← Chapters

လူသားဘုံ

Vol. 205 Ch. 2929

လူသားဘုံ

Vol. 205 Ch. 2929

“ခင်ဗျား ဘာကိစ္စရှိလို့လဲ”

နတ်ဆိုးအင်ပါယာသည် အာကာသတံခါးကိုကြည့်၍ ပြောလိုက်၏။

“ကျုပ်က ဘုံခုနစ်ခုရဲ့ စည်းမျဉ်းကို ပြန်ပြင်ပြီး နတ်ဘုရားခေတ်ကို ပြန်အသက်သွင်းချင်တာ။ နတ်ဆိုးလောက,က ကျုပ်နဲ့ ပူးပေါင်းချင်ပါသလား”

လူသားဘိုးဘေး မေးလိုက်၏။ သူ့အသံသည် အာကာပြင်ထဲတွင် ပဲ့တင်ထပ်သွားသည်။ နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် အာကာသတံခါးတစ်ဘက်တွင် ပေါ်လာသော မျက်နှာကို ငေးကြည့်လိုက်ကြ၏။ သူတို့၏အကြည့်များထဲတွင် ရေခဲတမျှ အေးစက်သော နတ်ဆိုးအရိပ်အယောင်များနှင့် ပြည့်နှက်နေသည်။

လူသားဘိုးဘေးသည် သူ၏ရည်မှန်းချက်ကို မဖုံးကွယ်ခဲ့ပေ။ သူသည် ဘုံခုနစ်ခု၏ စည်းမျဉ်းကို ပြန်ပြင်ဆင်၍ နတ်ဘုရားခေတ်ကို ပြန်အသက်သွင်းလိုနေသည်။ သို့သော် ထိုခေတ်ကို သူထိန်းချုပ်မည်ဖြစ်သည်။ ယခုတွင်ပင် သူ့အမိန့်အောက်၌ နတ်ဘုရားများစွာ ရှိနေပြီဖြစ်သည်။

“ကျုပ် စိတ်မဝင်စားဘူး”

နတ်ဆိုးအင်ပါယာက လူသားဘိုးဘေး၏မျက်နှာကို ကြည့်၍ ပြောလိုက်၏။

အေးစက်စက် နှာမှုတ်သံကို ကြားလိုက်ရ၏။ အာကာသတံခါးမှနေ၍ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ကျဆင်းလာပြီး ကြောက်မက်ဖွယ် အဖျက်အလင်းတန်းများ ဖြာထွက်လာသည်။ ၎င်းတို့သည် ရင်းမြစ်နတ်လျှပ်စီးများအဖြစ် ပြောင်းလဲသွားကာ နတ်ဆိုးချောက်ကမ်းပါးတွင် ပြည့်နှက်သွားသည်။ နတ်ဆိုးချောက်ကမ်းပါးသည် အချိန်တစ်ခဏ အပြင်းအထန် တုန်ခါသွားသည်။ မရေမတွက်နိုင်သော ကပ်ဘေးအလင်းများ ကျဆင်းလာပြီး နတ်ဆိုးလောကမှ ကျင့်ကြံသူများကို အံ့အားသင့်သွားစေ၏။ သူတို့သည် တုန်ခါနေသော နတ်ဆိုးချောက်ကမ်းပါးကို မော့ကြည့်လိုက်ကြသည်။

နတ်ဆိုးလောကမှ ကျင့်ကြံသူများအတွက် နတ်ဆိုးချောက်ကမ်းပါးသည် မြင့်မြတ်သောနေရာတစ်ခုလည်း ဖြစ်သလို၊ အဖျက်စွမ်းအား၏ အရင်းအမြစ်တစ်ခုလည်းဖြစ်သည်။

သူတို့သည် နတ်ဆိုးချောက်ကမ်းပါးအောက်တွင် ရုန်းကန်ခဲ့ရသဖြင့် နတ်ဆိုးလောက၏ သမိုင်းကြောင်းမှာ သွေးနှင့် မျက်ရည်များ ပြည့်နေသော သမိုင်းတစ်ခုပင်။

နတ်ဆိုးအင်ပါယာသည် လူသားဘိုးဘေး၏ မျက်နှာကို စိုက်ကြည့်လိုက်ပြီး သူ၏ မျက်ဝန်းများမှနေ၍ ကြောက်မက်ဖွယ် အနက်ရောင် နတ်ဆိုးအလင်း ပျံထွက်သွားသည်။ လူသားဘိုးဘေးက ဆက်ပြောလိုက်၏။

