ဝိညာဉ်ဖိနှိပ်အသံ
Vol. 61 Ch. 838
“အရည်ကျို နတ်ဘုရားခေါင်းလောင်း”
စစ်ထူရီရှောင်သည် ရှန်းစီမြို့သို့ ပြန်သွားနေပြီဖြစ်သော်လည်း နတ်ရွာလားတောင်ထွတ်မှ ထွက်ပေါ်လာသော ခေါင်းလောင်းသံများကို ကြားနေရလေသည်။ သူ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားသည်။ ထိုအရည်ကျို နတ်ဘုရားခေါင်းလောင်း၏ စွမ်းအားကို သူ ရှင်းရှင်းလင်းလင်း သိပေသည်။ ထိုခေါင်းလောင်းသည် လူများ ထွက်မပြေးနိုင်ရန် အာကာပြင်ကို ချိပ်ပိတ်နိုင်ရုံသာမက အတွင်းပိုင်းတွင် ပြင်းထန်သော မီးတောက်များလည်း ရှိသည်။ ဝိညာဉ်ချိတ်ဆက် မူလရတနာ သံချပ်ကာကို ဝတ်ဆင်ထားသူများပင် အချိန်အတိုင်းအတာတစ်ခုကြာလျှင် အရည်ပျော်သွားမည်ဖြစ်သည်။ သို့သော် ထိုခေါင်းလောင်း၏ ကြောက်စရာအကောင်းဆုံးအရာမှာ ခေါင်းလောင်းသံများဖြစ်သည်။ ယင်းအသံများက ဝိညာဉ်ဖိနှိပ်အသံပင်။
ရှန်းစီမြို့သည် နတ်ရွာလားတောင်ထွတ်နှင့် မိုင်(၁၀၀)သာဝေး၏။ ရှန်းစီမြို့မှ လူများစွာသည် ခေါင်းလောင်းသံများကို ကြားလိုက်ရသောအခါ စိတ်ဝိညာဉ်တုန်ခါသွားကြ၏။ ကလေးငယ်လေးများသည်လည်း နာကျင်မှုကြောင့် မြေပြင်တွင် လူးလွန့်နေကြသည်။ ထိုခေါင်းလောင်းအသံများက မည်မျှဆိုးဝါးကြောင်း တွေးကြည့်နိုင်ပေသည်။ ကျန်းရီသည် ခေါင်းလောင်းအတွင်းသို့ ရောက်နေ၍ ဝိညာဉ်ဖိနှိပ်အသံသည် သူ၏စိတ်ဝိညာဉ်ကို ပျက်စီးသွားစေပေလိမ့်မည်။
“အား...”
ထိုအခိုက်တွင် ကျန်းရီသည် အမှန်ပင် အနှိပ်စက်ခံနေရပေသည်။ အာကာပြင်က ချိပ်ပိတ်ခံထားရသဖြင့် သူသည် ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံးကာ ထွက်မပြေးနိုင်ဖြစ်နေသည်။ သူသည် ရုတ်ခြည်းတည်နေရာပြောင်းရွှေ့ခြင်းကိုလည်း မလုပ်နိုင်ပေ။ ခေါင်းလောင်းအောက်ဘက်ရှိ မြေပြင်သည်လည်း ချိပ်ပိတ်ခံထားရသည်။ ဧရာခေါင်းလောင်းကြီး၏အပေါ်တွင် ဆန်းကြယ်သော သားရဲမျိုးစုံ၏ ပုံများကို ထွင်းထား၏။ ထိုသားရဲများက အသက်ဝင်နေသည်ဟု ထင်ရပေသည်။ ထို့ပြင် သားရဲတိုင်းသည် မီးတောက်များ မှုတ်ထုတ်နေ၏။ ထိုမီးတောက်များသည် သန့်စင်ထားသော မိုးကြိုးမီးတောက်များထက်ပင် ပိုကြောက်မက်ဖွယ်ကောင်းပြီး ခေါင်းလောင်းအတွင်းပိုင်းကို မီးတောက်လောကတစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်လေသည်။
သို့သော်...
