လူသားဘိုးဘေး၏အသံ
Vol. 205 Ch. 2927
လှံက ဟင်းလင်းပြင်ကို ဖြတ်သန်းသွားသောအခါ ပြင်းထန်သော မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာ၏။ ရုတ်တရက် ဦးခေါင်းကတိမ်များအထက်သို့ ရောက်၍ ခြေထောက်ကမြေပြင်တွင်ရှိသည့် ဧရာမနတ်ဘုရားပုံရိပ်တစ်ခု ထွက်ပေါ်လာလေသည်။
ထိုပုံရိပ်သည် လူသားဘိုးဘေး၏ အသွင်ယူလိုက်ပြီး ကောင်းကင်လမ်းစဉ်၏ ပြယုဂ်ကဲ့သို့ ဖြစ်နေသည်။
လှံသည် ကောင်းကင်လမ်းစဉ်နတ်ခန္ဓာကို ပြင်းထန်စွာ ထိတိုက်သွားပြီး ၎င်းခန္ဓာကို အစိတ်စိတ်အမွှာမွှာ စုတ်ဖြဲကာ ဝါးမျိုရန် ကြိုးစားနေသည်။ သို့သော် လှံသည် အားကောင်းသော ခုခံမှုတစ်ခုကြောင့် ရပ်တန့်သွားသည်။
လောကတစ်ခွင်လုံးကို ဝါးမျိုနိုင်သော စွမ်းအားကြီးလှံသည် နတ်ခန္ဓာကိုယ်ကို မဖောက်ထွင်းနိုင်သည်မှာ အံ့အားသင့်ဖွယ်ပင်။ လှံသည် လောကအတွင်းရှိ ခုခံစွမ်းအားအကြီးဆုံး အရာတစ်ခုကို ထိတွေ့သွားသကဲ့သို့ပင်။ လူသားဘိုးဘေး၏ ခန္ဓာကိုယ်သည် ကမ္ဘာပေါ်ရှိ ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုအားလုံးကို ပျက်ပြယ်စေနိုင်သည့်ပုံပင်။
ဝုန်း...
ကျယ်လောင်သော ထစ်ချုန်းသံတစ်သံကို ကြားလိုက်ရ၏။ လူသားဘိုးဘေး၏ ခန္ဓာကိုယ်သည် အားကောင်းသော ခုခံစွမ်းအား ရှိနိုင်သော်လည်း လှံသည် ယင်းကို တုန်ခါသွားစေပြီး အက်ကြောင်းများ ထင်လာစေကာ ထိုးဖောက်နေသည်။ တစ်ပြိုင်တည်းပင် နတ်စွမ်းအားများသည် ထိုခန္ဓာကိုယ်လေးတွင် စုဝေးလာသည်။
ထိုအခိုက်တွင် ရီဖူရှင်းသည် သူ့လှံက အသွေးအသားကို ထိတိုက်သွားခြင်းမဟုတ်ဘဲ ဖျက်ဆီး၍မရနိုင်သော ပြီးပြည့်စုံသည့် လောကတစ်ခုကို ထိတိုက်သွားသည်ဟု ခံစားလိုက်ရ၏။ သူ၏လှံ ထိတိုက်သွားသောအခါ လူသားဘုံတစ်ခွင်လုံးရှိ စွမ်းအင်များသည် လူသားဘိုးဘေ၏ ခန္ဓာကိုယ်ထဲတွင် စုဝေးနေသည်ဟု သူအာရုံခံမိသည်။
ထို့ကြောင့် သူသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သူ၏အဖေ ဒွန်ဟောင်တိယွမ်သည် မဟာအင်ပါယာခြောက်ပါး၏ စစ်ပွဲတွင် ထုတ်ဖော်ခြင်းနတ်ဝင်္ကပါကို ထုတ်သုံးခဲ့သည်။ ၎င်းသည် ကေင်းကင်ဒေသတစ်ခွင်လုံးကို လွှမ်းခြုံသွားခဲ့သည်။ ထိုစဉ်က သူ၏အဖေသည် ကောင်းကင်ဒေသနှင့် တစ်သားတည်းဖြစ်ကြောင်း ရီဖူရှင်း သိခဲ့၏။
သို့သော် လူသားဘိုးဘေးသည် တစ်နည်းနည်းဖြင့် နောက်တစ်ဆင့်သို့ ရောက်ကာ လောကဖြစ်လာခဲ့သည်။ တစ်နည်းဆိုရလျှင် သူသည် ဖျက်ဆီး၍ မရနိုင်ပေ။
အကန့်အသတ်မဲ့ကောင်းကင်၏ နေရာအနှံ့မှနေ၍ မဟာစွမ်းအားသည် လူသားဘိုးဘေးထံသို့ စီးဆင်းလာကြသည်။ တစ်ချိန်တည်းမှာပင် သူသည် မြင့်မားသော ကောင်းကင်ထက်တွင် ရှိနေသည့် သူ၏မျက်နှာမှ မျက်လုံးများကို ဖွင့်လိုက်ပြီး မြေပြင်ကို အထင်သေးစွာ ကြည့်သည်။ သူသည် ရီဖူရှင်းထံသို့ ရှိန်လောက်ဖွယ် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်သည်။
ဝှစ်...
