မဟာအင်ပါယာသုံးပါး ပူးပေါင်းခြင်း
Vol. 205 Ch. 2923
ထိုမဟာအင်ပါယာအုပ်စုသည် အတူတကွ ရောက်လာပေသည်။ ထို့ကြောင့် သူတို့၏ စွမ်းအားများသည် တူညီသောရင်းမြစ်မှ ဖြစ်ပေလိမ့်မည်။
သူတို့၏ စကြဝဠာတွင် အုပ်ချုပ်သူလူတန်းစားတစ်ရပ် ရှိသလော။ ဤကျင့်ကြံသူများသည် ယခင်က ရီဖူရှင်းသတ်ခဲ့သော မဟာအင်ပါယာခုနစ်ပါးကဲ့သို့ အုပ်ချုပ်သူလူတန်းစား၏ လက်အောက်ခံများလော။
သူတို့ စကြဝဠာများကို ဆက်သွယ်သည့် အာကာသလမ်းကြောင်းတစ်ခုကို ဖွင့်ချင်ရခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။
သူတို့သည် လျှို့ဝှက်အကြံအစည် မရှိဘဲ သူ့ကို ကူညီရန် ကြိုးစားနေခြင်းလော။
ရီဖူရှင်းသည် သူတို့ကို ကြည့်နေစဉ်တွင် သူတို့၏ခေါင်းဆောင်က ပြန်ပြောလိုက်၏။
“အင်း... ကျုပ်တို့မှာ အရင်တုန်းက ပဋိပက္ခလေးတွေ ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ ကျုပ်တို့ အတိတ်ကို အတိတ်မှာပဲ ထားခဲ့သင့်တယ်။ အဲဒါတွေကို ဂရုမစိုက်ပါနဲ့ အရှင်အင်ပါယာ”
ထင်ထားသကဲ့သို့ပင် ထိုလူများသည် တူညီသော အင်အားစုမှ ဖြစ်ကြသည်။
ယခင်က မဟာအင်ပါယာခုနစ်ပါးသည် စီရင်ခြင်းစွမ်းအားကို အသုံးပြုသူများဖြစ်သည်။ သူတို့ကို ထိပ်တန်းအဖွဲ့အစည်းတစ်ခု၏ တရားစီရင်သူများအဖြစ် သတ်မှတ်နိုင်သည်။ သူတို့ခုနစ်ပါးသည် တစ်စိတ်တစ်ဝမ်းတည်းဖြစ်သည်။
ထိုလူများသည် လွန်စွာစွမ်းအားကြီးသော အင်အားစုမှ ဖြစ်နိုင်သည်။
“ဖူရှင်း... ငါတို့ရဲ့ စကြဝဠာက ကောင်းကင်လမ်းစဉ် ပြိုပျက်သွားလို့ ငါတို့ရဲ့ ကျင့်ကြံခြင်းလောက,က ယိုယွင်းနေတယ်။ ဒါပေမဲ့ တခြားစကြဝဠာတွေကတော့ အဲဒီလို မဟုတ်ဘူး။ တကယ်လို့ သူတို့သာ ဆက်ပြီး တိုးတက်နေရင် သူတို့ရဲ့ အင်အားက ထင်ထားတာထက် ပိုကြီးနေနိုင်တယ်။ ငါတို့သာ ငါတို့ရဲ့ စကြဝဠာတွေကို ဆက်သွယ်ထားတဲ့ အာကာသလမ်းကြောင်းတစ်ခု ဖွင့်လိုက်ရင် သူတို့က လူသားဘိုးဘေးထက် ပိုကြီးတဲ့ အန္တရာယ်ဖြစ်လာနိုင်တယ်”
အရှင်ဒွန်ဟောင်သည် အတွေးပို့လွှတ်၍ ရီဖူရှင်းကို သတိပေးလိုက်သည်။
“ကျုပ် နားလည်ပါတယ်”
ရီဖူရှင်း ခေါင်းညိတ်လိုက်၏။ သူသည် အရှင်ဒွန်ဟောင် သတိမပေးလျှင်လည်း ထိုအချက်ကို ကောင်းစွာ နားလည်ပေသည်။
