စကြဝဠာများအကြားမှ အာကာသလမ်းကြောင်းလော
Vol. 205 Ch. 2922
လူအများစုသည် ရှားရှင်းယွန်၏ အတွေးများကို လက်ခံပေသည်။ မဟာအင်ပါယာအရေအတွက် စုစုပေါင်းသည် နည်းပေသည်။ ထို့ကြောင့် မဟာအင်ပါယာအဆင့် မဟုတ်သည့် ကျင့်ကြံသူများ အင်အားကုန် စတင်တိုက်ခိုက်လျှင် အခြေအနေသည် အလွန်ရှုပ်ထွေးသွားပေလိမ့်မည်။ ရှားရှင်းယွန်သာ စစ်ပွဲတွင် ဆေးတပ်သားအဖြစ် ပါဝင်ခဲ့ပြီး ဒဏ်ရာရသူများကို ကုသပေးနိုင်လျှင် အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည်ဖြစ်သည်။ သူမသည် ထိုအကြောင်းကြောင့် အင်ပါယာလမ်းစဉ်ပေါ်သို့ မတက်လှမ်းရန် ရွေးချယ်ခဲ့သဖြင့် မဟာအင်ပါယာများစွာသည် သူမအပေါ် အမြင်ပြောင်းသွားကြသည်။ အထူးသဖြင့် ဗုဒ္ဓလမ်းစဉ် ကျင့်ကြံသူများသည် သူမရှေ့တွင် လက်အုပ်ချီ၍ ဗုဒ္ဓအသံတော်ဖြင့် ဗုဒ္ဓသုတ္တန်များကို ရွတ်ဆိုလိုက်ကြသည်။
“နောက်ဆုံးကျရင် ဒီစစ်ပွဲကို ထိပ်သီးတွေကပဲ အဆုံးအဖြတ်ပေးမှာပဲ။ အဲဒါကြောင့် ကျင့်ကြံခြင်းအဆင့်နိမ့်တဲ့ သူတွေကြားမှာ တိုက်ပွဲဖြစ်မလာအောင် ကျုပ် တတ်နိုင်သမျှ တားပါမယ်။ ကျုပ် လူသားဘုံထဲကို လျှို့ဝှက်ဝင်ပြီး လူသားဘိုးဘေးရဲ့ ခန္ဓာကိုယ်အစစ်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို သွားကြည့်ဖို့ ကြံထားပါတယ်”
ရီဖူရှင်း ပြောလိုက်၏။
ယခုတွင် သူ၏ကျင့်ကြံခြင်းသည် နောက်တစ်ဆင့်သို့ ရောက်သွားပြီဖြစ်၍ လူသားနတ်ဘုရားနန်းတော်ကို ကျူးကျော်ရခြင်းသည် စမ်းသပ်ချက်တစ်ခုသာဖြစ်သည်ဟု ဆိုနိုင်သည်။ အကယ်၍ အခွင့်အရေးရလျှင် ထိုမှ ကျင့်ကြံသူများကို သတ်ဖြတ်ရန်လည်း သူဝန်မလေးပေ။
“အဲဒါက အန္တရာယ်များလွန်းတယ်။ အဲဒီအကြံကို ပြန်စဉ်းစားပါဦး အရှင်အင်ပါယာ”
ယွီထူ အကြံပြုလိုက်၏။ သူသည် ရီဖူရှင်း၏ မွေးစားအဖေဖြစ်သော်လည်း ရီဖူရှင်းကို သူ၏သခင်လေးဟုသာ ခေါ်နေခဲ့သည်။ သို့သော် ယခုအခိုက်တွင် သူသည် ရီဖူရှင်းကို ကောင်းကင်အင်ပါယာ သို့မဟုတ် အရှင်အင်ပါယာဟုသာ ခေါ်ဝေါ်နေသည်။
“ကျွန်မလည်း ဒီအကြံကို သဘောမတူဘူး”
