← Chapters

ပန်းများသည် တစ်ခါတစ်ရံမှသာပွင့်တတ်ပြီး

Vol. 50 Ch. 702

ပန်းများသည် တစ်ခါတစ်ရံမှသာပွင့်တတ်ပြီး

Vol. 50 Ch. 702

အခန်း (၇၀၂) ပန်းများသည် တစ်ခါတစ်ရံမှသာပွင့်တတ်ပြီး

ရန်ကျောက်ကဲလက်ထဲတွင် အဖြူရောင်တစ်ဝက် အနက်ရောင်တစ်ဝက်ရှိ‌သော သတ္တုအပိုင်းအစငယ်တစ်ခု ပေါ်လာသည်။

ဤပစ္စည်းလေးက ဒဏ္ဍာရီထဲမှ ယိုးမင်ဂမ္ဘီရဂိုဏ်း၏ အမွေအနှစ်ပစ္စည်းဖြစ်ကြောင်း အဘိုးအို’မော့’ က ပြောပြခဲ့သည်။

နေမရှိလရိပ်ထုံးတမ်းပွဲတော်တွင် ထိုပစ္စည်းလေးက နေနှင့်လစွမ်းအား ပြောင်းပြန်လှည့်ပတ်သွားစေရန် ရန်ကျောက်ကဲတို့အုပ်စုကို ကူညီပေးခဲ့သည်။

ထိုအချက်ကို ရန်ကျောက်ကဲစိတ်ထဲ နဂိုကပင် သံသယရှိနေခဲ့၏။

ထို့နောက် ဖန်းယွင်ရှန်းနှင့် အားဟူတို့၏ ပြောပြချက်များကို နားထောင်ပြီး နောက်တစ်ကြိမ် ထပ်မံခွဲခြမ်းစိတ်ဖြာကြည့်ကာ စမ်းသပ်ခဲ့သည်။ ထိုအခါ သူကိုယ်တိုင် နေမရှိလရိပ်စွမ်းအားများကို သန့်စင်နိုင်ခဲ့သည်။

ထို့နောက် သူ့စိတ်ထဲ အတွေးပေါင်းများစွာ ဝင်ရောက်လာသည်။

ရန်ကျောက်ကဲ မော်လူဒေသ ၊ မြောက်ပင်လယ်ခန်းမတွင်ရှိနေစဉ် အပြင်လောကမှသတင်းများကိုလည်း တဖြည်းဖြည်းကြားသိလာရသည်။

တာ့ရွှမ်တိုင်းပြည်က အမှန်တကယ်ပင် စစ်အင်အားခွဲပြီး တာ့ရွှမ်တော်လှန်ရေးတပ်များ မော်လူဒေသသို့ ပြန်လည်ဆုတ်ခွာမည့်လမ်းကြောင်းကို တိုက်ခိုက်ရန် သီးခြားတပ်ဖွဲ့တစ်ခု စေလွှတ်ခဲ့သည်။ သို့သော် တာ့ရွှမ်ပင်မအင်အားစုက ဆုတ်ခွာသွားချိန်တွင် တပ်ခွဲသို့လည်း အစီအစဉ်အပြောင်းအလဲကို ဆက်သွယ် အကြောင်းကြားခဲ့သည်။

သို့သော်  အချိန်နှင့် ပထဝီအနေအထားကြောင့် တပ်ခွဲ၏လှုပ်ရှားမှုက တာ့ရွှမ်တိုင်းပြည် ပင်မအင်အားစုထက် အနည်းငယ် နှေးကွေးသွားခဲ့သည်။  ရန်ကျောက်ကဲကလည်း အချိန်မီ သတင်းပေးပို့ခဲ့သဖြင့် ကုဟုန် ၊ ကျိုးဟောက်ရှန်းနှင့် အခြားသူများ ထိုတပ်ခွဲအင်အားစုကို အောင်မြင်စွာ အမီလိုက်နိုင်ခဲ့သည်။

“အဲဒီလူက ကုကျန်းလို့ခေါ်တယ် ၊ ကျွန်မဆိုရင် သူ့ကို အရင်က တစ်ခါမှ မတွေ့ဖူးဘူး ၊ ရှန်လင်ဓား (၁၀)လက်က ထိပ်တန်း (၃)ယောက်မှာ တစ်ယောက်အပါအဝင်ပဲ ၊ ပြီးတော့ သူ့မှာ တိမ်လွှာအလင်းဓားလည်း ပိုင်ဆိုင်ထားတယ်လေ”

ထိုစကားကိုဆိုလာသူက ယွဲ့ပေါင်ချီ ဖြစ်သည်။

သူမက ရန်ကျောက်ကဲကို ချီးကျူးလေးစားဟန်ဖြင့်...