သူတို့မသိသော စကြဝဠာမှ ကျင့်ကြံသူများအတွက် စကြဝဠာများကို ဖြတ်ကျော်နိုင်မည့် လမ်းကြောင်းတစ်ခု ဖွင့်မည်ဆိုလျှင် သူတို့ကိုယ်တိုင် ကိုယ့်ဒုက္ခကိုယ်ရှာသလို ဖြစ်ပေလိမ့်မည်။
“ဒီပြဿနာကို ကျုပ်တို့ဘာသာ ရှင်းပါမယ်။ အခုလို ကမ်းလှမ်းတာကို ကျေးဇူးတင်ပါတယ်”
ရီဖူရှင်း ငြင်းလိုက်၏။
“ခင်ဗျားတို့အားလုံးက အဝေးကြီးက စကြဝဠာက လာခဲ့ကြတာဆိုတော့ တကယ်လို့ ခင်ဗျားတို့က ကျုပ်တို့ရဲ့ ဧည့်သည်တွေအနေနဲ့ ဒီကိုရောက်လာတာဆိုရင် ကျုပ် ခင်ဗျားတို့ကို လှိုက်လှိုက်လဲလဲ ကြိုဆိုမှာပါ။ ဒါပေမဲ့ အရင်တစ်ခေါက်က မဟာအင်ပါယာခုနစ်ပါးလို ယီးတီယားတားတွေ လုပ်ရင်တော့ ကျုပ် ခင်ဗျားတို့ကို ချက်ချင်း ရှင်းပစ်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူး”
ထိုမဟာအင်ပါယာသည် ရီဖူရှင်း၏ စကားများကို ကြားလိုက်သောအခါ မျက်မှောင်ကြုတ်၍ မကျေမနပ်ဖြစ်သွားသည်။ သူတို့သည် ဤစကြဝဠာသို့ ရောက်လာကတည်းက ဤစကြဝဠာ၏ အခြေအနေကို လေ့လာနေခဲ့သည်။ သူတို့သည် မဟာအင်ပါယာ အရေအတွက် အနည်းငယ်သာ ရှိသည့် ယိုယွင်းနေသည့် လောကကို တွေ့ခဲ့ရသည်။
ကနဦးတွင် သူတို့သည် ဤလောကကို ကယ်တင်လိုစိတ် ရှိခဲ့သည်။
စကြဝဠာနှစ်ခုကို ဆက်သွယ်ထားသော အာကာသလမ်းကြောင်းကို ဖွင့်ပြီးလျှင် ဤလောကမှ ကျင့်ကြံသူများသည် နတ်ဘုရားအမွေအနှစ် အစစ်အမှန်များကို မြင်နိုင်လာပေလိမ့်မည်။ သို့ဆိုလျှင် နောက်ဆုံး၌ ဤလောကတွင် ညီညွတ်သောစည်းမျဉ်းတစ်ခု ရှိလာပေမည်။
သို့သော် ရီဖူရှင်းသည် သူတို့ကို ငြင်းကာ သူတို့ကို ခြိမ်းပင် ခြိမ်းခြောက်လိမ့်မည်ဟု သူတို့ မထင်ခဲ့ချေ။
“အရှင်အင်ပါယာက ဘုံခုနစ်ခုရဲ့ လက်ရှိအခြေအနေအကြောင်းကို ကောင်းကောင်းသိတယ်။ ဘာလို့များ ကျုပ်တို့ကို အခုလို မြန်မြန် ငြင်းနေရတာလဲ။ ကျုပ်တို့ တခြားသူတွေနဲ့ သွားပူးပေါင်းမှာ အရှင်အင်ပါယာ မစိုးရိမ်ဘူးလား”
ထိုမဟာအင်ပါယာက ပြောလိုက်၏။ သူတို့ ရီဖူရှင်းကို လာရောက်ကမ်းလှမ်းခြင်းမှာ ရီဖူရှင်းဘက်က အရေးနိမ့်နေ၍ ဖြစ်သည်။ ထို့ကြောင့် ရီဖူရှင်းသည် သူတို့၏အကူအညီကို လက်ခံလိမ့်မည်ဟု သူတို့ ယူဆခဲ့ကြသည်။
