← Chapters

ခွေးအိုကြီး... ခင်ဗျားအသက် ဘယ်လောက်ရှိပြီလဲ

Vol. 61 Ch. 839

ခွေးအိုကြီး... ခင်ဗျားအသက် ဘယ်လောက်ရှိပြီလဲ

Vol. 61 Ch. 839

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

လဲ့ထင်ဝေ အော်မိသွား၏။ အရည်ကျို နတ်ဘုရားခေါင်းလောင်း အတွင်းရှိ နတ်ဘုရားမီးတောက်များက ကျန်းရီကို သေသည်အထိ လောင်ကျွမ်းမပစ်နိုင်လျှင်ပင် ထိုဝိညာဉ်ဖိနှိပ်အသံသည် သူ၏ စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်နိုင်ရန် လုံလောက်ပေသည်။ ကျန်းရီတွင် စိတ်ဝိညာဉ်ကို ကာကွယ်ပေးနိုင်သော နတ်ဘုရား အသုံးအဆောင်တစ်ခုလည်း ရှိနေခြင်းလော။ ထိုကဲ့သို့သော နတ်ဘုရား အသုံးအဆောင်များက လောကထဲတွင် ရှိပါသလော။ ဆန်းကြယ်ဧကရာဇ်၏ ဆန်းကြယ်နတ်ဘုရားဓားနှင့် ဆန်းကြယ်နတ်ဘုရားသံချပ်ကာတို့က ဒဏ္ဍာရီလာ နတ်ဘုရားအသုံးအဆောင်များ ဖြစ်ကြသည်။ သို့သော် မည်သူမှ ၎င်းတို့ကို မမြင်ဖူးကြပေ။

ကျန်းရီ မည်သို့ ရှင်သန်ခဲ့ခြင်းက အရေးမပါပေ။ ယခုတွင် ကျန်းရီသည် ကောင်းကင်ထက်မှ ပျံဆင်းလာပြီဖြစ်၍ လဲ့ထင်ဝေ ဆက်တွေးနေရန် အချိန်မရှိတော့ချေ။ သူ၏တိုက်ခိုက်စွမ်းအားက လဲ့မျိုးနွယ်၏ ကောင်းကင်ဧကရာဇ်များအကြားတွင် အင်အားအကြီးဆုံး မဟုတ်ပေ။ သို့သော် သူသည် လဲ့မျိုးနွယ်ခေါင်းဆောင်ရာထူးကို ရခဲ့သဖြင့် ဉာဏ်ကောင်းသူတစ်ယောက်ဖြစ်ကြောင်း သိနိုင်ပေသည်။ ထို့ကြောင့် သူ ချက်ချင်းပြန်တုံ့ပြန်လိုက်ပြီး ဒေါသဖြင့် အော်ပြောလိုက်လေသည်။

“အားလုံး တိုက်ခိုက်ကြ”

“တိုက်ခိုက်ကြ...”

“သူ့ကိုသတ်...”

နန်ကုန်းယွင်ရီနှင့် လုလီသည်လည်း ချက်ချင်း အမိန့်ပေးလိုက်ကြ၏။ ထိုသုံးယောက်က အမိန့်ပေးပြီးသောအခါ ကောင်းကင်ဧကရာဇ်များ၏ လက်များထဲတွင် ရတနာများနှင့် လက်နက်များ တစ်သောင်းကျော် ထွက်ပေါ်လာလေသည်။ ၎င်းတို့အားလုံးက အတွင်းအားဖြင့် တောက်ပနေကြပြီး ကျန်းရီကို သတ်ရန် ပျံထွက်သွားကြပေတော့မည်။

“နတ်ဘုရားအသံ ကောင်းကင်အတတ်... မိုးကြိုးအမျက်”

ကျန်းရီသည် ဒေါသတကြီး အော်လိုက်၏။ သူ၏မျက်လုံးများက ရဲရဲတွတ်နေသည်။ သူ့ခန္ဓာကိုယ်မှနေ၍လည်း သတ်ဖြတ်လိုသည့် အငွေ့အသက်များ ထွက်နေသည်။ သူ၏ဘယ်ဘက်လက်ထဲမှ ဓားပျော့က ဝှေ့ယမ်းသွားပြီး ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားသည်။ သူ၏ ကျန်လက်တစ်ဘက်က မီးနဂါးဓားဖြင့် ခုတ်ပိုင်းလိုက်သည်။ သူ့လက်နှစ်ဘက်လုံးက အလွန်လျင်မြန်စွာ လှုပ်ရှားနေ၍ အခြားလူများ၏ မျက်လုံးများထဲတွင် တလက်လက်အလင်းများကိုသာ မြင်နေရသည်။

ဟီး...ဟီး... ဒုံ...ဒုံ...