ချင်ရံရွှေတော်က ဝင်ပြောလိုက်၏။ ရီဖူရှင်းသည် စမ်းသပ်ချက်တစ်ခုအနေဖြင့် လူသားနတ်ဘုရားနန်းတော်ကို လျှို့ဝှက်ဝင်ရောက်လိုခြင်းလော။
အကယ်၍ လူသားဘိုးဘေး၏ ခန္ဓာကိုယ်အစစ်သာ လူသားနတ်ဘုရားနန်းတော်တွင် ရှိလျှင် ယင်းသည် အလွန်အန္တရာယ်များပေလိမ့်မည်။
အရင်ဆုံး သဘောမတူခဲ့သူများသည် ရီဖူရှင်းအမေ၏ နောက်လိုက်များဖြစ်သည်။ သူတို့သည် ယခင်က ကောင်းကင်မင်းသမီးအပေါ် အမှန်ပင် သစ္စာရှိခဲ့သူများဖြစ်ကြသည်။ ထို့ကြောင့် သူတို့သည် သူ၏အကြံကို ကြားလိုက်သောအခါ စိုးရိမ်သွားကြခြင်းပင်။ သူသည် သူ့အမေ၏ တစ်ယောက်တည်းသော မျိုးဆက် မဟုတ်ပါလား။
“တကယ်လို့ လူသားဘိုးဘေးရဲ့ ခန္ဓာကိုယ်အစစ်သာ ပြန်ကောင်းလာရင် အခုလောက်ဆို သူ ထွက်လာလောက်ပြီပေါ့။ ကျိဝူတောက်လို လူတောင် အရင်က လူသားနတ်ဘုရားနန်းတော်ကို ကျူးကျော်ပြီး အထိအခိုက်မရှိ ပြန်လာနိုင်ခဲ့ပါတယ်”
ရီဖူရှင်း ရှင်းပြလိုက်သည်။
“ပြီးတော့ လူသားဘိုးဘေးက အပြည့်အဝ ပြန်ကောင်းခါနီးနေပြီဆိုရင်လည်း သူက ကျုပ်ကို အဲဒီမှာ မဖမ်းထားနိုင်ပါဘူး”
ရီဖူရှင်း၏အသံတွင် အကြွင်းမဲ့ယုံကြည်မှုနှင့် ပြည့်နှက်နေသည်။ သူ၏လက်ရှိအစွမ်းနှင့်ဆိုလျှင် သူသာ သတိလက်လွတ်မဖြစ်ပါက သူ့ကို ဖမ်းချုပ်ရန်မှာ လွန်စွာခက်ခဲသောကိစ္စ ဖြစ်ပေလိမ့်မည်။
“ကျုပ်လည်း ထောက်ခံတယ်”
ရီဖူရှင်းဘေးတွင် ထိုင်နေသော အရှင်ဒွန်ဟောင်က ပြောလိုက်၏။
“တကယ်လို့ လူသားဘိုးဘေး ပြန်မကောင်းသေးဘူးဆိုရင် အဲဒါက ကျုပ်တို့အတွက် အခွင့်အရေး ဖြစ်နိုင်တယ်။ တကယ်လို့ ဖူရှင်းက မမြင်နိုင်တဲ့ အန္တရာယ်နဲ့ ကြုံခဲ့ရင်လည်း အဲဒီကနေပြီး ချက်ချင်း ပြန်ပြေးလာနိုင်တယ်။ ဒီတော့ ကျုပ်ကတော့ ဘာပြဿနာမှ ရှိမယ်မထင်ဘူး။ ဒီအကြံက စမ်းကြည့်ဖို့ ထိုက်တန်တယ်လို့ ကျုပ်တွေးတယ်”
အရှင်ဒွန်ဟောင်သည် ရီဖူရှင်း၏အဖေဖြစ်သဖြင့် မည်သည့်အခါမှ သူ၏သားကို ခက်ခဲသည့် အခြေအနေနှင့် ကြုံစေမည် မဟုတ်ပေ။ သို့သော် ရီဖူရှင်းသည် ဘုံခုနစ်ခုကို ထိန်းသိမ်းရမည့် တာဝန်ကို ပခုံးထမ်းထားရလေသည်။ သူသည် နတ်ပလ္လင်ပေါ်တွင် ထိုင်နေသူဖြစ်၍ ကောင်းကင်အင်ပါယာအဖြစ် သူ၏တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သည်။
