← Chapters

နောက်ဆုံးရွေးချယ်မှု

Vol. 205 Ch. 2920

နောက်ဆုံးရွေးချယ်မှု

Vol. 205 Ch. 2920

ကောင်းကင်အင်ပါယာနှင့် ကောင်းကင်အင်ပါယာနန်းတော်သည် ကောင်းကင်(၉၉)လွှာကို ပြန်တည်ဆောက်ခဲ့သည်။ ကောင်းကင်အင်ပါယာ၏ စစ်တပ်သည် ကောင်းကင်ဘုံကို ပြန်သိမ်းပိုက်ခဲ့သည်။ ကောင်းကင်ဘုံတစ်ခွင်လုံးမှ ကျင့်ကြံသူများသည် ကောင်းကင်အင်ပါယာ၏ မဟာစစ်တပ်နှင့် ပူးပေါင်းကာ တိုက်ခိုက်ခဲ့၏။ သူတို့သည် လူသားဘုံမှ ကျင့်ကြံသူများကို တိုက်ခိုက် မောင်းထုတ်ခဲ့ပြီး ကောင်းကင်ဘုံ၏ နယ်မြေများကို တောမီးကူးစက်သကဲ့သို့ လျင်မြန်စွာ ပြန်သိမ်းယူခဲ့ကြသည်။

ယခင်က လူသားဘုံမှ စစ်သည်များသည် သူတို့၏ဓားများတွင် သွေးမစွန်းစေဘဲ သုံးလအတွင်း ကောင်းကင်ဘုံတစ်ခွင်လုံးကို သိမ်းပိုက်နိုင်လုနီးပါး ဖြစ်ခဲ့သည်။

သို့သော် ယခုတွင်မူ ကောင်းကင်ဘုံသည် ရွပ်ရွပ်ချွံချွံ ပြန်တိုက်ခိုက်ခဲ့သည်။ တပ်ဖွဲ့ခြောက်ဖွဲ့မှ တစ်ဖွဲ့စီသည် လောကထောင့်စွန်းတစ်ခုကို တိုက်ခိုက်သိမ်းယူနိုင်စွမ်းရှိရာ ယခုကဲ့သို့ ပူးပေါင်းတိုက်ခိုက်နေရာတွင် ဆိုဖွယ်ရာ မရှိပေ။ ထိုတိုက်ခိုက်မှုသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း တွေးကြည့်နိုင်ပေသည်။ အခြားအဖွဲ့များကို ဘေးဖယ်ထားပြီး ထုတ်ဖော်ခြင်းတပ်ဖွဲ့ကိုသာ ကြည့်မည်ဆိုလျှင်ပင် ထိုတပ်ဖွဲ့တွင် မူလဒွန်ဟောင်အင်ပါယာနန်းတော်၏ အရေးပါသူများ ပါဝင်ပေသေးသည်။ သူတို့သည် ရာစုနှစ်တစ်စုကျော် ကျင့်ကြံခဲ့ပြီး အဖွဲ့ဝင်သစ်များကို လေ့ကျင်ပေးပြီး‌နောက်တွင် လွန်စွာကြောက်မက်ဖွယ်ကောင်းသော တပ်ဖွဲ့တစ်ခု ဖြစ်လာပေပြီ။

ထို့ကြောင့် ဤတစ်ခေါက် တိုက်ပွဲသည် ပို၍ပင် လျင်မြန်ပေသည်။ နေရာများစွာတွင် လူသားဘုံမှ စွမ်းအားကြီး ပုဂ္ဂိုလ်များသည် သတင်းကို ကြားခဲ့သဖြင့် ထိုတပ်ဖွဲ့များ မတိုက်ခိုက်လာခင်မှာပင် ပြန်ဆုတ်ခွာသွားကြသည်။ သူတို့သည် အချိန်ဖြုန်းမနေဝံ့ပေ။