တစ်ဘက်တွင်မူ လူသားဘိုးဘေးသည် သူတို့နှင့် ရည်ရွယ်ချက်တူသဖြင့် သူတို့နှင့် မပူးပေါင်းလောက်ပေ။
သူ စကားပြောပြီးသောအခါ ရီဖူရှင်း၏ မျက်လုံးများမှနေ၍ လွှမ်းမိုးအားကြီးသော နတ်အလင်း တောက်ပလာလေသည်။ ရီဖူရှင်းသည် သူ့ပတ်ပတ်လည်တွင် ဒေါသအခိုးအငွေ့များကို ထုတ်လွှတ်လိုက်သည်။ ရုတ်ခြည်းပင် ကောင်းကင်အရောင် ပြောင်းသွားပြီး ကြောက်မက်ဖွယ် နတ်မိုးကြိုးများ ပြင်းထန်စွာ ထစ်ချုန်းလာသည်။ ထိုစဉ်တွင် နေနှင့်လ နတ်အလင်းတောက်ပလာပြီး မဟာအင်ပါယာအုပ်စုကို လွှမ်းခြုံသွားသည်။
“ခင်ဗျားက ကျုပ်ကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတာလား”
ရီဖူရှင်း၏အသံသည် နတ်မိုးကြိုးကဲ့သို့ ကျယ်လောင်ပြီး ဟင်းလင်းပြင်တစ်ခွင်သို့ ပျံ့လွင့်သွားပြီး လေထုနှင့် ကောင်းကင်ကို တုန်ခါသွားစေသည်။ မဟာလမ်းစဉ် မြည်ဟိန်းလာပြီး ဤဘုံရှိ လှုပ်ရှားမှုတိုင်းသည် ကောင်းကင်စည်းမျဉ်းစွမ်းအားနှင့် ပြည့်နှက်နေသည်ဟု ထင်ရသည်။ သူသည် မဟာလမ်းစဉ်ကဲ့သို့ပင်။
မဟာအင်ပါယာအုပ်စုသည် ရီဖူရှင်းထံမှ ရှိန်လောက်ဖွယ် အန္တရာယ်အငွေ့အသက်ကို အာရုံခံမိလိုက်သောအခါ မျက်လုံးများထဲတွင် သတိရှိသည့် အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။ ခေါင်းဆောင်၏ မျက်နှာထားသည်လည်း သူတို့ အနည်းငယ် စိတ်မရှည်ဖြစ်သွားကြောင်း သတိပြုမိသွားသောအခါ မှိုင်းညို့သွားသည်။ ယခုအခိုက်တွင် သူတို့သည် သူ၏ နယ်မြေထဲ၌ ရှိနေသဖြင့် သူ့ကို ဒေါသထွက်အောင် မလုပ်သင့်ပေ။
“မဟုတ်ပါဘူး... ကျုပ်တို့ အဲဒီလို မတွေးဝံ့ပါဘူး။ ကျုပ်တို့က ဒီကို ရည်ရွယ်ချက်ကောင်းတွေနဲ့ လာခဲ့တာပါ... ကျုပ်တို့က မဟာမိတ်တွေ ဖြစ်နိုင်တယ်ဆိုပြီး တွေးထားတာပါ။ ကိစ္စတွေက ကျုပ်တို့ နှစ်ဘက်စလုံးအတွက် အဆင်မပြေမှတော့ ကျုပ်တို့ သွားပါတော့မယ်”
ခေါင်းဆောင်သည် သူတို့အပေါ် ဖိထားသော နတ်ဘုရားအရှိန်အဝါဖိအားကို ခံစားနေရသဖြင့် ထိုသို့ ပြောလိုက်လေသည်။ ရုတ်ခြည်းပင် သူတို့သည် ဤစကြဝဠာရှိ ရီဖူရှင်းကို ရန်စ၍ မရကြောင်း ကောင်းစွာ သိသွားကြတော့သည်။ ထို့ကြောင့် သူတို့ ချက်ချင်း ပြန်ဆုတ်သင့်ပေသည်။
“နေဦး...”
