← Chapters

ကောင်လေး... မတွေ့တာ ကြာပြီ

Vol. 61 Ch. 840

ကောင်လေး... မတွေ့တာ ကြာပြီ

Vol. 61 Ch. 840

“ရိုင်းစိုင်းလိုက်တာ...”

“မင်းက အသက်ရှင်ရတာကို ပင်ပန်းနေပြီထင်တယ်”

လဲ့ထင်ဝေနှင့် လဲ့မျိုးနွယ်မှ အကြီးအကဲများက ဒေါသတကြီး အော်လိုက်ကြသည်။ သို့သော် မည်သူမှ မလှုပ်ရှားဝံ့ကြပေ။ အစောတွင် လဲ့ကူးက “ရပ်လိုက်”ဟု အော်ပြောခဲ့သည် မဟုတ်ပါလား။ လဲ့ကူးက အမိန့်မပေးမချင်း လဲ့ထင်ဝေသည်ပင် မလှုပ်ရှားဝံ့ပေ။

လဲ့ကူးသည် အလွန်အိုမင်းနေပုံ ပေါ်၏။ သူ၏မျက်ခုံးမွှေးများပင် ဖြူဖွေးနေပြီဖြစ်သည်။ သူသည် ကျန်းရီ၏ စကားများကို ကြားလိုက်သောအခါ မည်သို့မှ မခံစားလိုက်ရပုံဖြင့် တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်၏။

“ကျန်းရီ... မင်းက တကယ့်ကို လူငယ်ပါရမီရှင်တစ်ယောက်ပဲ။ ဒီအဘိုးကြီးက ဒီနှစ်ဆို (၈၇)နှစ်ပြည့်ပါပြီ။ ငါက မင်းလို လူငယ်လေးတစ်ယောက်ကို တိုက်ခိုက်တာက တကယ့်ကို မမျှတတာပါပဲ။ ဒါပေမဲ့... ဒီလောကကြီးက ဘယ်တုန်းက မျှတခဲ့ဖူးလို့လဲ။ မင်းက လဲ့မျိုးနွယ်က မျိုးဆက်တွေ အများကြီးကို သတ်ပစ်ခဲ့တယ်။ ဒီတော့ ဒီအဘိုးကြီးလည်း ရွေးချယ်စရာမရှိတော့ဘဲ ဒီနေ့ မင်းကို သတ်ပစ်ရတော့မှာပေါ့”

လဲ့ကူးသည် လက်ဆန့်ထုတ်၍ ဖြည်းဖြည်းချင်း အတွင်းအား စုစည်းလိုက်၏။ သူ၏တိုက်ခိုက်မှု ဖြစ်တည်မလာသေးခင်မှာပင် သူ၏လက်ဝါးမှနေ၍ ကမ္ဘာဖျက်အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ ထို့ကြောင့် ထိုနေရာရှိ လူအားလုံး၏ စိတ်ဝိညာဉ်များ တုန်ယင်သွားကြလေသည်။

“ဟားဟားဟား...”

ထိုအခိုက်တွင် အရှေ့ဘက်မှနေ၍ ရယ်သံအိုတစ်သံ ထွက်‌ပေါ်လာ၏။ ထိုအသံက မိုင်သန်းချီအကွာမှနေ၍ ပဲ့တင်ထပ်လာသည်ဟု ထင်ရလေသည်။ ထို့နောက် အားကောင်းသောအသံ ထပ်မံ ပဲ့တင်ထပ်လာ၏။

“လဲ့မျိုးနွယ်က ကောင်လေး... မင်းက ဒီနှစ်မှာ (၈၇)နှစ် ပြည့်မှာလား။ ဒီအဘိုးကြီးက အသက်(၇၀၀,၀၀၀)ကျော်နေပြီကွ။ ငါ မင်းကို တိုက်ခိုက်မယ်ဆိုရင် မျှတပါ့မလား”

“အသက်(၇၀၀,၀၀၀)ကျော်နေပြီလား...”

လူများသည် မျက်လုံးပင့်လိုက်ကြ၏။ အကယ်၍ သူတို့ နားကြားမှားခြင်း မဟုတ်လျှင် ထိုလူက ရူးနေခြင်း ဖြစ်ပေမည်။ လူသားများသည် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ရောက်သွားလျှင်ပင် ရာစုနှစ်အနည်းငယ်သာ နေနိုင်ကြ၏။ မိစ္ဆာသားရဲများက အသက်ပိုရှည်သော်လည်း အသက်သုံးထောင်မှ လေးထောင်လောက်အထိသာ နေနိုင်ကြသည်။ ထိုလူက အသက်ခုနစ်သိန်း ရှိပြီလော။ သို့ဆိုလျှင် သူသည် နတ်ဘုရားတစ်ပါးဖြစ်မနေလော။

“အန်...”