သူသည် ပုံသဏ္ဌာန်နှင့် ဒြပ်ထည်မရှိသော ကောင်းကင်လမ်းစဉ်ဓားနှင့် ဆင်တူသည့် နတ်ဓားတစ်ချောင်းကို တွေ့လိုက်ရ၏။ မမြင်နိုင်သော စွမ်းအားတစ်ခုသည် သူ့ထံသို့ ဦးတည်လာနေ၏။ ရုတ်ခြည်းပင် ၎င်းစွမ်းအားသည် သူ၏စိတ်စက်ကွင်းအတွင်း ပြင်းထန်စွာ ထိုးဖောက်ဝင်ရောက်သွားသည်။
ရီဖူရှင်းသည် သူ၏ ဝိညာဉ်တိုက်ခိုက်ခံလိုက်ရသဖြင့် ညည်းတွားလိုက်သည်။ ကောင်းကင်လမ်းစဉ်ဓားသည် ဒြပ်ထည်မရှိသောစက်ကွင်းအတွင်း၌ သောင်းကျန်းနေပြီး သူ၏စိတ်ဝိညာဉ်ကို ဖျက်ဆီးနေသည်။
ဝုန်း...
အားကောင်းသော ဖိအားတစ်ခုသည် ရီဖူရှင်း၏ခန္ဓာကိုယ်ကို အောက်သို့ အနည်းငယ် နိမ့်ဆင်းသွားစေသည်။ ကောင်းကင်ထဲတွင် သူ့မျက်နှာပေါ်လာပြီး ဧရာမမျက်နှာကြီးကို စိုက်ကြည့်သည်။
သူ ခန့်မှန်းထားသကဲ့သို့ပင် လူသားဘိုးဘေးသည် လောကအဖြစ် ပြောင်းလဲနိုင်နေပေပြီ။ လူသားဘိုးဘေး အပြည့်အဝ ပြန်ကောင်းလာရန် အချိန်သိပ်လိုတော့မည် မဟုတ်ပေ။ ဤဘုံသည် လူသားဘိုးဘေး၏နယ်မြေဖြစ်လာပေပြီ။
“ရီဖူရှင်း... မင်းက အချိန်စီးဆင်းနှုန်းကို ပြောင်းလဲနိုင်ပေမယ့် မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ငါနဲ့ တိုက်ခိုက်နိုင်ဖို့ မလုံလောက်သေးဘူး။ မင်းသာ လက်အောက်ခံဖို့ ရွေးချယ်မယ်ဆို အသက်ရှင်ခွင့် ရမယ်”
လူသားဘိုးဘေး၏ အသံသည် လေထုထဲတွင် ပဲ့တင်ထပ်သွားသည်။ လူသားဘုံမှ ကျင့်ကြံသူအားလုံးသည် သူ့အသံကို ကြားနိုင်ပေသည်။ ကျယ်ပြောသော ကုန်းမြေတစ်ခွင်လုံးမှ လူများသည် အပြင်းအထန် တုန်လှုပ်သွားကြသည်။ ထို့ကြောင့် သူတို့သည် လူသားနတ်ဘုရားနန်းတော်တွင် ဖြစ်ပျက်နေသည်ကို မြင်လိုက်ကြရ၏။
သူတို့သည် အဘယ်ကြောင့် ထိုအဖြစ်အပျက်များကို မြင်နေရကြောင်း သူတို့ နားမလည်သော်လည်း မြင်နေရသည်မှာ အမှန်ပင် ဖြစ်သည်။ သို့ကြောင့် သူတို့၏ အုပ်စိုးသူ လူသားဘိုးဘေးသည် ဤလောကတွင် စစ်မှန်သော မဟာတန်ခိုးရှင်ဖြစ်ကြောင်း သူတို့ သိရှိသွားကြလေသည်။ ကောင်းကင်အင်ပါယာသည် သူတို့၏ဘုံသို့ ကျူးကျော်လာသော်လည်း သူသည် ဂျူနီယာတစ်ယောက်သာ ဖြစ်ပေသေးသည်။
