက်ဆံမခံရဖူးချေ။
သို့သော် သူသည် နည်းနည်းမှ ဒေါသမဖြစ်ပေ။ ထိုအစား သူသည် ဟွာချင်းချင်းကို ကျေးဇူးတင်စွာ ကြည့်သည်။ သို့သော် သူ ဟွာဂျီယူကို ကြည့်သောအခါ ပို၍သိမ်မွေ့သည့် ချစ်ခင်မှု ရှိနေလေသည်။
“ခဲအို...”
ရီဖူရှင်း၏ နားစည်ကို အသံတစ်သံက လာရိုက်ခတ်၏။ သူ နောက်လှည့်ကြည့်လိုက်ရာ နန်းယွီသည် အဝေးမှ သူ့ကို မျက်တောင်ခတ်၍ ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။ ဟွာနန်းယွီသည် ကလေးမလေးတစ်ယောက် မဟုတ်တော့သော်လည်း ကလေးမလေးကဲ့သို့ ပြုမူနေဆဲပင်။ သူမ၏ကျင့်ကြံခြင်းမှ ပြောရလျှင် သူမ၏အသက်သည် အလွန်ငယ်သေးသည် မဟုတ်ပါလား။
“သူတို့ ကျင့်ကြံနေတာ ဘယ်လောက်ကြာပြီလဲ”
ရီဖူရှင်းသည် ဟွာနန်းယွီထံ အသံပို့လွှတ်၍ မေးလိုက်သည်။
“ဆယ်စုနှစ်နည်းနည်းက တစ်ရက်တည်းလို ကုန်ဆုံးသွားတာပဲ”
ဟွာနန်းယွီပြောလိုက်၏။
“သူတို့ဘာတွေ ကျင့်ကြံနေလည်းတော့ ညီမနားမလည်ပါဘူး။ ဒါပေမဲ့ မမရဲ့ ကျင့်ကြံခြင်းက အရေးကြီးတဲ့အခိုက်ကို ရောက်နေပုံရတယ်”
“အဲဒါဆို မင်းက ဒီကို ဘာလာလုပ်နေတာလဲ”
ရီဖူရှင်း မေးလိုက်သည်။
“ညီမလည်း မသိဘူး။ ဒီနေရာမှ ကျင့်ကြံရင် ပိုပြီး ဉာဏ်အလင်းပွင့်လွယ်တယ်”
ဟွာနန်းယွီကို ထူးဆန်းစွာ ပြော၏။
“ညီမရဲ့ ကျင့်ကြံခြင်းအမြင်ကလည်း ပိုရှင်းလာပြီး ပိုလွယ်လွယ် နားလည်လာနိုင်တယ်။ အဲဒါက ဗုဒ္ဓတရားသံကြောင့်လား”
“ဟုတ်တယ်...”
ရီဖူရှင်းသည် တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းညိတ်လိုက်သည်။
“အဲဒါက ဉာဏ်အလင်းပွင့်မှုအလင်းပဲ”
ရီဖူရှင်းသည် ဟွာချင်းချင်း၏ ခန္ဓာကိုယ်ကို ကြည့်၍ ပြောလိုက်၏။
ဟွာချင်းချင်းသည် အကြွင်းမဲ့ဗုဒ္ဓကျင့်ကြံရာတွင် အဖော်ပြုပေးခဲ့စဉ်က ဗုဒ္ဓမီးအိမ်တစ်လုံး ဖြစ်ခဲ့သည်။ သူမသည် အကြွင်းမဲ့ဗုဒ္ဓ ကျမ်းစာများ သင်ကြားပေးသည်ကို နားထောင်ခဲ့ရသည်။ သူမသည် ရှေးဟောင်းဗုဒ္ဓမီးအိမ်အဖြစ် အကြွင်းမဲ့ဗုဒ္ဓကို နှစ်တစ်ထောင် အဖော်ပြုပေးခဲ့သည်။ ထို့နောက် ဗုဒ္ဓမီးအိမ်တွင် အသိစိတ် မွေးဖွားလာခဲ့သည်။
သို့ကြောင့် ဟွာချင်းချင်း၏ အသိစိတ်သည် အကြွင်းမဲ့ဗုဒ္ဓကြောင့် မွေးဖွားလာခြင်းဟု ဆိုနိုင်သည်။ သူမသည် အသိဉာဏ်မှ ဖြစ်ပေါ်လာခြင်းပင်။
နန်းယွီ နားမလည်ပါ။ သူမ အခွင့်အရေးရလျှင် အဘိုးရွှမ်ကို မေးရပေမည်။
ပုံမှန်ဆိုလျှင် သူမ၏ မမနှင့် ခဲအိုသည် အလွန်အလုပ်များနေပြီး သူမကို ဂရုစိုက်ရန် အချိန်မရှိပေ။ ထို့ကြောင့် ဟွာနန်းယွီသည် အရှင်ထိုက်ရွှမ်နှင့် အခြားသူများကိုသာ နားမလည်သည်များ မေးမြန်းရလေသည်။