“ခင်ဗျားက နတ်ဆိုးချောက်ကမ်းပါးရဲ့ စွမ်းအားကို ယူသုံးနိုင်တာ ကျုပ်သိတယ်။ ဒါပေမဲ့ ကျုပ်ကလည်း အဲဒီနတ်ဆိုးချောက်ကမ်းပါးကို ဗြောင်းဆန်လာအောင် လုပ်နိုင်တယ်ဆိုတာ မမေ့နဲ့”

နတ်ဆိုးအင်ပါယာသည် လူသားဘိုးဘေး၏ စကားကို ကြားလိုက်သောအခါ နှုတ်ဆိတ်သွားသည်။ သူ၏မျက်ဝန်းများမှနေ၍ ကပ်ဘေးအဖျက်အလင်းများ ထွက်ပေါ်လာ၏။ လူသားဘိုးဘေးသည် သူ၏အာနည်းချက်ကို ထိုးနှက်ခဲ့ပေပြီ။

အကယ်၍ နတ်ဆိုးချောက်ကမ်းပါးသာ ဗြောင်းဆန်လာလျှင် နတ်ဆိုးလောကအတွက် ဘေးအန္တရာယ်ကြီးပေသည်။

နတ်ဆိုးအင်ပါယာသည် နတ်ဆိုးချောက်ကမ်းပါးကို နှစ်ပေါင်းများစွာ ထိန်းထားခဲ့ရပြီး ၎င်း၏စွမ်းအားကို တောင့်ခံခဲ့ရသည်။ ထို့ကြောင့် နတ်ဆိုးချောက်ကမ်းပါးသည် ဗြောင်းဆန်မလာခြင်းဖြစ်သည်။

“ဒါက ခင်ဗျားရဲ့ တရားမျှတမှုဆိုတာလား”

နတ်ဆိုးအင်ပါယာသည် ရေခဲတမျှအေးစက်သောအသံဖြင့် မေးလိုက်သည်။

လူသားဘိုးဘေး၏ တရားမျှတမှုဆိုသည်မှာ နတ်ဆိုးလောကကို ဖျက်ဆီးပစ်ရန်လော။

“နတ်ဆိုးလောကရဲ့ မူလဇစ်မြစ်ကို မမေ့နဲ့။ နတ်ဆိုးချောက်ကမ်းပါးရဲ့ နယ်မြေတွေက အစတုန်းက အကျဉ်းထောင်တစ်ခုပဲ”

လူသားဘိုးဘေးက အရေးမစိုက်ဟန်ဖြင့် ပြောလိုက်၏။

“အခု နတ်ဆိုးလောက,က ကိုယ့်ရဲ့ နာမည်ပျက်ကို ရှင်းလင်းဖို့ အချိန်တန်ပြီ။ လောကစည်းမျဉ်းကို ပြန်ပြင်မှ နတ်ဆိုးလောက,က ပြောင်းလဲနိုင်မှာ”

လူသားဘိုးဘေးသည် သူတို့ကို လှောင်နေကြောင်း ထင်ရှား၏။ ရှေးခေတ်က နတ်ဆိုးလောကသည် အကျဉ်းထောင်တစ်ခု ဖြစ်ခဲ့သည်။ နတ်ဆိုးလောကမှ ကျင့်ကြံသူများမှာ အကျဉ်းသားများသာဖြစ်သည်။

သူတို့၏ အကျဉ်းသားဟူသော အဆင့်အတန်းကို ပယ်ရှားနိုင်မည့် တစ်ခုတည်းသောနည်းမှာ လောကစည်းမျဉ်းကို ပြန်ပြင်ခြင်းဖြစ်သည်။ ထို့ကြောင့် လူသားဘိုးဘေးသည် သူတို့ကို စစ်ပွဲတွင်ပါရန် ဖိတ်ခေါ်ခဲ့ခြင်းပင်။

နတ်ဆိုးလောကမှ ကျင့်ကြံသူများသည် ထိုအရာမှာ သူတို့ကို အရှက်ရစေသည့်အရာဖြစ်သည်ဟု အမြဲတွေးခဲ့သည်။ ယခုတွင် လူသားဘိုးဘေးသည် ထိုအကြောင်းကို ထုတ်ပြောနေပေပြီ။ နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် ဒေါသထွက်သွားကြသည်။ သူတို့၏ခန္ဓာကိုယ်များမှနေ၍ နတ်ဆိုးဝိညာဉ်စွမ်းအားများ မြည်ဟိန်းထွက်ပေါ်လာ၏။ သူတို့သည် တိုက်ခိုက်ရန် အဆင့်သင့်ဖြစ်နေပေပြီ။

