← Chapters

ထွက်သွားမည်လော၊ နေခဲ့မည်လော

Vol. 205 Ch. 2921

ထွက်သွားမည်လော၊ နေခဲ့မည်လော

Vol. 205 Ch. 2921

မည်သူမှ လောကကို ကယ်တင်ရန် တာဝန်ဖြင့် မွေးဖွားလာခြင်း မဟုတ်ပေ။ ထို့အပြင် ဤတိုက်ပွဲသည် ထိပ်သီးများက ဆုံးဖြတ်မည့် တိုက်ပွဲ ဖြစ်နေသေးသည်။ ထိုကျင့်ကြံသူများအားလုံးသည် အသေခံတပ်သားများသာဖြစ်သည်။ အကယ်၍ ဖြစ်နိုင်လျှင် ရီဖူရှင်းသည် သူတို့ကို တိုက်ပွဲထဲတွင် ဝင်မပါစေလိုပေ။ နောက်ဆုံးတိုက်ပွဲတွင် မဟာအင်ပါယာများကို တိုက်ခိုက်ခိုင်းလျှင် လုံလောက်ပြီဖြစ်သည်။

သို့သော် လူသားဘိုးဘေးသည် ဘုံခုနစ်ခုလုံးကို ထိန်းချုပ်လိုနေသည်။ သူသည် ဘုံအားလုံးကို စစ်ခင်းရန် အမိန့်ပေးခဲ့ပြီး အားလုံးကို စစ်မြေပြင်အတွင်း ဆွဲသွင်းခဲ့လေသည်။

ထို့ကြောင့် ကျူးကျော်မှုကို ခုခံရန် ဤကဲ့သို့ အင်အားစုတစ်စု ရှိရပေမည်။ မဟုတ်လျှင် ဘုံသုံးခုသည် ထင်းအစည်းပြေသလို ဖြစ်နေမည်ဖြစ်ပြီး ရန်သူဘက်မှ ကျူးကျော်သိမ်းပိုက်သွားမည်ဖြစ်သည်။

စွမ်းအားကြီးပုဂ္ဂိုလ်များသည် တစ်ခဏမျှ တိတ်ဆိတ်သွားကြသည်။ ထို့နောက်တွင် တစ်စုံတစ်ယောက် ကျယ်လောင်စွာ အော်ပြောလိုက်၏။

“ကျုပ် ကောင်းကင်အင်ပါယာနဲ့အတူ တိုက်ခိုက်ချင်ပါတယ်”

“ကျုပ်တို့ ကောင်းကင်အင်ပါယာနဲ့အတူ တိုက်ခိုက်ချင်ပါတယ်”

လေထဲတွင် အသံအားလုံး ပဲ့တင်ထပ်သွားသည်။ ဤနေရာရှိ ကျင့်ကြံသူတော်တော်များများသည် အင်ပါယာအဆင့် အင်အားစုများမှ ဖြစ်သည်။ ထို့ကြောင့် လူအများစုသည် တိုက်ခိုက်လိုနေကြသည်။

ရီဖူရှင်းသည် အောက်ဘက်သို့ ဝေ့ဝဲကြည့်သည်။ ကောင်းကင်ထဲတွင် ကျယ်လောင်သောအသံများ ပဲ့တင်ထပ်နေသည်။ သို့သော် စကားမပြောသေးသည့် လူများစွာ ရှိနေသေးကြောင်း သူတွေ့လိုက်ရ၏။ စိတ်ယိမ်းယိုင်နေသူများကို စိတ်အားတက်ကြွသည့် အသံများက ဖုံးလွှမ်းသွားပုံပေါ်သည်။ သို့သော် သူတို့သည် ရီဖူရှင်း၏အကြည့်အောက်တွင် ရှိနေပေသေးသည်။