ကျန်းရီ၏ ဓားပျော့က စတင်ဝှေ့ယမ်းလာသောအခါ ထူးဆန်းသော အသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံက နန်ကုန်းမျိုးနွယ်၏ ဆန်းကြယ်နယ်မြေထဲမှ သရဲအသံကဲ့သို့ပင်။ ထို့ပြင် ၎င်းသည် အရည်ကျို နတ်ဘုရားခေါင်းလောင်မှ ထုတ်လွှတ်ခဲ့သော ဝိညာဉ်ဖိနှိပ်အသံနှင့်လည်း ဆင်တူပေသည်။ ထိုအသံနှစ်သံ ပေါင်းစည်းသွားသောအခါ လွန်စွာ ကြောက်မက်ဖွယ်ကောင်းလာလေသည်။

လူအားလုံး တုန်လှုပ်သွား၏။ ကြောက်မက်ဖွယ်အသံများသည် စွမ်းအားကြီး သတ်ဖြတ်အရှိန်အဝါနှင့်အတူ ပေါင်းစည်း၍ လူအားလုံးကို လွှမ်းခြုံသွား၏။ အသံနှစ်သံအကြားတွင် ရောနှောနေသော သတ်ဖြတ်အရှိန်အဝါသည် အားလုံး၏ စိတ်ဝိညာဉ်ကို တုန်ခါသွားစေလေသည်။

“အား...”

အသံပဲ့တင်ထပ်လာသောအခါ အဆင့်နိမ့် ကောင်းကင်ဧကရာဇ်များစွာသည် သူတို့၏ ခေါင်းများကို ဆုပ်ကိုင်ကာ မြေပေါ်တွင် လူးလွန့်သွားကြသည်။ သူတို့သည် မျက်နှာရှုံ့မဲ့နေကြပြီး လွန်စွာ နာကျင်နေကြသည်။ အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်များသည်လည်း တန်ယင်နေကြပြီး သူတို့၏ ဦးခေါင်းကို လက်ဖြင့် ဆုပ်ကိုင်ထားကြသည်။ သူတို့၏ မျက်လုံးများထဲတွင် နာကျင်မှုများ၊ ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေသည်။ အဆင့်မြင့် ကောင်းကင်ဧကရာဇ်များက ပို၍ကောင်းစွာတောင့်ခံနိုင်ကြသည်။ သို့သော် သူတို့၏မျက်လုံးများသည်လည်း ငရဲမှ တက်လာသော မရဏနတ်ဘုရားတစ်ပါးကို တွေ့လိုက်ရသကဲ့သို့ ကြောက်ရွံ့မှုများ ရှိနေ၏။

“အဲ့ဒါက ဘယ်လို အသံမျိုးလဲ”

မားမားမတ်မတ် ရပ်နေနိုင်သေးသူများမှာ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များသာဖြစ်သည်။ သို့သော် လဲ့ထင်ဝေနှင့် အခြားသူများအပါအဝင် သူတို့အားလုံးသည် လွန်စွာမသက်မသာ ခံစားနေရလေသည်။ သူတို့၏ စိတ်ဝိညာဉ်များက အဆက်မပြတ် တုန်ခါနေ၏။ ထို့ပြင် စွမ်းအားကြီး သတ်ဖြတ်အရှိန်အဝါက သူတို့၏ စိတ်အာရုံများကို နှောင့်ယှက်နေသည်။ ထိုအခိုက်တွင် သူတို့၏ခေါင်းထဲတွင် အံ့အားသင့်မှု၊ စိုးရိမ်မှု၊ သက်တောင့်သက်သာမရှိမှုတို့နှင့် ပြည့်နှက်နေလေသည်။ သူတို့အားလုံး၏ စိတ်ဝိညာဉ်များက အဆက်မပြတ် တုန်ခါနေသဖြင့် သူတို့သည် ထိုအခိုက်တွင် အရာအားလုံးကို မေ့လျော့သွားကြသည်။ သူတို့၏ စိတ်ထဲတွင် ထိုအသံသာ ပြည့်နှက်နေပြီး သူတို့သည် စွမ်းအားကြီး သတ်ဖြတ်အရှိန်အဝါ၏ ဖိနှိပ်မှုကို ခံနေရလေသည်။ ထို့ကြောင့် သူတို့ တိုက်ခိုက်မှုများ ထုတ်လွှတ်ရန်ပင် မေ့လျော့နေကြသည်။