အကယ်၍ သူတို့သာ သူတို့၏နေရာများကို ဆက်၍ စောင့်ကြပ်နေလျှင် သေသွားနိုင်လေသည်။ ကောင်းကင်ဘုံ၏ စစ်တပ်သည် ကျူးကျော်သူများအပေါ် အနည်းငယ်မျှပင် မညှာတာချေ။

ထို့ကြောင့် ဤတိုက်ပွဲသည် ကောင်းကင်ဘုံတစ်ခွင်လုံးကို လျှပ်စီးအလား လျင်မြန်စွာ ရိုက်ခတ်သွားသည်။ လဝက်မပြည့်တပြည့် အချိန်မှာပဲ သူတို့သည် ကောင်းကင်ဘုံ၏ နေရာအများစုကို ပြန်သိမ်းယူနိုင်သွားကြသည်။

ကောင်းကင်ဘုံကို ပြန်သိမ်းယူပြီးသောအခါ ကောင်းကင်ဒေသနှင့် ဗုဒ္ဓလောကကို ကျူးကျော်နေသော စွမ်းအားကြီးပုဂ္ဂိုလ်များသည်လည်း စတင် ဆုတ်ခွာလာကြသည်။ သူတို့သည် နယ်မြေများစွာကို သိမ်းပိုက်ထားသဖြင့် လူများ အလွန်တကွဲတပြား ဖြစ်နေသည်။ အကယ်၍ ယခုတွင် ကောင်းကင်ဘုံ၏ စစ်တပ် ရောက်လာပါက သူတို့သည် ပြန်ခုခံနိုင်မည် မဟုတ်ပေ။ သူတို့သည် ရှေးဦးစွာ သူတို့၏အင်အားများကို ပြန်စုစည်းပြီးမှ ကောင်းကင်ဘုံ၏စစ်တပ်နှင့် တိုက်ခိုက်ရမည်ဖြစ်သည်။

ခမ်းနားထည်ဝါသော ကောင်းကင်နန်းတော်သည် ကောင်းကင်(၉၉)လွှာအထက်တွင် တည်ရှိနေသည်။ ကောင်းကင်အင်ပါယာရီသည် ကောင်းကင်နန်းတော်၏ စံအိမ်ထက်တွင် ရပ်နေသည်။ ကောင်းကင်အင်ပါယာ၏ အဖေ ဒွန်ဟောင်တိယွမ်သည်လည်း ကောင်းကင်အင်ပါယာဘေးတွင် ရပ်နေသည်။ ဧကရီဟွာဂျီယူနှင့် ဒွန်ဟောင်တိယွမ်တို့သည် ရီဖူရှင်းနှင့် အရှင်ဒွန်ဟောင်၏ ဘေးဘယ်ညာတွင် ထိုင်နေကြသည်။ မွေးစားအဖေယွီထူသည် ကောင်းကင်အင်ပါယာ၏ အောက်ဘက် ပထမဆုံးနေရာတွင် ရပ်နေသည်။

ထိုအောက်တွင် ရံ‌ရွှေတော်ချင်နှင့် ရံရွှေတော်ရှုတို့ ရှိသည်။ သူမတို့သည် ရီဖူရှင်းအမေ၏ ရံရွှေတော်များ ဖြစ်ကြသည်။

ထိုမှအောက်ဘက် လှေကားထစ်များတွင် စွမ်းအားကြီးပုဂ္ဂိုလ်များစွာ ထိုင်နေသည်။ ထိုင်ခုံရသူများမှာ ဗုဒ္ဓကလန်မှ မဟာအင်ပါယာများဖြစ်သည်။ ဗုဒ္ဓကလန်မှ အကြွင်းမဲ့ဗုဒ္ဓသည် အရှင်ဒွန်ဟောင်နှင့် ရီဖူရှင်းတို့ နှစ်ယောက်စလုံး၏ စီနီယာဖြစ်သည်။ ထို့ကြောင့် သူသည် သူနှင့် ထိုက်တန်သော လေးစားမှုကို ရရှိထားခြင်းပင်။