သို့သော် နတ်ဆိုးအင်ပါယာသည် ထူးခြားစွာ တည်ငြိမ်နေသည်။ လူသားဘိုးဘေးသည် သူ၏အားနည်းချက်ကို ရှာတွေ့ခဲ့ပြီး သူ့ကို အညံ့ခံစေလိုနေသည်။ သူသည် လူသားဘိုးဘေး၏ လွန်လွန်းသော စိတ်ကြီးဝင်မှုကို တွေ့ခဲ့ရသည်။ ရှေးခေတ်ကတည်းက ရှင်သန်ခဲ့သော ထိုသူသည် သူ၏ စိတ်ဓာတ်အစစ်အမှန်ကို ထုတ်ပြလိုက်ပေပြီ။

မည်သို့ပင်ဖြစ်စေ နတ်ဆိုးအင်ပါယာသည် တိတ်တဆိတ်သာ ဆက်ရှိနေသည်။ လူသားဘိုးဘေးက ဆက်ပြောလိုက်၏။

“နတ်ဆိုးအင်ပါယာ... လူသားဘုံ၊ ဗလာနတ္တိဘုံနဲ့ မှော်နက်လောကတွေက ကျူးကျော်ဖို့ သူတို့ရဲ့ စစ်တပ်တွေကို ပြင်ဆင်နေပြီ။ နတ်ဆိုးလောကရဲ့ စစ်တပ်တွေကိုလည်း စုစည်းပြီး ချက်ချင်း စစ်ပွဲမှာ ဝင်ပါ,ပါ။ ကျုပ်တို့ ကောင်းကင်ဘုံနဲ့ ကောင်းကင်ဒေသကို သိမ်းပိုက်ပြီး ဘုံခုနစ်ခုလုံးကို စည်းလုံးအောင်လုပ်မယ်”

လူသားဘိုးဘေးသည် ထိုသို့ပြောပြီးနောက် သူ့မျက်နှာကြီးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ သို့သော် သူပြောနေသည့် အသံကို ကြားနေရဆဲပင်။

“ခင်ဗျား မလိုက်နာရင်တော့ နတ်ဆိုးလောက,က နတ်ဆိုးချောက်ကမ်းပါးရဲ့ ‘ကောင်းချီး’ကို ရလိမ့်မယ်”

ထိုအသံသည် ကောင်းကင်တစ်ခွင်တွင် ပဲ့တင်ထပ်နေသည်။ နတ်ဆိုးအင်ပါယာမှ ကျင့်ကြံသူများ မျက်စိမျက်နှာ ပျက်သွားကြသည်။ လူသားဘိုးဘေးသည် သူတို့ကို တိုက်ရိုက် ခြိမ်းခြောက်နေသည်။

“အရှင်အင်ပါယာ”

နတ်ဆိုးအင်ပါယာနန်း‌တော်မှ ကျင့်ကြံသူများသည် မြင့်မားသောကောင်းကင်ထက်တွင် ရှိသည့် နတ်ဆိုးအင်ပါယာကို မော့ကြည့်ကာ ခေါ်လိုက်ကြသည်။

သူသည် ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေပေသေးသည်။ သူသည် အရပ်မြင့်မားကာ ခံ့ညားပေသည်။ သို့သော် သူ့ထံမှ ညှိုးငယ်သော အငွေ့အသက်ကို ရနေသည်။

သူသည် နတ်ဆိုးလောက၏ ဩဇာအာဏာကြီးသော အုပ်စိုးသူ နတ်ဆိုးအင်ပါယာဖြစ်သည်။ သူ့ဘဝတစ်လျှောက်တွင် မည်သူမှ သူ့ကို မခြိမ်းခြောက်ခဲ့ဖူးပေ။ သို့သော် ယခုတွင် လူသားဘိုးဘေးသည် သူ့ကို နတ်ဆိုးလောကမှ လူအားလုံး၏ အသက်ဖြင့် ခြိမ်းခြောက်နေသည်။ သူ့ကို စစ်ပွဲတွင် ဝင်ပါရန် ဖိအားပေးနေသည်။

နတ်ဆိုးအင်ပါယာသည် မပိတ်သေးသည့် အာကာသလမ်းကြောင်းကို ကြည့်သည်။ ထို့နောက် သူ အမိန့်ပေးလိုက်၏။