သူ လက်တစ်ဘက်ဆန့်တန်း၍ လူများကို တိတ်ရန် လက်ဟန်ပြလိုက်သည်။ ထို့နောက် သူဆက်ပြောလိုက်၏။

“ကျုပ်က ဒီတစ်ခေါက် ဘယ်သူက တိုက်ခိုက်ချင်လဲဆိုတာ ရွေးချယ်နေတာ မဟုတ်ပါဘူး။ လူတွေကို နောက်ဆုတ်နိုင်ဖို့ အခွင့်အရေးတစ်ခု ပေးနေတာပါ။ ခင်ဗျားတို့အားလုံး စိတ်ပူစရာမလိုပါဘူး။ ခင်ဗျားတို့က အရင်က တိုက်ပွဲတွေမှာ ပါဝင်ပြီးပါပြီ။ ဒီနေ့မှာ နောက်ဆုတ်ချင်တဲ့သူတွေကို ဘာမေးခွန်းမှ ထုတ်မှာ မဟုတ်ပါဘူး”

မည်သည့် အသံမှ ထွက်ပေါ်မလာသေးပေ။ မည်သူမှ ဦးမဆောင်ဝံ့ပုံပေါ်သည်။

ခေတ္တမျှ ကြာပြီးနောက် နောက်ဆုံးတွင် လူတစ်ယောက်သည် ရှေ့သို့ ထွက်လာသည်။ သို့သော် သူ စကားမပြောသေးပေ။ သူသည် ‌နောက်ဘက်သို့ ခြေလှမ်းအနည်းငယ် လျှောက်သွားလိုက်ပြီး မဟာစစ်တပ်နှင့် ခွဲထွက်လိုက်လေသည်။

တဖြည်းဖြည်းဖြင့် အခြားသူများသည်လည်း သူ့နောက်သို့ လိုက်သွားကြသည်။ ပြီးခဲ့သော နှစ်အနည်းငယ်အတွင်း၌ သူတို့၏ ကျင့်ကြံခြင်းသည် များစွာ တိုးတက်ခဲ့သည်။ လူများစွာသည် ထိုမျှဆိုလျှင် လုံလောက်ပြီဟု တွေးကြ၏။ သူတို့သည် စိတ်ငြိမ်သွားသောအခါ ဆက်တိုက်ခိုက်ရန် မလိုတော့ဟု ခံစားလာကြရသည်။

ဘုံခုနစ်ခုကို လူသားဘိုးဘေး အုပ်စိုးသည်ဖြစ်စေ၊ ရီဖူရှင်း အုပ်စိုးသည်ဖြစ်စေ ဘုံခုနစ်ခုအပေါ် များစွာ သက်ရောက်မှုရှိမည်ဖြစ်သော်လည်း သူတို့အတွက်မူ များစွာ ကွဲပြားမည် မဟုတ်ပေ။ ထို့ကြောင့် လောင်းကြေးထပ်ကာ စွန့်စားရန် မလိုပေ။

အကယ်၍ သူတို့သာ တိုက်ပွဲတွင် ရှုံးနိမ့်သွားလျှင် သူတို့၏အသက်များကို ဆုံးရှုံးရမည်ဖြစ်သည်။

လူများ တစ်ယောက်ပြီးတစ်ယောက် နောက်ဆုတ်သွားကြသည်။ တပ်ဖွဲ့ခြောက်ဖွဲ့မှလည်း လူအနည်းငယ်ပါသည်။ သူတို့ထဲမှ အများစုသည် နောက်ပိုင်းမှ ပူးပေါင်းလာသူများဖြစ်သည်။ သူတို့သည် ကျူးကျော်ခံနေရစဉ်က မုန်းတီး ဒေါသထွက်ကာ စစ်တပ်နှင့် စိတ်အားထက်သန်စွာ ပူးပေါင်းခဲ့ကြသည်။