ကောင်းကင်ဒေသနှင့် ကောင်းကင်ဘုံမှ စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် ရီဖူရှင်းနောက်သို့ လိုက်ခဲ့သူအားလုံးသည် ရပ်နေကြသည်။ ရီဖူရှင်းနှင့် ဒွန်ဟောင်တိယွမ်သည် သူတို့အထက်တွင် ရှိနေသည် မဟုတ်ပါလား။

သို့သော် ထိုရပ်နေသူများထဲမှ လူတစ်ဒါဇင်ကျော်သည် လွန်စွာ ထူးခြားပေသည်။

သူတို့သည် မဟာအင်ပါယာအဆင့်သို့ တက်လှမ်းနိုင်ခဲ့သော စွမ်းအားကြီး ပုဂ္ဂိုလ်များဖြစ်ကြသည်။

ကောင်းကင်နန်းတော်၏ ကောင်းကင်အဖွဲ့သည် မဟာအင်ပါယာများသာ ပါသော အဖွဲ့ဖြစ်သည်။ သူတို့သည် စစ်မှန်သော မဟာအင်ပါယာတပ်ဖွဲ့ဖြစ်သည်။

ထိုအောက်ဘက်တွင်မူ ကျယ်ပြောသော ကောင်းကင်(၉၉)လွှာ ရှိပေသည်။ ထိုနေရာတွင် မဟာတပ်ဖွဲ့ခြောက်ဖွဲ့ရှိနေသည်။ တပ်ဖွဲ့တိုင်းသည် ကိုယ်ပိုင်တပ်စခန်းများ ရှိနေပြီး တပ်ဖွဲ့သေးလေးများ ခွဲခြားထားပေသည်။ ထိုတပ်ဖွဲ့ခွဲလေးများသည် တကွဲတပြား ဖြစ်နေသော်လည်း အစီအစဉ်တကျ ရှိပြီး ယင်းတို့၏ ကိုယ်ပိုင်ခေါင်းဆောင်များ ရှိလေသည်။

ထိုကဲ့သို့သော မြင်ကွင်းသည် အမှန်ပင် အသက်ရှူမှားလောက်ပေသည်။

ဘုံသုံးခု၏ အင်အားအကြီးဆုံး အဖွဲ့များသည် ဤနေရာတွင် စုဝေးနေကြသည်။

ဤအကြိမ်သည် ကောင်းကင်အင်ပါယာက ကိစ္စများဆွေးနွေးရန် အားလုံးကို တရားဝင်စုဝေးသည့် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။ အားလုံး ရောက်လာကြပေသည်။ ရောက်မလာသည့်သူ မည်သူမှ မရှိချေ။

“ကျုပ် ကောင်းကင်အင်ပါယာနဲ့ အရှင်ဒွန်ဟောင်တို့ကို အရိုအသေပြုပါတယ်”

ထိုစဉ်တွင် ယွီထူသည် ရီဖူရှင်းတို့ဘက်လှည့်ကာ ဦးညွှတ်လိုက်သည်။

ယွီထူက ဦးဆောင်လိုက်သောအခါ အောက်ဘက်မှ အားလုံးသည်လည်း ချက်ချင်း တုံ့ပြန်၍ ဦးညွှတ်လိုက်ကြသည်။

“အရှင်ကောင်းကင်အင်ပါယာနဲ့ အရှင်ဒွန်ဟောင်ကို အရိုအသေပြုပါတယ်”

ရုတ်ခြည်းပင် ကောင်းကင်(၉၉)လွှာလုံးတွင် မြေတုန်စေသော အသံများ ပဲ့တင်ထပ်သွားပြီး စွမ်းအားကြီး ပုဂ္ဂိုလ်အားလုံးကို သွေးဆူလာစေလေသည်။ သူတို့အုပ်စုသည် လောကအသေးစားထဲတွင် ကျင့်ကြံပြီးနောက် မသိလိုက်ခင်မှာပင် ဤမျှ အင်အားကြီးလာပြီဖြစ်သည်။