အရှင်ဒွန်ဟောင်နှင့် ရီဖူရှင်းတို့ သားအဖက ထိုသို့ ပြောခဲ့ပြီဖြစ်၍ အားလုံးသည် ငြင်းရခက်သွားကြသည်။
ရီဖူရှင်းသည် တတ်နိုင်သမျှ မီးကုန်ယမ်းကုန်စစ်ပွဲကို ရှောင်လိုနေကြောင်း သူတို့အားလုံး ပြောနိုင်ပေသည်။ ထိုကိစ္စကို သူ့ဘာသာ ဖြေရှင်းနိုင်လျှင် အကောင်းဆုံးဖြစ်သည်။ ဒုတိယအကောင်းဆုံးမှုမူ ပဋိပက္ခကို မဟာအင်ပါယာများကြားတွင်သာ ရှင်းခြင်းပင်။ သူမမြင်ချင်ဆုံးအရာမှာ ဘုံခုနစ်ခုမှ သာမန်လူများ သူတို့၏စစ်ပွဲအတွင်း ပါလာမည်ကို ဖြစ်ပေသည်။
“အဖေပြောတာ မှန်တယ်။ အဲဒါက စမ်းကြည့်ဖို့ တန်တယ်။ မစိုးရိမ်ပါနဲ့... ကျုပ် ဂရုစိုက်မှာပါ”
ရီဖူရှင်းက ပြန်ပြောလိုက်၏။ ထိုနေရာမှ လူများသည် ထိုစကားကို ကြားသောအခါ ခေါင်းညိတ်လိုက်ရတော့သည်။ ယွီထူသည်ပင် သူ စိတ်အားငယ်အောင် ထပ်မလုပ်ချင်တော့ပေ။
“ဟင်...”
ရီဖူရှင်းသည် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်၏။ ထို့နောက် သူက လက်ဆန့်တန်းကာ ဝှေ့ယမ်းလိုက်သည်။ ယင်းနောက် သူ၏မျက်လုံးများထဲတွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။
ထူးကဲသော ဟန်ပန်အရှိန်အဝါရှိသည့် ကျင့်ကြံသူတစ်စုသည် ကောင်းကင်(၉၉)လွှာအပြင်ဘက်ရှိ ကောင်းကင်ဂိတ်တံခါးအနီးတွင် ထွက်ပေါ်လာ၏။ သူတို့အားလုံးသည် မဟာအင်ပါယာအဆင့်ရှိသူများဖြစ်ပြီး သူတို့ကို နတ်အလင်းက ဝန်းရံထားလေသည်။ သူတို့သည် ကောင်းကင်(၉၉)လွှာကို ကြည့်နေကြသည်။
“ကျုပ်တို့ ကောင်းကင်အင်ပါယာနဲ့ တွေ့ချင်ပါတယ်”
မဟာအင်ပါယာများကို ဦးဆောင်လာသူက ပြောလိုက်၏။ သူ၏ကျယ်လောင်သောအသံသည် ကောင်းကင်(၉၉)လွှာကို တုန်ခါသွားစေပြီး ကောင်းကင်နန်းတော်အထိ ရောက်လာလေသည်။ နန်းတော်အတွင်းမှ အားလုံးသည် သူ့အသံကို ကြားလိုက်ရ၏။
“သွားပြီး ကြည့်ကြစို့”