“ရှင်သာ အရှေ့တောင်ထိပ်တန်းမျိုးနွယ်တွေဆီ သတင်းမပို့ခဲ့ရင်... ‘ရန်’ သခင်လေးရေ... ကျွန်မတို့ တာ့ရွှမ်တော်လှန်ရေးအင်အားစုတွေတော့ အကြီးအကျယ် ဒုက္ခရောက်မှာပဲ”

ယခင်က ရှန်လင်ကျီအဆက်အနွယ် (၉)ယောက်ရှိသဖြင့် “ရှန်လင်ဓားကိုးလက်” ဟု ခေါ်ခဲ့ကြသည်။

သို့သော် ရန်ကျောက်ကဲ၏စကားများအရ ခန်းဖင်းတစ်ယောက် ကျန်ရှိနေလေရာ သူတို့တွေးထင်ထားသလို ရှန်လင်ကျီ အဆက်အနွယ် (၉)ယောက်မကကြောင်း သိရှိခဲ့ရသည်။ ခန်းဖင်းက ရှန်လင်ကျီအဆက်အနွယ်တွင် နံပါတ် (၁) တန်ခိုးစွမ်းအားရှင်လည်း ဖြစ်သည်။

ထို့ကြောင့် ရှန်လင်ဓားကိုးလက်အစား ရှန်လင်ဓားဆယ်လက်ဟု ပြောင်းလဲခေါ်ဆိုကြတော့၏။

ကုကျန်းရော ခန်းဖင်းပါ အမတကူးပြောင်းခြင်း ကနဦးအဆင့် ဖြစ်ကြသည်။ ကုကျန်းက ခန်းဖင်း၏ ဆရာဦးလေးဖြစ်သော်လည်း တန်ခိုးစွမ်းအားခြင်းယှဉ်လျှင် ခန်းဖင်းက ပိုမိုမြင့်မားသည်။

‘ကုကျန်း’ ဆိုသည့်အမည်ကိုကြားတော့ ရန်ကျောက်ကဲစိတ်ထဲ လူတစ်ယောက်ပုံရိပ်ပေါ်လာသည်။

ထိုသူ၏ရုပ်သွင်က အလွန်ငယ်ရွယ်သော်လည်း မျက်ဝန်းများကတော့ မရေမတွက်နိုင်သော အချိန်ကာလများစွာကို ဖြတ်ကျော်တွေ့ကြုံခဲ့ရသည့်အလား အလွန်တရာ ရှေးကျလွန်းသည်။

ယိုးမင်ဂိုဏ်း အဓိကပလ္လင်ကို တိုက်ခိုက်စဉ်က ထို ကုကျန်း ဆိုသူက ဧကရာဇ်ရွှမ်မုနှင့် အတူတကွ လက်တွဲတိုက်ခိုက်ခဲ့သည်။ မြောက်ပင်လယ်ဓားခန်းမသခင် ‘ကုဟုန်’ သာ အချိန်မီရောက်မလာပါက ယိုးမင်ဂိုဏ်းချုပ် ကျိုးဟောက်ရှန်းအနေဖြင့် နေရာမှာပင် အသက်ပျောက်သွားနိုင်၏။

ထိုအချိန်က ရှန်လင်ကျီအဆက်အနွယ်များတွင် ကုကျန်းအပြင် အခြားသော အမတကူးပြောင်းခြင်းအဆင့် သိုင်းဆရာသခင်တစ်ယောက် ရှိနေသေးသည်။ ထိုသူက ဟယ်တုန်းချန်ဆိုသူဖြစ်ပြီး အသွင်အပြင်က အလွန်တရာ အိုမင်းရှေးကျသော်လည်း ကလေးငယ်တစ်ယောက်၏ နုပျိုစူးရှသော မျက်ဝန်းများပိုင်ဆိုင်သည်။