ယွီထူ၏ မျက်နှာထားသည် တည်ငြိမ်နေသော်လည်း သူ့ရင်ထဲတွင် ‌ဖော်ပြ၍ မရနိုင်သော ခံစားချက်များ ပြည့်နှက်နေသည်။ သူ၏သခင်လေးသည် နောက်ဆုံးတွင် ဤအဆင့်သို့ ရောက်လာခဲ့ပေပြီ။ နတ်ဘုရားများ၏ ဦးညွှတ်မှုကို ခံရသော မြင်ကွင်းသည် အံ့အားသင့်ဖွယ် မြင်ကွင်းတစ်ခုပင်။ အကယ်၍ သူမသာ ယနေ့မြင်ကွင်းကို မြင်နိုင်လျှင် သူမသည် ကျေးဇူးတင်မိမည်ဖြစ်သည်။

သူတို့လုပ်ရမည့် ရည်မှန်းချက်တစ်ခုသာ ကျန်တော့ပေသည်။ လူသားဘိုးဘေးကို သတ်ကာ လူသားဘုံ၊ မှော်နက်လောကနှင့် ဗလာနတ္တိဘုံတို့ကို ဖြုတ်ချ၍ ဘုံခုနစ်ခုကို စည်းလုံးစေရန် ဖြစ်သည်။

“မွေးစားအဖေ”

ရီဖူရှင်း ခေါ်လိုက်၏။ ထို့နောက် သူသည် အားလုံးကို ကြည့်ကာ ပြောလိုက်၏။

“ဦးညွှတ်ဖို့ မလိုပါဘူး”

ရီဖူရှင်းသည် အလွန်ကြင်နာတတ်နေပေသေးသည်။ သို့သော် အားလုံးသည် ပလ္လင်ထက်ရှိ စွမ်းအားကြီးပုဂ္ဂိုလ်ကို ကြည့်လိုက်သောအခါ ထိုဂျူနီယာသည် လောကကြီး၏ အထွတ်အထိပ်တွင် ရှိနေပြီဖြစ်ကြောင်း သိရှိသွားကြသည်။ အင်ပါယာခြောက်ပါးထဲမှ အရှင်ဒွန်ဟောင်နှင့် အကြွင်းမဲ့ဗုဒ္ဓသည်ပင် သူ့ကို ထိုပလ္လင် ပေးလိုနေကြသည်။

လူအုပ်ကြားထဲတွင် ယခင်က ရီဖူရှင်းနှင့် ပြိုင်ဘက်ဖြစ်ခဲ့သည့် မဟာအင်ပါယာတိဟောက်နှင့် အခြားသူများကဲ့သို့ ကျင့်ကြံသူများစွာ ပါပေသည်။ ရီဖူရှင်းသည် သူတို့ကို မသတ်ခဲ့သော်လည်း သူတို့တွင် ကန့်သတ်ချက်များ ရှိနေလေသည်။ သူတို့ကို အထူးပရိယာယ်ဖြင့် မှတ်သားထားသည်။ သူတို့ကို အသက်ရှင်လျက် ထား,ထားခြင်းမှာ သူတို့သည် တန်ဖိုးရှိနေသေးပြီး အသုံးချ၍ ရနေသေး၍ ဖြစ်သည်။

သူတို့ထဲတွင် ကောင်းကင်ဒေသ၏ ကုန်းမြေသခင်အိမ်တော်(၁၈)ခုမှ စွမ်းအားကြီး ပုဂ္ဂိုလ်များစွာပါဝင်သော်လည်း ရီဖူရှင်း၏ မိတ်ဆွေဟောင်း များစွာလည် ရှိနေသည်။ ထိုမိတ်ဆွေဟောင်းများသည် လွန်စွာ စိတ်လှုပ်ရှားနေကြသည်။