လဲ့ထင်ဝေ၊ နန်ကုန်းယွင်ရီ၊ လုလီ၊ ဟွမ်ဖူချီနှင့် အခြားသူများ တုန်ယင်သွားကြသည်။ မျိုးနွယ်အချို့မှ အရေးပါသော အကြီးအကဲများသည်လည်း မျက်နှာထား ပြောင်းသွားကြ၏။ လဲ့ကူက သူ့လက်မှ တိုက်ခိုက်မှုကို ရပ်လိုက်ပြီး အရှေ့ဘက်သို့ လေးလံသောမျက်နှာထားဖြင့် ကြည့်လိုက်သည်။

“အာ... ဘိုးဘိုးက တကယ်ပဲ ဒီကို ရောက်လာတာလား”

မင်းသမီးချမ်ချမ်သည်လည်း အံ့ဩသွားကာ လျင်မြန်စွာ ခေါင်းလှည့်ကြည့်လိုက်ပြီး နူးညံ့စွာ ရေရွတ်လိုက်၏။ အနက်ရောင်နတ်ဘုရား၏ ပြုံးနေသော မျက်နှာပေါ်တွင် အံ့ဩမှုအရိပ်အယောင်အနည်းငယ် ရှိနေပေသည်။ သူသည် ရွှေရောင်အကာအရံကို ဖယ်လိုက်ကာ ရိုသေလေးစားသော မျက်နှာထား ထားလိုက်၏။

“ဒီအသံက...”

ကျန်းရီ၏ စိတ်ဝိညာဉ် တုန်ယင်သွား၏။ ထို့နောက် သူ၏ မှေးမှိန်နေသော မျက်လုံးများ ချက်ချင်း တောက်ပလာသည်။ သူသည် ထိုအသံကို အလွန်ရင်းနှီး၏။ သူ၏ မီးတိမ်သံချပ်ကာ၊ ကောင်းကင်ရှောင်တိမ်းခြင်းနှင့် နဂါးညှိုးရော်မြက်ပင်တို့ကို ထိုအသံပိုင်ရှင်က ချီးမြှင့်ထားခြင်းပင်။

ဟုတ်၏။

ထိုအသံပိုင်ရှင်မှာ ဆန်းကြယ်နတ်ဘုရားနန်းတော်အတွင်းရှိ အစောင့်အကြပ်ဖြစ်သော ဖုန်းတူမြို့၏ တစ္ဆေဘုရင်ဖြစ်သည်။

ဝှစ်...ဝှစ်...ဝှစ်...

ရှန်းစီမြို့မှနေ၍ လူဆယ်ယောက်သည် မိုးနဂါးများကဲ့သို့ လျင်မြန်စွာ ပျံထွက်လာကြ၏။ ထို့နောက်တွင် စစ်ထူအောင်းသည် စစ်ထူမျိုးနွယ်မှ ပညာရှင်တစ်စုကို ဦးဆောင်၍ နတ်ရွာလားတောင်ထွတ်သို့ ဦးတည်ပျံသန်းလာလေသည်။ အရှေ့မှ လူဆယ်ယောက်သည် အလွန်အိုမင်းနေသူများဖြစ်၏။ ထိုဆယ်ယောက်ထဲရှိ အရှေ့ဆုံးမှတစ်ယောက်က လဲ့မျိုးနွယ်အကြီးအကဲဖြစ်သည်။ သူတို့ဆယ်ယောက်သည် လဲ့ကူး၏ဘေးသို့ ပျံသန်းသွားကြပြီး အရှေ့ဘက်သို့ တင်းမာသောမျက်နှာထားဖြင့် ကြည့်လိုက်ကြ၏။

ရွှီး...ရွှီး...