ယိုးမင်ဂိုဏ်း အဓိကပလ္လင်တိုက်ပွဲတွင် ထိုသူက လော့ကျီးထောင်ကို ပိတ်ဆို့ထားခဲ့သူ ဖြစ်၏။

ယခုတိုက်ပွဲမှာတော့ တာ့ရွှမ်တော်လှန်ရေးမဟာမိတ်များနှင့် အပြင်းအထန်တိုက်ခိုက်နေသော ရှေ့ပိုင်းတိုက်ပွဲတွင် ဟယ်တုန်းချန်နှင့် ဧကရာဇ်ရွှမ်မုက ဦးဆောင်နေပြီး ကုကျန်းကတော့ တိတ်တဆိတ် အနောက်ဘက်လမ်းကြောင်းသို့ လျှို့ဝှက်ရောက်ရှိလာခဲ့သည်။

သို့သော် ‘ခန်း’ သခင်မတို့ထံမှ သတင်းရရှိပြီးနောက် ဟယ်တုန်းချန်နှင့် ဧကရာဇ်ရွှမ်မုတို့က ပင်မအင်အားစုနှင့်အတူ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

ကုကျန်းဦးဆောင်သည့်တပ်ခွဲကိုတော့ ကုဟုန်တို့အုပ်စုက အချိန်မီ တိုက်ခိုက်နိုင်ခဲ့သည်။

အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ‘တိမ်လွှာအလင်းဓား’ ကို ကိုင်ဆောင်ထားသည့် ကုကျန်းအား ကုဟုန်တစ်ယောက်တည်းဆိုလျှင် မည်သည့်နည်းနှင့်မှ အနိုင်ယူတိုက်ခိုက်နိုင်မည် မဟုတ်ပေ။

သို့သော် တာ့ရွှမ်တော်လှန်ရေးမဟာမိတ်အဖွဲ့မှ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များစုပေါင်းပြီး တိုက်ခိုက်သည့်အခါ ကုကျန်းအနေဖြင့် ရင်ဆိုင်နိုင်စွမ်း မရှိခဲ့ပေ။ တာ့ရွှမ်တိုင်းပြည်မှလည်း ထပ်မံအင်အားဖြည့်မပေးနိုင်သည့်အတွက် သူတို့တပ်ဖွဲ့မှာ ဆုတ်ခွာရုံသာ တတ်နိုင်ခဲ့သည်။

အဆုံးသတ်မှာတော့ ကုကျန်းကိုယ်တိုင် ဒဏ်ရာအပြင်းအထန်ရကာ ဆုတ်ခွာသွားပြီး သူ့လက်အောက်မှ ထိပ်တန်းအဆင့် သိုင်းကျင့်ကြံသူများမှာလည်း ဒဏ်ရာရသူရ ၊ သေသူသေဖြင့် ဖရိုဖရဲဖြစ်ကုန်ကြသည်။

ကုဟုန်တို့အုပ်စုက သူတို့နောက်သို့ ဆက်တိုက်ဆိုသလို လိုက်လံတိုက်ခိုက်ပြီး တာ့ရွှမ်တိုင်းပြည် ပင်မနယ်မြေအနီးသို့ ရောက်ရှိမှသာ စိတ်မကောင်းစွာဖြင့် လက်လွှတ်ခဲ့ကြရသည်။

သူတို့ ဆက်လက်တိုက်ခိုက်နေလျှင် တာ့ရွှမ်တိုင်းပြည်က လက်တုံ့ပြန်လာနိုင်သည် မဟုတ်ပါလား။

တာ့ရွှမ်တိုင်းပြည်က သူတို့ထက်ပိုပြီး အင်အားတောင့်တင်းသည်မှာ ငြင်းမရသည့်ကိစ္စ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ တာ့ရွှမ်တပ်ဖွဲ့ခဲ သိသိသာသာ ရှုံးနိမ့်ခဲ့ပြီး တော်လှန်ရေးမဟာမိတ်များ အောင်ပွဲရရှိကာ အကျိုးအမြတ်များစွာလည်း ရရှိခဲ့သည်။

ယွဲ့ပေါင်ချီက...

“ယိုးမင်ဂိုဏ်းက ‘ကျိုး’ ဂိုဏ်းချုပ်နဲ့ ကျွန်မတို့ဂိုဏ်းရဲ့ခန်းမသခင်’ကု’ တို့ မကြာခင်မှာ မော်လူဒေသကို ပြန်လာကြတော့မယ်”

ရန်ကျောက်ကဲက ခေါင်းတစ်ချက်ညိတ်ရင်း...