“ဦးလေးဟေး(အနက်ရောင်)... ကျွန်မ နေလို့မကောင်းတော့ဘူး”

မင်းသမီးချမ်ချမ်သည်ပင် မခံနိုင်တော့သဖြင့် ခေါင်းကို ဆုပ်ကိုင်ထားရလေသည်။ သူမ၏ နှစ်လိုဖွယ်မျက်နှာလေးက ရှုံ့မဲ့နေ၏။ သို့သော် သူမအနောက်ရှိ အနက်ရောင်နတ်ဘုရားကမူ မျက်နှာသေဖြင့်သာ။ သူသည် ရှေ့သို့‌ ခြေလှမ်းနှစ်လှမ်း တိုးလိုက်ပြီး မင်းသမီးချမ်ချမ်၏ ပတ်ပတ်လည်တွင် ရွှေရောင်အကာအရံတစ်ခု ဖန်တီးလိုက်လေသည်။ ထိုအခါမှ မင်းသမီးချမ်ချမ်တစ်ယောက် သက်သာရာရသွား၏။ ထို့နောက် သူမသည် ကျန်းရီကို ကြောက်ရွံ့စွာ ကြည့်လိုက်၏။

“လူငယ် ပါရမီရှင်တစ်ယောက်ပဲ”

အနက်ရောင်နတ်ဘုရားက ချီးကျူးဟန်ဖြင့် ပြုံးလိုက်သည်။ သူသည် မင်းသမီးချမ်ချမ်၏ အံ့အားသင့်နေသော မျက်နှာထားကို မျက်လုံးစွန်းမှ လှမ်းမြင်လိုက်၍ ရှင်းပြလိုက်၏။

“ဒီကောင်လေးက အရည်ကျို နတ်ဘုရားခေါင်းလောင်းထဲမှာ ဝိညာဉ်ဖိနှိပ်သံကို သိမြင်နားလည်သွားရုံတင်မကဘူး အဲ့ဒါကို တစ္ဆေအသံနဲ့လည်း ချောချောမွေ့မွေ့ ပေါင်းစည်းနိုင်ခဲ့တယ်။ ပြီးတော့ သူ့ခန္ဓာကိုယ်က ထူးခြားတဲ့ သတ်ဖြတ်အရှိန်အဝါကိုလည်း ပေါင်းထည့်နိုင်ခဲ့တယ်။ ဝိညာဉ်ဖိနှိပ်အသံက သူ့ဘာသာကို အတော်လေး စွမ်းအားကြီးနေပြီ... အဲ့ဒါကို တစ္ဆေအသံရယ် သူ့ရဲ့သတ်ဖြတ်အရှိန်အဝါရယ်နဲ့ ထပ်ပေါင်းလိုက်တော့ သက်ရောက်မှုက အဆတစ်ရာပိုကြီးသွားတာပေါ့။ စွမ်းအားက တော်‌တော်လေး ကြီးလွန်းတယ်... စိတ်ဝိညာဉ် ကျင့်ကြံထားတဲ့ အထွတ်အထိပ် ကောင်းကင်ဧကရာဇ်တွေသာ မဟုတ်ရင် အဲ့အသံကို ခံနိုင်မှာ မဟုတ်ဘူး”

ရွှီး...ရွှီး...ရွှီး...

ဂျိန်း...ဂျိန်း...ဂျိန်း...