ရီဖူရှင်း ပြောလိုက်၏။ အတွေးတစ်ချက်ဖြင့် ကောင်းကင်နန်းတော်ရှေ့တွင် တံခါးတစ်ချပ် ဖြစ်ပေါ်လာ၏။ ထို့နောက် သူသည် ထရပ်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်း,လှမ်းကာ တံခါးအတွင်း ဝင်သွားသည်။ အခြားကျင့်ကြံသူများသည်လည်း သူ့နောက်မှ လိုက်ပြီး တံခါးအတွင်း ဝင်သွားကြသည်။ တစ်ပြိုင်တည်းပင် ကောင်းကင်ဂိတ်တံခါးအနီး၌ အာကာသတံခါးတစ်ချပ် ထွက်ပေါ်လာ၏။ ထိုတံခါးမှနေ၍ ရီဖူရှင်းနှင့် အခြားသူများ ထွက်လာသည်ကို မြင်ရလေသည်။
ရီဖူရှင်းနှင့် သူ့နောက်မှသူများသည် ရှေ့သို့ ခြေတစ်လှမ်းလျှောက်လိုက်ပြီး ကောင်းကင်(၉၉)လွှာအပြင်ဘက်ရှိ သူတို့တစ်ခါမှ မမြင်ဖူးသော မဟာအင်ပါယာများကို ငေးကြည့်လိုက်ကြသည်။
ထို့အပြင် ရီဖူရှင်းသည် ထိုမဟာအင်ပါယာများ ထုတ်လွှတ်နေသော အရှိန်အဝါများသည် ထူးဆန်းနေကြောင်း အာရုံခံမိနေသည်။
ယခုတွင် သူသည် ကောင်းကင်လမ်းစဉ်အဆင့်သို့ ရောက်နေပြီဖြစ်၍ အဘယ်ကြောင့် သူထိုကဲ့သို့ ခံစားနေရကြောင်း ပြောနိုင်ပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုမဟာအင်ပါယာအုပ်စုသည် ဤစကြဝဠာမှ မဟုတ်၍ ဖြစ်သည်။ သူတို့သည် အခြားစကြဝဠာမှလာသော သူများဖြစ်ပေသည်။
“ဘာကိစ္စလဲ...”
ရီဖူရှင်းသည် မဟာအင်ပါယာများကိုကြည့်၍ ပြောလိုက်၏။
အသက်လေးဆယ်အရွယ်ဟု ထင်ရသည့် ဦးဆောင်လာသော မဟာအင်ပါယာသည် သားနားသော အဝတ်များကို ဝတ်ဆင်ထားပြီး ခံ့ညားသောအသွင် ရှိလေသည်။ သူ့ခန္ဓာကိုယ်ကို ရွှေရောင်နတ်အလင်းက ဝန်းရံထားပြီး ထူးကဲသည့် နောက်ခံရှိသော အမျိုးမြတ်သူတစ်ဦး၏ အငွေ့အသက်ကို ပေးနေသည်။
“ကျုပ်တို့က တခြားစကြဝဠာကဆိုတာ အရှင်အင်ပါယာ သိထားပြီးပြီထင်ပါတယ်”
အခြားစကြဝဠာမှ မဟာအင်ပါယာများ၏ ခေါင်းဆောင်က ပြော၏။
“ကြည့်ရတာ အရှင်အင်ပါယာက လူသားဘုံက နတ်ဘုရားတွေနဲ့ ပဋိပက္ခတစ်ခု ဖြစ်နေပုံပဲ။ ကျုပ်တို့က အဝေးကလာခဲ့ပြီး ဒီစစ်ပွဲကို ကိုယ်တိုင်မြင်ခဲ့ရတယ်။ ဒါပေမဲ့ ဒီစစ်ပွဲ ဒီလိုဆက်ဖြစ်နေမှာကို ကျုပ်တို့ မမြင်ချင်ပါဘူး။ အဲဒါကြောင့် အရှင်အင်ပါယာကသာ အကူအညီတချို့ လိုချင်တယ်ဆိုရင် ကျုပ်တို့ ကူညီပေးချင်ပါတယ်”