“နတ်ဆိုးလောက,က ကျင့်ကြံသူတွေကို ဆင့်ခေါ်လိုက်။ စစ်ပွဲအတွက် ပြင်ဆင်ကြ”

ထိုအခိုက်တွင် နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူအားလုံး တိတ်ဆိတ်သွားသည်။ နတ်ဆိုးအင်ပါယာသည် အလျှော့ပေးလိုက်ပြီဖြစ်ကြောင်း သူတို့ သိလေသည်။

ယခင်တစ်ခေါက် လူသားဘိုးဘေး ရောက်လာကတည်းက နတ်ဆိုးအင်ပါယာသည် စစ်ပွဲတစ်ပွဲကို တိုက်ခိုက်ရန်အတွက် ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။ သူတို့ စစ်ပွဲကို သွားမည်ဆိုလျှင်ပင် ခြိမ်းခြောက်ခံရ၍ မဟုတ်ဘဲ ကိုယ့်သဘောနှင့်ကိုယ် သွားခြင်းသာဖြစ်ရမည်။ ယင်းမှာ သူတို့၏ ရပ်တည်ချက်ဖြစ်ခဲ့သည်။

သို့သော် ဤတစ်ခေါက်တွင် နတ်ဆိုးအင်ပါယာသည် အညံ့ခံခဲ့ပေပြီ။

ထိုသို့ အညံ့ခံခဲ့ခြင်းမှာ သူ့အတွက်မဟုတ်ပေ။ နတ်ဆိုးလောကအတွက်သာ ဖြစ်သည်။

နတ်ဆိုးအင်ပါယာသည် အမိန့်ပေးပြီးနောက် ပျောက်ကွယ်သွား၏။ သူသည် နတ်ဆိုးချောက်ကမ်းပါးသို့သွား၍ ယူချင်းကို ကြည့်သည်။

ယခုတွင် နတ်ဆိုးလောကတစ်ခုလုံးသည် ဓားစာခံဖြစ်နေပေပြီ။ ယူချင်းက နတ်ဆိုးချောက်ကမ်းပါး၏ စွမ်းအားကို ထိန်းချုပ်နိုင်မှသာ သူတို့ ဓားစာခံအဖြစ်က လွတ်ပေလိမ့်မည်။

ကြည့်ရသည်မှာ ရီဖူရှင်းသည် ရတနာများပို့ပေးခဲ့စဉ်က ယူချင်းတစ်ယောက် ကြီးမားသော ဘေးအန္တရာယ်နှင့် ကြုံရမည်ကို အမှန်ပင် ကြိုသိခဲ့သည့်ပုံပင်။

****

လူသားဘုံ၊ နတ်ဆိုးလောက၊ ဗလာနတ္တိဘုံနှင့် မှောက်နက်လောကတို့မှ ကျင့်ကြံသူများပါဝင်သော ကြောက်မက်ဖွယ် ကျင့်ကြံသူစစ်တပ်ကြီးသည် စုဝေးနေကြသည်။

အထူးသဖြင့် ယခင်က ရီဖူရှင်းဦးဆောင်သော တပ်ဖွဲ့ခြောက်ဖွဲ့၏ တိုက်ထုတ်မှုကို ခံခဲ့ရသော အင်အားစုများသည် ဖြစ်လာတော့မည့် စစ်ပွဲအတွက် စိတ်တက်ကြွနေကြသည်။ ယခုတွင် သူတို့သည် ဘုံလေးခု၏ အင်အားဖြင့် ထပ်တိုက်ခိုက်နိုင်ရန် အခွင့်အရေးတစ်ခု ရခဲ့ပေပြီ။ သူတို့သည် တကွဲတပြား အင်အားစုများ မဟုတ်တော့ပေ။ သူတို့သည် အတူစုဝေးကာ ကောင်းကင်ဘုံနှင့် ကောင်းကင်ဒေသကို တိုက်ခိုက်ရန် ပြင်ဆင်နေကြပေပြီ။

ဤတစ်ကြိမ်တွင် သူတို့၏ စစ်တပ်များသည် လူသားဘုံနှင့် ကောင်းကင်ဒေသကို အရင်ဆုံးကျူးကျော်မည်ဖြစ်ပြီး ထို့နောက်မှ အနောက်ဘက်ကောင်းကင်ကို တစ်ခါတည်း အလုံးအရင်းဖြင့် ကျူးကျော်မည်ဖြစ်သည်။

လူသားဘုံထဲရှိ ကုန်းမြေများ၏ မရေမတွက်နိုင်သော မြို့များမှနေ၍ ကျင့်ကြံသူအများအပြားသည် ကောင်းကင်ကို ဖြတ်ကာ လူသားနတ်ဘုရားနန်းတော် တည်ရှိရာသို့ သွားနေကြသည်။

လူသားဘုံ၏ ကုန်းမြေများအထက်တွင် ကျင့်ကြံသူအုပ်စုကြီးများသည် ပျံသန်းနေရင်း ဆွေးနွေးနေကြသည်။

ထိုစဉ်တွင် ကုန်းမြေတစ်ခုအထက်၌...