ထို့အပြင် ကောင်းကင်ဘုံနှင့် ကောင်းကင်ဒေသမှ လူများစွာသည်လည်း နောက်ဆုတ်ခဲ့သည်။ ထိုထဲတွင် ကောင်းကင်ဒေသ၏ ထိပ်တန်းအင်အားစုများလည်းပါ၏။ ရှန့်ချင်းကုန်းမြေ၏ ကုန်းမြေသခင်အိမ်တော်ကဲ့သို့သော ကုန်းမြေသခင်အိမ်တော်များမှ စွမ်းအားကြီးပုဂ္ဂိုလ်များလည်း ပါဝင်ပေသည်။

သစ္စာအရှိဆုံးသူများမှာ အမြဲ ရီဖူရှင်းနောက်သို့ လိုက်ခဲ့သော စီဝေ့အင်ပါယာနန်းတော်မှ ယုံကြည်သူများနှင့် ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူများဖြစ်သည်။ ထို့အပြင် ဒွန်ဟောင်အင်ပါယာနန်းတော် လက်အောက်မှ တိုက်ရိုက်အင်အားစုများကလည်း သစ္စာရှိပေသည်။ သူတို့အားလုံးတွင် ကိုယ်ပိုင်ယုံကြည်မှုများ ရှိလေသည်။

ရီဖူရှင်းသည် ထိုအရာအားလုံးကို တိတ်တဆိတ်ကြည့်နေသည်။ လူများသည် တစ်ယောက်ပြီးတစ်ယောက် နောက်ဆုတ်သွား၍ အရေအတွက်သည် အတိုင်းအတာတစ်ခု ရှိလာသည်။ အချိန်အတော်ကြာမှ ရပ်တန့်သွားသည်။

“ထင်ထားသလိုပဲ... အင်အားကြီးပေမယ့် ယုံကြည်မှုမရှိတဲ့သူတွေက ပိုပြီးသစ္စာဖောက်တတ်ကြတယ်”

ရီဖူရှင်းသည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ တွေးလိုက်သည်။ ဥပမာအားဖြင့် ကုန်းမြေသခင်အိမ်တော်အချို့နှင့် ကောင်းကင်ဒေသမှ ထိပ်တန်းအင်အားစုများသည် အမြဲ ကောင်းကင်ဒေသ၏ အထက်တန်းအဆင့်တွင် ရှိခဲ့ကြသော်လည်း သူတို့ထဲမှ တော်တော်များများ နောက်ဆုတ်သွားကြလေသည်။

“ဘယ်သူတွေ ကျန်သေးလဲ”

ရီဖူရှင်း ဆက်ပြောလိုက်၏။ တကွဲတပြားရှိနေသော လူများ နောက်သို့ ထပ်ဆုတ်သွားကြသည်။ နောက်ဆုံး တစ်ခဏမျှကြာပြီးနောက် မည်သူမှ ထပ်၍ နောက်မဆုတ်ကြတော့ပေ။

ရီဖူရှင်းသည် အနည်းငယ် စိတ်ပျက်နေသော်ငြား ဝမ်းလည်းဝမ်းသာနေသည်။

သူစိတ်ပျက်နေခြင်းမှာ လူများစွာ နောက်ဆုတ်သွား၍ ဖြစ်ပြီး သူ ဝမ်းသာနေခြင်းမှာ သူတို့အင်အားတစ်စုလုံးနှင့် နှိုင်းဆာလျှင် နောက်ဆုတ်သွားသည့်အရေအတွက်မှာ အနည်းငယ်သာဖြစ်၍ ဖြစ်သည်။

သူသည် ပြီးပြည့်စုံသူ မဟုတ်ပေ။ သူသည် တိုက်ပွဲတွင် လူများစွာ သေဆုံးမည်ကို မမြင်လို၍ နောက်ဆုတ်ရန် အခွင့်အရေး ပေးခဲ့သော်လည်း သူ၏နက်ရှိုင်းသောစိတ်တစ်နေရာတွင် နောက်ဆုတ်သွားသူများကို စိတ်ပျက်မိပေသေးသည်။ လူသားတစ်ယောက်အတွက် ထိုသို့ခံစားရခြင်းမှာ ရှောင်လွှဲ၍မရသော သဘာဝသာဖြစ်သည်။

