လူသားဘိုးဘေး၏ ခန္ဓာကိုယ်အစစ်
Vol. 205 Ch. 2926
ဧရာမ မျက်နှာကြီး၏ မျက်လုံးသည် တောက်ပသော နတ်အလင်းတန်းတစ်ခုကို ကောင်းကင်မှနေ၍ ပစ်လွှတ်လိုက်၏။ ၎င်းနတ်အလင်းတန်းသည် နေလုံးအဖြစ် ပြောင်းလဲသွား၏။ ထို့နောက် နေလုံး၏ ချစ်ချစ်တောက် ပူပြင်းသော နတ်အလင်းသည် လူသားနတ်ဘုရားနန်းတော်အထက်ရှိ ကောင်းကင်ကို လောင်မြိုက်တောက်ပသွားစေသည်။
ရွှက်...
စွမ်းအားကြီး အာကာသနတ်စွမ်းအားသည် အလင်းမျက်နှာပြင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဟင်းလင်းပြင်ကို ချိပ်ပိတ်လိုက်သည်။ သို့သော် နေလုံး၏ နတ်အလင်းသည် ၎င်းကို ထိထိချင်း ထွင်းဖောက်သွားပြီး ဆက်၍ ကျဆင်းသွားသည်။
ထိုအချိန်တွင် လူသားနတ်ဘုရားနန်းတော် အတွင်းအပြင်ရှိ လူအားလုံးသည် ရီဖူရှင်း၏ မဟာလမ်းစဉ်နတ်စက်ကွင်းထဲ၌ ပိတ်မိနေကြ၏။ သူသည် ထိန်းချုပ်မှုယူပြီး နောက်တွင် ဤဘုံ၏မဟာအုပ်စိုးသူတစ်ယောက် ဖြစ်လာသည်ဟုပင် ထင်ရသည်။
“သတိထား...”
လူရိပ်တစ်ခု ရုတ်ခြည်း ပျံသန်းသွား၏။ ထို့နောက် အထက်မှနေ၍ နေလုံး၏ နတ်အလင်း ကျဆင်းသွားပြီး လူသားနတ်ဘုရားနန်းတော်ဆီသို့ ရောက်သွားကာ နန်းတော်ဝင်းတစ်ခုလုံးကို လောင်ကျွမ်းသွားစေ၏။ အလင်းတန်းသည် ထိတွေ့သွားသော နေရာတစ်ဝိုက်တွင် မီးတွင်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။
ရွှီး...
ရီဖူရှင်း၏ မျက်လုံးများထဲတွင် အလင်းတစ်ချက် လက်သွားသည်။ နေလုံး၏ ပြင်းထန်သော နတ်အလင်းသည် လူသားနတ်ဘုရားနန်းတော်၏ နေရာတော်တော်များများကို ရုတ်ခြည်း ရိုက်ခတ်သွားပြီး ၎င်း၏လမ်းကြောင်းအတွင်းရှိ အရာအားလုံးကို ဧရာမဓားကြီးတစ်ချောင်းကဲ့သို့ ခုတ်ဖြတ်သွားသည်။ ထိုရိုက်ခတ်မှုပမာဏသည် နန်းတော်ဝင်းတစ်ခုလုံးကို အလွယ်တကူ ဖျက်ဆီးသွားနိုင်ပေသည်။