ထိုမီးတောက်များသည် ကျန်းရီကို ထိခိုက်အောင် မလုပ်နိုင်ပေ။
မီးဝိညာဉ်ပုလဲက ကာကွယ်ပေးထားသဖြင့် ကျန်းရီသည် မြင့်မားသော အပူချိန်ကို လုံးဝမခံစားရပေ။ သို့သော် မီးတောက်များသည် သူ၏ မိုးကြိုးမီးနတ်ဘုရားဒိုင်းနှင့် မီးတိမ်သံချပ်ကာတို့ကို ချက်ချင်း ဖျက်စီးပစ်နိုင်၏။ သူသာ မီးတိမ်သံချပ်ကာကို သူ့ကိုယ်တွင်းသို့ ပြန်မထည့်လျှင် ၎င်းက အရည်ပျော်သွားနိုင်သည်။ မီးတောက်များသည် ပစ္စည်းများကို အရည်ဖျော်ပစ်နိုင်သော်လည်း သူ့ကို မထိခိုက်စေနိုင်ပေ။
ကျန်းရီကို အလွန်အမင်း ခံစားရအောင် လုပ်နေသည့်အရာမှာ ဆိုးဝါးသော ခေါင်းလောင်းသံများဖြစ်သည်။ ထိုအသံများ ပဲ့တင်ထပ်လာတိုင်း သူ၏စိတ်ဝိညာဉ်က စူးရှသော နာကျင်မှုကို ခံစားလိုက်ရလေသည်။ သူသည် ခေါင်းကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်၍ မြေပြင်တွင် နာကျင်တကြီး လူးလွန့်နေပြီး ခေါင်းလောင်းနံရံနှင့် အဆက်မပြတ် တိုက်မိနေ၏။ သူ၏မျက်နှာတစ်ခုလုံး ရှုံ့တွနေပြီး သူ၏မျက်လုံးများကလည်း ပြူးကျယ်လာလိုက်၊ ကျုံ့သွားလိုက်နှင့် ရှိနေသည်။ သူ ပြိုလဲတော့မလိုပင်။
ဒေါင်...ဒေါင်...ဒေါင်...
လဲ့ထင်ဝေသည် အတွင်းအားဖြင့် ဆက်၍ ထုရိုက်နေ၏။ ခေါင်းလောင်သံများကလည်း အဆက်မပြတ် ပဲ့တင်ထပ်နေပြီး ပို၍ လျင်မြန်လာသည်။ ကျန်းရီ၏ ပင်မစိတ်ဝိညာဉ်သည် အပြင်းအထန် တုန်ခါလာပြီး မျက်နှာပြင်ပေါ်တွင် အက်ကြောင်းများဖြစ်ပေါ်လာ၏။ ၎င်းက ပျက်စီးတော့ပေမည်။ မီးဝိညာဉ်ပုလဲ၏ စွမ်းအင်က သူ၏စိတ်ဝိညာဉ်အတွင်း စီးဝင်၍ စိတ်ဝိညာဉ်ကို ပြန်ကောင်းလာစေနေ၍ တော်သေး၏။ မဟုတ်လျှင် သူ သေပြီးနေလောက်ပေပြီ။
‘ငါသေတော့မှာလား’
ကျန်းရီ၏စိတ်ဝိညာဉ်၏ နက်ရှိုင်းသောနေရာတွင် အထက်ပါအတွေး ထွက်ပေါ်လာ၏။ သူသည် ထိုကြောက်မက်ဖွယ် ခေါင်းလောင်းအသံများကို မခံနိုင်ပေ။ သို့သော် သူ တောင့်ခံနိုင်လျှင်လည်း ထွက်ပြေးနိုင်ပါမည်လော။