အတွေးတစ်ချက်ဖြင့် ကောင်းကင်မှနေ၍ နတ်အလင်းတန်းများ မရေမတွက်နိုင်အောင် ကျဆင်းလာပြီး အမှတ်အသားများအဖြစ် ပြောင်းလဲသွား၏။ ၎င်းတို့သည် ထွက်သွားရန် ရွေးချယ်ခဲ့သော ကျင့်ကြံသူများအပေါ်သို့ ကျဆင်းသွားသည်။

“အရှင်အင်ပါယာ...”

တစ်စုံတစ်ယောက်က အော်လိုက်၏။

“ကောင်းကင်အင်ပါယာ... ကောင်းကင်အင်ပါယာက ကျုပ်တို့ကို မေးခွန်းမထုတ်ဘူးလို့ ကတိပေးထားတယ်မလား”

သူတို့သည် ထိုမြင်ကွင်းကြောင်း အနည်းငယ် တုန်လှုပ်သွားကြသည်။ အစောက သူတို့သည် ရီဖူရှင်း၏ စကားများကို ယုံကြည်ခဲ့သည်။ ထို့ကြောင့် သူတို့သည် နောက်ဆုတ်သွားဝံ့ခြင်းဖြစ်သည်။ သို့သော် ယခုတွင် ရီဖူရှင်းသည် သူတို့အပေါ်သို့ အမှတ်အသားများ ကျဆင်းစေခဲ့သည်။ ယင်းမှာ...

“မစိုးရိမ်ပါနဲ့...”

ရီဖူရှင်းပြောလိုက်၏။ သူ၏အသံသည် ဟင်းလင်းပြင်ထဲတွင် ပဲ့တင်ထပ်သွား၏။ ထို့ကြောင့် အားလုံးသည် အနည်းငယ် တိတ်သွားပြီး သက်ပြင်းချလိုက်ကြသည်။ အစောတွင် သူတို့သည် ရီဖူရှင်းက သူတို့ကို အပြစ်ပေးတော့မည်ဟု ထင်ခဲ့ကြသည်။ ရီဖူရှင်းသည် ထိုကဲ့သို့သော သူမျိုးမဟုတ်ကြောင်း သူတို့ ယုံကြည်သော်လည်း အနည်းငယ် ကြောက်ရွံ့သွားခဲ့သေးသည်။

“အရှင်အင်ပါယာ... အရှင်အင်ပါယာက ဘာလို့...”

တစ်စုံတစ်ယောက်က မေးလိုက်၏။

“ဒီတိုက်ပွဲ ပြီးရင် ရလဒ်က နှစ်ခုပဲ ရှိမယ်။ အနိုင်နဲ့ အရှုံးပဲ”

ရီဖူရှင်း ပြောလိုက်၏။

“တကယ်လို့ ဒီတိုက်ပွဲက အရှုံးနဲ့ အဆုံးသတ်သွားရင် နေခဲ့ဖို့ ရွေးချယ်ခဲ့တဲ့သူတွေက သေသွားနိုင်တယ်။ သူတို့က သူတို့ရဲ့ ယုံကြည်မှုကြောင့် သေသွားမယ်ဆိုပေမယ့် ခင်ဗျားတို့အားလုံးက ဆက်ရှင်သန်ပြီး ဆက်ကျင့်ကြံနိုင်လိမ့်မယ်...”