ရီဖူရှင်းသည် ထိုစကားကို ကြားလိုက်ရသောအခါ နားမလည်နိုင်ဖြစ်သွားသည်။ ထို့နောက် သူသည် သူတို့ကို ကြည့်၍ မေးလိုက်သည်။
“ကူညီမယ်ဟုတ်လား... ခင်ဗျားတို့က ဒီစစ်ပွဲထဲမှာ ဝင်ပါချင်လို့လား”
“အရှင်အင်ပါယာကသာ ကျုပ်တို့ကို ဝင်ပါစေချင်တယ်ဆိုရင် ဝင်ပါ,ပါမယ်”
ထိုမဟာအင်ပါယာက ပြန်ပြောလိုက်၏။
ရီဖူရှင်းသည် အဘယ်ကြောင့် ထိုသူများက သူ့ကို ကူညီနိုင်လိမ့်မည်ဟု ထိုမျှယုံကြည်နေကြောင်း သိလိုနေသည်။
“ခင်ဗျားတို့က ဘယ်လိုကူညီဖို့ စိတ်ကူးထားလဲ။ ခင်ဗျားတို့ဘက်က ဘာတွေ ပြန်တောင်းဆိုမှာလဲ”
ရီဖူရှင်း မေးလိုက်သည်။
အကယ်၍ ထိုလူများသည် စိတ်ကောင်းရှိ၍ ကူညီလိုခြင်းဆိုလျှင် ရီဖူရှင်းသည် အကူအညီအနည်းငယ် ထပ်ရမည်ကို ငြင်းမည် မဟုတ်ပေ။ သို့သော် လောကအတွင်း၌ ဘယ်အရာမှ အလကားမရကြောင်း သူ သိပေသည်။
ထိုလူများသည် အခြားစကြဝဠာမှ ရောက်လာသူများဖြစ်သည်။ သူတို့သည် ရန်သူလော၊ မိတ်ဆွေလောကို သူ မပြောနိုင်သေးပေ။ သို့သော် သူ၏ခန့်မှန်းချက်များအရ သူတို့သည် သူ၏ရန်သူဖြစ်ဖို့ များပေလိမ့်မည်။
အပြင်လူများသည် မည်သည့်အခါမှ သူတို့နှင့် တစ်စိတ်တစ်ဝမ်းတည်းရှိမည် မဟုတ်ပေ။ အဝေးမှ ရောက်ရှိလာသော ထိုလူများသည် အဘယ်သို့ မည်သည့်အကြံအစည်မှမရှိဘဲ နေမည်နည်း။
ယခင်က သူ၏အမေသည် ကောင်းကင်လမ်းစဉ်ကို ပြန်တည်ဆောက်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် အခြားစကြဝဠာများ ရှိနေကြောင်း သိသွား၍ ဖြစ်သည်။ သူမ၏ အကြီးမားဆုံးဆန္ဒမှာ ဤစကြဝဠာကို ကာကွယ်ရန်အတွက် သူမ၏လမ်းစဉ်ကို သက်သေပြကာ အထွတ်အထိပ်ကျင့်ကြံသူတစ်ဦး ဖြစ်လာလိုခြင်းပင်။
“ကျုပ်တို့က မဖြစ်နိုင်တာတွေကို တောင်းဆိုမှာ မဟုတ်ပါဘူး။ ကျုပ်တို့က အရှင်အင်ပါယာကို စကြဝဠာတွေကို ဖြတ်သန်းသွားလာနိုင်မယ့် အာကာသလမ်းကြောင်းတစ်ခုကို ဖွင့်စေချင်တာပါ။ အဲဒါမှ ကျုပ်တို့လောက,က ကျင့်ကြံသူတွေက စစ်ကူအနေနဲ့ ရောက်လာနိုင်မှာပါ”
ထိုမဟာအင်ပါယာက ပြောလိုက်လေသည်။