အရှေ့ဘက်ကောင်းကင်မှနေ၍ သက်တန့်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည် ကောင်းကင်လမ်းကြောင်းတစ်ခုကဲ့သို့ပင်။ ကောင်းကင်လမ်းကြောင်း၏ အခြားတစ်ဘက်တွင် လူလေးယောက်ထွက်ပေါ်လာ၏။ နှစ်ယောက်က ယောက်ျားဖြစ်ပြီး၊ ကျန်နှစ်ယောက်က မိန်းမဖြစ်သည်။ ထိုလေးယောက်၏ အရှိန်အဝါက အားကောင်းသဖြင့် အားနည်းသော သိုင်းသမားများသည် မိုင်းသန်းဆယ်ချီအကွာမှပင် ဖိအားကို ခံစားရနေပြီဖြစ်သည်။

“မိစ္ဆာအရှင်တွေ...”

လူများက နူးညံ့စွာ ရေရွတ်လိုက်သည်။ မိစ္ဆာမျိုးနွယ်၏ မိစ္ဆာအရှင်များသာ ထိုသို့သော အရှိန်အဝါမျိုးကို ပိုင်ဆိုင်နိုင်ပေသည်။ အခြေအနေကို ကြည့်ရသည်မှာ ထိုမိစ္ဆာအရှင်လေးပါးသည် လမ်းကြောင်းတစ်ခုကို ဖွင့်လိုက်သည့်ပုံပင်။

မျှော်လင့်ထားသကဲ့သို့ပင်။

မိစ္ဆာအရှင်လေးပါးအနောက်မှနေ၍ ဧရာမစစ်ရထားလုံးကြီးတစ်စင်း ပျံသန်းလာ၏။ ထိုစစ်ရထားလုံးကို ခရမ်းရောင်ရွှေဖြင့် လွှမ်းခြုံထား၏။ ယင်းက မီတာသုံးရာ အရွယ်အစား ရှိပေသည်။ စစ်ရထားလုံးကို အဖြူရောင် ဦးချိုပါမြင်းနှစ်ကောင်က ဆွဲလာသည်။ ထိုဦးချိုပါမြင်းနှစ်ကောင်၏ ဦးချိုများက ရွှေရောင်ဖြစ်သည်။ ထိုမြင်းနှစ်ကောင်သည် ၎င်းတို့၏ အတောင်ပံများကို အဆက်မပြတ်ခတ်ကာ စစ်ရထားလုံးကို ဆွဲလာကြ၏။

“ရွှေဦးချိုနဂါးမြင်း...”

ဗဟုသုတကြွယ်သူအချို့သည် မျက်လုံးများ ပြူးကျယ်သွား၏။ ထိုမြင်းများသည် အဆုံးမဲ့ပင်လယ်နက်ရှိ အမြန်ဆုံး မိစ္ဆာသားရဲအမျိုးအစားဖြစ်သည်။ ထိုနဂါးမြင်းနှစ်ကောင်၏ ဦးချိုများက ရွှေရောင်ဖြစ်နေသည်ကို ကြည့်လျှင် ၎င်းတို့သည် မိစ္ဆာအရှင်အဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း သိနိုင်ပေသည်။

စစ်ရထားလုံး၏ ဘေးတစ်ဘက်စီတွင် အစောင့်လေးယောက်စီ လိုက်ပါလာသည်။ သူတို့၏အရှိန်အဝါများကလည်း အရှေ့မှ ‌လေးယောက်ထက် မနိမ့်ပေ။ စစ်ရထားလုံး၏အနောက်ဘက်တွင်လည်း အစောင့်လေးယောက် ပါလာပေသည်။ သူတို့သည်လည်း မိစ္ဆာအရှင်များဖြစ်ကြောင်း ပြောနေရန်ပင် လိုမည် မထင်ပေ။

မိစ္ဆာအရှင်ဆယ့်နှစ်ပါးနှင့် ရွှေဦးချိုနဂါးမြင်းနှစ်ကောင်ကို ပေါင်းလိုက်လျှင် စုစုပေါင်း မိစ္ဆာအရှင်ဆယ့်လေးပါးပင်။

မိစ္ဆာမျိုးနွယ်၏ အင်အားအဆင့်က လူသားမျိုးနွယ်နှင့် ဆင်တူ၏။ မိစ္ဆာအရှင်များသည် အထွတ်အထိပ်အဆင့်တွင် ရှိသူများဖြစ်သည်။ သူတို့၏ အင်အားက လူသားမျိုးနွယ်၏ နတ်ဘုရားတစ်ပိုင်းများနှင့် ယှဉ်နိုင်၏။ အနက်ရောင်နတ်ဘုရားကလည်း မိစ္ဆာအရှင်တစ်ပါးဖြစ်သည်။ ထို့ကြောင့် သူထွက်ပေါ်လာသောအခါ လဲ့ထင်ဝေနှင့် အခြားသူများက သူ့ကို တလေးတစား ဦးညွှတ်အရိုအသေပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မိစ္ဆာအရှင်များ၏ အင်အားနှင့် အဆင့်အတန်းက သိသာပေသည်။

ယခုတွင်...