စီဝေ့အင်ပါယာနန်းတော်မှ လူများမှာမူ ယနေ့၏ ကြီးကျယ်ခမ်းနားမှုကို မြင်သောအခါ ရီဖူရှင်းအတွက် အမှန်ပင် ဝမ်းသာ ဂုဏ်ယူနေကြလေသည်။ သူတို့၏ နန်းတော်သခင်သည် ယခုတွင် ကျင့်ကြံခြင်းလောက၏ အထွတ်အထိပ်သို့ ရောက်သွားပေပြီ။

မိစ္ဆာအင်ပါယာနှင့် မှော်နက်အရှင်သည်ပင် ရီဖူရှင်းကို ယှဉ်တိုင်နိုင်တော့မည် မဟုတ်ချေ။

သူ၏ ပြိုင်ဘက်အစစ်မှာ လူသားဘိုးဘေးသာ ဖြစ်နိုင်သည်။

ရီဖူရှင်းသည် အခြားသူများ မည်သို့ တွေးနေကြောင်း မတွေးခဲ့ပေ။ သူသည် စိတ်လည်း မလှုပ်ရှားသလို ဤအခမ်းအနား၏ ကြီးကျယ်မှုအ‌ပေါ်လည်း ဂုဏ်ယူမိချေ။ ထိုအစား သူသည် ဖိအားကိုသာ ခံစားနေရသည်။ ထိုဖိအားသည် ဤနတ်ပလ္လင်ပေါ်တွင် ထိုင်ရသဖြင့် ခံစားရသော ဖိအားမဟုတ်ပေ။

ယခုတွင် သူသည် အားလုံး၏ ကံကြမ္မာကို ဆုံးဖြတ်ရတော့မည် ဖြစ်၍သာဖြစ်သည်။

လူသားဘိုးဘေးသည် ကောင်းကင်လမ်းစဉ်ကို အစားထိုးလိုသူဖြစ်သည်။ သူသည် ရီဖူရှင်း၏ အဖိုးနှင့် တိုက်ခိုက်ခဲ့ပြီး သူ၏အမေကို သတ်ခဲ့သည်။ သူသည် ထိုကဲ့သို့ပသော ပြိုင်ဘက်တစ်ယောက်ကို ရင်ဆိုင်ရန် ယုံကြည်မှု မရှိပေ။ သို့သော် သူ့တွင် အခြားရွေးစရာလမ်းမရှိပေ။

သူ တစ်ယောက်တည်း ရှိခဲ့စဉ်က သူရှုံးနိမ့်လျှင်လည်း အရေးမဟုတ်ပေ။ သို့သော် ယခုတွင် သူရှုံးနိမ့်၍ မဖြစ်တော့ပေ။

လူများစွာ၏အသက်သည် သူနှင့် ဆက်နွယ်နေလေသည်။ ယခုတွင်ပင် သူ့ရှေ့တွင် မျက်နှာပေါင်းများစွာ ရှိနေသည်။

“ဘုံခုနစ်ခုရဲ့ စစ်ပွဲနောက်ကွယ်က အကြောင်းကို လူတော်တော်များများ သိကြတယ်။ ဒါပေမဲ့ တချို့ကတော့ သေသေချာချာ မသိကြသေးဘူး”

ရီဖူရှင်းသည် သူ၏နတ်ပလ္လင်မှနေ၍ စတင် ပြောလိုက်၏။

“စစ်ပွဲ အစတုန်းက ကျုပ် လူသားဘိုးဘေးနဲ့ တစ်ကြိမ်တိုက်ခိုက်ခဲ့တယ်။ အဲဒီလူသားဘိုးဘေးက ရုပ်ခန္ဓာကိုယ်ပွားတစ်ခုပဲဆိုတာ ကျုပ်သိခဲ့ရတယ်... အဲဒါက သူ့ရဲ့ ပုံစံအစစ်မဟုတ်ဘူး။ လူသားဘိုးဘေးအစစ်က တစ်ချိန်တုန်းက ကောင်းကင်အင်ပါယာနဲ့ ကျုပ်ရဲ့ အမေကို သတ်ခဲ့တယ်။ ဘုံခြောက်ခုက မခိုင်မာတဲ့မျှခြေတစ်ခုကို ဖန်တီးထားနိုင်တယ်ဆိုပေမယ့် အဲဒီမျှခြေက အမြဲတမ်း လူသားဘိုးဘေးရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေခဲ့တာပဲ။ သူက အမြဲ လျှို့ဝှက်ကြံစည်နေခဲ့ပြီး ရှေးဟောင်းနတ်ဘုရားတွေကို ပြန်ရှင်သန်လာစေခဲ့တယ်။ လူသားဘိုးဘေးအစစ်သာ ပြန်ကောင်းလာရင် သူက ကောင်းကင်ကို အစားထိုးပစ်မှာ ကျုပ် စိုးမိတယ်...”