“ကွမ်းမင်ဂိုဏ်းနဲ့ ကြေးနီကျွန်းကရော ဘယ်လိုလဲ”

ယွဲ့ပေါင်ချီက...

“ကွမ်းမင်ဂိုဏ်းနဲ့ ကြေးနီကျွန်းက အဖွဲ့တွေက မကြာခင်ရက်ပိုင်းကပဲ ဆက်တိုက်ဆိုသလို ပြန်သွားကြပြီ”

တော်လှန်ရေးတပ်ဖွဲ့များ ဆုတ်ခွာသွားစဉ် ကြီးကြီးမားမား လှုပ်ရှားမှုများ မပြုလုပ်ခဲ့ကြသလို တာ့ရွှမ်တိုင်းပြည်ကလည်း သိုသိုသိပ်သိပ်ရှိနေသဖြင့် လှုံ့ဆော်မှုတစ်စုံတရာ မပြုလုပ်ခဲ့ပေ။

သို့သော် တာ့ရွှမ်တပ်များ ငြိမ်ဝပ်နေသဖြင့် တော်လှန်ရေးအင်အားစုများက နယ်မြေများကို အဆက်မပြတ် ဝါးမျိုသိမ်းပိုက်ပြီး အောင်ပွဲရေစီးကြောင်းအသစ်တစ်ခု ပြုလုပ်နိုင်ခဲ့သည်။ သို့ရာတွင် မည်သူမှ ကြီးကြီးမားမား မလှုပ်ရှားကြဘဲ လူတိုင်းက သတင်းစောင့်မျှော်နေကြပြီး တစ်စုံတစ်ခု စုံစမ်းဖော်ထုတ်ရန် ကြိုးစားနေကြသည်။

အားလုံးက ကျင်းထင်တောင်မှ စီရင်ချက်ကို စောင့်ဆိုင်းနေကြသည်။

ကျူတောပင်လယ်ဒေသ၏ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့်သူမှာ အမှန်တကယ်ပင် အရှေ့တောင်ထိပ်တန်းအရှင်သခင် ဖြစ်၏။ လူတိုင်းက တိတ်ဆိတ်စွာပင် နယ်မြေချဲ့ထွင်ရင်း အင်အားစုဆောင်းလျှက် အခြေအနေစောင့်ကြည့်နေကြသည်။

ဤသို့သော အခြေအနေမျိုးတွင် ကွမ်းမင်ဂိုဏ်းက မည်သို့လုပ်ဆောင်မည်ကို ခန့်မှန်းရခက်သည်။

ကွမ်းမင်ဂိုဏ်းအနေဖြင့် အထက်ဘုံကမ္ဘာသို့ရောက်နေသော ရန်ကျောက်ကဲနှင့်အတူ ပါရှိလာသည့် ထူးကဲယန်စည်းတံဆိပ်ကို ပစ်မှတ်မထားတော့ဘဲ အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ဝါဒတောင်နှင့် ရန်တိကို ပစ်မှတ်ထားမည်ဆိုလျှင်လည်း ရန်ကျောက်ကဲက သိပ်ပြီး အံ့အားသင့်မည် မဟုတ်ပေ။

ခံစစ်ကစားရသည်က ရန်ကျောက်ကဲလိုချင်သောအရာ မဟုတ်ပေ။ သူက တိုက်စစ်ဖြင့် အစပြုထိုးနှက်ရသည်ကို သဘောကျသူ ဖြစ်၏။

မြောက်ပင်လယ်ဓားခန်းမမှ ခန်းမသခင်’ကုဟုန်’ နှင့် အိမ်ရှင်ဧည့်သည် ခင်မင်စွာ နှုတ်ဆက်စကားဆိုကြပြီးနောက် ရန်ကျောက်ကဲက ယိုးမင်ဂိုဏ်းချုပ် ကျိုးဟောက်ရှန်းနှင့် ဆက်လက်တွေ့ဆုံခဲ့သည်။

“မိတ်ဆွေလေး’ရန်’ ... ငါတို့အတူ စစ်ဆေးကြည့်ရမယ့် ပစ္စည်းတစ်ခုရှိတယ်လို့ ပြောခဲ့တယ်နော် ၊ အဲဒါ ဘာများလဲ သိချင်မိတယ်”