သို့သော် ရီဖူရှင်းသည် ထိုမဟာအင်ပါယာ၏ စကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွားသည်။ ထိုသူသည် သူတို့၏ စစ်ကူများ ဤစကြဝဠာသို့ ရောက်လာနိုင်စေရန် ကွဲပြားသော စကြဝဠာနှစ်ခုကို ဆက်သွယ်ထားသည့် အာကာသလမ်းကြောင်းတစ်ခုဖွင့်ရန် သူ့ကို တောင်းဆိုနေသည်။
သူသည် ထိုတောင်းဆိုချက်တစ်ခုကို နားထောင်ရုံဖြင့်ပင် ဖြစ်လာနိုင်သည့် ရလဒ်များစွာကို တွေးတောနိုင်ရန် လုံလောက်သွားပြီဖြစ်သည်။
အကယ်၍ ထိုသူများသည် စကြဝဠာနှစ်ခုကို ဆက်သွယ်ထားသည့် ထိုအာကာသလမ်းကြောင်းကို အသုံးချ၍ ကျူးကျော်လာလျှင် မည်သို့လုပ်မည်နည်း။
ပို၍ အရေးကြီးသည်မှာ သူသည် ယခုအထိ အခြားစကြဝဠာများမှ စွမ်းအားအကြီးဆုံးသူများ၏ အင်အားကို မသိသေးပေ။ ထို့ကြောင့် သူသည် မေးခွန်းများစွာ၏ အဖြေကို ရှာနေခဲ့ခြင်းပင်။ ကျင့်ကြံခြင်း၏ အထွတ်အထိပ်သည် အဘယ်နည်း။ အဆုံးသတ်ဟူ၍ ရှိမှ ရှိပါလေသလော။
မည်သို့ပင်ဖြစ်စေ ထိုသူများအတွက် စကြဝဠာများကို ဖြတ်သန်းနိုင်သည့် အာကာသလမ်းကြောင်းတစ်ခု ဖွင့်နိုင်ရန် ခက်ခဲကြောင်း သူပြောနိုင်ပေသည်။ အနည်းဆုံးတော့ သူတို့သည် ယခုအထိ ထိုသို့ မလုပ်နိုင်လောက်သေးပေ။
“ကျုပ် ခင်ဗျားတို့ရဲ့ စကြဝဠာအကြောင်းကို ပိုသိချင်တယ်”
အရှင်ဒွန်ဟောင်က ရှေ့သို့ ခြေတစ်လှမ်းတိုး၍ ပြောလိုက်၏။
“ပြီးတော့ အရင်တုန်းက ရောက်လာတဲ့ မဟာအင်ပါယာခုနစ်ပါးက ခင်ဗျားတို့ဆီကလား”
အရှင်ဒွန်ဟောင်သည် တစ်ဘက်မှ သူ၏ စကားများကို ကြားလိုက်သောအခါ သတိနိုးကြားသွားသည်။ အကယ်၍ စကြဝဠာနှစ်ခုကို ဆက်သွယ်နိုင်သော အာကာသလမ်းကြောင်းတစ်ခုကို ဖွင့်လိုက်လျှင် ထိုသူတို့၏ လောကမှ ကျင့်ကြံသူများသည် ဤလောကသို့ ရောက်လာကြမည်ဖြစ်သည်။ ထို့ကြောင့် ထိုတောင်းဆိုမှုကို မည်သည့်အခါတွင်မှ လက်ခံ၍ မဖြစ်ပေ။
ထို့ကြောင့်လည်း သူသည် ထိုသူများ၏ အင်အားပမာဏနှင့် သူတို့၏ စွမ်းအားအကြီးဆုံး ကျင့်ကြံသူများ၏ စွမ်းရည်အတိုင်းအတာကို သိလိုခြင်းဖြစ်သည်။
ရီဖူရှင်းသည် သူ့အဖေ၏ မေးခွန်းကို ကြားလိုက်သောအခါ သူ လှံချက်တစ်ချက်ဖြင့် သတ်ပစ်ခဲ့သော မဟာအင်ပါယာခုနစ်ပါးကို ပြန်အမှတ်ရသွားလေတော့သည်။