ကျင့်ကြံသူတစ်ယောက်က မေးလိုက်၏။

“အစ်ကိုဝမ်... အစ်ကိုလည်း လူသားနတ်ဘုရားနန်းတော်ကို သွားနေတာလား”

အခြားကျင့်ကြံသူက ပြန်ဖြေလိုက်သည်။

“ငါက ဒီလိုကိစ္စကြီးတစ်ခုကို ဘယ်လိုလုပ် အလွတ်ခံနိုင်မှာလဲ။ ဒါက တစ်သက်မှာ တစ်ခါပဲ ကြုံရမယ့် ကိစ္စတစ်ခု ဖြစ်နိုင်တယ်”

“ဟုတ်တယ်.. ဒီလိုအခွင့်အရေးက နှစ်ရာနဲ့ချီမှ တစ်ကြိမ် ထွက်ပေါ်လာတာပဲ။ ဒီကိစ္စမှာ ကိုယ်တိုင်ဝင်ပါနိုင်တာ တကယ့်ကို ဂုဏ်ယူစရာပဲ”

“အားလုံးပဲ ဂရုစိုက်ကြပါ”

အောက်ဘက်မှ တစ်စုံတစ်ယောက်က အော်ပြောလိုက်ပြီး လက်ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်သည်။

“စိတ်မပူပါနဲ့ ရောင်းရင်း.. ကျုပ်တို့ ပြန်လာတဲ့အခါကျ ဘုံခုနစ်ခုလုံး စည်းလုံးနေမှာပါ။ ကျုပ်တို့အားလုံးက လောကစည်းမျဉ်းအသစ်ရဲ့ ရှေ့ဆောင်လမ်းပြတွေ ဖြစ်လာမှာ”

ကောင်းကင်ထဲမှ ကျင့်ကြံသူတစ်ဦးက ကျယ်လောင်စွာ ပြောလိုက်၏။

“နှုတ်ဆက်ပါတယ်”

သူ ထိုသို့ပြောလိုက်သောအခါ သူ့ခြေထောက်အောက်မှ ဓားသည် ကောင်းကင်ကို ဖြတ်သန်းသွားသည်။ ထို့နောက် သူသည် ရုတ်ခြည်းအတွင်း ခြေရာလက်ရာတစ်ခုမှ မကျန်ခဲ့ဘဲ ပျောက်ကွယ်သွားသည်။

လူသားဘုံတစ်ခွင်လုံးတွင် ထိုကဲ့သို့ မြင်ကွင်းများ ဖြစ်ပေါ်နေသည်။ သူတို့အားလုံးသည် လူသားဘိုးဘေး ကိုယ်စား ‘တရားမျှတမှု’အတွက် တိုက်ခိုက်ကြမည်ဖြစ်သည်။ သူတို့သည် ဘုံခုနစ်ခုကို စုစည်းရန်နှင့် လောကစည်းမျဉ်းကို ထိန်းချုပ်ရန် စစ်တိုက်တော့မည်ဖြစ်သည်။

လူသားဘိုးဘေး၏ အာကာသတံခါးသည် လူသားနတ်ဘုရားနန်းတော်အပြင်ဘက်တွင် တည်ရှိသည်။ ထိုနေရာတွင် ကျင့်ကြံသူများ မရေမတွက်နိုင်အောင် စုဝေးနေကြသည်။ သူတို့သည် မျက်နှာထားတည်တည်ဖြင့် နန်းတော်ကို ကြည့်လိုက်ကြ၏။ လူများစွာသည် ဦးညွှတ်ကာ အရိုအသေပေးလိုက်ကြသည်။

ယင်းမှာ လူသားဘိုးဘေး၏ ကျင့်ကြံခြင်းနန်းတော်ဖြစ်သည်။ သူသည် လူသားဘုံ၏ နတ်ဘုရားဖြစ်ပြီး သူတို့၏ယုံကြည်မှု ဖြစ်လေသည်။

All Chapters