အပြန်အလှန်တိုတောင်းစွာပင် နှုတ်ဆက်ကြပြီးနောက် ကျိုးဟောက်ရှန်းက ပွင့်ပွင့်လင်းလင်းပင် မေးလာသည်။

အဖြူရောင်ဝတ်အဘိုးအိုသည် ထောင်လွှားမောက်မာဟန်မရှိဘဲ ကြင်နာသောအမူအရာဖြင့် ပြုံးနေလေသည်။

တာ့ရွှမ်တိုင်းပြည်ကိစ္စဖြစ်စေ ၊ ကွမ်းမင်ဂိုဏ်းကိစ္စဖြစ်စေ ယိုးမင်ဂိုဏ်းက ရန်ကျောက်ကဲနှင့် တူညီသောရပ်တည်ချက်ကို မျှဝေခဲ့သည်။

နေမရှိလရိပ်ထုံးတမ်းပွဲတော်တွင် တစ်စုံတစ်ခု ဖြစ်ပွားခဲ့ပြီး ရန်ကျောက်ကဲက ပန်းပွင့်ငြိမ်းချမ်းနယ်မြေမှ ယိုးမင်ဂိုဏ်းအဓိကပလ္လင်သို့ ရောက်လာခြင်းမှာ တိုက်ဆိုင်မှုမဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခြင်းဖြစ်သည်ဟု ယိုးမင်ဂိုဏ်း ထိပ်တန်းအကြီးအကဲများက သံသယ ရှိခဲ့ကြသည်။

သို့သော် ဤသို့သောအခြေအနေအထိ ဖြစ်လာမှတော့ ကျိုးဟောက်ရှန်းအပါအဝင် အကြီးအကဲအားလုံးက ထိုကိစ္စကို မေ့ပျောက်ပစ်ရန် အလိုအလျောက် ရွေးချယ်ခဲ့ကြ၏။

ရန်ကျောက်ကဲက ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်ကိုချိုးဖျက်ခဲ့သလို ကျင်းထင်တောင်နှင့် ဆက်သွယ်ပြီး တာ့ရွှမ်တိုင်းပြည်ကို တိုက်ခိုက်စရာမလိုဘဲ ရှုံးနိမ့်စေခဲ့သည်။ ဤသို့သော အောင်မြင်မှုများကြောင့် ယိုးမင်ဂိုဏ်းအနေဖြင့် ရန်ကျောက်ကဲနှင့် ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လိုသည်။

ရန်ကျောက်ကဲက ပြုံးရင်း...

“ဒီ ‘ရန်’ က ကံတရားကြောင့် ရတနာပစ္စည်းတစ်ခုကို တိုက်ဆိုင်စွာ ရရှိခဲ့တယ် ၊ အဲဒါကို ‘ကျိုး’ ဂိုဏ်းချုပ်နဲ့အတူတူ စမ်းစစ်ကြည့်ဖို့ ဖိတ်ခေါ်ချင်တာပါ”

သူက ဆက်ပြောသည်။

“ရိုင်းပျသလိုဖြစ်သွားပေမယ့် အဲဒီပစ္စည်းကို မစစ်ဆေးခင် ‘ကျိုး’ ဂိုဏ်းချုပ်ကို ကိစ္စလေးတစ်ခုလလောက် မေးမြန်းချင်ပါတယ်”

ကျိုးဟောက်ရှန်းက...

“မေးပါ မိတ်ဆွေလေး’ရန်’”

ရန်ကျောက်ကဲက စကားမည်သို့ပြောဆိုရမည်ကို အကောင်းဆုံး စဉ်းစားထားခဲ့သည်။

“’ကျိုး’ ဂိုဏ်းချုပ်တို့ရဲ့ ယိုးမင်ဂိုဏ်းနဲ့ ကွမ်းမင်ဂိုဏ်းက အတိတ်တစ်ချိန်က ယိုးမင်ဂမ္ဘီရဂိုဏ်းက ဆင်းသက်လာတာဖြစ်လို့ ရင်းမြစ်တူညီတယ်ဆိုတာ တစ်လောကလုံး သိကြပါတယ် ၊ နောက်ပိုင်း ယိုးမင်ဂမ္ဘီရဂိုဏ်း ကျဆင်းလာပြီး ယိုးမင်ဂိုဏ်းနဲ့ ကွမ်းမင်ဂိုဏ်းအဖြစ် ကွဲသွားတာမဟုတ်လား”

ကျိုးဟောက်ရှန်းက ခေါင်းညိတ်ရင်း ပွင့်ပွင့်လင်းလင်းပင် ပြန်ပြောသည်။

“အတိအကျပါပဲ...”