လူသားဘိုးဘေးသည် ရှေးခေတ်ကတည်းက ရှိခဲ့သည့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။
ရီဖူရှင်းသည် လူသားဘိုးဘေးကို တစ်ချက်ကြည့်လိုက်ပြီး လူသားနတ်ဘုရားနန်းတော်မှ နတ်ဘုရားများဘက်သို့ အကြည့်လွှဲလိုက်သည်။ သူ သက်ပြင်းချလိုက်၏။
“ရှေးခေတ်က နတ်ဘုရားတွေကို နှုတ်ဆက်တယ်။ ရှေးခေတ်တုန်းက ခင်ဗျားတို့အားလုံးက ကောင်းကင်လမ်းစဉ်ကို ဆန့်ကျင်ခဲ့တာပဲ။ ဒါပေမဲ့ အခုတော့ ခင်ဗျားတို့ကို သိက္ခာအကျခံပြီး သူများရဲ့ လက်အောက်ငယ်သားတွေ လုပ်နေကြတယ်ပေါ့။ ရှေးခေတ်တုန်းက ခင်ဗျားတို့ထဲက တစ်ယောက်မှ လူသားဘိုးဘေးဆိုတဲ့ နာမည်ကို မကြားဖူးခဲ့ကြဘူးမလား”
နတ်ဘုရားများသည် ထိုစကားကို ကြားလိုက်သောအခါ မျက်မှောင်ကြုတ်သွားကြသည်။ သူတို့သည် ရီဖူရှင်းကို ငေးကြည့်နေပြီး ကျောရိုးတစ်လျှောက် စိမ့်သွားသည်။
အမှန်ပင် သူတို့ထဲက မည်သူမှ ကောင်းကင်လမ်းစဉ်နှင့် တိုက်ပွဲတွင် လူသားဘိုးဘေးကို မကြားဖူးခဲ့ကြပေ။
သို့သော် အချိန်များ ပြောင်းလဲသွားပေပြီ။ အခြေအနေများသည် ယခင်ကကဲ့သို့ မဟုတ်တော့ပေ။ ဤလောကထဲတွင် လူသားဘိုးဘေးသည် စွမ်းအားအကြီးဆုံးသူတစ်ယောက် ဖြစ်နေပေပြီ။
ထို့အပြင် သူသည် သူတို့ကို ပြန်ရှင်သန်လာနိုင်အောင် လုပ်ပေးခဲ့သူဖြစ်ပြီး သူတို့ကို အုပ်စိုးပေသည်။
အမှန်ဆိုရလျှင် နတ်ဘုရားများသည် ခံစားချက်များရှုပ်ထွေးနေသည်။ သူတို့အားလုံးသည် တစ်ချိန်က လောကအထွတ်အထိပ်တွင် ရပ်တည်နိုင်ခဲ့သည့် စွမ်းအားကြီးပုဂ္ဂိုလ်များဖြစ်ကြသည်။ ထိပ်တန်းမဟာအင်ပါယာများဆိုလျှင် ပို၍ပင် စွမ်းအားကြီးသေးသည်။ သူတို့ ထိပ်သီးများ ဖြစ်ခဲ့စဉ်က လူသားဘိုးဘေးသည် ပမွှားအဆင့်သာ ရှိခဲ့ပေလိမ့်ဦးမည်။
“ခင်ဗျားတို့အားလုံး အဆင်ပြေပါစေလို့ ကျုပ် မျှော်လင့်ပါတယ်”