အပြင်ဘက်တွင် ကောင်းကင်ဧကရာဇ် တစ်သောင်းကျော်ရှိ၏။ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် ရာကျော်ရှိ၏။ သူ၏ မိုးကြိုးအမျက်ကို အစောက သုံးပြီးခဲ့ပေပြီ။ သာမန် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များကို သတ်ရန်မှာ ပြဿနာမဟုတ်ပေ။ သို့သော် သူသည် လဲ့ထင်ဝေတို့ကဲ့သို့ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များကို သတ်နိုင်ပါမည်လော။ သူတို့သည် စွမ်းအားကြီးရုံသာမက ဝိညာဉ်ချိတ်ဆက် မူလရတနာများလည်း ရှိပေသည်။
ထွက်ပြေးရမည်လော။
ဤခေါင်းလောင်းမရှိလျှင်ပင် ကျန်းရီသည် ကောင်းကင်ရှောင်တိမ်းခြင်းကို ထုတ်မသုံးနိုင်ပေ။ ပညာရှင်များအားလုံးကသာ တိုက်ခိုက်မှုများ တစ်ပြိုင်တည်း ထုတ်လွှတ်လိုက်လျှင် သူသည် အာကာပြင်အက်ကြောင်းအတွင်း မဝင်နိုင်သေးခင်မှာပင် စိစိညက်ညက်ကြေသွားပေလိမ့်မည်။ သူ အာကာပြင်အက်ကြောင်းအတွင်း ဝင်နိုင်ခဲ့လျှင်လည်း လဲ့မျိုးနွယ်၏ မဟာအကြီးအကဲက ‘ဟင်းလင်းပြင်ချေဖျက်’ကို သေချာပေါက် သုံးပေလိမ့်မည်။ ထိုအခါ သူသည် အာကာပြင်အက်ကြောင်းအတွင်းမှ ပြန်ထွက်လာရဦးမည်သာ။ ထို့ကြောင့် ယနေ့သည် သူ၏သေနေ့ပင်။
ကျန်းရီသည် သေခြင်းတရားကို မည်သည့်အခါတုန်းကမှ မကြောက်ခဲ့ပေ။ သို့သော် အကယ်၍ သူ သေဆုံးသွားလျှင် ကျန်းရှောင်နူ၊ ဖုန်းလန်၊ ချမ်ဝမ်ကွမ်း၊ ကျန့်ဝူရွှမ်း၊ အစ်မကြီးဆည်လည်းနှင့် အခြားသူများ မည်သို့ဖြစ်သွားမည်နည်း။ သူတို့သည်လည်း သူနှင့်အတူ လိုက်သေရပေလိမ့်မည်။ သို့မဟုတ် အဖမ်းခံရကာ မခံမရပ်နိုင်သော နှိပ်စက်မှုများကို ခံရပေလိမ့်မည်။ အစောက သူသည် လဲ့မျိုးနွယ်မှ အကြီးအကဲတစ်ယောက်၏ ကယ်တင်ခြင်းကို ခံလိုက်ရသော လဲ့ချီရန်ကို တစ်ချက်ကြည့်ခဲ့၏။ လဲ့ချီရန်၏ ခါးသီးသော ဒေါသမျက်ဝန်းများကို တွေ့လိုက်ရသောအခါ သူပင် ကြက်သီးထသွားခဲ့သည်။ အကယ်၍ သူ့လူများသာ လဲ့ချီရန်၏လက်ထဲ ရောက်သွားလျှင် သူတို့၏ကံကြမ္မာသည် သေချာပေါက် သေခြင်းထက် အဆတစ်သောင်းပိုဆိုးပေလိမ့်မည်။
“ဟင့်အင်... ငါ သေလို့မရဘူး”
ကျန်းရီသည် စိတ်ဝိညာဉ်နာကျင်မှုကြောင့် သူ၏ခေါင်းကိုကိုင်ကာ ဧရာမခေါင်းလောင်းနံရံဖြင့် ထပ်ခါ ထပ်ခါ ဆောင့်လိုက်လေသည်။ သူ၏ခေါင်းမှနေ၍ သွေးများ စီးကျလာ၏။ သွေးနီနီများသည် သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွား၏။ သို့သော် သူသည် နာကျင်တကြီး အော်ဟစ်နေရသေး၏။ ခေါင်းလောင်းအတွင်းရှိ ပဲ့ထင်သံများသည် သူ၏နားစည်ကို သွေးထွက်လာစေလေသည်။