သို့သော် ကောင်းကင်တွင် ရှိန်လောက်ဖွယ် အဖျက်အရှိန်အဝါတစ်ခု ပျံ့နှံ့သွားပြီး လူသားဘိုးဘေးက သူ၏ ရင်းမြစ်နတ်စက်ကွင်းကို ထုတ်လွှတ်လိုက်သည်ကို မြင်လိုက်ရလေသည်။ သူသည် ရင်းမြစ်လျှပ်စီးဓားကို ဖန်တီးပြီးနောက်တွင် ၎င်းဖြင့် ရီဖူရှင်းကို ခုတ်ချလိုက်၏။
ကောင်းကင်မိုးကြိုး ထစ်ချုန်းလာပြီး တစ်မြို့လုံး ပြင်းထန်စွာ တုန်ခါလာသည်။
ရီဖူရှင်းသည် ခေါင်းမော့၍ အဝေးသို့ လှမ်းကြည့်လိုက်၏။ ရင်းမြစ်လျှပ်စီးပေါ်တွင် လအလင်းတောက်ပလာပြီး ၎င်းကို ရပ်တန့်ရန် ကြိုးစားနေသည်။ သို့သော် ရင်းမြစ်လျှပ်စီးသည် ရပ်တန့်မသွားဘဲ ရပ်တန့်စွမ်းအား၏ အချုပ်အနှောင်ကို ဖြတ်ကျော်သွားသည်။
နေအလင်းတန်းတစ်ခု ဖြာထွက်သွားပြီး ယင်စွမ်းအင်နှင့် ယန်စွမ်းအင်တို့ ပေါင်းစည်းသွားသည်။ ကောင်းကင်ထဲတွင် နေနှင့်လ နတ်အလင်း တောက်ပလာပြီး ရင်းမြစ်လျှပ်စီးဓားကို ဖျက်ဆီးကာ လူသားဘိုးဘေးကို သတ်ရန် သူ့ဘက်သို့ ဦးတည်သွားသည်။
“သူက အရမ်းစွမ်းအားကြီးလွန်းတယ်”
အားလုံးသည် ရီဖူရှင်း၏အစွမ်းကို ကြည့်ကာ အံ့အားသင့်နေကြသည်။ ရီဖူရှင်း၏နတ်စွမ်းအားသည် သူတို့ သူ့ကို နောက်ဆုံးမြင်ခဲ့ရသည့် အချိန်ကထက် ပို၍ တိုးတက်လာပြီဖြစ်သည်။ ယင်းသည် ပြီးပြည့်စုံသော မဟာလမ်းစဉ်နတ်စွမ်းအားလော။
ယခင်က ရီဖူရှင်းသည် မဟာအင်ပါယာအဆင့်သို့ မရောက်သေးပေ။ သို့သော် ယခုတွင် သူသည် မဟာအင်ပါယာအဆင့်သို့ ရောက်နေပြီဖြစ်သည်။
သူသည် မဟာအင်ပါယာအဆင့်သို့ ရောက်ပြီးပြီးချင်း အဘယ်သို့ လူသားဘိုးဘေးနှင့် သူတင်ကိုယ်တင် တိုက်ခိုက်နိုင်ရသနည်း။
အမှန်တွင် သူသည် လူသားဘိုးဘေးကိုပင် နိုင်လုနီးပါး ဖြစ်နေသည်။
သူသည် မည်မျှ ကြောက်မက်ဖွယ်ကောင်း၍ စွမ်းအားကြီးသော မဟာအင်ပါယာပေနည်း။
အကယ်၍ ရီဖူရှင်းကို ယခင်က မဟာအင်ပါယာခြောက်ပါးနှင့် နှိုင်းယှဉ်ကြည့်ပါက သူသည် သူတို့အားလုံးထဲတွင် စွမ်းအားအကြီးဆုံး ဖြစ်ပေသည်။
အတိတ်တွင် ကောင်းကင်အင်ပါယာဟောင်းနှင့် ကောင်းကင်မင်းသမီးတို့သည်လည်း ဤသို့စွမ်းအားကြီးခဲ့သလော။
ဝုန်း...