ရီဖူရှင်း ပြောလိုက်၏။ ထို့နောက် သူ၏မျက်နှာသည် တဖြည်းဖြည်း ပျောက်ကွယ်လာပြီး မြင်ကွင်းမှ လုံးဝ ကွယ်ပျောက်သွားလေတော့သည်။ သို့သော် လူသားဘိုးဘေးသည် မလှုပ်ရှားခဲ့ပေ။ သူသည် ရီဖူရှင်းကို ဤနေရာတွင် ချုပ်နှောင်မထားနိုင်ကြောင်း ထင်ရှား၏။
လူသားဘိုးဘေးသည် ခေါင်းငုံ့၍ အောက်ဘက်မှ လူများကိုကြည့်ကာ ပြောလိုက်၏။
“နားထောင်ကြ... သူ့ရဲ့ မဟုတ်မမှန် စကားတွေနဲ့ အရူးလုပ်မခံကြနဲ့။ ကျုပ်က ကောင်းကင်စည်းမျဉ်းအသစ်တစ်ခု ဖော်ဆောင်ဖို့ ခင်ဗျားတို့အားလုံးနဲ့ အင်အားပူးပေါင်းထားတာပဲ။ ခင်ဗျားတို့က လောကအသစ်ကို ဖန်တီးတဲ့သူတွေ ဖြစ်လာမှာ”
လူသားဘိုးဘေးသည် ထိုသို့ပြောပြီးသွားသောအခါ လောကတစ်ခွင်လုံးကို သူ၏အတွေးများဖြင့် လွှမ်းခြုံလိုက်သည်။ ရုတ်ခြည်းပင် လူသားဘုံအတွင်းရှိ လူအားလုံးသည် မဟာနတ်ဘုရားတစ်ပါး၏ အရှိန်အဝါကို ခံစားလိုက်ရ၏။ သူတို့ မည်သည့်နေရာမှ ကြည့်နေသည်ဖြစ်စေ သူတို့အားလုံးသည် ကောင်းကင်ထဲရှိ လူသားဘိုးဘေး၏ မျက်နှာကို မြင်နိုင်လေသည်။
လူသားဘိုးဘေးသည် ကုန်းမြေပေါ်ရှိ သက်ရှိအားလုံးကို ကြည့်ကာ ပြောလိုက်၏။
“လူသားဘုံမှာ ကျင့်ကြံသူတွေ မရေမတွက်နိုင်အောင် ရှိတယ်။ သူတို့က ကျုပ်ကို လူသားဘိုးဘေးလို့ ခေါ်ကြတယ်။ ဒါပေမဲ့ ကျုပ်ကို ကောင်းကောင်းသိတဲ့သူတွေက လက်တစ်ဆုပ်စာလောက်ပဲ ရှိတယ်။ ရှေးက ကောင်းကင်လမ်းစဉ်ခေတ်တုန်းက ကျုပ်ကလည်း မင်းတို့အများစုလိုပဲ သေမျိုးလူသားတစ်ယောက် ဖြစ်ခဲ့တယ်။ နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေက လောကစည်းမျဉ်းကို အုပ်စိုးပြီး ကျုပ်တို့လူသားတွေကို အထင်တသေး ကြည့်ခဲ့ကြတယ်။ ကောင်းကင်စည်းမျဉ်းကို ထိန်းချုပ်တဲ့ နတ်ဘုရားတွေရဲ့ မျက်လုံးထဲမှာ သေမျိုးတွေက အဆင့်နိမ့်တဲ့ သက်ရှိတွေပဲ။ ကျုပ်တို့ ကျင့်ကြံခြင်းအဆင့်မြင့်လာရင်တောင် ကျုပ်တို့က သူတို့ထက် နိမ့်ကျနေဦးမှာပဲ...”