“ငါ ဘာလုပ်ရမလဲ။ ငါ ဘာလုပ်သင့်လဲ”
ကျန်းရီသည် စိတ်ဝိညာဉ်နာကျင်မှုကို မေ့ပစ်ရန် သူ့ကိုယ်သူ တွန်းအားပေးလိုက်၏။ သူသည် အရာအားလုံးကို လျစ်လျူရှုကာ လွတ်မြောက်နိုင်မည့်နည်းလမ်းကို စဉ်းစားလိုက်သည်။ သူ၏စိတ်ဝိညာဉ်က ပြိုပျက်တော့ပေမည်။ သူ၏သွေးလည်ပတ်နှုန်းကလည်း အဆတစ်ရာပိုမြန်နေသည်။ သူ့ခေါင်းထဲတွင် အတွေးပေါင်း ရာချီ ထွက်ပေါ်လာသော်လည်း သူသည် ၎င်းတို့အားလုံးကို လျစ်လျူရှုလိုက်၏။ ဤအကြိမ်တွင် သူသည် ကြီးမားသောအန္တရာယ်အတွင်းသို့ ရောက်ရှိနေ၏။ ဤအန္တရာယ်က သူ့ဘဝတစ်လျှောက်လုံးတွင် ကြုံခဲ့ရသည့် အန္တရာယ်များထက် အဆတစ်ရာ၊ အဆတစ်သောင်း ပိုကြီးပေသည်။
ဒေါင်...
အရည်ကျို နတ်ဘုရားခေါင်းလောင်းက ထပ်မံ တုန်ခါသွားပြီး အသံခပ်အုပ်အုပ်တစ်သံကို ပဲ့တင်ထုတ်လိုက်၏။ ကျန်းရီသည် သူ၏ခေါင်းကိုကိုင်ကာ မြေပြင်ပေါ်တွင် လူးလွန့်နေလေသည်။ ထိုအသံက သူ၏နားထဲတွင် ပဲ့တင်ထပ်နေခြင်းမဟုတ်ဘဲ သူ၏စိတ်ဝိညာဉ်ကို တိုက်ရိုက် တုန်ခါသွားစေခြင်းပင်။ ယင်းက စိတ်ဝိညာဉ်တိုက်ခိုက်မှု အမျိုးအစားတစ်ခုဖြစ်သည်။
“စိတ်ဝိညာဉ် တိုက်ခိုက်မှုလား”
ကျန်းရီသည် မြေပြင်ပေါ်တွင် လူးလွန့်ရင် ရုတ်တရက် မှင်တက်စွာ ကြည့်လိုက်၏။ အသံအမျိုးအစား တိုက်ခိုက်မှုတစ်ခုလော။ ယင်းက နတ်ဘုရားအသံ ကောင်းကင်အတတ်လော။ သူသည်လည်း နတ်ဘုရားအသံ ကောင်းကင်အတတ် အမျိုးအစားတစ်ခုကို သိမြင်နားလည်ခဲ့သည် မဟုတ်လော။ အကယ်၍ သူသာ ဤခေါင်းလောင်းအသံကို သိမြင်နားလည်နိုင်လျှင် ၎င်းက သူ့ကို ထိခိုက်အောင် လုပ်နိုင်ဦးမည်လော။
အဖြေမှာ မရေရာပေ။
သို့သော် ကျန်းရီသည် အကြံကုန်နေပြီဖြစ်၍ နောက်ဆုံး ကောက်ရိုးတစ်မျှင်ကို ဆွဲကိုင်၍ ရှင်နိုင်မည့် နည်းအားလုံးကို စဉ်းစားရမည်ဖြစ်သည်။ သူ မျက်လုံးများ မှိတ်လိုက်ပြီး တင်ပျဉ်ခွေမထိုင်ဘဲ လှဲလျောင်းကာ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်းအခြေအနေသို့ ဝင်လိုက်လေသည်။ သူ၏စိတ်ဝိညာဉ်က ပြိုပျက်တော့မည်ကို သူ လျစ်လျူရှုလိုက်ပြီး ခေါင်းလောင်းအသံကို အပြည့်အဝအာရုံစိုက်၍ လေ့လာလိုက်သည်။