ထိုအခိုက်တွင် ဟွာချင်းချင်း၏ခန္ဓာကိုယ်မှ ဗုဒ္ဓအလင်း မှေးမှိန်လာ၏။ သူမ၏ လှပသော မျက်လုံးများ ပွင့်လာပြီး သူမသည် ရီဖူရှင်းဘက်သို့ ကြည့်လိုက်လေသည်။
ထို့နောက် ဟွာဂျီယူလည်း မျက်လုံးများပွင့်လာ၏။ သူမသည်လည်း ရီဖူရှင်းကို ကြည့်လိုက်ပြီး တောက်ပစွာ ပြုံးလိုက်သည်။
“နင် ပြန်ရောက်လာပြီလား”
ဟွာဂျီယူ သိမ်မွေ့စွာ ပြောလိုက်၏။
“မင်း ဘယ်တုန်းက မင်းရဲ့ လမ်းစဉ်ကို ဖျက်ဆီးလိုက်တာလဲ”
ရီဖူရှင်း မေးလိုက်၏။
“နင်ထွက်သွားပြီး နှစ်တွေကြာမှပါ”
ဟွာဂျီယူသည် ပြုံး၍ ပြောလိုက်၏။ သူမသည် အရေးမကြီးသည့် ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ပင်။ ရီဖူရှင်းသည် အပြင်လောကမှ ကိစ္စများကို သုံးလကြအောင် ကိုင်တွယ်ဖြေရှင်းနေခြင်း ဖြစ်သော်လည်း ဤလောကထဲတွင်မူ နှစ်(၂၀)ကြာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ဟွာဂျီယူသည် သူထွက်သွားပြီး နှစ်တွေကြာမှဟု ပြောခဲ့ခြင်းပင်။
“ဂျီယူ... မင်း ဘာလို့ လမ်းစဉ်ကို ဖျက်ဆီးလိုက်ရတာလဲ”
ရီဖူရှင်း၏အသံသည် တိုးသော်လည်း သိမ်မွေ့ပေသည်။ ဤလောကသည် သူ၏ကောင်းကင်လမ်းစဉ်လောကဖြစ်သည်။ သူသည် လောကစည်းမျဉ်းကို စီမံအုပ်ချုပ်ရသူဖြစ်ပြီး ဟွာဂျီယူသည် သူ၏ကြင်ရာတော်ဖြစ်သည်။ သူမသည် စွန့်စားကာ လမ်းစဉ် ဖျက်ဆီးရန် မလိုအပ်ပေ။
“ချင်းချင်းလည်း ဒီမှာရှိတော့ ဘာအန္တရာယ်မှ မရှိပါဘူး”
ဟွာဂျီယူသည် သိမ်မွေ့စွာပြုံး၍ ပြောလိုက်၏။
“ပြီးတော့ ဒီနှစ်တွေအတွင်း ငါ့မှာ ကိုယ်ပိုင်သိမြင်နားလည်မှု ရှိလာတယ်... အဲဒါကြောင့် ကိုယ်ပိုင်လမ်းစဉ်ကို ကျင့်ကြံချင်လို့ပါ။ အဲဒီလို လုပ်ခွင့်မရှိဘူးလား”
ရီဖူရှင်းသည် ဟွာချင်းချင်းကို ကြည့်လိုက်၏။ သူ့အနားတွင် ဟွာချင်းချင်း ရှိနေသဖြင့် သူသည်လည်း ဆန်းကြယ်သော ခံစားချက်တစ်ခုကို ခံစားနေရသည်။ နန်းယွီပြောခဲ့သလိုပင် ဤနေရာသည် သူ့ကို ဉာဏ်အလင်းပွင့်စေနိုင်သည့်ပုံပင်။
ဟွာချင်းချင်းသည် ဗုဒ္ဓမီးအိမ် ပြန်ဝင်စားခြင်းပင်။ သူမ၏ ကျင့်ကြံခြင်းသည် လွန်စွာထူးခြားပေသည်။ ရီဖူရှင်းသည် သူမ၏ဗုဒ္ဓအလင်းမှနေ၍ ဉာဏ်အလင်းပွင့်မှုအလင်းကို ခံစားနေရသည်။
ဤနှစ်များအတွင်း၌ ဟွာချင်းချင်းသည် ဟွာဂျီယူ ကျင့်ကြရာတွင် ကူညီပေးခဲ့သည်။
“ငါတို့နှစ်ယောက် ဘာလိုချင်တယ်ဆိုတာ နင် မသိပါဘူး”
ရီဖူရှင်းသည် ခပ်ယဲ့ယဲ့ ပြုံး၍ ခေါင်းခါလိုက်သည်။ သူသည် အဘယ်သို့ ဟွာဂျီယူကို အမှန်တကယ် အပြစ်တင်နိုင်မည်နည်း။ သူသည် အနည်းငယ် စိုးရိမ်ခဲ့ခြင်းသာ။
“မစိုးရိမ်ပါနဲ့။ အားလုံး အောင်မြင်နေပါတယ်”
ဟွာချင်းချင်းက ပြုံး၍ ပြန်ပြောလိုက်၏။ သူမ၏အသံသည် သိမ်မွေ့ပြီး လူများကို သူမအား အပြည့်အဝ ယုံကြည်သွားစေ၏။
“အင်း...”