ကုန်းမြေတစ်ခွင်လုံးနှင့် မြို့ထဲရှိ ကျင့်ကြံသူအားလုံးသည် ကောင်းကင်ထဲတွင် နောက်ထပ် ကောင်းကင်အရှိန်အဝါ ထွက်ပေါ်လာသောအခါ ကြောက်ရွံ့တုန်လှုပ်သွားကြသည်။ သူတို့သည် ဒူးထောက်ကျတော့မလို ခံစားနေရလေသည်။
ကောင်းကင်ကို ထွင်းဖောက်ပျံ့နှံ့နေသော မဟာကောင်းကင်အရှိန်အဝါသည် ဖန်ဆင်းရှင်နတ်အရှိန်အဝါနှင့်ပင် ယှဉ်နိုင်ပေသည်။ ၎င်းကို ခံစားလိုက်ရသူတိုင်းသည် အလိုလို ဦးညွှတ်မိသွားကြသည်။
မဟာကောင်းကင်အရှိန်အဝါက လူသားနတ်ဘုရားနန်းတော်တစ်ခွင်လုံးကို လွှမ်းခြုံလိုက်သောအခါ နန်းတော်အထက်ရှိ ကောင်းကင်တွင် လှိုင်းတွန့်များ ထွက်ပေါ်လာလေသည်။ ထိုနေရာရှိ မဟာအင်ပါယာတိုင်းသည် ထိုနေရာတွင် သာလွန်သော စွမ်းအားတစ်ခုကို ခံစားနေကြရသည်။ ရှေးဟောင်းအင်ပါယာများသည် စွမ်းအားသဘာဝကို မှတ်မိကြသော်လည်း ၎င်းကို ယခုမှ ပထမဆုံးအကြိမ် တွေ့ကြုံခံစားဖူးသည် ကျင့်ကြံသူအရေအတွက် များစွာ ရှိနေပေသေးသည်။ လူသားဘုံမှ တပ်သားများစွာသည် ကြက်သေ,သေနေကြပြီး သစ်ရွက်တစ်ရွက်ကဲ့သို့ တုန်ယင်နေကြသည်။
လူသားနတ်ဘုရားနန်းတော်ထဲတွင် ဤအဆင့်ရှိသည့် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် ရှိသလော။
သူသည် မည်သူနည်း။
ရုတ်တရက် ကောင်းကင်ရှိ လူသားဘိုးဘေးပေါ်တွင် ခမ်းနားသော နတ်အလင်း တောက်ပလာသည်။ ထိုအခိုက်တွင် လူသားဘိုးဘေး၏ ခန္ဓာကိုယ်သည် ဘုံတစ်ခုလုံးနှင့် ဆက်စပ်နေသည်။ ထိုစဉ် ကောင်းကင်ထဲ၌ သူ၏ ဧရာမမျက်နှာကြီးတစ်ခု ထွက်ပေါ်လာ၏။
ရင်းမြစ်နတ်စက်ကွင်းသည်လည်း တဖြည်းဖြည်း အားကောင်းလာသည်။ ယင်းသည် စကြဝဠာအစကတည်းက တည်ရှိခဲ့သော ရင်းမြစ်စွမ်းအားကဲ့သို့ပင်။ ကမ္ဘာဖျက်နတ်မိုးကြိုးနှင့် ယှဉ်နိုင်သော မိုးချုန်းသံကြီးသည် မျက်စိကျိန်းလောက်ဖွယ် အလင်းကို ဖြာထုတ်လိုက်ပြီး ကောင်းကင်တစ်ခွင်လုံးကို မှောင်မည်းသွားစေသည်။ နေအလင်းနှင့် လအလင်းသည် ယင်းကို မဖောက်ထွင်းနိုင်ကြချေ။
ရင်းမြစ်လျှပ်စီးဓားသည် ပို၍ လျင်မြန်လာပြီး နေနှင့်လ၏ နတ်အလင်းဖြင့် ထိတိုက်သွားကာ လျှပ်စီးတန်းများ ရုတ်တရက် ထွက်လာစေသည်။ ထိတိုက်သွားပြီးနောက် မကြာခင်တွင် လေထုတစ်ခွင်လုံး မှေးမှိန်သွားပြီး ရိုက်ခတ်မှုသည် မြို့တစ်ခွင်လုံး ပျက်စီးသွားသည်။ မဟာအင်ပါယာအဆင့် ကျင့်ကြံသူများပင် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကြောက်ရွံ့တုန်လှုပ်သွားသည်။