ရီဖူရှင်း ပြောလိုက်၏။ သူတို့ သွေးများ အေးစက်သွားပြီး သူတို့သည် သူ့ကို ငေးကြည့်လိုက်ကြသည်။
“ခင်ဗျားတို့က လာချင်တိုင်းလာ၊ သွားချင်တိုင်းသွားနေတာပဲ။ ခင်ဗျားတို့ ကျုပ်ကို ဘာထင်နေလဲ”
ရီဖူရှင်း ပြောလိုက်၏။
“ခင်ဗျားတို့က အခုထိ ကျုပ်မေးခွန်းကို မဖြေရသေးဘူး။ ခင်ဗျားတို့က ဘာရည်ရွယ်ချက်နဲ့ ကျုပ်တို့ စကြဝဠာတွေကြားမှာ အာကာသလမ်းကြောင်းတစ်ခုဖွင့်ဖို့ တောင်းဆိုတာလဲ”
သူ ပြောပြီးနောက်တွင် အကန့်အသတ်မဲ့ ကောင်းကင်နှင့်မြေကြီးကို သူ၏နတ်စွမ်းအားက လွှမ်းခြုံသွားသည်။ ထိုအခိုက်တွင် အာကာပြင်တစ်ခွင်လုံး ရပ်တန့်သွားပေသည်။ သူတို့ထဲက မည်သူမှ ဤနေရာမှနေ၍ လွယ်လွယ်ကူကူ ထွက်မသွားနိုင်တော့ချေ။
“ဒါက ဘာအဓိပ္ပာယ်ပါလဲ အရှင်အင်ပါယာ”
ခေါင်းဆောင်က ပြောလိုက်၏။
ရီဖူရှင်းသည် သူတို့ကို မမှိတ်မသုန် ကြည့်နေသည်။ အရှင်ဒွန်ဟောင်သည် အနောက်မှနေ၍ ရှေ့သို့ လျှောက်လာပြီး ထုတ်ဖော်ခြင်းနတ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ ရုတ်ခြည်းအတွင်း မဟာအင်ပါယာအုပ်စု မတုံ့ပြန်နိုင်ခင်မှာပင် သူတို့၏ နတ်စွမ်းအားများ ချုပ်နှောင်ခံလိုက်ရလေသည်။ သူတို့သည် ရီဖူရှင်း၏ နတ်ဘုရားအရှိန်အဝါမှ ဖိအားကြောင့်ပင် သူတို့၏ နတ်စွမ်းအားများကို ထုတ်လွှတ်ရန် ခက်ခဲ့နေပြီးဖြစ်သည်။
“ဂျီယူ... မင်းအလှည့်ပဲ”
ရီဖူရှင်း အော်ပြောလိုက်၏။ ဟွာဂျီယူ ခေါင်းညိတ်လိုက်သည်။ သူမသည် သူ၏အမိန့်ကို ထုတ်ပြောနေရန် မလိုဘဲ နားလည်ပေသည်။ အဘယ်ကြောင့်ဆိုသော သူမတို့သည် ဇနီးမောင်နှံဖြစ်၍ပင်။
မမြင်နိုင်သော နတ်စွမ်းအားတစ်ခုသည် လေထုအတွင်း ဖောက်ထွင်းပျံ့နှံ့သွားသည်။ ၎င်းသည် ပုံသဏ္ဌာန်မရှိ၊ ထိတွေ့၍ မရနိုင်ဘဲ ထုတ်ဖော်ခြင်းနတ်စွမ်းအားနှင့် အနည်းငယ် ဆင်တူပေသည်။ ထို့အပြင် ၎င်းသည် ရန်သူ၏ စိတ်ဝိညာဉ်အတွင်း လျှပ်တစ်ပြက်အတွင်း ဖောက်ဝင်နိုင်ပေသည်။