ကောင်းကင်ထက်တွင် လေပြင်းများ တိုက်ခတ်လာပြီး တိမ်တိုက်များ ရစ်ဝဲသွားကာ မိုးကြိုးတန်းများသည် မျိုးနွယ်(၃)ခု၏ ပညာရှင်များပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားလေသည်။ အဆင့်မြင့် ကောင်းကင်ဧကရာဇ်တစ်စုနှင့် သိပ်အားမကြီးသော အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များသည် မိုးကြိုးတန်းများ ထိမှန်ခံလိုက်ရကာ ပြာဖြစ်သွားကြ၏။ ကျန်းရီသည် လဲ့ထင်ဝေ၊ နန်ကုန်းယွင်ရီနှင့် အခြားခေါင်းဆောင်များကို မတိုက်ခိုက်လိုက်ပေ။ သူသည် မျိုးနွယ်(၃)ခုမှ အကြီးအကဲများကိုသာ တိုက်ခိုက်လိုက်ခြင်းပင်။ သူသည် ယနေ့တွင် ထွက်ပြေးရန် အကြံမရှိဘဲ သူ၏အသက်ကိုရင်းကာ အင်အားကုန်တိုက်ခိုက်၍ လူအချို့ကို သေရွာသို့ သူနှင့်အတူ ခေါ်သွားရန် ဆုံးဖြတ်ထားပုံပေါ်၏။

ဟီး...ဟီး...ဒုံ...ဒုံ...

ကျန်းရီ၏ လက်တစ်ဘက်က နတ်ဘုရားအသံ ကောင်းကင်အတတ်ကို အဆက်မပြတ် ထုတ်လွှတ်နေ၏။ သူ၏ကျန်လက်တစ်ဘက်မှာမူ မိုးကြိုးအမျက်ကို ထုတ်လွှတ်၍ ကောင်းကင်ကိုးဘုံ နတ်ဘုရားမိုးကြိုးတန်းများကို လမ်းညွှန်နေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် မိုးကြိုးတန်းတစ်ထောင်နီးပါး ကျဆင်းလာပြီး လူအချို့ကို သတ်ဖြတ်သွားလေသည်။ တစ်ချိန်တည်းမှာပင် ကျန်းရီ၏ခန္ဓာကိုယ်သည် ကောင်းကင်သက်တန့်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး မျိုးနွယ်(၃)ခုမှ ပညာရှင်များအနားသို့ လျင်မြန်စွာ ချဉ်းကပ်သွား၏။ သူ၏မီးနဂါးဓားကလည်း မိုးကြိုးမီးကို ထုတ်လိုက်၏။ သူ မိုးကြိုးမီးနတ်ဘုရားဒိုင်း ပြုလုပ်လိုက်သည်။ သို့သော် သူ မိုးကြိုးမီးများကို မပစ်လွှတ်လိုက်ပေ။ သူသည် နေရာအနှံ့သို့ အမြန်ဆုံးအရှိန်ဖြင့် ပျံသန်း၍ နတ်ဘုရားအသံ ကောင်းကင်အတတ်နှင့် မိုးကြိုးအမျက်တို့ကိုသာ အဆက်မပြတ် ထုတ်လွှတ်နေလေသည်။

“အား...”

ကောင်းကင်ဧကရာဇ် ပညာရှင်များစွာသည် မိုးကြိုးတန်းများကြောင့် မသေသွားသော်လည်း နတ်ဘုရားအသံ ကောင်းကင်အတတ်ကြောင့် သူတို့၏ နတ်ဘုရားဒိုင်းများအတွင်းသို့ အတွင်းအား မထည့်သွင်းနိုင်ဖြစ်သွားကြသည်။ ထို့ကြောင့် ကျန်းရီ သူတို့အနားသို့ ချဉ်းကပ်လာသောအခါ ကြောက်မက်ဖွယ်အပူချိန်က သူတို့၏နတ်ဘုရားဒိုင်းများကို ဖျက်ဆီးသွားကာ သူတို့ကို မီးလောင်ကျွမ်းသွားစေလေသည်။

“ရပ်လိုက်...”