“တကယ်လို့ အနိုင်နဲ့သာ အဆုံးသတ်ခဲ့ရင် ကျုပ်က လောကစည်းမျဉ်းကို ပြန်ပြောင်းမယ်။ ပြီးရင် နတ်ဘုရားရာထူးတွေကို ယုံကြည်မှုရှိတဲ့ ကျင့်ကြံသူတွေကို ပေးအပ်မယ်”

သူ စကားပြောပြီးသောအခါ မရေမတွက်နိုင်သော အလင်းတန်းများ ထပ်မံ ကျဆင်းလာပြီး နေခဲ့ရန် ရွေးချယ်ခဲ့သူများအပေါ် ကျဆင်းသွားသည်။

နေခဲ့ရန်ရွေးချယ်ခဲ့သူများသည် ကိုယ်ပိုင်ယုံကြည်မှုများရှိကြောင်း ထင်ရှား၏။ သူတို့သည် သူတို့၏အသက်ကို လောင်းကြေးထပ်၍ ဆက်တိုက်ခိုက်လိုနေကြသည်။

အကယ်၍ အနာဂတ်တွင် ရီဖူရှင်းသာ လောကစည်းမျဉ်းကို စီမံလာနိုင်ပါက နတ်ဘုရားထိုင်ခုံများတွင် ထိုင်ရမည့်သူများကို ထိုသူများထဲမှ ရွေးချယ်မည်ဖြစ်သည်။

ယင်းမှာ ထွက်သွားရန် ရွေးချယ်ခဲ့သူများသည် နတ်ဘုရားရာထူးရနိုင်မည့် အခွင့်အရေးကို ထာဝရ ဆုံးရှုံးသွားမည့် အဓိပ္ပာယ်ပင်။

ထိုအခိုက်တွင် သူတို့သည် သူတို့၏နှလုံးသားများကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ ခံစားလိုက်ရလေသည်။ နတ်ဘုရားခေတ်ရောက်နေပြီဖြစ်၍ အားလုံးသည် မဟာအင်ပါယာအဆင့်သို့ ရောက်နိုင်ရန် ရည်မှန်းချက်ထားကြသည်။ သူတို့သည် ထိုသို့ လုပ်နိုင်ရန် အခွင့်အရေး ဆုံးရှုံးခဲ့ပြီလော။

“အခုသွားပါ...”

ရီဖူရှင်းသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။ ထိုအခါ ကောင်းကင်(၉၉)လွှာတွင် အာကာသတံခါးတစ်ချပ် ပွင့်လာလေသည်။ ကျင့်ကြံသူများစွာသည် စိတ်ရှုပ်သွားကြပြီး အာကာသတံခါးအတွင်းသို့ ဝင်ကာ လောကအသေးမှ ထွက်သွားကြလေသည်။

ရီဖူရှင်းသည် သူတို့ကို ခြောက်လှမ်းရန် ကြိုးစားနေခြင်း မဟုတ်ကြောင်း သူတို့ သိပေသည်။ အကယ်၍ ရီဖူရှင်းသာ ဤတိုက်ပွဲကို နိုင်သွားလျှင် သူသည် လောကစည်းမျဉ်း၏ အုပ်စိုးသူ ဖြစ်လာမည်ဖြစ်သည်။ မည်သူများက နတ်ဘုရားရာထူးများကို ပိုင်ဆိုင်ရမည်ကိုလည်း သူဆုံးဖြတ်နိုင်ပေသည်။

ရီဖူရှင်း၏ လောကအသေးစား ထိပ်သို့ ရောက်နေပြီဖြစ်သော သူများ၏ရင်ထဲတွင် ပို၍ပင် ခံစားချက်များ ရှုပ်ထွေးသွားသည်။

မကြာခင်မှာပင် ထိုအုပ်စုသည် လောကအသေးမှ ထွက်သွားသည်။ ထွက်မသွားဝံ့သူများမှလွဲ၍ ကျန်ခဲ့သူအားလုံးသည် ကိုယ်ပိုင်ယုံကြည်မှုများ ရှိသူများ ဖြစ်ကြသည်။