သူတို့၏ နတ်စွမ်းအားများ ချုပ်နှောင်ခံရပြီးနောက်တွင် သူတို့၏ စိတ်ဝိညာဉ်များသည်လည်း စွမ်းအားကြီးအကာအရံတစ်ခုက ပိတ်ဆို့ခြင်းကို ခံလိုက်ရ၏။ လူတို့သည် သူတို့၏ စိတ်ဝိညာဉ်များကို မမြင်နိုင်သော အရောင်မဲ့နံရံတစ်ခုက ကာရံထားပြီး သူတို့ကို ချိပ်ပိတ်ထားသည်ဟု ခံစားနေရလေသည်။
“အရောင်မဲ့ဘုံ နတ်စွမ်းအား”
ဟွာဂျီယူကို နတ်အလင်းတစ်ခုက ဝန်းရံထား၏။ သူမသည် သူမ၏နတ်စွမ်းအားကို အစွမ်းကုန်ထုတ်လိုက်၏။ သူမ၏ဝတ်စုံသည် တဖျပ်ဖျပ် ခတ်သွားပြီး သူမ၏ ပိတုံးရောင်ကေသာသည် လေထဲတွင် ဝဲလွင့်သွားသည်။
ယင်းသည် ဟွာဂျီယူနှင့် ဟွာချင်းချင်းတို့ အတူတကွ ဉာဏ်အလင်းပွင့်ခဲ့သော နတ်စွမ်းအားဖြစ်ပေသည်။ ဟွာချင်းချင်းသည် ဟွာဂျီယူကို ဗုဒ္ဓအယူဝါဒများနှင့် ကူညီပေးခဲ့သဖြင့် သူမသည် အခြားကျင့်ကြံသူများ၏ စိတ်ဝိညာဉ်များကို ဖိနှိပ်နိုင်မည့် အရောင်မဲ့ဘုံနတ်စွမ်းအားကို ဖန်တီးနိုင်ခဲ့လေသည်။
ထုတ်ဖော်ခြင်းနတ်စွမ်းအားနှင့် အရောင်မဲ့ဘုံနတ်စွမ်းအားတို့၏ ဖိနှိပ်မှုအောက်တွင် မဟာအင်ပါယာအားလုံးသည် သူတို့၏ တိုက်ခိုက်စွမ်းရည်ကို လုံးဝ ဆုံးရှုံးသွားကြသည်။ ထို့အပြင် ရီဖူရှင်းမှာလည်း သူတို့ကို သူ၏အင်ပါယာအရှိန်အဝါဖြင့် ဖိနှိပ်ထားသေးပေသည်။ ထို့ကြောင့် သူတို့တွင် ပြန်ခုခံရန် မည်သည့်အခွင့်အရေးမှ မရှိတော့ချေ။
အာကာတစ်ခွင်လုံး ရပ်တန့်သွားသကဲ့သို့ပင်။ ဖြစ်ပျက်ခဲ့သည်များကို မြင်ခဲ့သော ကောင်းကင်အင်ပါယာမြို့တော်မှ လူအုပ်များသည် အံ့အားသင့်နေကြသည်။ ကောင်းကင်အင်ပါယာနန်းတော်မှ မဟာအင်ပါယာများ၏ အချုပ်အနှောင်များအောက်တွင် အခြားစကြဝဠာမှ စိတ်ကြီးဝင်နေသည့် မဟာအင်ပါယာအုပ်စုသည် တစ်လက်မမျှပင် မရွေ့နိုင်ကြတော့ချေ။