မိစ္ဆာအရှင်ဆယ့်လေးပါးသည် အမှန်ပင် အစောင့်များအဖြစ် ထမ်းဆောင်နေကြသည်လော။ ထို့ကြောင့် စစ်ရထားလုံးအတွင်းရှိသူမှာ အဆုံးမဲ့ပင်လယ်နက်၏ ဧကရာဇ်ဖြစ်ကြောင်း ထင်ရှားပေသည်။

အဆုံးမဲ့ပင်လယ်နက်က အလွန်ကြီးမား၏။ ၎င်းသည် သွေးညအကြောက်တရားပင်လယ်ထက် အဆတစ်ရာ ပိုကြီး၏။ ထို့ပြင် အဆုံးမဲ့ပင်လယ်နက်သည် မိစ္ဆာမျိုးနွယ်အများစု စုဝေးနေထိုင်ရာနေရာလည်း ဖြစ်ပေသည်။ အတိတ်တွင် စွမ်းအားကြီး မိစ္ဆာများစွာသည် ဆန်းကြယ်ဧကရာဇ်၏ လိုက်လံသတ်ဖြတ်မှုကို ခံခဲ့ရသဖြင့် အဆုံးမဲ့ပင်လယ်နက်သို့ ရောက်သွားခြင်းပင်။ သို့သော် ရှန်းစီမျိုးနွယ်စု ယနေ့အထိ တည်ရှိနေနိုင်ခြင်းမှာ အဆုံးမဲ့ပင်လယ်နက်နှင့် မဟာမိတ်ဖွဲ့ထား၍ဖြစ်သည်။ ထို့ကြောင့် ထိုအခိုက်တွင် လူအားလုံးသည် အဘယ်ကြောင့် မျိုးနွယ်ကြီးလေးခုမှ မျိုးနွယ်အကြီးအကဲအားလုံး ထွက်ပေါ်လာပြီး တုန်လှုပ်သောမျက်နှာထားများ ရှိနေကြောင်း ချက်ချင်း သဘောပေါက်သွားကြလေသည်။

“တစ်ခုခုတော့ မှားနေပြီ...”

လူများစွာ၏ခေါင်းထဲတွင် ရုတ်တရက် မေးခွန်းတစ်ခု ထွက်ပေါ်လာ၏။ အစောက အသံအိုသည် လဲ့ကူးကို တိုက်ခိုက်မည်ဟု ပြောခဲ့ခြင်းလော။ ရှန်းစီမျိုးနွယ်စုနှင့် အဆုံးမဲ့ပင်လယ်နက်က မဟာမိတ်များဖြစ်သည်။ ရှန်းစီမျိုးနွယ်စု မရှိလျှင် အဆုံးမဲ့ပင်လယ်နက်နှင့် အ‌ရှေ့ဘက် တော်ဝင်နယ်မြေတို့ကို ခြားထားသောနယ်မြေ ရှိတော့မည် မဟုတ်ပေ။ သို့ဆိုလျှင် အဘယ်ကြောင့် ထိုအသံအိုက လဲ့ကူးကို တိုက်ခိုက်လိုသကဲ့သို့ ပြောခဲ့သနည်း။

ဝှစ်...

အရှေ့မှ မိစ္ဆာအရှင်လေးပါးက အရင်ဆုံး ရောက်ရှိလာ၏။ အနက်ရောင်နတ်ဘုရားသည် မင်းသမီးချမ်ချမ်ကို ခေါ်ကာ ထိုမိစ္ဆာအရှင်လေးပါးကို လျင်မြန်စွာ နှုတ်ဆက်လိုက်လေသည်။ ထို့နောက်တွင် ချမ်ချမ်သည် ခရမ်းရောင်ရွှေ ရထားလုံးထံသို့ တိုက်ရိုက်ပျံသန်းသွားလိုက်၏။ စစ်ရထားလုံးက ဖြည်းဖြည်းချင်း ရပ်တန့်သွားလေသည်။

ဝှစ်...ဝှစ်...ဝှစ်...