“နတ်ဘုရားတွေ ပြန်ရှင်သန်လာပြီး ကျူးကျော်စစ်ကို ကြေညာခဲ့တော့ သူ့နောက်ကို လိုက်မယ့်သူတွေ ပိုများလာခဲ့တယ်။ သူနဲ့ ဆန့်ကျင်တဲ့သူတွေကတော့ သေရတာပဲ။ လူသားဘိုးဘေးက သူ့ကိုယ်သူ တရားမျှတသူလို့ ပြောပေမယ့် ဒီသေကျေပျက်စီးမှုတွေကို သူစခဲ့တာပဲ။ တကယ်လို့ သူသာ ကောင်းကင်ကို ထိန်းချုပ်သွားနိုင်ပြီဆို ဘာတွေ ဖြစ်လာမလဲဆိုတာ ဘယ်သူမှ ခန့်မှန်းလို့ရမှာ မဟုတ်ဘူး။ ဒီနေရာက လူအများစုက ဗုဒ္ဓကလန်၊ ကောင်းကင်ဒေသနဲ့ ကောင်းကင်ဘုံတို့က အရေးပါတဲ့ပုဂ္ဂိုလ်တွေပဲ။ ဒီတော့ တချို့ကိစ္စတွေကို ပြောနေစရာလိုမယ် မထင်ပါဘူး။ ဒါပေမဲ့ ဒီတိုက်ပွဲမှာ ကျုပ် ယုံကြည်ချက်အပြည့်အဝ မရှိဘူး။ လူသားဘိုးဘေးအစစ်က ဘယ်အဆင့်ကို ရောက်နေပြီလည်းဆိုတာ ဘယ်သူမှ မသိဘူး။ ခင်ဗျားတို့ ကျုပ်နဲ့အတူ တိုက်ပွဲကို သွားမယ်ဆိုရင် ခင်ဗျားတို့က တော်တော်လေး စွန့်စားရမှာပဲ။ အဲဒါကြောင့် ဒီနေ့မှာ ခင်ဗျားတို့ ‌နောက်ဆုတ်ချင်တယ်ဆိုရင် ကျုပ် ခင်ဗျားတို့ကို နောက်ဆုံးအခွင့်အရေးတစ်ခု ပေးမယ်။ ခင်ဗျားတို့ ထွက်ဖို့ ရွေးချယ်နိုင်ပါတယ်”

ရီဖူရှင်းသည် လူအုပ်ကို ငေးကြည့်ကာ ပြောလိုက်၏။ ထို့နောက်တွင် သူသည် လူသားဘုံနှင့် နောက်ဆုံးတိုက်ပွဲ တိုက်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ ထိုနောက်ဆုံးတိုက်ပွဲထဲတွင် လူများစွာ သေဆုံးနိုင်သည်။ သူသည် အားလုံးကို နောက်ဆုံးအခွင့်အရေးတစ်ခု ပေးခဲ့သည်။

ဤမတိုင်ခင်က ထိုလူအားလုံးသည် သူ၏လောကအသေးစားထဲတွင် ကျင့်ကြံခဲ့သဖြင့် အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်။ ထို့ကြောင့် ဤတစ်ခေါက်သည် အားလုံး၏ ရွေးချယ်ရမည့် နောက်ဆုံးအခွင့်အရေးဖြစ်ပေသည်။

All Chapters