ရီဖူရှင်းသည် မည်းမှောင်နေသော ကောင်းကင်ရှိ လူသားဘိုးဘေးကို တိုက်ရိုက် မျက်နှာချင်းဆိုင်လိုက်သည်။ လူသားဘိုးဘေးသည် သူ့ခန္ဓာကိုယ်အစစ်၏ စွမ်းအားအစစ်အမှန်ကို ပြသခဲ့ခြင်းလော။
ရီဖူရှင်း ဤဘုံသို့ ကျူးကျော်ဝင်ရောက်လာခြင်းမှာ သူ၏ရန်သူတော် လူသားဘိုးဘေးအစစ်ကို ထွက်လာစေရန်ဖြစ်သည်။ ထိုမှ လူသားဘိုးဘေး၏ အင်အားကို သူခန့်မှန်းနိုင်မည်ဖြစ်သည်။ အကယ်၍ ပြိုင်ဘက်သည် သူ့ကို မတားနိုင်လျှင် သူသည် လူသားနတ်ဘုရားနန်းတော်ကို လောကအတွင်းမှ ရှင်းထုတ်ပစ်ရန် ဝန်မလေးပေ။ ယင်းမှာ သူ ဤသို့ လာခဲ့ရခြင်း၏ အဓိကရည်ရွယ်ချက် ဖြစ်ပေသည်။
သို့သော် လူသားဘိုးဘေးအစစ်သည် လွန်စွာစွမ်းအားကြီးကြောင်း သူအာရုံခံနိုင်၏။
ယခုတွင် သူသည် သူ၏ကောင်းကင်လမ်းစဉ်အသေးစားကို ပြီးပြည့်စုံအောင် လုပ်ပြီးပြီဖြစ်၍ လောကတစ်ခုကို အားသုံး၍ သိမ်းပိုက်ကာ ယင်းလောက၏ ကောင်းကင်စည်းမျဉ်းကို သူ့လောက၏စည်းမျဉ်းအဖြစ် အတင်းပြောင်းလဲပစ်နိုင်ပေသည်။ သူသည် သူ၏ကောင်းကင်လမ်းစဉ်ကို သူ့ကိုယ်တွင်းလောက အပြင်ဘက်၌ ထူထောင်နိုင်သည်။
သို့သော် လူသားဘိုးဘေးသည်လည်း ထိုကဲ့သို့ လုပ်နိုင်မည်ဖြစ်ကြောင်း သူယုံကြည်ပေသည်။ လူသားဘိုးဘေး၏အစွမ်းသည် သူ့ထက် နိမ့်ကျမည်မဟုတ်ပေ။ လူသားဘိုးဘေးသည် နှစ်ပေါင်းများစွာ ကျင့်ကြံနေခဲ့သည် မဟုတ်ပါလား။
ထိုအချိန်တွင် သူသည် လေထုထဲရှိ အန္တရာယ်များသော ပြောင်းလဲမှုကို ခံစားလိုက်ရ၏။
သူသည် ဤဘုံ၏ ကောင်းကင်လမ်းစဉ်ပေါ်တွင် ဩဇာမသက်ရောက်တော့ကြောင်း သူ သတိပြုမိသည်။
“လူသားဘိုးဘေး”
ရီဖူရှင်းသည် သူ့ရှေ့ရှိ မျက်နှာကို ငေးကြည့်လိုက်ပြီး ပြောလိုက်၏။
“ခင်ဗျားရဲ့ ခန္ဓာကိုယ်အစစ်က အမြဲ ဒီမှာပဲ ရှိနေတဲ့ ပုံပဲ”
လွှမ်းမိုးအားကြီးသော နတ်စွမ်းအားတစ်ခုသည် အကန့်အသတ်မဲ့ဘုံတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ တစ်ချိန်တည်းမှာပင် ဒြပ်မရှိသော မျက်နှာကြီးသည် ရီဖူရှင်းကိုကြည့်၍ ပြောလိုက်၏။