မိစ္ဆာအရှင်အားလုံးသည် အရှေ့သို့ ပျံသန်းကာ ဒူးတစ်ဘက်ထောက်၍ အော်ပြောလိုက်၏။

“ဧကရာဇ်ကို ကြိုဆိုပါတယ်”

လဲ့မျိုးနွယ်အကြီးအကဲ လဲ့ပန်းရှန်းသည် နတ်ဘုရားတစ်ပိုင်း ပညာရှင်များအားလုံးကို ဦးဆောင်ကာ လက်ဆုပ်၍ ဦးညွှတ်လိုက်ကြ၏။

“ကြိုဆိုပါတယ် အရှင်အောင်းလု”

လဲ့ထင်ဝေနှင့် အခြားသူများသည်လည်း လျင်မြန်စွာ စုဝေး၍ လက်ဆုပ်ကာ ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။ အကြီးအကဲအိုကြီးများပင် ဦးညွှတ်လိုက်ကြပြီဖြစ်၍ သူတို့သည် လိုက်မဦးညွှတ်ဘဲ မနေဝံ့ကြပေ။

“ဟွန်း...”

အေးစက်စက် နှာမှုတ်သံတစ်သံ ထွက်ပေါ်လာပြီး ခရမ်းရောင်ရွှေ ရထားလုံးသည် လင်းလက်သွားကာ လေထဲမှ ပျောက်ကွယ်သွားလေသည်။ ထို့နောက် ကောင်းကင်ထဲတွင် အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ဆံပင်အစိမ်းရောင်နှင့် အဘိုးအိုတစ်ဦး ထွက်ပေါ်လာ၏။ မင်းသမီးချမ်ချမ်က ထိုအဘိုးအို၏ဘက်ကို ချစ်စဖွယ် ဆွဲကိုင်လိုက်သည်။

ဆံပင်အစိမ်းရောင်နှင့် အဘိုးအိုသည် မျက်နှာတွင် အရေးအကြောင်းများ ပြည့်နှက်နေသဖြင့် ပို၍အသက်ကြီးပုံ ပေါ်နေသည်။ သူ့ခန္ဓာကိုယ်မှ အရှိန်အဝါသည် လူအားလုံးကို ထိုသူက ထာဝရတည်ရှိနေခဲ့သော အတုအယောင် နတ်ဘုရား အသုံးအဆောင်တစ်ခုကဲ့သို့ပင်ဟု ခံစားသွားရစေလေသည်။ သူက ဒူးထောက်နေသော မိစ္ဆာအရှင်များကို မကြည့်သလို လဲ့ပန်းရှန်း၊ လဲ့ကူးနှင့် အခြားသူများကိုလည်း မကြည့်ချေ။ ထိုအစား သူက ကျန်းရီကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

“ကောင်လေး... မတွေ့တာတောင် ကြာခဲ့ပြီပဲ”

ကျန်းရီ၏နှုတ်ခမ်းစွန်းမှနေ၍ သွေးများစီးကျနေဆဲဖြစ်သည်။ သူ၏မျက်နှာကလည်း ဖြူဖျော့နေပေသည်။ သူက အဘိုးအိုကို စိုက်ကြည့်လိုက်ပြီး ပါးစပ်ထဲမှ သွေးများကို မျိုချလိုက်ကာ ပြန်ပြောလိုက်သည်။

“အဘိုး... ကျွန်တော်တို့ အရင်က မတွေ့ဖူးဘူးမလား”

“ဟားဟားဟား...”

အောင်းလုက ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ သူက ကျန်းရီကို အပြစ်တင်လိုစိတ်မရှိဘဲ ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဟုတ်တယ်.... မင်းက ဒီအဘိုးကြီးကို မတွေ့ဖူးဘူး။ ဒါပေမဲ့ ဒီအဘိုးကြီးကတော့ မင်းကို တွေ့ဖူးတယ်။ ငါက တကယ့်ကို အသက်ကြီးလာတော့ သူများကိစ္စတွေမှာ ဝင်ရှုပ်တတ်လာပြီပဲ”

“ဘိုးဘိုးက မအိုသေးပါဘူး”

မင်းသမီးချမ်ချမ်က ချိုသာစွာ ပြုံး၍ ပြောလိုက်သည်။ ထို့နောက် သူမသည် ကျန်းရီကို ကြည့်၍ စိတ်ဝင်တစားမေးလိုက်၏။