“ဒါပေမဲ့ မဟာလမ်းစဉ်ပေါ်မှာ ဉာဏ်အလင်းပွင့်ပြီး နတ်ဘုရားတစ်ပါးဖြစ်လာဖို့ ရည်မှန်းချက်ထားတဲ့ ရည်မှန်းချက်ကြီးတဲ့သူတွေ အများကြီးရှိခဲ့တယ်။ ဒါပေမဲ့ နတ်ဘုရားခေတ်ကတည်းက လူသားတွေက ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးနိုင်တယ်လို့ ကျုပ် အမြဲယုံကြည်ခဲ့တယ်။ ဒီလောကထဲက ကျင့်ကြံသူတိုင်းက အရေးပါတဲ့သူတွေပဲ။ ကျုပ်တို့က သေမျိုး အသွေးအသားခန္ဓာကိုယ်တွေနဲ့ နတ်ဘုရားတွေကို ယှဉ်နိုင်တယ်...”
“ကောင်းကင်လမ်းစဉ်တိုက်ပွဲ ပြီးဆုံးသွားတော့ ကောင်းကင်လမ်းစဉ် ပြိုပျက်သွားခဲ့တယ်။ အဲဒီဖြစ်စဉ်အတွင်းမှာ နတ်ဘုရားတွေအများကြီး သေသွားခဲ့တယ်။ ဒါပေမဲ့ ကျုပ်က ဒုက္ခအခက်အခဲတွေကို ဖြတ်ကျော်ပြီး ရှင်သန်နိုင်ခဲ့တယ်။ အဲဒီကတည်းကနေပြီး ကျုပ်က အတိတ်ကလို စည်ပင်ဝပြောပြီး ဂုဏ်ရှိန်ကြီးတဲ့ ခေတ်ကို ပြန်ရောက်အောင်လုပ်ဖို့ ရည်မှန်းချက်ထားခဲ့တယ်။ ဒါပေမဲ့ ဒီခေတ်က နတ်ဘုရားခေတ် မဟုတ်တော့ဘူး.. မင်းတို့ရဲ့ ခေတ်ဖြစ်နေပြီ။ မင်းတို့ထဲက လူတိုင်း နတ်ဘုရားဖြစ်အောင် ကျင့်ကြံနိုင်တယ်။ အဲဒါကလည်း ဒီနှစ်တွေအတွင်းမှာ ငါကြိုးစားခဲ့တဲ့ အရာတစ်ခုပဲ။ လူသားဘုံ တိုးတက်လာရမယ်...”
“ဘာပဲဖြစ်ဖြစ်... ရှေးရိုးစွဲကောင်တွေက မကျေမနပ်ဖြစ်လာကြတယ်။ ကောင်းကင်အင်ပါယာအသစ် ထွက်ပေါ်လာကတည်းက သူက ကောင်းကင်ဘုံကို အုပ်စိုးပြီး ကောင်းကင်စည်းမျဉ်းဟောင်းကို ပြန်ဖော်ထုတ်ချင်နေတာ။ နတ်ဘုရားတွေပဲ လောကကြီးကို အုပ်စိုးနိုင်တဲ့ခေတ်က မကောင်းဘူး။ ကျုပ်က နတ်ဘုရားခေတ်ရဲ့ ဂုဏ်ရှိန်ပြောင်တဲ့နေ့ရက်တွေကို ပြန်ရချင်ပေမယ့် ကောင်းကင်စည်းမျဉ်အသစ်နဲ့ ခေတ်သစ်လည်းစချင်တယ်။ ဒါပေမဲ့ ကောင်းကင်အင်ပါယာဟောင်းနဲ့ သူ့ရဲ့ မျိုးဆက်တွေက ကျုပ်တို့ရဲ့ အစီအစဉ်ကြီးကို မပြတ်နှောင့်ယှက်နေတယ်။ အခုနောက်ဆုံးမျိုးဆက် ရီဖူရှင်းအထိ နှောင့်ယှက်နေတုန်းပဲ။ သူကလည်း သူ့ရှေ့ကလူတွေက အတူတူပဲ...”
“လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ကျုပ်က ကျုပ်တို့ရဲ့တပ်ဖွဲ့တွေကို ဦးဆောင်ပြီး ကောင်းကင်ဘုံနဲ့ ကောင်းကင်ဒေသကို ကျူးကျော်ခဲ့တယ်။ အဲဒါက သမာဓိဓားနဲ့ ဘုံခုနစ်ခုကို ညီညွတ်စေဖို့ပဲ။ အဲဒီအခါကျရင် လောကထဲမှာ ဘာစစ်ပွဲမှ ရှိမှာ မဟုတ်တော့ဘူး။ လူတိုင်းလည်း ဉာဏ်အလင်းပွင့်ပြီး မဟာအင်ပါယာတွေ ဖြစ်လာနိုင်မယ်။ အဲဒီလောက,က သေမျိုးတွေ နတ်ဘုရားအဖြစ် တက်လှမ်းနိုင်ပြီး လောကကြီးရဲ့ ဆရာသခင်တွေ ဖြစ်လာနိုင်မယ့် လောကပဲ။ လူတိုင်းက တန်းတူညီတူ ဖြစ်လာမယ်... ပြီးပြည့်စုံတဲ့စည်းမျဉ်း၊ သာတူညီမျှမှုနဲ့ အကြွင်းမဲ့တရားမျှတမှုတွေရှိမယ့် လောကတစ်ခုဖြစ်လာလိမ့်မယ်...”
“ဒါပေမဲ့ ကောင်းကင်ဘုံနဲ့ ကောင်းကင်ဒေသကို ကျူးကျော်ခဲ့တဲ့ ကျုပ်တို့ရဲ့ တပ်တွေက အဲဒီမှာ အသက်ဆုံးရှုံးခဲ့ရတယ်။ လူသားဘုံရဲ့ ထိပ်တန်းကလန်ဖြစ်တဲ့ ရှေးရိုးအဖွဲ့လည်း ပျက်စီးသွားခဲ့တယ်.. အဖွဲ့ကလူတွေလည်း သေဆုံးသွားတယ်။ မင်းတို့ အစောက မြင်လိုက်သလိုပဲ ရီဖူရှင်းက လူသားနတ်ဘုရားနန်းတော်ကို ကျူးကျော်လာပြီး နန်းတော်က ကျင့်ကြံသူအားလုံးကို သတ်ပစ်ဖို့ ကြိုးစားခဲ့တယ်။ ရီဖူရှင်း၊ အရှင်ဒွန်ဟောင်နဲ့ အကြွင်းမဲ့ဗုဒ္ဓတို့က သူတို့သွားရာနေရာတိုင်းကို လိုက်နိုင်မယ့် နတ်ဘုရားစစ်တပ်တစ်တပ်ကို ဖန်တီးခဲ့တယ်။ သူတို့က ရှေးရိုးစွဲတွေရဲ့ ကိုယ်စားပြုတွေပဲ... သူတို့တွေက သူတို့ရဲ့ ကိုယ်ကျိုးအတွက်ပဲ အရေးစိုက်ပြီး သူတို့ရဲ့ ကိုယ်ကျိုးကို ဆန့်ကျင်တဲ့ ဘယ်အရာမဆို၊ ဘယ်သူ့ကိုမဆို ဖျက်ဆီးပစ်မှာပဲ။ အဲဒါကြောင့် ကျုပ်က မင်းတို့ကို ဦးဆောင်ပြီး ပြန်ခုခံတိုက်ခိုက်ရမှာပဲ။ ကျုပ်လက်ထဲမှာ သမာဓိဓားကို ကိုင်ဆွဲပြီးတော့ ဘုံခုနစ်ခုကို သိမ်းပိုက်မယ်။ အခု ဘယ်သူတွေ ကျုပ်နဲ့အတူ လောကအသစ်တစ်ခုကို ဖန်တီးပြီး ကောင်းကင်စည်းမျဉ်းအသစ်တစ်ခုကို ဖော်ဆောင်ချင်လဲ”
လူသားဘိုးဘေး၏အသံသည် အရှိန်အဝါအပြည့်ဖြင့်ပင်။ ထိုအချိန်တွင် လူသားဘုံတစ်ခွင်လုံးမှ လူအားလုံးသည် သူ၏စကားများကြောင့် အလွန် စိတ်အားတက်ကြွနေကြသည်။ လူသားဘိုးဘေး၏အသံသည် ကောင်းကင်တွင် ပဲ့တင်ထပ်နေသည်။ လူသားဘုံမှ ကျင့်ကြံသူအားလုံးသည် ကောင်းကင်ဘုံသို့ ချီတက်ကာ ကောင်းကင်အင်ပါယာရီဖူရှင်းကို သတ်လိုစိတ်များ ရုတ်တရက် ကြွတက်လာကြလေသည်။