“ဒီလောက်နှစ်တွေကြာပြီးတာတောင် သူ့ရဲ့ မျိုးဆက်နောက်တစ်ယောက် ထပ်ပေါ်လာပြန်ပြီပဲ။ ကောင်းကင်လမ်းစဉ် ပြိုပျက်ပြီးသွားတဲ့နောက် လောကကြီးက အချိန်အကြာကြီး ပရမ်းပတာ ဖြစ်နေခဲ့တယ်။ အခု လောကကြီးကို ပြန်စည်းလုံးအောင် လုပ်ရမယ့်အချိန်ကြပြီ။ ငါက ဒီလောကကို ဦးဆောင်ပြီး နတ်ဘုရားခေတ်ပြန်ရောက်လာအောင် လုပ်မယ်။ တကယ်လို့ ကောင်းကင်အင်ပါယာသာ မရှိခဲ့ရင် ငါ အဲဒီလိုဖြစ်လာအောင် လုပ်နိုင်နေပြီ။ မင်းတို့ မိသားစုက ငါ့လမ်းမှာ ပိတ်နေကြတာပဲ။ ဒီတော့ ငါ့ကို ပြောစမ်း... ဒီလောက,က လူတွေ ဒုက္ခခံစားနေရအောင် လုပ်နေတာ ဘယ်သူတွေလဲ”
ကောင်းကင်အင်ပါယာဟောင်းမှနေ၍ ကောင်းကင်မင်းသမီး၊ ထို့နောက် ရီဖူရှင်း၊ သူတို့သုံးယောက်သည် လူသားဘိုးဘေး၏ ရန်သူများဖြစ်ခဲ့သည်။ ကောင်းကင်အင်ပါယာဟောင်းနှင့် ကောင်းကင်မင်းသမီးတို့သည် သူ့ကို သေလုမြောပါး ဒဏ်ရာရစေခဲ့သည်။ ထို့ကြောင့် သူသည် ဤနှစ်များအတွင်း ဖြည်းဖြည်းချင်း ပြန်လည်း အားဖြည့်နေခြင်းပင်။ အကယ်၍ ရီဖူရှင်းသာ မရှိလျှင် လူသားဘိုးဘေးသည် နှစ်အနည်းငယ် ထပ်စောင့်ပြီး လောကတစ်ခွင်လုံးကို တစ်ချက်တည်းဖြင့် သိမ်းပိုက်နိုင်မည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ အမှန်တရားသည် ခါးပေသည်။ ရီဖူရှင်း ထွက်ပေါ်လာကတည်းက ကိစ္စများသည် သူစီစဉ်ထားသည့်အတိုင်း မဖြစ်ခဲ့ချေ။ ရီဖူရှင်းက ကောင်းကင်လမ်းစဉ်အသေးစားဖြင့် လောကတစ်ခုကို ဖန်တီးပြီးနောက်တွင် ထိုလောကတွင် အချိန်စည်းမျဉ်းကို ပြောင်းလဲကာ လောကနှစ်ခုကြားမှ အချိန်စီးဆင်းနှုန်း ကွာခြားမှုကို ကျင့်ကြံခြင်းအတွက် အသုံးပြုခဲ့လေသည်။ ထို့ကြောင့် ရီဖူရှင်းသည် သူ့အတွက် အန္တရာယ်တစ်ခု ဖြစ်လာလေသည်။
သို့သော် သူ့ရန်သူ၏ ကြိုးပမ်းအားထုတ်မှုများသည် သဲထဲရေသွန်သာ ဖြစ်ပေလိမ့်မည်။
နောက်ဆုံးတွင် အရာအားလုံး ဖျက်ဆီးခံလိုက်ရပြီး အဆုံးသတ်သို့ ရောက်သွားမည်ဖြစ်သည်။
“ရီဖူရှင်း... တကယ်လို့ မင်းသာ ငါတို့ကြားက ကွာခြားမှုတွေကို ဘေးဖယ်ထားပြီး ငါ့ဆီမှာ လက်အောက်ခံရင် ငါ မင်းကို ငါ့ရဲ့ ကိုယ်စားပြုအနေနဲ့ ကောင်းကင်စည်းမျဉ်းကို အုပ်စိုးခွင့်ပေးမယ်။ ငါပြီးတာနဲ့ မင်းဖြစ်ရမယ်။ မင်း ဘယ်လိုသဘောရလဲ”
သူသည် သိမ်းသွင်းသည့်လေသံဖြင့် ကမ်းလှမ်းလိုက်သည်။ သူသည် ရီဖူရှင်းကို အခြားသူများအားလုံး၏ အထက်တွင် ထား၍ သူပြီးသည်နှင့် ရီဖူရှင်းသည် ပထမဖြစ်ရမည်ဟု ပြောခဲ့သည်။