ရန်သူများသည် မဟာအင်ပါယာတစ်စုဖြစ်သော်လည်း သူတို့သည် ရီဖူရှင်း၊ အရှင်ဒွန်ဟောင်နှင့် ဟွာဂျီယူတို့ ညှာတာမှ သက်သာမည့် အဖြစ်သို့ ရောက်နေလေသည်။ သူတို့သုံးယောက် အင်အားပူးပေါင်းလိုက်သောအခါ အလွန်စွမ်းအားကြီးလှပေသည်။
ထိုအချိန်တွင် ဟွာဂျီယူသည် သူမ၏ စိတ်စွမ်းအင်ကို အစွမ်းအကုန်ထုတ်လိုက်ပြီး ရန်သူများ၏ စိတ်ဝိညာဉ်အတွင်းသို့ ကျူးကျော်ဝင်ရောက်လိုက်သည်။ ရီဖူရှင်းသည် သူတို့၏ အခုအခံများကို ဖျက်ဆီးပစ်ရန် သူ၏ မျက်လုံးမန္တန်ကို နှိုးလိုက်သည်။
အချိန်အနည်းငယ် ကုန်ဆုံးသွားပြီဖြစ်သော်လည်း သူတို့၏ နတ်စွမ်းအားများ၏ ဖိအားသည် ပျောက်ကွယ်မသွားသေးပေ။ သို့သော် ဟွာဂျီယူသည် သူမ ရှာနေသော သတင်းအချက်အလက်ကို ရရှိသွားပြီဖြစ်သည်။ သူမ၏မျက်လုံးများသည် လခြမ်းကွေးပုံစံ ကျဉ်းမြောင်းသွား၏။ သူမသည် ရီဖူရှင်းကို ကြည့်ကာ စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်၏။
“သူတို့က သူတို့ရဲ့ စကြဝဠာနဲ့ ငါတို့ရဲ့ စကြဝဠာကို ဆက်သွယ်ပေးတဲ့ အာကာသလမ်းကြောင်းတစ်ခုကို တည်ဆောက်ချင်နေတာ။ အဲဒါကို တည်ဆောက်ပြီးရင် သူတို့က သူတို့ရဲ့ ကောင်းကင်လမ်းစဉ်ကို ငါတို့ စကြဝဠာထဲ ကျူးကျော်ဝင်လာစေပြီး သိမ်းပိုက်ဖို့ ကြံစည်ထားတာ။ အဲဒီကျရင် သူတို့က ဒီစကြဝဠာရဲ့ အရှင်သခင်တွေ ဖြစ်လာလိမ့်မယ်”
ရီဖူရှင်း၏ မျက်လုံးအကြည့်များ ရေခဲတမျှ အေးစက်သွားသည်။ ထိုလူများတွင် မကောင်းသည့် အကြံရှိနေလေသည်။ သူတို့သည် စကြဝဠာနှစ်ခုကို ဆက်သွယ်ပေးသည် အာကာသလမ်းကြောင်းတစ်ခုကို ဖွင့်လိုကတည်းက သံသယဖြစ်စရာ ကောင်းနေခဲ့ခြင်းပင်။ ထိုသို့သာဖြစ်လာလျှင် သူတို့သည် လူသားဘိုးဘေးထက်ပင် ပိုအန္တရာယ်များသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။ အကြောင်းမှာ သူတို့ဘက်တွင် စကြဝဠာတစ်ခုလုံးမှ ကျင့်ကြံသူများ ရှိနေမည်ဖြစ်၍ပင်။
“သူတို့ကို ရှင်းပစ်လိုက်”
ရီဖူရှင်း၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။