ကောင်းကင်ကိုပင် တုန်ခါသွားစေသော အသံတစ်သံ ပဲ့တင်ထပ်လာ၏။ ထိုအသံက ကျယ်လောင်လွန်းသဖြင့် နတ်ရွာလားတောင်ထွတ်ပင် တုန်ခါသွားသည်။ ထို့နောက် ကောင်းကင်မှနေ၍ ဧရာမလက်ဝါးရာကြီး ကျဆင်းလာသောအခါ လူများ တုန်လှုပ်သွားကြ၏။ ကျန်းရီ၏ ခေါင်းအထက် မီတာအနည်းငယ်အကွာရှိ အာကာပြင်က ပြင်းထန်စွာ တုန်ခါနေ၏။ လေထဲရှိ လူများသည်လည်း လှိုင်းထန်နေသော ပင်လယ်ပြင်ရှိ လှေကလေးများကဲ့သို့ ယိမ်းထိုးနေကြလေသည်။ သူတို့သည် သူတို့၏ခန္ဓာကိုယ်များကို မထိန်းနိုင်ကြတော့ပေ။ ကျန်းရီ၏ တိုက်ခိုက်မှုများ ရပ်တန့်သွားပြီး မိုးကြိုးမီးနတ်ဘုရားဒိုင်းသည်လည်း တုန်ခါမှုကြောင့် ပျက်စီးသွားလေသည်။ ထို့ကြောင့် မိုးကြိုးမီးများသည် လေထဲတွင် ‌လွင့်ပျယ်သွားကြ၏။

ကျန်းရီက ဧကရာဇ်နန်းတော်ကို မီးဝိညာဉ်ပုလဲထဲတွင် သိမ်းထား၍ တော်ပေသေးသည်။ ထို့ကြောင့်သာ ဧရာမလက်ဝါးရာကြီးသည် ဧကရာဇ်နန်းတော်ကို အပြင်သို့ ထွက်လာအောင် မလုပ်နိုင်ခြင်းပင်။ ချမ်ဝမ်ကွမ်း၊ ကျန်းရှောင်နူ၊ အစ်မကြီးဆည်းလည်းနှင့် အခြားသူများသည်လည်း ဧကရာဇ်နန်းတော်အပြင်သို့ ခါထုတ်ခြင်း မခံရပေ။

ဟင်းလင်းပြင်ချေဖျက်...

လဲ့မျိုးနွယ်၏ မဟာအကြီးအကဲ လဲ့ကူးက ထပ်မံ လှုပ်ရှားလိုက်ပေပြီ။

ဝှစ်...

မြို့မှနေ၍ လူတစ်ယောက်သည် မိုးနဂါးတစ်ကောင်ကဲ့သို့ ပျံထွက်လာပြီး မျက်တောင်နှစ်ခတ်စာအတွင်းမှာပင် နတ်ရွာလားတောင်ထွတ်အထက်ရှိ ကောင်းကင်သို့ ရောက်ရှိလာလေသည်။ လဲ့ထင်ဝေ၊ နန်ကုန်းယွင်ရီ၊ လုလီနှင့် အခြားသူများသည် ရှက်ရွံ့ပုံပေါ်သွား၏။ မျိုးနွယ်(၃)ခုသည် ကောင်းကင်ဧကရာဇ်(၁၀,၀၀၀)ကျော် ခေါ်ဆောင်လာသော်လည်း လူတစ်ယောက်ကို မသတ်နိုင်ကြသေးပေ။ သူတို့သည် ထိုလူကို မသတ်နိုင်ရုံသာမက စီနီယာမျိုးဆက်မှ နတ်ဘုရားတစ်ပိုင်း အကြီးအကဲကိုပင် ဝင်ပါရစေခဲ့၏။ ယင်းက မျိုးနွယ်(၃)ခုအတွက် အလွန်အရှက်ရစရာပင်။

“ဖူး...”

ကျန်းရီရှိနေသော အာကာပြင်က တဖြည်းဖြည်း ပြန်တည်ငြိမ်လာ၏။ သို့သော် ကျန်းရီ သွေးအန်သွားလေသည်။ သူ့မျက်နှာက ကြောက်ရွံ့ဖွယ်ကောင်းလောက်အောင် ဖြူဖျော့နေ၏။ သူ့မျက်လုံးများကလည်း မှေးမှိန်နေသည်။ သူ အပြင်းအထန် ဒဏ်ရာရသွားကြောင်း ထင်ရှားပေသည်။