လူသားနတ်ဘုရားနန်းတော်မှ မဟာအင်ပါယာများအားလုံးသည် သူ၏စကားများကို ကြားလိုက်သောအခါ မှင်တက်သွားကြသည်။ လူသားဘိုးဘေးသည် ရီဖူရှင်းကို ဆွဲဆောင်သိမ်းသွင်းရန် ကြိုးစားလိမ့်မည်ဟု သူတို့ တစ်ခါမှ မတွေးခဲ့ဖူးပေ။
အမှန်တွင် လူသားဘိုးဘေးသည် တိုက်ပွဲတွင် ရီဖူရှင်းကို အနိုင်ယူကာ သတ်နိုင်မည်၊ မသတ်နိုင်မည်ကို မသေချာဖြစ်နေခြင်းပင်။
ရီဖူရှင်းသည် ကမ်းလှမ်းမှုကို ကြားပြီးနောက် တည်တည်ငြိမ်ငြိမ်သာ ဆက်ရှိနေ၏။ လူသားဘိုးဘေးသည် သူ့ကိုယ်သူ လူသားမျိုးနွယ်၏ ဖြောင့်မတ်မှန်ကန်သူဟု ခေါ်ခဲ့ပြီး ဤတစ်ချိန်လုံး လူသားဘုံကို အုပ်စိုးနေခဲ့သည်။ သို့သော် သူသည် အမှန်ပင် ဖြောင့်မတ်မှန်ကန်သူ ဟုတ်ပါလေသလော။
ရီဖူရှင်းသည် လူသားဘိုးဘေး၏ သူတော်ကောင်းယောင်ဆောင်မှုကို တွေ့မြင်ခဲ့ပြီးဖြစ်သည်။ အကယ်၍ လူသားဘိုးဘေးသည် လောကကြီးကို ငြိမ်းချမ်းစေလိုခြင်းဆိုလျှင် အဘယ်ကြောင့် အမှောင်ထဲတွင် ပုန်းနေခဲ့ရသနည်း။
အဘယ်ကြောင့် သူသည် မဟာအင်ပါယာများထွက်ပေါ်လာစေရန် အလားအလာရှိသည့် ကျင့်ကြံသူများကို မြေတောင်မမြှောက်ပေးဘဲ နတ်ဘုရားများကို ပြန်ရှင်သန်လာစေရသနည်း။
သူသည် အဘယ်ကြောင့် လူသားဘုံမှ ကျင့်ကြံသူများကို သိမ်းပိုက်ရန် အမိန့်ပေး၍ လောကအတွင်းမှ သက်ရှိအားလုံး ဒုက္ခခံစားရမည့် ဘုံခြောက်ခု၏စစ်ပွဲကို စတင်ခဲ့ရသနည်း။
ဝှစ်...
အတုမဲ့ နတ်စွမ်းအားဖြင့် ဖန်တီးထားသော ကောင်းကင်ဇီဝိန်ခြွေလှံတစ်ချောင်း ကောင်းကင်ထဲတွင် ထွက်ပေါ်လာပြီး လူသားဘိုးဘေး၏ ကမ်းလှမ်းချက်ကို တုံ့ပြန်လိုက်သည်။ သူ ထို့သို့လုပ်လိုက်ခြင်းမှာ လူသားဘိုးဘေးသည် အပြောသာရှိ၍ အစွမ်းမရှိသူတစ်ယောက်လောဟု သူ စမ်းသပ်လို၍ဖြစ်သည်။ လူသားဘိုးဘေး အပြည့်အဝ ပြန်မကောင်းသေးခင် သူ စမ်းကြည့်လျှင် အန္တရာယ်ရှိမည်မဟုတ်ပေ။
ဝုန်း...
လှံသည် ကောင်းကင်ကို ထိုးဖောက်သွားပြီး ရုတ်ခြည်း ပုံစံပြောင်းကာ ဟင်းလင်းပြင်ကို ဖြတ်သန်းသွားသည်။
ရင်းမြစ်လျှပ်စီးဓားသည် လှံကို ထိခတ်သွား၏။ ၎င်းသည် အမှုန့်ဖြစ်သွားကာ လှံ၏ ဝါးမျိုမှုကို ခံလိုက်ရလေသည်။ ထိုအဆင့်ရှိသည့် ဓားတစ်ချောင်းကပင် လှံကို မတားဆီးနိုင်ချေ။
ကောင်းကင်သည် အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားပြီး ဧရာမမျက်နှာကြီးဆီ ဦးတည်သွားနေသော လှံချက်၏ ဝါးမျိုမှုကို ခံလိုက်ရလေသည်။