ကျန်းရီသည် ကောင်းကင်နှင့် လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်လျှင် မိုးမြေနှင့် တစ်သားတည်းဖြစ်သွားသဖြင့် ဧရာမခေါင်းလောင်းကြီးနှင့်လည်း တစ်သားတည်းဖြစ်သွားအောင် လုပ်နိုင်ပေသည်။ သူသည် ခေါင်းလောင်း၏ အထူနှင့် ရိုးရှင်းမှုကို ခံစားနိုင်၏။ ထို့နောက် သူ ခေါင်းလောင်းအတွင်းရှိ မရေမတွက်နိုင်သော အစီအရင်များကို တွေ့ရှိသွားသည်။ သူသည် အစီအရင်များအတွင်း၌ လျင်မြန်စွာ စီးဆင်းနေသော အတွင်းအားကိုလည်း အာရုံခံမိလိုက်၏။ စီးဆင်းနေသော အတွင်းအားကြောင့် အစီအရင်များမှနေ၍ ကြောက်မက်ဖွယ်မီးတောက်များနှင့် ဆိုးဝါးသော ခေါင်းလောင်သံများ ထွက်ပေါ်လာခြင်းပင်။
ဒေါင်...
လဲ့ထင်ဝေသည် ထိုခေါင်းလောင်းကို သန့်စင်ခဲ့ပြီးဖြစ်၍ ခေါင်းလောင်းအတွင်းရှိ ကျန်းရီက ယခုအထိ မသေသေးကြောင်း အာရုံခံနိုင်ပေသည်။ ထို့ကြောင့် သူသည် အတွင်းအားဖြင့် အဆက်မပြတ် ထုရိုက်ကာ အရည်ကျို နတ်ဘုရားခေါင်းလောင်းကို နက်ရှိုင်းသော ဝိညာဉ်ဖိနှိပ်အသံများ ထွက်လာစေနေ၏။
ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေတွင် ရှိနေသော်လည်း ထိုအသံများက သူ၏စိတ်ဝိညာဉ်ကို တိုက်ရိုက် တုန်ခါနေစေ၍ စိတ်ဝိညာဉ်က ဖြည်းဖြည်းချင်း စုတ်ပြဲလာလေသည်။ သူ၏စိတ်ဝိညာဉ်က နာကျင်မှုကို မပြတ်ထုတ်လွှတ်နေ၍ သူ၏အာရုံကြောများက တုံ့ပြန်ရန် လှုံ့ဆော်နေပေသည်။ ထို့ကြောင့် ခေါင်းလောင်းသံ ပဲ့တင်ထပ်သွားတိုင်း ကျန်းရီ၏ခန္ဓာကိုယ်သည် ပြင်းထန်သော နာကျင်မှုကြောင့် အလိုလို လူးလွန့်သွားပြီး ခေါင်းလောင်းအတွင်းပိုင်းနှင့် သွားဆောင့်ပေသည်။
“ဒီကောင်လေးက အခုထိ မသေနိုင်သေးဘူးလား။ ဒီလောက်ကြောက်စရာကောင်းတဲ့ နတ်ဘုရားမီးတောက်တွေက သူ့ကို သေတဲ့အထိ မီးမြှိုက်မပစ်နိုင်ဘူးလား။ သူ့မှ ဖျက်ဆီးလို့မရနိုင်တဲ့ ခန္ဓာကိုယ် ရှိနေတာလား”
လဲ့ထင်ဝေသည် တိတ်တဆိတ် တွေးလိုက်၏။ ကျန်းရီသည် ခေါင်းလောင်းထဲတွင် လူးလွန့်နေပြီး အတွင်းနံရံနှင့် ဆောင့်နေလေသည်။ ထို့ကြောင့် အရည်ကျို နတ်ဘုရားခေါင်းလောင်းထဲတွင် လှိုင်းများထနေ၏။ လဲ့ထင်ဝေသည် ထိုအခြင်းအရာကို ရှင်းရှင်းလင်းလင်း အာရုံခံမိပေသည်။ လဲ့ထင်ဝေက ကျန်းရီ ထွက်ပြေးမနိုင်ရန်နှင့် ‘မိုးကြိုးအမျက်’ကိုသုံး၍ လဲ့မျိုးနွယ်မှ လူများကို ထပ်မသတ်နိုင်ရန် အရည်ကျို နတ်ဘုရားခေါင်းလောင်းကို သုံးခဲ့ခြင်းပင်။ ထို့ပြင် သူသည် ကျန်းရီကိုလည်း အရှင်လတ်လတ် မီးမြှိုက်ပစ်လိုနေ၏။ သို့သော် ကျန်းရီသည် ဤမျှ အချိန်ကြာကြာ တောင့်ခံနိုင်လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။
“ဒီကောင်လေးဆီမှာ မီးဒဏ်ကိုခံနိုင်တဲ့ နတ်ဘုရား အသုံးအဆောင်တစ်ခု ရှိနေတာလား”
လဲ့ထင်ဝေ၏မျက်လုံးများ တောက်ပသွား၏။ သူသည် အရည်ကျို နတ်ဘုရားခေါင်းလောင်း၏ မီးတောက်များက မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း ရှင်းရှင်းလင်းလင်း နားလည်၏။ ထိုမီးတောက်များက ဤမျှ အချိန်ကြာကြာခံရလျှင် ဝိညာဉ်ချိတ်ဆက် မူလရတနာများပင် အရည်ပျော်သွားမည်ဖြစ်သည်။ ထို့ကြောင့် တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ ကျန်းရီထံတွင် မီးဒဏ်ကို ခံနိုင်သော မူလရတနာတစ်ခု ရှိနေခြင်းသာ ဖြစ်ပေမည်။
“ဟွန်း... မင်းမှာ နတ်ဘုရား အသုံးအဆောင်ရှိရင်တောင် ဒီနေ့ မင်း သေချာပေါက် သေရမှာပဲ”
လဲ့ထင်ဝေသည် နှာမှုတ်လိုက်ပြီး လက်နှစ်ဘက်စလုံးအတွင်းသို့ အတွင်းအားပို့လွှတ်၍ ခေါင်းလောင်းကို ထုရိုက်လိုက်၏။ အရည်ကျို နတ်ဘုရားခေါင်းလောင်းသည် ခပ်အုပ်အုပ်အသံနှစ်သံ ပဲ့တင်ထုတ်လိုက်၏။ ဤအကြိမ်တွင် သူ့နောက်ရှိ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် အကြီးအကဲများပင် ထိုအသံကို မခံနိုင်တော့၍ နောက်သို့ထပ်ဆုတ်သွားရလေသည်။
နတ်ရွာလားတောင်ထွတ်တစ်ခွင်လုံးတွင် လူအနည်းငယ်သာ ကျန်တော့ပေသည်။ ထိုလူအနည်းငယ်မှာ နန်ကုန်းယွင်ရီ၊ လုလီ၊ မျိုးနွယ်အသီးသီးမှ မျိုးနွယ်အကြီးအကဲများ၊ မင်းသမီးချမ်ချမ်နှင့် အနက်ရောင်နတ်ဘုရားတို့ပင်။ သို့သော် မင်းသမီးချမ်ချမ်နှင့် အနက်ရောင်နတ်ဘုရားတို့သည် လေထဲသို့ ပျံတက်ကာ အေးစက်စက်မျက်လုံးများဖြင့် အခြေအနေကို လေ့လာနေ၏။ ခေါင်းလောင်း၏ ကြောက်မက်ဖွယ်အသံများက သူတို့အပေါ် မသက်ရောက်နိုင်သကဲ့သို့ပင်။ မင်းသမီးချမ်ချမ်သည် မျက်နှာသေဖြင့် လဲ့ထင်ဝေနှင့် အရည်ကျို နတ်ဘုရားခေါင်းလောင်းတို့ကို ကြည့်နေလေသည်။
ဒေါင်...ဒေါင်...ဒေါင်...ဒေါင်...