ရီဖူရှင်း ခေါင်းညိတ်လိုက်၏။
“ချင်းချင်း... မင်း ဂျီယူကို သေချာကြည့်ထားနော်။ သူ လျှောက်မလုပ်စေနဲ့”
ဟွာချင်းချင်းသည် ပြုံးကာ ခေါင်းညိတ်လိုက်သည်။
“ခဲအို... ခဲအိုက ပြန်လာရုံရှိသေးတယ် ပြန်သွားတော့မလို့လား”
နန်းယွီက ပြောလိုက်၏။ အစောက သူမတို့သည် အသံပို့လွှတ်ကာ ဆက်သွယ်ခဲ့ကြသည်။ သူမ၏ ခဲအိုသည် ဤတစ်ခေါ်တွင် သူမနှင့် အေးအေးဆေးဆေးပင် စကားမပြောတော့ဘဲ ပြန်သွားရန် ကြံနေခြင်းလော။
“နန်းယွီ... ညီမလေးရဲ့ ခဲအိုမှာက လုပ်စရာတွေ အများကြီးရှိတယ်လေ”
ဟွာဂျီယူက နန်းယွီကို ပြောလိုက်၏။ နန်းယွီသည် စိတ်မကျေနပ်ဟန်ဖြင့် ခေါင်းငုံ့လိုက်သည်။
“မြန်မြန်သွားပြီး ကျင့်ကြံပါတော့။ ငါ့ကို အာရုံစိုက်နေစရာ မလိုပါဘူး”
ဟွာဂျီယူက ရီဖူရှင်းကို ပြောလိုက်၏။ ယခုတွင် ရီဖူရှင်းအတွက် အရေးကြီးဆုံးအရာမှ အချိန်ဖြစ်ကြောင်း သူမသိပေသည်။
“အင်း... ငါ ဆရာနဲ့ ဆရာကတော်တို့ကို သွားတွေ့ပြီးရင် သွားတော့မယ်”
ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။ သူသည် လှည့်ပတ်လျှောက်ပြီးနောက် ထွက်သွားသည်။ အမှန်ပင် သူ့တွင် လုပ်စရာများစွာ ရှိပေသည်။ သူ့တွင် ဖြုန်းရန် အချိန်မရှိပေ။
ရီဖူရှင်း ထွက်သွားပြီးနောက် ဟွာဂျီယူက ဟွာချင်းချင်းကို မေးလိုက်သည်။
“ချင်းချင်း... သူ ကျင့်ကြံတာကို နင်ကူညီပေးရင် အကျိုးရှိလောက်လား”
“အဲဒါက အကန့်အသတ်ရှိတယ်”
ဟွာချင်းချင်း ခေါင်းခါလိုက်သည်။
“သူက သူ့ရဲ့ ကိုယ်ပိုင်လောကကို ဖန်တီးထားပြီး ဉာဏ်အလင်းပွင့်ထားပြီးပြီ။ အသိဉာဏ်ပညာကောင်းချီးနဲ့ ဆိုရင်တောင် သူ ထပ်ပြီး သိမြင်နားလည်နိုင်ဖို့ ခက်ခဲလိမ့်မယ်။ အရာအားလုံးက သူ့အပေါ်ပဲ မူတည်တယ်”
“ငါ နားလည်ပြီ”
ဟွာဂျီယူ ခေါင်းညိတ်လိုက်၏။
“အဲဒီလိုဆိုလည်း ငါတို့ဘာသာ ဆက်ကျင့်ကြံကြတာပေါ့”
“အင်း...”
ဟွာချင်းချင်း ပြောလိုက်၏။ ထို့နောက် သူမတို့သည် မျက်လုံးမှိတ်လိုက်ကြသည်။ ဗုဒ္ဓတရားသံသည် သူမတို့ ပတ်ပတ်လည်တွင် ရစ်သိုင်းနေလေသည်။ ဤနတ်တောင်ပေါ်တွင် တစ်စုံတစ်ယောက်သည် ဗုဒ္ဓကျမ်းစာများရွတ်ကာ ဤနေရာကို လွန်စွာ မြင့်မြတ်သန့်စင်သော နေရာတစ်ခု ဖြစ်လာအောင် လုပ်နေသကဲ့သို့ပင်။
ရီဖူရှင်းသည် ဟွာဂျီယူထံ သွားပြီးနောက်တွင် အခြားနေရာများ များစွာသို့လည်း သွားခဲ့သည်။ သူသည် သူတို့၏ ကျင့်ကြံခြင်းအခြေအနေကို စစ်ဆေးကာ အကူအညီအချို့ ပေးခဲ့သည်။ ထို့နောက်တွင် သူသည် သူ၏ကျင့်ကြံခြင်းတွင် အာရုံစိုက်ရန် ထွက်သွားလေတော့သည်။