ရန်ကျောက်ကဲက အဖြူရောင်ဝတ်အဘိုးအိုကို လှမ်းကြည့်ရင်း...

“ဒီ ‘ရန်’ သိချင်တာက... အဲဒီတုန်းက ယိုးမင်ဧကရာဇ် ဘာကြောင့် ဆုံးပါးသွားရတာပါလဲ ၊ ပြီးတော့ ယိုးမင်ဂမ္ဘီရဂိုဏ်းလည်း ဘာလို့ကျဆင်းသွားခဲ့တာလဲ”

ယိုးမင်ဧကရာဇ် ‘ယင်ထျန်းရှ’ သည် တစ်ခေတ်တစ်ခါ ဒဏ္ဍာရီတစ်ခုဖြစ်ပြီး မဟာကပ်ဘေးကြီးအပြီးတွင် ထင်ပေါ်ကျော်ကြားခဲ့သော သူရဲကောင်းတစ်ယောက်လည်း ဖြစ်သည်။ တစ်ချိန်က အုပ်စိုးရှင် (၅)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်ပြီး သူကွယ်လွန်ပြီးနောက် နှစ်ပေါင်းများစွာ နေရာလစ်လပ်နေခဲ့သည်။

နောက်ပိုင်းမှသာ တန်ခိုးစွမ်းအားရှင်တစ်ယောက် ထွက်ပေါ်လာပြီး လစ်လပ်နေသည့်နေရာကို ပြန်လည်ဖြည့်ဆည်းခဲ့သဖြင့် “ဧကရာဇ် (၃)ပါး ၊ အုပ်စိုးရှင် (၅)ပါး” ဆိုသည့် အမည်ကို ပြန်လည်ထင်ပေါ်စေခဲ့သည်။

ယင်ထျန်းရှဦးဆောင်သော ယိုးမင်ဂမ္ဘီရဂိုဏ်းသည် တစ်ချိန်က အလွန်တရာ ထွန်းကားခဲ့ဖူးသည်။ မရေမတွက်နိုင်သော တန်ခိုးစွမ်းအားရှင်များပိုင်ဆိုင်ထားပြီး အထက်ဘုံကမ္ဘာတစ်ဝှမ်းလုံးကို လွှမ်းမိုးထားနိုင်သည်။ ယခုလိုမျိုး အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တွင် ကန့်သတ်ခံထားရသည် ကွမ်းမင်ဂိုဏ်း ၊ ယိုးမင်ဂိုဏ်းတို့နှာ များစွာ ကွာခြားလှ၏။

ဧကရာဇ်ဆုံးပါးသွားပြီးနောက် ယိုးမင်ဂမ္ဘီရဂိုဏ်း၏ မျိုးရိုးအမွေအနှစ်များသည်လည်း ကျဆင်းသွားခဲ့သည်။

ပန်းများသည် တစ်ခါတစ်ရံမှသာပွင့်တတ်ပြီး ဆက်လက်ပွင့်လန်းမည်လား ညှိုးနွမ်းသွးမည်လား ပြောရခက်သည်။

လောကတွင် အမြဲပြောင်းလဲနေသည့်အခြေအနေကို မည်သူမှ သေသေချာချာ သိရှိနိုင်မည် မဟုတ်ပေ။ ယိုးမင်ဂမ္ဘီရဂိုဏ်းက ဤနိယာမကို ပြီးပြည့်စုံစွာ ထင်ရှားစေခဲ့သည်။

ရန်ကျောက်ကဲမေးခွန်းကိုကြားတော့ ကျိုးဟောက်ရှန်း တိတ်ဆိတ်ငြိမ်သက်သွားသည်။

ရန်ကျောက်ကဲကလည်း အလျင်မလိုဘဲ သူ စကားပြောလာသည်အထိ စိတ်ရှည်ရှည်ဖြင့် ထိုင်စောင့်နေလေတော့၏။

All Chapters