“နောက်... ခင်ဗျားတို့အားလုံး လုပ်ရမှာက ကျင့်ကြံခြင်းအပေါ် အာရုံစိုက်ဖို့ပဲ။ ခင်ဗျားတို့ တိုက်ပွဲမှာ ဝင်ပါစရာမလိုရင်တော့ အကောင်းဆုံးပေါ့”

ရီဖူရှင်း ကြေညာလိုက်သည်။ အားလုံးသည် ရင်ထဲတွင် ခံစားချက်များ ပြည့်နှက်သွား၏။ ကောင်းကင်အင်ပါယာသည် အမှန်ပင် ကွဲပြားသော အကျင့်စရိုက်ရှိပေသည်။

“ကျုပ်က ကျုပ်ရဲ့ စကားတွေနဲ့ လူတွေကို ခြောက်ဖို့ ကြိုးစားနေတာ မဟုတ်ဘူး။ ကျုပ်တို့သာ ရှုံးမယ်ဆိုရင် ခင်ဗျားတို့အားလုံး သေသွားနိုင်တယ်။ အဲဒါကြောင့် ကျုပ်တို့ သေသွားရင် ခင်ဗျားတို့အားလုံး တိုက်ပွဲကို စွန့်ပြီး ဆက်ရှင်သန်ရမယ်”

ရီဖူရှင်းပြောလိုက်၏။

“အခု သွားပါတော့”

စွမ်းအားကြီးပုဂ္ဂိုလ်အားလုံးသည် ဦးညွှတ်ကာ တဖြည်းဖြည်း ထွက်သွားကြလေသည်။

သို့သော် ရီဖူရှင်းနှင့် ရင်းနှီးသူအချို့သည် လှေကားထစ်များပေါ်တွင် ကျန်ခဲ့သည်။ ထိုထဲတွင် မဟာအင်ပါယာအဆင့်သို့ မရောက်သေးသူများလည်း ပါပေသည်။

ရီဖူရှင်းသည် တစ်စုံတစ်ယောက်ကို ကြည့်ကာ မေးလိုက်၏။

“ချင်းယွမ်... မင်းက ဘာလို့ အင်ပါယာလမ်းစဉ်အပေါ် မတက်လှမ်းသေးတာလဲ”

ရှားရှင်းယွန်သည် သူ၏အကူအညီဖြင့်ဆိုလျှင် သေချာပေါက် အင်ပါယာလမ်းစဉ်ပေါ်သို့ တက်လှမ်းနိုင်ပေသည်။ သို့သော် သူမသည် ထိုလမ်းစဉ်ပေါ်သို့ မတက်လှမ်းသေးချေ။

“ကောင်းကင်အင်ပါယာ... ကျွန်မ အင်ပါယာလမ်းစဉ်အပေါ် တက်လှမ်းခဲ့ရင်လည်း မဟာအင်ပါယာတွေရဲ့ တိုက်ပွဲကို ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။ ပြီးတော့ ကျွန်မသာ မဟာအင်ပါယာအဆင့်အောက်မှာ ဆက်ရှိနေရင် စစ်ဖြစ်လာတာနဲ့ လူအများကြီးရဲ့ အသက်ကို ကယ်နိုင်ပါလိမ့်မယ်”

ရှားရှင်းယွန် ပြန်ပြောလိုက်၏။ သူမသည် ရှင်ခြင်းနှင့်သေခြင်းလမ်းစဉ်ကို ကျင့်ကြံသူဖြစ်သည်။

ရီဖူရှင်းသည် အနည်းငယ် ခေါင်းညိတ်လျှက် သူမကို ကြည့်လိုက်၏။ သူမ သူ့ကို”ကောင်းကင်အင်ပါယာ”ဟု ခေါ်သည်ကို ကြားရသည်မှာ အနည်းငယ် ထူးဆန်းသလို ခံစားရပေသည်။

All Chapters