“ဘိုးဘိုးက အခုမှ ပြန်လာတာမလား။ ဘယ်လိုလုပ် ကျန်းရီကို သိနေတာလဲ”

ချမ်ချမ်၏မေးခွန်းက အခြားသူများအားလုံး မေးလိုနေသော မေးခွန်းပင်။ အောင်းလုသည် ချမ်ချမ်၏ခေါင်းလေးကို ချစ်ခင်စွာ ပွတ်သပ်လိုက်ပြီး ရယ်ကာ ပြောလိုက်သည်။

“ချမ်ချမ်... ဘိုးဘိုး ပြန်လာနိုင်တာက အဲ့ကောင်လေးကြောင့်ပဲ။ တကယ်လို့ အဲ့ကောင်လေးသာ ဆန်းကြယ်ဧကရာဇ်ရဲ့ အစီအရင်တွေကို မဖျက်နိုင်ခဲ့ရင် ဘိုးဘိုးက ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲမှာ အိုပြီး သေသွားမှာပဲ”

“အာ...”

ချမ်ချမ်၏မျက်လုံးများ လင်းလက်သွား၏။ အနက်ရောင်နတ်ဘုရားနှင့် အခြားသူများသည်လည်း ကျန်းရီကို အံ့ဩတကြီးကြည့်လိုက်ကြသည်။

“မကောင်းတော့ဘူး...”

လဲ့ထင်ဝေ၊ လဲ့ချီရန်၊ နန်ကုန်းယွင်ရီနှင့် မျိုးနွယ်(၃)ခုမှ အခြားသူများအားလုံး တုန်လှုပ်သွားကြသည်။ အစောတွင် အောင်းလုသည် အဘယ်ကြောင့် လဲ့ကူးကို တိုက်ခိုက်မလို ပြောခဲ့ကြောင်း သူတို့အားလုံး နားလည်သွားကြ၏။

အောင်းလုသည် လဲ့ကူးနှင့် အခြားသူများကို အေးစက်စက်ကြည့်လိုက်ပြီး လေးနက်သောလေသံဖြင့် ပြောလိုက်၏။

“လဲ့မျိုးနွယ်က ကောင်လေး... မင်းက ဒီကလေးကို သတ်မှာသေချာလား။ တကယ်လို့ ဒီအဘိုးကြီးက ဒီနေ့ သူ့ကို ကာကွယ်‌ပေးချင်တယ်ဆိုရင် မင်းတို့က ဒီအဘိုးကြီးနဲ့ တိုက်ခိုက်ကြမှာလား”

ရွှီး...

အောင်းလု၏စကား ဆုံးသွားသောအခါ အဆုံးမဲ့ပင်လယ်နက်မှ မိစ္ဆာအရှင်များ၏ အရှိန်အဝါများ ထိုးထွက်လာသည်။ သူတို့၏မျက်ဝန်းများထဲတွင်လည်း သတ်ဖြတ်လိုသော အရိပ်အယောင်များ ပြည့်နှက်သွားသည်။ သူတို့သည် အောင်းလုက အမိန့်ပေးလိုက်သည်နှင့် ရှန်းစီမြို့ကို ချက်ချင်း မြေလှန်ပစ်တော့မည့်ပုံပင်။

“ကျွန်တော်...”

လုကူးတစ်ယောက် မျက်နှာဖြူဖျော့သွား၏။ သူသည် ခေတ္တမျှ တွေဝေနေပြီးနောက် အံကြိတ်၍ ပြောလိုက်လေသည်။

“အရှင်အောင်းလု... ဒီကောင်လေးက အရှေ့ဘက် တော်ဝင်နယ်မြေက သူလျှိုတစ်ယောက်ပါ”

“စောက်ပိုတွေ...”

အောင်းလုသည် ချက်ချင်းပင် စကားကြမ်းကြမ်းဖြင့် ပြန်အော်ပြောလိုက်၏။ ထို့နောက် သူသည် လဲ့မျိုးနွယ်မှ လူများကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“တကယ်လို့ ဒီကောင်လေးကသာ သူလျှိုဆိုရင် မင်းတို့ လဲ့မျိုးနွယ်တစ်ခုလုံးကလည်း သူလျှိုပဲ။ မင်းက ငါ့ကို ဘာလို့ စိုက်ကြည့်နေကြတာလဲ။ ဒီအဘိုးကြီးက မင်းကို လက်ဝါးရိုက်ချက်တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်တယ်ဆိုတာကို မင်း ယုံလား”

***

All Chapters