လဲ့ထင်ဝေက လက်နှစ်ဘက်လုံးဖြင့် ထုရိုက်နေသဖြင့် ခေါင်းလောင်းသံများကလည်း အဆက်မပြတ် ထွက်ပေါ်နေသည်။ ဝိညာဉ်ဖိနှိပ်အသံ တစ်ရာနီပါး ထွက်ပေါ်လာပြီးနောက် ခေါင်းလောင်းတွင်းရှိ ကျန်းရီသည် မလှုပ်ရှားတော့ကြောင်း သူ အာရုံခံမိလိုက်လေသည်။ ထို့ကြောင့် သူ သက်ပြင်းရှည်ကြီးတစ်ချက် မှုတ်ထုတ်လိုက်ပြီး လက်ချိပ်စည်းပြုလုပ်ကာ အော်ပြောလိုက်သည်။
“ဆုတ်...”
ရွှီ...ရွှီ...
အရည်ကျို နတ်ဘုရားခေါင်းလောင်းက ပျံတက်သွားပြီး ကျုံ့သွားကာ လဲ့ထင်ဝေ၏လက်ပေါ်သို့ ဆင်းသက်လိုက်လေသည်။ မျက်လုံးပေါင်း သောင်းကျော်သည် ခေါင်းလောင်းအောက်ဘက်သို့ ကြည့်လိုက်ကြ၏။ ထို့နောက်တွင် အားလုံး၏ မျက်နှာများပေါ်၌ အံ့အားသင့်သော အရိပ်အယောင်များ ထွက်ပေါ်လာလေသည်။ မင်းသမီးချမ်ချမ်၏ လှပသောမျက်နှာလေးတွင်ပင် အံ့အားသင့်မှုများနှင့် ပြည့်နှက်နေသည်။
အဘယ်ကြောင့်ဆိုသော်...
ကျန်းရီသည် မြေပေါ်တွင် လဲကျကာ ခေါင်းမှ သွေးများထွက်နေသော်လည်း အသက်ရှင်နေသေး၍ပင်။ သူသည် အသက်ရှင်နေရုံသာမက တည်ငြိမ်သော မျက်နှာထားရှိနေပေသည်။ သူ၏ဟန်ပန်က ကိုယ်ပိုင်ခြံဝန်းထဲတွင် လှဲလျောင်းကာ အေးအေးချမ်ချမ်း အနားယူနေသူတစ်ယောက်ကဲ့သို့ပင်။
ထိုစဉ် လဲလျောင်းနေသော ကျန်းရီသည် မျက်လုံးများ ရုတ်တရက်ဖွင့်လိုက်၏။ သူ၏နှုတ်ခမ်းစွန်းနှစ်ဘက်က အတန်ငယ် ကွေးတက်သွားပြီး မထီပြုံးတစ်ချက် ပြုံးလိုက်လေသည်။ သူ့မျက်နှာပေါ်တွင် သွေးများစွန်းထင်းနေသဖြင့် ထိုအပြုံးက ပို၍ပင် ကြက်သီးထစရာ ကောင်းနေပေသည်။ ထို့နောက် သူ ကောင်းကင်ထက်သို့ ပျံတက်သွားလိုက်သည်။ သူ့မျက်လုံးများသည်လည်း လျှပ်စီးတန်းများ တောက်ပလာသည်။ သူ့လက်တစ်ဘက်တွင် မီးနဂါးဓားထွက်ပေါ်လာပြီး ကျန်တစ်ဘက်တွင် ဓားပျော့ထွက်ပေါ်လာလေသည်။ ပြီးနောက် သူ ဒေါသတကြီး အော်ပြောလိုက်၏။ သူ့အသံက ပတ်ဝန်းကျင်တစ်ခွင်လုံးသို့ ပဲ့တင်ထပ်သွားသည်။
“ဒီနေ့... ခင်ဗျားတို့ မျိုးနွယ်(၃)ခုလုံးက လူတွေ သေရမယ်။ အားလုံး ကျွန်တော် ကျန်းရီနဲ့အတူ သေရွာကို လိုက်ခဲ့ရမယ်”
***