ကျန်းရီသည် ဟင်းလင်းပြင်ချေဖျက်ကြောင့် ဒဏ်ရာရသွားခြင်းမဟုတ်ဘဲ သူ့တိုက်ခိုက်မှုများမှ တန်ပြန်ဒဏ်ကို ခံလိုက်ရခြင်းဖြစ်သည်။ အစောက သူသည် သည်းကြီးမည်းကြီး တိုက်ခိုက်နေသဖြင့် ထိုအခြင်းအရာကို သတိမပြုမိခဲ့ပေ။ သူသည် သတိပြုမိမိချင်း ရပ်တန့်လိုက်သော်လည်း နောက်ကျသွားခဲ့၏။ သူ့အနေဖြင့် နတ်ဘုရားအသံ ကောင်းကင်အတတ်နှင့် မိုးကြိုးအမျက်ကို တစ်ပြိုင်တည်း အဆက်မပြတ် ထုတ်လွှတ်နေရန် မဖြစ်နို်ငပေ။ ထိုတိုက်ခိုက်မှုနှစ်ခုက ကြောက်မက်ဖွယ်ကောင်းသော်လည်း သူ၏ကျင့်ကြံခြင်းအဆင့်နှင့် စိတ်ဝိညာဉ်က အားနည်းနေပေသေးသည်။ ယင်းမှာ (၅၀)ကီလိုဂရမ်ကျောက်တုံးကိုသာ မနိုင်သည့် သိုင်းသမားတစ်ယောက်က (၁၀၀)ကီလိုဂရမ်ကျောက်တုံးကို မရန် အတင်းကြိုးစားသလိုမျိုးပင်။ သူသည် အားကုန်သုံး၍ အတင်းမလျှင် မနိုင်လောက်သော်လည်း ဖိအားကြောင့် ‌သေချာပေါက် အတွင်းဒဏ်ရာများ ရသွားနိုင်ပေသည်။

ဟူး...

ကျန်းရီသည် အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီး သူ့နှုတ်ခမ်းစွန်းမှ သွေးများကို သုတ်လိုက်၏။ ထို့နောက် သူက မျိုးနွယ်(၃)ခုမှ သိုင်းသမားများကိုကြည့်ကာ လှောင်ပြုံး ပြုံးလိုက်လေသည်။

အချိန်တိုအတွင်းမှာပင် ကျန်းရီသည် ကောင်းကင်ဧကရာဇ် တစ်ထောင်ကျော်ကို သတ်နိုင်ခဲ့၏။ အကယ်၍ လဲ့မျိုးနွယ်၏ မဟာအကြီးအကဲသာ ထွက်ပေါ်မလာလျှင် သူ နောက်ထပ် ‌တစ်ထောင်ကျော်လောက် ထပ်သတ်နိုင်လိမ့်မည်ဟု ယုံကြည်မှုရှိ၏။ သူသာ အသက်ကိုရင်း၍ သတ်ဖြတ်ခဲ့လျှင် ဤနေရာရှိ လူအားလုံး၏ ထက်ဝက်ကျော်ကို သတ်ပစ်နိုင်ပေသည်။

ကျန်းရီသည် အတန်ငယ် မျက်လုံးပင့်၍ လေထဲရှိ နဂါးတစ်ကောင်ကဲ့သို့ အရှိန်အဝါရှသော အကြီးအကဲကိုကြည့်ကာ ခနဲ့တဲ့တဲ့ ပြောလိုက်၏။

“လဲ့မျိုးနွယ်က နတ်ဘုရားတစ်ပိုင်း ပညာရှင်လား။ ခင်ဗျားက သင်္ချိုင်းကုန်းကို ခြေတစ်ဘက်လှမ်းနေတဲ့ မျိုးမစစ်အိုကြီးပဲ။ ခင်ဗျားက ကျွန်တော့်ကို နှစ်ကြိမ်တောင် နှောင့်ယှက်ရဲတယ်ပေါ့လေ။ ခင်ဗျား မရှက်ဘူးလား။ ဒီအဖွဲ့မှူးက ဒီနှစ်မှ အသက်(၂၂)နှစ်ပြည့်မှာ။ ခွေးအိုကြီး... ခင်ဗျားအသက် ဘယ်လောက်ရှိပြီလဲ”

***

All Chapters